အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်း
Vol. 23 Ch. 333
"မစ္စတာကျန်း..ခင်ဗျားက Qualcommအီလက်ထရောနစ်ကို တရားဝင် စစ်ကြေညာနေတာလား"
သတင်းထောက်တစ်ယောက်က ခပ်ပြတ်ပြတ်မေးလာလေသည်။
"စစ်ကြေညာတယ်တဲ့လား"
ကျန်းမုန့်လောင်ကလည်း အေးတိအေးစက်လှောင်ရယ်လိုက်သည်။
"သူတို့က တန်လို့လား။ အမေရိကန်ဒေါ်လာဘီလီယံဆယ်ဂဏန်းလောက်လေးတန်တဲ့ ကုမ္ပဏီတစ်ခုပဲဟာကို။ သူတို့က ကျုပ်ရဲ့အာရုံစိုက်မှုနဲ့တောင် မတန်ဘူး"
ဒါပေမဲ့ ခုနကပြောလိုက်တဲ့ ခင်ဗျားတို့ရဲ့စကားက ကျုပ်ကို ဒေါသထွက်စေတယ်။ အစတုန်းက ဒီဝန်ထမ်းတွေကို သနားလို့ ကူညီချင်ခဲ့ရုံပဲ။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို စစ်ကြေညာနေတယ်လို့ထင်နေမှတော့ ခင်ဗျားတို့စိတ်ကျေနပ်အောင် လုပ်ပေးရမှာပေါ့"
ကျန်းမုန့်လောင်၏ခွန်းတုံ့ပြန်စကားကို ကြားလိုက်ရပြီးနောက် သတင်းထောက်အားလုံး၏ အမူအရာများမှာ ရုတ်ခြည်းပြောင်းလဲသွားလေသည်။ ကျန်းမုန့်လောင်က သူတို့ပေါ်သို့ အပြစ်ပုံချလိုက်လေကြောင်း သူတို့ အတပ်သိလိုက်၏။
ကျန်းမုန့်လောင်၏စကားများက အလွန်လှုံ့ဆော်နိုင်စွမ်းရှိ၏။ ချောင်ပိတ်ခံရသည့် ခွေးကပင် ပြန်ကိုက်တတ်သေးသည်ဖြစ်ရာ မည်သူကများ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ကျန်းမုန့်လောင်က Qualcommအီလက်ထရောနစ်မှ ဝန်ထမ်းများ မတရားဆက်ဆံခံနေရသည်ကိုမြင်၍ ကျန်းမုန့်လောင် စိတ်ကူးပေါက်ပြီး သူတို့၏ဆန္ဒပြပွဲကို ထောက်ခံပေးနေခြင်းဟု တချို့က ထင်ကောင်းထင်ကြလိမ့်မည်။
သို့သော် သူသည် Qualcommအီလက်ထရောနစ်ကို ပစ်မှတ်ထားနေသည်ဟု ဆိုကာ သူ့အား ချောင်ပိတ်ရိုက်သည့်အခါတွင်မူ သူ့ဘက်ကလည်း လက်တုံ့ပြန်လိုက်ပေသည်။
သူတို့ကို ပစ်မှတ်ထားနေတယ်လို့ လာပြောတယ်ပေါ့လေ။ ကောင်းပြီ.. ဒါဆို မင်းတို့ကြည့်ရအောင် ငါ သူတို့ကို ပစ်မှတ်ထားပြမယ်…
