တခြားလူတွေ မတရားခံနေရတာကို ကျွန်တော်သည်းမခံနိုင်ဘူး
Vol. 23 Ch. 332
ဆက်သွယ်ရေးလုပ်ငန်းတွင် ဦးဆောင်နေသော Qualcommအီလက်ထရောနစ်၏ အကြီးစားဆန္ဒပြပွဲက ကမ္ဘာတစ်ဝှမ်းမှ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားခဲ့သည်။
မီဒီယာဓာတ်ပုံများနှင့် ဗီဒီယိုများမှတစ်ဆင့် အလုပ်သမားများသည် စိတ်ပျော်ရွှင်သည့်အချိန်မျိုးတွင် သူတို့အိမ်၍ အနားယူနေကြသည်ကိုလည်းကောင်း စိတ်မကျေနပ်သည့်အခါမျိုးတွင်မူ အုပ်စုဖွဲ့၍ အလံများကိုကိုင်မြှောက်ကာ မိုက်ကရိုဖုန်းများဖြင့် စက်ရုံအနှံ့လှည့်လည်နေကြသည်ကို မြင်နေရသည်။
ပုံမှန်အားဖြင့် စက်ရုံအတွင်း အလုပ်လုပ်နေသော အလုပ်သမားများက စက်ကိရိယာများရှေ့တွင် ပင်ပင်ပန်းပန်းအလုပ်လုပ်နေကြရသော်လည်း ယခုမူ လုပ်အားခတိုးပေးရန်အတွက် ဆန္ဒပြရာတွင် ဖဲထုပ်များနှင့် ဘီယာများကိုသယ်လာ၍ စက်ရုံထဲတွင် ပျော်ပျော်ရွှင်ရွှင်ဆန္ဒပြနေကြလေသည်။ တစ်ချိန်က စည်ကားသိုက်မြိုက်ပြီး အစဉ်အလာကြီးမားခဲ့သော ကုမ္ပဏီကြီးက ယခုမူ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို ဆိုက်ရောက်သွားလေတော့သည်။
ဤနှစ်အစောပိုင်းတွင် စီးပွားရေးအခြေအနေ အနည်းငယ်ပြန်လည်ကောင်းမွန်လာသည့်အတွက် လုပ်ငန်းတော်တော်များများက Qualcommအီလက်ထရေနစ်ကို ချစ်ပ်ပြားအမှာစာများစွာ ပေးပို့ခဲ့ကြသည်။ ပမာဏကလည်း မနှစ်တုန်းကထက် နှစ်ဆပိုများပြီး အမေရိကန်ဒေါ်လာဘီလီယံဆယ်ဂဏန်းအထိ ရှိသော အမှာစာများလည်း ပါဝင်ပေသည်။
သို့သော် ဤသတင်းကို ကြားလိုက်ရသောအခါ ကော်ပိုရေးရှင်းများကလည်း ချက်ချင်းပင် ဂနာမငြိမ်ဖြစ်ကုန်ကြသည်။ အလုပ်သမား၇၀၀၀ကျော် ဆန္ဒပြနေသဖြင့် စက်ရုံတွင် လူသူကင်းမဲ့နေလေရာ သူတို့၏အမှာစာများက မည်သို့ဖြစ်သွားလေမလဲ။
ရက်ပိုင်းအတွင်းမှာပင် Qualcommအီလက်ထရောနစ်၏ အမှုဆောင်ရုံးခန်းများထဲတွင် အမှာစာများအတွက် လာရောက်ဖိအားပေးသူများဖြင့် စည်ကားနေချေတော့သည်။ အချို့က စာချုပ်ဖျက်သိမ်းရန် ရောက်လာကြပြီး အချို့ကမူ လျော်ကြေးပေးရန် တောင်းဆိုနေကြသဖြင့် ရှယ်ယာရှင်များမှာ ကြောက်လန့်ကုန်ကြပြီး ရက်အတော်ကြာအောင် ပေါ်မလာကြတော့ပေ။