"ဟားဟားဟား ပြဿနာမရှိပါဘူး။ ခင်ဗျားတို့တွေစွပ်စွဲတဲ့အတိုင်း ကျုပ်လိုက်လုပ်ပေးမယ်။ အလကားနေရင်းတော့ အစွပ်စွဲမခံနိုင်ဘူးလေ။ ဟုတ်တယ်မလား"
"ကျန်းမုန့်လောင်ကတော့ ကျန်းမုန့်လောင်ပါပဲ။ သူ့နည်းဗျူဟာတွေက အရမ်းထက်ရှလွန်းတယ်။ အဲဒီလိုနှုတ်စလျှာစမျိုးက တိယွင်အဖွဲ့အစည်းကပဲ ဖြစ်ရမယ်"
"မစ္စတာကျန်းက Qualcommအီလက်ထရောနစ်ကို လက်စားချေရုံသက်သက်မဟုတ်ဘူး။ သူက သူတို့ကို လုံးဝဖျက်ဆီးပစ်ဖို့ ရောက်လာတာ"
"အရမ်းကြမ်းတာပဲ။ အရမ်းကြမ်းတယ်"
မူလတုန်းကမူ ဤသတင်းစာရှင်းလင်းပွဲသည် လူတိုင်းအတွက် ပွဲကြည့်ရုံသက်သက်မျှသာဖြစ်၏။ အကြောင်းမှာ အနောက်နိုင်ငံများတွင် အလုပ်သမားဆန္ဒပြပွဲများဆိုသည်မှာ အထူးအဆန်းမဟုတ်လှပေ။
ပုံမှန်အားဖြင့် ထိုကဲ့သို့သော အလုပ်သမားဆန္ဒပြပွဲများမှာ ဝန်ထမ်းများအနေနှင့် သူတို့၏ခံစားချက်များကို ဖွင့်ထုတ်သည့်နည်းလမ်းတစ်ခုသာ ဖြစ်၏။ လူတိုင်း လုပ်ကိုင်ရှာဖွေစားသောက်ဖို့ လိုသေးသည်မဟု်လား။ မည်သူကများ ရေရှည်တွင် ဝင်ငွေမရှိဘဲ သည်းခံနိုင်မည်နည်း။
သို့သော် ယခုမူ ခေါင်းဆောင်ဖြစ်သူက သူတို့၏ဆန္ဒပြပွဲအတွက် ရန်ပုံငွေထောက်ပံ့ပေးနေသည့်အပြင် သူတို့လစာ၏နှစ်ဆကိုလည်း တိုးပေးထားသေးသည်။ ထို့ပြင် ဤငွေကြေးထောက်ပံ့မှုမှာ ဝန်ထမ်းများဘက်က ဆန္ဒပြပွဲကို အလိုလိုရပ်တန့်လိုက်ချိန် သို့မဟုတ် ကျန်းမုန့်လောင်ကို စော်ကားထားသူများအနေနှင့် လူသိရှင်ကြားတောင်းပန်မည့်အချိန်အထိ ဆက်လက်တည်တံ့နေမည်ဟု ဆိုလိုက်ပေသည်။
ထိုကဲ့သို့သော အခြေအနေအောက်တွင် ဝန်ထမ်းများအနေနှင့် ဆန္ဒပြပွဲကို သူတို့သဘောဆန္ဒအရ ရပ်တန့်မည်တဲ့လား။ အလုပ်မလုပ်ဘဲ လစာနှစ်ဆရနေခြင်းမှာ အလွန်စိတ်ကျေနပ်ဖွယ် မကောင်းဘူးလား။ သူတို့က ဘာကြောင့်များ ဆန္ဒပြပွဲကို ရပ်လိုက်ရမည်နည်း။