Qualcommအီလက်ထရောနစ်တွင် အစိုးရ၏နောက်ခံသာ မရှိပါလျှင် ထိုမိတ်ဖက်ကုမ္ပဏီများ၏ သဘောထားကလည်း ပိုဆိုးဝါးလာကြမည်ဖြစ်၏။
အံ့ဩဖို့ကောင်းသည်မှာ ဆီလီကွန်တောင်ကြားမြို့တော်ရှိ အခြားလုပ်ငန်းများမှာ ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်ပြီး အချို့ဆိုလျှင် တိုးချဲ့မှုများပင် လုပ်နေကြကာ ကုန်ကြမ်းပစ္စည်းများကိုလည်း အသည်းအသန်ဝယ်ယူနေကြသည်။ အလုပ်သမားများကလည်း လစာနှစ်ဆရထားသည့်အတွက် တက်တက်ကြွကြွ အလုပ်လုပ်နေကြပေသည်။
Qualcommအီလက်ထရောနစ်က ယခုလိုအခြေအနေမျိုး ဆိုက်ရောက်နေချိန်တွင် Qualcommအီလက်ထရောနစ်ကို မှီခိုနေရသော ထိုကုမ္ပဏီများက အဘယ်ကြောင့်များ မကြောက်မလန့်လည်ပတ်နိုင်လေသလဲ။ ဤအချက်ကြောင့် သတင်းထောက်များ နားမလည်နိုင်ဖြစ်သွားကြသည်။
ထိုသတင်းက ဟွာရှားနိုင်ငံသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး Qualcommအီလက်ထရောနစ်၏ သေရေးရှင်ရေးအခြေအနေနှင့် ပတ်သက်၍ ထိုကုမ္ပဏီတွင် ရှယ်ယာဝင်ထားသူများကလွဲလျှင် မည်သူကမှ သနားစာနာစိတ်ကို မပြသခဲ့ကြချေ။
အကြောင်းမှာ ထိုQualcommအီလက်ထရောနစ်ကုမ္ပဏီကား ဟွာရှားနိုင်ငံကို ချစ်ပ်ပြားတင်သွင်းမှု ပိတ်ဆို့ခဲ့သည့် ကုမ္ပဏီပင်။
ဟွာရှားနိုင်ငံရှိ အင်တာနက်အသုံးပြုသူများက သူတို့ ဒုက္ခရောက်နေချိန်တွင် ကန်ချနိုင်မည့် ဤအခွင့်အရေးကို လက်လွှတ်ခံမည်တဲ့လား။
"နင်တို့တွေပဲ တအားမောက်မာပြခဲ့တာမဟုတ်လား။ နင်တို့ပဲ ငါတို့နိုင်ငံကို ချစ်ပ်ပြားတင်သွင်းမှု ပိတ်ဆို့ချင်ခဲ့တာလေ။ အခုတော့ လစာတွေတောင်မပေးနိုင်တော့ဘူးမလား"
"ဘားနက်စ်လို့ခေါ်တဲ့ အဲဒီအလုပ်သမားသမဂ္ဂခေါင်းဆောင်ကလည်း တကယ်အံ့ဩဖို့ကောင်းတာပဲ။ "အလှမ်းဝေးလှတဲ့အိပ်မက်"ဆိုတဲ့စကားကိုတောင် ပြောသွားသေးတယ်။ နောက်ကွယ်မှာ သူ့မိန့်ခွန်းကိုရေးပေးတဲ့လူက ဟွာရှားလူမျိုးတစ်ယောက်များလားလို့ သံသယဖြစ်မိတယ်"
"လစာမတိုးရင် ငတ်သေတော့မယ်လို့ ပြောနေတာလား။ ဒါကြီးက နည်းနည်းဒရမ်မာမဆန်လွန်းဘူးလား။ သူတို့ရဲ့ပျမ်းမျှလစာနှုန်းထားက ဟွာရှားငွေကြေးသုံးသောင်းနီးပါးပဲလေ"
"တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ ငါ ခံစားမိနေတာ။ မဟုတ်ဘူးဆိုရင်တော့ ငါ မစင်ငါးတန်ကို တိုက်ရိုက်လွှင့်ပြီး စားပြမယ်"
"အပေါ်ကလူကတော့ အခမဲ့စားသောက်ခွင့်အတွက် ရိုက်စားလာလုပ်နေတာပဲ။ ဒါပေမဲ့ ငါလည်း လောင်းကြေးထပ်မယ်။ ငါ ဆယ်တန်စားပြမယ်"
"ငါ့မှာ ရဲတင်းတဲ့အတွေးတစ်ခု ရှိတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းကပဲ ဘော့စ်ကျန်း အမေရိကကိုသွားသေးတယ်မလား။ မင်းတို့တွေ ထင်ကြလား…"
"သောက်ကျိုးနည်း… တွေးကြည့်လေလေ ကြောက်ဖို့ကောင်းလေလေပဲ။ မမေ့ကြနဲ့နော်။ ဥက္ကဋ္ဌကျန်းက Silicon Moonlightမှာတုန်းက Qualcommအီလက်ထရောနစ်က ရှယ်ယာရှင်တချို့နဲ့ ပြဿနာတက်ခဲ့ဖူးတယ်။ အစတုန်းက Qualcommအီလက်ထရောနစ်ရဲ့ ရှယ်ယာရှင်တစ်ယောက်က Silicon Moonlightကို ချစ်ပ်ပြားထုတ်ပိုးရေးနဲ့စမ်းသပ်ရေးကို ဆက်လုပ်စေချင်တာ။ ပြီးရင် ဟွာရှားကိုပဲ ပိတ်ပင်ပြီး တခြားနိုင်ငံတွေကိုပဲ တင်သွင်းခိုင်းမယ်ပေါ့။ သူ့ကို ဥက္ကဋ္ဌကျန်းက တိုက်ရိုက်ကန်ထုတ်ပစ်လိုက်တာပဲ"
"အားလုံးပဲ မင်္ဂလာပါ.. ကျွန်တော်က Silicon Moonlightအလုပ်သမားသမဂ္ဂရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ အဲဒီရှယ်ယာရှင်ကို အင်ဖယ်လိုက်လို့ခေါ်ပါတယ်။ သူက တစ်ခါတုန်းက ကျွန်တော်တို့အလုပ်သမားသမဂ္ဂခေါင်းဆောင်ကို လာဘ်ထိုးပြီး ဥက္ကဋ္ဌကျန်းကို ခြိမ်းခြောက်တဲ့အနေနဲ့ ဆန္ဒပြခိုင်းခဲ့ပါသေးတယ်။ ဥက္ကဋ္ဌကျန်းက နောက်တော့ သူ့ကို အလုပ်ဖြုတ်ပစ်လိုက်တယ်လေ"
...
ကျန်းမုန့်လောင် အမေရိကသို့ သွားရောက်လည်ပတ်သည့် အကြောင်းအရာက အလွန်ထိလွယ်ရှလွယ်သော ကိစ္စတစ်ခုဖြစ်ခဲ့သည်။ တော်တော်များများကလည်း သူ့ကို စောင့်ကြည့်နေခဲ့ကြ၏။ အချို့ကလည်း သိပ်မကြာခင်က ကော်လိုရာဒိုပြည်နယ်ထဲတွင် ကျန်းမုန့်လောင် ပေါ်လာသည့်အကြောင်းကိုပင် သိထားကြသည်။ ထိုနေရာကား Qualcommအီလက်ထရောနစ်ကုမ္ပဏီ တည်ရှိရာနေရာဖြစ်သော ဆီလီကွန်တောင်ကြားမြို့တော်ပင်။