ကျန်းမုန့်လောင်၏ရန်ပုံငွေထောက်ပံ့မှုက မည်သည့်အချိန်အထိ ကြာရှည်ခံမလဲဆိုသည်ကိုမူ တစ်စုံတစ်ယောက်က တွက်ပြထားသည်။ Qualcommအီလက်ထရေနစ်ဝန်ထမ်းအယောက်၇၀၀၀ကျော်က ဆန္ဒပြပွဲတွင် ပါဝင်နေသည်ဖြစ်ရာ ပျမ်းမျှလစာမှာ ဒေါ်လာ၅၀၀၀ဖြစ်၏။ ၎င်း၏နှစ်ဆဆိုလျှင် ဒေါ်လာတစ်သောင်းဖြစ်သည်။
သို့ဖြစ်လေရာ ကျန်းမုန့်လောင်အနေနှင့် တစ်လလျှင် ဒေါ်လာသန်း၇၀ထောက်ပံ့ပေးရန် လိုအပ်လေသည်။ ဤပမာဏနှင့်တွက်လျှင် တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်း၈၄၀ပင်။
ဒေါ်လာသန်း၈၄၀ဟူသော ပမာဏက များသလား။ သာမန်လူများအတွက်မူ များလှပေသည်။ ထိုပမာဏမှာ ဒိုင်နိုဆောခေတ်ကတည်းက အလုပ်လုပ်လာမှသာ ရနိုင်သော ပမာဏမျိုးပင်။
သို့သော် ကျန်းမုန့်လောင်အတွက်မူ များလေသလား။
လုံးဝမများပေ။ ကျန်းမုန့်လောင်သည် မီးရှူးမီးပန်းများအတွက်ပင် ဟွာရှားယွမ်သန်းငါးရာကို အသုံးပြုခဲ့ပြီး အခွန်ငွေယွမ်၁၅၀ဘီလီယံ ပေးဆောင်ခဲ့သူပင်။ သူသည် ဒဏ်ကြေးနည်းလွန်းလျှင်လည်း မပျော်မရွှင်ဖြစ်တတ်သေးသည်။ သူ့ဘဏ္ဍာရေးခွန်အားမှာ ဤဝန်ထမ်းများကို တစ်သက်လုံးထောက်ပံ့ပေးထားရလျှင်ပင် သူ့အတွက်တော့ အလွယ်လေးပင်။
ကျန်းမုန့်လောင်ကို စော်ကားထားသူများအနေနှင့် ပြန်တောင်းပန်ခိုင်းခြင်းမှာ မည်သူများကို ဆိုလိုလေသလဲ။ ထိုစကားများမှာ Qualcommအီလက်ထရောနစ်ကုမ္ပဏီအမှုဆောင်များထံမှ ထွက်လာခြင်းပင်။ သူတို့ကို ကျန်းမုန့်လောင်အား ပြန်တောင်းပန်ခိုင်းခြင်းမှာ သူ့ကို ဦးညွှတ်ခိုင်းခြင်းနှင့် အလားသဏ္ဍာန်တူလှပေသည်။
Qualcommအီလက်ထရောနစ်နှင့် Silicon Moonlightကြားရှိ ဆက်ဆံရေးမှာ ယခင်ကတည်းက ဆိုးဝါးနှင့်နေပြီဖြစ်၏။ သူတို့အား ကျန်းမုန့်လောင်ကို တောင်းပန်ခိုင်းခြင်းမှာ ထိုဝန်ထမ်းများအနေနှင့် သူတို့၏ဆန္ဒပြပွဲကို လက်လျှော့ခိုင်းရသလောက် ခက်ခဲလှ၏။
"ကျွန်တော်တို့က ဒီ..ဒီလိုသဘောမျိုးနဲ့ ပြောတာမဟုတ်ဘူးလေ.."
သတင်းထောက်များမှာ ရုတ်ခြည်းဆိုသလို နောက်ပြန်ဆုတ်သွားကြသည်။ ကျန်းမုန့်လောင် Qualcommအီလက်ထရောနစ်အား အတိအလင်းစစ်ကြေညာလာစေရန် လှုံ့ဆော်ပေးသူများမှာ သူတို့ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
Qualcommအီလက်ထရောနစ်က သြဇာညောင်းလေသလား…
သြဇာညောင်းပေသည်။ သူတို့က ကမ္ဘာ့အဆင့်အမြင့်ဆုံးအီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာကို ထိန်းချုပ်ထားပြီး ဟွာရှား သို့မဟုတ် ကမ္ဘာတစ်ဝှမ်းရှိ အီလက်ထရောနစ်လုပ်ငန်းများကို စကားတစ်ခွန်းတည်းဖြင့် ပိတ်ဆို့နိုင်စွမ်းရှိ၏။
သို့သော် ဂမ္ဘီရစွမ်းအား၏အထက်တွင် မိစ္ဆာစွမ်းအား ရှိလေသည်။ သူတို့အနေနှင့် အလိုအလျောက်စက်မှုလုပ်ငန်းကို ရာနှုန်းပြည့်မလုပ်နိုင်သေးသရွေ့၊ အလုပ်သမားများလိုအပ်နေသေးသရွေ့ ကျန်းမုန့်လောင်၏နည်းဗျူဟာက သူတို့ကို အပြီးတိုင်ဖျက်ဆီးပစ်နိုင်ပေသည်။
"မစ္စတာကျန်း ခင်ဗျားရဲ့အပြုအမူက အလွန်အကျွံဖြစ်လွန်းမနေဘူးလား"
အဓိကမဂ္ဂဇင်းတစ်ခုမှ သတင်းထောက်က မေးခွန်းထုတ်လိုက်လေသည်။
"'ရောမကိုရောက်ရင် ရောမလိုကျင့်ရမယ်'တဲ့"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ဒါပေမဲ့ အခု ကျုပ်တို့က ဟွာရှားမှာမဟုတ်ဘူးလေ။ အမေရိကကို ရောက်နေတာ။ ဥပဒေကို လိုက်နာရမှာပေါ့။ ဒါပေမဲ့ ပြောစမ်းပါဦး။ Qualcommအီလက်ထရောနစ်ရဲ့ အလုပ်သမားတွေကို ကျုပ်က သပိတ်မှောက်ခိုင်းတာမို့လို့လား"
"ဒါက.."
သတင်းထောက်များခမျာ ပြောစရာစကားများ ပျောက်ရှသွားရသည်။ အကြောင်းမှာ ဘားနက်စ်ထုတ်ပြန်ထားသော ဆန္ဒပြပွဲကြေညာချက်တွင် အလုပ်သမားတစ်ယောက်ချင်းစီတိုင်း၏ လက်မှတ်များပါရှိပြီး သူတို့ဆန္ဒအလျောက် သပိတ်မှောက်ခြင်းဖြစ်ကြောင်း သက်သေပြထားလေသည်။
ထို့ပြင် သူတို့ဆန္ဒပြရသည့် အကြောင်းပြချက်များမှာ အလွန်တရားမျှတမှုရှိ၏။ သူတို့၏လုပ်ငန်းတာဝန်နှင့် လုပ်အားတို့က အနီးအနားရှိ ကုမ္ပဏီများထက် ပိုသာပေသည်။ သို့တိုင် သူတို့၏လစာကမူ ပိုနိမ့်နေ၏။ ထိုသတင်းထောက်များလည်း ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ရပေလိမ့်မည်။ သူတို့သာ ထိုအခြေအနေမျိုးနှင့် ကြုံတွေ့ရပါက မည်သို့လုပ်မည်နည်း။
ယုံမှားသံသယကင်းစွာပင် သူတို့လည်း ဆန္ဒပြဖို့သာ ရွေးချယ်မည်ဖြစ်၏။