သဲလွန်စအားလုံးကို ချိတ်ဆက်ကြည့်လိုက်သောအခါ ဤဆန္ဒပြပွဲ၏နောက်ကွယ်တွင် ကျန်းမုန့်လောင်ရှိနေကြောင်း အင်တာနက်အသုံးပြုသူများ သိသွားကြလေတော့သည်။
"@ကျန်းမုန့်လောင် ဥက္ကဋ္ဌကျန်း အမှန်အတိုင်းပြောနော်။ ဒါကို ခင်ဗျားလုပ်ထားတာလား။ Qualcommအီလက်ထရောနစ်ကုမ္ပဏီရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို လစာတိုးပေးခဲ့တာ ခင်ဗျားလက်ချက်လို့ သံသယဖြစ်မိတယ်နော်"
"အပေါ်ကမှတ်ချက်ရေ.. ပိုပြီးယုံကြည်မှုရှိရှိလုပ်စမ်းပါ။ 'သံသယရှိတယ်'ဆိုတဲ့စကားကို ဖယ်လိုက်"
"ဒါကြီးက လုံးဝရူးချင်စရာပဲ"
"ဥက္ကဋ္ဌကျန်း… ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ မြန်မြန်ပြောပြပေးပါဦး။ ဘယ်သူ့ကိုမှမပြောဘူးလို့ ကတိပေးပါတယ်"
"မင်းတို့ ဘာတွေလာပြောနေတာလဲ။ ငါဆိုတဲ့ ကျန်းမုန့်လောင်က သင့်တင့်လျောက်ပတ်မှုရှိတဲ့ လူတစ်ယောက်ပဲ။ ငါက ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီးလုပ်နိုင်မှာလဲ(စနောက်)"
ကျန်းမုန့်လောင်ကလည်း အင်တာနက်အသုံးပြုသူများ၏ မေးခွန်းများကို ဝေးပေါ်တွင် ပြန်ဖြေပေးလိုက်သည်။
ထို့နောက် ကျန်းမုန့်လောင်က ဓာတ်ပုံအနည်းငယ်ကိုပင် တင်လိုက်သေးသည်။
"ငါ အမေရိကကို ခရီးထွက်ဖို့ ရောက်လာတာ။ ဒါက သက်သေပဲ"
အင်တာနက်အသုံးပြုသူများလည်း ကျန်းမုန့်လောင်တင်ထားသော ဓာတ်ပုံများကို ဖွင့်ကြည့်လိုက်သောအခါ ရယ်ရလွန်းသဖြင့် ပက်လက်တောင်လန်သည်။
"ဟားဟားဟား ဥက္ကဋ္ဌကျန်းရေ.. မူရင်းဓာတ်ပုံတွေကို ပြန်သုံးမယ်ဆိုရင်လည်း watermarkကိုတော့ ဖျောက်လေ။ ငါ့သူငယ်ချင်းစာရင်းမှာ ဒီဓာတ်ပုံကို နောက်ခံအနေနဲ့ သုံးထားတဲ့လူက ငါးယောက်တောင်ရှိတယ်"
"စနောက်နေတဲ့အီမိုဂျီနဲ့ ပို့စ်တင်လိုက်ကတည်းက ငါသိပြီးသား။ ဘယ်သူမှ ဥက္ကဋ္ဌကျန်းထက် ပိုပြီးအရှက်မမဲ့ဘူး"
...