သို့ဖြစ်လေရာ ကျန်းမုန့်လောင်၏လုပ်ရပ်မှာ လှုံ့ဆော်မှုဟု သတ်မှတ်၍မရချေ။
"ကျုပ်ရဲ့လုပ်ရပ်က ဥပဒေနဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ထားဘူးဆိုရင် ဒီကိစ္စက ခင်ဗျားတို့နဲ့ ဘာဆိုင်လဲ"
ကျန်းမုန့်လောင် ခွန်းတုံ့ပြန်လိုက်လေသည်။
"ကျုပ်ပိုက်ဆံက ကျုပ်ဘာသာရှာထားတာ။ ခိုးထားတာလည်း မဟုတ်သလို ဓားပြတိုက်ထားတာလည်းမဟုတ်ဘူး။ ကျုပ်ဘာသာ စိတ်ကြိုက်သုံးမှာပေါ့။ ခင်ဗျားတို့က ဘာထဖြစ်ရတာလဲ။ ပြီးတော့ ပြောပါဦးမယ်။ ချမ်းသာရင် ဘာမဆိုလုပ်လို့ရတယ်။ ခင်ဗျားတို့မကျေနပ်ရင် ခင်ဗျားတို့လည်း ကျုပ်ကို ငွေနဲ့ပစ်ပေါက်လို့ရတာပဲလေ"
"သိပ်ပြတ်သားတာပဲ။ ဒီနေ့တော့ ငါ သူ့ပရိသတ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ"
"အရင်ကတော့ ငါ လူချမ်းသာတွေကို သဘောမကျခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ဘာလို့မှန်းမသိ သောက်ရမ်းခံစားလို့ကောင်းတာပဲ"
ကျန်းမုန့်လောင်က လူရှေ့သူရှေ့မှာပင် ဤမျှခိုင်မာပြတ်သားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။ မီဒီယာသတင်းထောက်များလည်း မေးခွန်းပေါင်းစုံဖြင့် ရောက်လာကြသော်ငြား ယခုအခါတွင်မူ မည်သူကမှ မမေးရဲကြတော့ချေ။ အစောပိုင်းက သတင်းထောက်၏ ကြောက်လန့်နေသောပုံစံကို မြင်လိုက်ရသည်ဖြစ်ရာ မည်သူကများ ပေါ့ပေါ့တန်တန်မေးခွန်းထုတ်ရဲလေတော့မလဲ။
"ကောင်းပြီလေ။ Qualcommအီလက်ထရောနစ်တစ်ခုတည်းကို ပစ်မှတ်ထားတာမဟုတ်ဘူးဆိုတဲ့အကြောင်း သက်သေပြဖို့အတွက် ဆုံးဖြတ်ချက်တစ်ခုကို ကြေညာပေးချင်တယ်!း"
သတင်းစာရှင်းလင်းပွဲကား လုံးဝအတိ တိတ်ဆိတ်သွားချေသည်။
"ကျုပ် အလုပ်သမားရန်ပုံငွေတစ်ခု ထူထောင်ဖို့စီစဉ်ထားတယ်။ ဘယ်ကုမ္ပဏီက ဝန်ထမ်းတွေပဲဖြစ်ဖြစ် မတရားဆက်ဆံခံနေရရင် အကူအညီတောင်းဖို့အတွက် သူတို့ရဲ့ကိုယ်စားလှယ်တစ်ယောက်ကို ကျုပ်ဆီ လွှတ်လိုက်လို့ရတယ်။ ကျုပ်အနေနဲ့ သူတို့ကို လစာနှစ်ဆထောက်ပံ့ပေးမယ်။ ကျုပ်ကို မချီးကျူးကြပါနဲ့။ ဝန်ထမ်းတွေအားလုံးကို ပျော်စေချင်ရုံသက်သက်ပါ"
ကျန်းမုန့်လောင်လည်း ဟုန်းရီဘက်သို့လှည့်ကာ ပြောလိုက်၏။