နိုင်ငံခြားမီဒီယာများ၏ အနံ့ခံနိုင်စွမ်းကလည်း မဆိုးလှပေ။ မကြာခင်မှာပင် တစ်စုံတစ်ယောက်က ကျန်းမုန့်လောင်နှင့် တိုက်ရိုက်တွေ့ဆုံမေးမြန်းရန်အတွက် အွန်လိုင်းတွင် ဖိတ်ခေါ်ခဲ့သည်။
ဤသည်မှာ ဝင့်ကြွားနေရမည့် ကိစ္စမျိုးမဟုတ်သည့်အတွက် ကျန်းမုန့်လောင်ဘက်က တိတ်ဆိတ်နေလိမ့်မည်ဟု လူတော်တော်များများက ထင်ထားကြသော်ငြား ထင်မှတ်မထားသည်မှာ ကျန်းမုန့်လောင်က ထိုအင်တာဗျူးကို ဝမ်းပန်းတသာလက်ခံလိုက်ပေသည်။
မီဒီယာတော်တော်များများကလည်း ထိုပွဲသို့ တက်ရောက်ခဲ့ကြပြီး မေးခွန်းပေါင်းစုံကို ကြိုတင်ပြင်ဆင်ထားကာ ကျန်းမုန့်လောင်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေကြပေသည်။
ကျန်းမုန့်လောင် ပေါ်လာသည့်အချိန်မှာပင် ခန်းမတစ်ခုလုံးလည်း ရုတ်ခြည်းဆူပွက်သွားလေတော့သည်။
"ကျေးဇူးပြုပြီး အားလုံးပဲ ငြိမ်ငြိမ်နေပေးကြပါ"
ကျန်းမုန့်လောင်က ဘယ်ကမှန်းမသိရသည့် မိုက်တစ်လုံးကို သယ်လာသဖြင့် ကမ္ဘာ့အချမ်းသာဆုံးလူက လမ်ဘေးဈေးသည်တစ်ယောက်နှင့် တူနေသည့်အဖြစ်ကြောင့် ထိုနေရာရှိလူတိုင်းခမျာ အားရပါးရရယ်မောလိုက်ကြလေသည်။
ရယ်သံများအဆုံးတွင် မီဒီယာသတင်းထောက်များက ဆူညံသံများကို ရပ်တန့်ကာ ကျန်းမုန့်လောင်ပြောမည့်စကားကို စောင့်ဆိုင်းနေကြသည်။
"လတ်တလေဖြစ်ပွားနေတဲ့ အဖြစ်အပျက်လေးတွေကြောင့် ဒီစာနယ်ဇင်းရှင်းလင်းပွဲလုပ်ဖို့ ခေါ်ယူလိုက်ရတာပါ"
ကျန်းမုန့်လောင်က တစ်ခွန်းချင်းစီ ပြောလိုက်၏။
"မကြာသေးခင်တုန်းက Qualcommအီလက်ထရောနစ်ကုမ္ပဏီရဲ့ ဆန္ဒပြပွဲကို ကျွန်တော် ကြိုးကိုင်နေတာဆိုတဲ့ ကောလာဟလတွေထွက်နေတယ်။ ဒါက ကောလာဟလမဟုတ်ဘူးဆိုတာကို ဖြေရှင်းချင်လို့ ကျွန်တော် ဒီကိုရောက်လာတာပါ"
"ဝိုး"
သူ့စကားအဆုံးတွင် ထိုနေရာရှိ မီဒီယာများထံမှ အံ့ဩတကြီးရေရွတ်သံများ ထွက်ပေါ်လာလေသည်။ ကျန်းမုန့်လောင်က ထိုအရာကို လူသိရှင်ကြားဝန်ခံလိုက်ပေသည်။
"မစ္စတာကျန်း ခင်ဗျား ဘာလို့ အဲဒီလိုလုပ်ခဲ့တာလဲ။ Qualcommအီလက်ထရောနစ်က အမှုဆောင်အရာရှိတွေ ပြောသလိုမျိုး သူတို့ဘက်က ဟွာရှားနိုင်ငံကို ချစ်ပ်ပြားတင်သွင်းမှု ပိတ်ပင်ခဲ့လို့ လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်ခဲ့တာလား"
"မဟုတ်ဘူး။ မဟုတ်ဘူး။ သူတို့ရဲ့အနုပ်စုတ်ကုပ်စုတ်ချစ်ပ်ပြားတွေကို ဂရုတောင်မစိုက်ဘူး။ သူတို့ဘက်က အလကားပေးရင်တောင် မလိုချင်ဘူး"
ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။
"ကျွန်တော်က တရားမျှတမှုအတွက် ဒါကိုလုပ်ခဲ့တာ"
"တစ်ညနေခင်းတုန်းက ကျွန်တော်ပျင်းလို့ ဘားတစ်ခုမှာ သွားသောက်နေတုန်း မစ္စတာဘားနက်စ်နဲ့ သူ့မိတ်ဆွေတွေ လစာအကြောင်း ဆွေးနွေးနေတာကို ရုတ်တရက်ကြားလိုက်ရတယ်။ ကျွန်တော်လည်း အဲဒီနေရာမှာတင် ဒေါသထွက်သွားတယ်လေ။ Qualcommအီလက်ထရောနစ်က လူတွေကို ဒီလိုပဲ ဆက်ဆံသလား။ ခင်ဗျားတို့အတွက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပေးနေရတာတောင်မှ ဘေးပတ်ဝန်းကျင်ကုမ္ပဏီတွေက အလုပ်သမားတွေထက် လစာလျှော့ပေးတယ်ပေါ့လေ"
"သူတို့က သူတို့ရဲ့အခွင့်အရေးတွေကို တောင်းခံချင်ပေမဲ့ ဆန္ဒပြပြန်ရင်လည်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ထိခိုက်မှာကြောက်နေကြတယ်။ ကျွန်တော်လည်း တွေးလိုက်မိတာပေါ့။ စွမ်းအားကြီးတဲ့လူတွေမှာ တာဝန်ဝတ္တရားလည်း ကြီးတယ်လေ။ ကျွန်တော့်အနားကလူတွေ မတရားခံနေရတာကို ကျွန်တော် ထို်ငကြည့်မနေနိုင်ဘူး။ ကျွန်တော်တစ်ခုခုလုပ်မှဖြစ်မယ်လို့ တွေးလိုက်မိတယ်။ အဲဒါကြောင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ ဒီတိုက်ပွဲမှာ Qualcommအီလက်ထရောနစ်ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကို ကျွန်တော် ရက်ရက်ရောရောလှူဒါန်းခဲ့တယ်"
"သူ ပေါက်ကရတွေပြောနေတာပဲ"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော မော့ပိုင်နှင့် အခြားလူများမှာ ချက်ချင်းဆိုသလို ဒေါသူပုန်ထသွားကြပေသည်။ ကျန်းမုန့်လောင်သည် နှုတ်ရေးကောင်းမှုဖြင့် အမှန်တရားကို လှည့်စားပြီး သူ့ကိုယ်သူ တရားမျှတမှု၏ ဘက်တော်သားအဖြစ် သရုပ်ဖော်နေချေသည်။
"မစ္စတာကျန်း အမေရိကမှာ မရေမတွက်နိုင်တဲ့ မတရားမှုတွေ ဖြစ်ပျက်နေပါတယ်။ ဒါပေမဲ့ ခင်ဗျားကတော့ Qualcommအီလက်ထရောနစ်ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကိုပဲ ထောက်ပံ့ပေးခဲ့တာဆိုတော့ ခင်ဗျားရဲ့စကားကို ယုံဖို့ခက်တယ်ဗျ"
"သိပ်ကောင်းတဲ့မေးခွန်းပဲ"
ထက်ရှလှသော ဝေဖန်မှုတစ်ခုနှင့် ကြုံရသည့်တိုင် ကျန်းမုန့်လောင်ကမူ နည်းနည်းမှ တုန်လှုပ်မသွားချေ။
"ကျုပ်ပြောမယ်။ ကျန်းမုန့်လောင်က အမှတ်သည်းခြေကြီးတဲ့လူစားမျိုးပဲ။ ပြီးတော့ မတရားစွပ်စွဲမှုကို သည်းမခံနိုင်ဆုံးပဲ။ ကျုပ်က Qualcommအီလက်ထရောနစ်ကို ပစ်မှတ်ထားနေတယ်လို့ ပြောချင်တာလား"
"ဒါဆိုလည်း ကောင်းပြီလေ။ အခုကစပြီး ဝန်ထမ်းတွေ သူတို့သဘောဆန္ဒအရ အလိုလိုရပ်တန့်တဲ့အချိန်အထိ ဒါမှမဟုတ် ကျုပ်ကို စွပ်စွဲခဲ့တဲ့လူတွေ ပြန်မတောင်းပန်မချင်း Qualcommအီလက်ထရောနစ်ကုမ္ပဏီရဲ့ဝန်ထမ်းတွေအတွက် ရန်ပုံငွေ ဆက်လက်ထောက်ပံ့ပေးမယ်လို့ ဆုံးဖြတ်လိုက်ပြီ"
*********