"ဒီရန်ပုံငွေကို အများကြီးနဲ့ စတင်ဖို့မလိုဘူး။ လောလောဆယ်တော့ ဒေါ်လာတစ်ရာဘီလီယံလောက်ပဲ ပြင်ထားလိုက်။ ဘားနက်စ်က အဆင်ပြေတဲ့ပုံပဲ။ သူ့ကိုပဲ အလုပ်သမားအားလုံးရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ဒီရန်ပုံငွေတွေကို စီမံခန့်ခွဲခိုင်းလိုက်"
"သောက်ကျိးနည်း! ဒေါ်လာတစ်ရာဘီလီယံတဲ့လား"
"ဟားဟားဟား အလုပ်သမားရန်ပုံငွေတဲ့။ သေတော့မှာပဲ"
"သေစမ်းကွာ။ ဒါကြီးက အရမ်းဉာဏ်များတာပဲ။ ဒီသဘောတရားက ရှယ်မိုက်တယ်။ ငါက ဒီကုမ္ပဏီကိုပဲ ပစ်မှတ်ထားတယ်လို့ ထင်နေလား။ ဆောရီး.. ငါက ကုမ္ပဏီတွေအကုန်လုံးကို ပစ်မှတ်ထားနေတာ"
"သွားပြီ"
သတင်းထောက်များခမျာ မိုက်ခနဲဲဖြစ်သွားကြလေတော့သည်။ ထိုသတင်းထောက်များ၏ နှလုံးသားထဲတွင်လည်း အေးစက်မှုတစ်ခု တိုးဝင်လာ၏။ အစတုန်းက ကျန်းမုန့်လောင်က ကုမ္ပဏီတစ်ခုတည်းကို ပစ်မှတ်ထားခဲ့လျှင်ပင် ကုမ္ပဏီတစ်ခုတည်းမျှသာ ဖြစ်ပေလိမ့်မည်။
ဤသည်မှာ သက်ရောက်မှုတစ်ခုတော့ ရှိသော်ငြား အမေရိကတွင် ထိပ်တန်းအဆင့်ဆက်သွယ်ရေးအီလက်ထရောနစ်ကုမ္ပဏီပေါင်းများစွာ ရှိသေးသည်။ အဆိုးဆုံးဖြစ်လာပြီး ဤကုမ္ပဏီပြိုလဲသွားခဲ့လျှင်ပင် အခြားကုမ္ပဏီများ ရှိနေဆဲသာ။
ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ တစ်နိုင်ငံလုံးတွင် ပြသထားခြင်းဖြစ်လေရာ ယခုအချိန်တွင် တီဗီရှေ့၌ ဤအစီအစဉ်ကို ကြည့်ရှုနေသူများမှာ မရေမတွက်နိုင်အောင် ရှိ၏။ ဤဖောင်ဒေးရှင်းကိုသာ တည်ထောင်လိုက်ပါက တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲများ တရုန်းရုန်းဖြစ်ပေါ်လာမည့်အရေးကို ကြိုမှန်းဆနိုင်ပေသည်။
လူမှုစစ်တမ်းများအရ တစ်နှစ်လျှင် ဆန္ဒပြပွဲဆယ်ခုကျော်ရှိပြီး ဤဖောင်ဒေးရှင်းသာ တည်ထောင်လိုက်ပါက ဆန္ဒပြပွဲအရေအတွက်က ဆယ်ဆ သို့မဟုတ် အဆတစ်ရာတိုးသွားလိမ့်မည်သာ။ ရလဒ်ကား ခန့်မှန်းဖို့ပင် မဖြစ်နိုင်ချေ။
ထိုသို့ဖြစ်လာပါက တော်တော်များများက သတင်းထောက်များကို အပြစ်တင်လာကြမည်သာ။
မင်းတို့ကို ဘယ်သူက ဒီလိုထူးဆန်းတဲ့မေးခွန်းမျိုးကို မေးခိုင်းလို့လဲ။ မင်းတို့သာ ကျန်းမုန့်လောင်ကို ချောင်ပိတ်ပြီး မမေးခဲ့ရင် သူကလည်း ဒီလိုမျိုးလုပ်မှာမဟုတ်ဘူး...
ဤတိုက်ရိုက်ထုတ်လွှင့်မှုအပြီးတွင် ထိုကိစ္စသာ အမှန်တကယ်ဖြစ်ပွားခဲ့ပါက နှစ်ထပ်ကွမ်းအောင်မြင်မှုတစ်ခုဖြစ်၏။ ၎င်းမှာ တစ်နိုင်ငံလုံးကို တောင်းပန်ရမည့်အချိန်ပင်။
*********