ဆန္ဒမပြရင် သူများနဲ့ကွဲထွက်နေသလိုခံစားရတယ်
Vol. 23 Ch. 334
ဘယ်သတင်းထောက်ကမှ မေးခွန်းထပ်မမေးရဲကြတော့ပေ။ ကျန်းမုန့်လောင်က သူပြောချင်သောစကားများကို အကုန်ပြောပြီးသွားလေပြီ။ သူ့အနေနှင့် အမေရိကကို ကျွမ်းထိုးမှောက်ခုံလုပ်ရန် စီစဉ်မထားပေ။ သူသည် Qualcommအီလက်ထရောနစ်ကို ပညာပေးချင်ရုံမျှသာ။ ကျန်းမုန့်လောင်ဟူသော သူ့ကို ယီးတီးယားတားလာလုပ်၍ မရပေ။
"ဟုန်းရီ.. ကိုင်ဘွန်ဘက်က အခြေအနေဘယ်လိုရှိလဲ"
ကျန်းမုန့်လောင်က သူ့နေအိမ်ကိုပြန်ရောက်သောအခါ ကိုင်ဘွန်နိုင်ငံပြဿနာကို ရုတ်တရက်အမှတ်ရလိုက်လေသည်။ လဝက်ကုန်လွန်ခဲ့ပြီဖြစ်လေရာ ယခုလောက်ဆိုလျှင် ကိုင်ဘွန်နိုင်ငံလည်း မျက်ရည်ဖြိုင်လုမတတ် ဖြစ်နေလောက်ချေပြီ။
"သူတို့ တခြားနိုင်ငံတွေကနေ တစ်တန်ကို ဒေါ်လာကိုးဆယ်နှုန်းနဲ့ ကျောက်မီးသွေးတစ်သုတ်စာ ဝယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဈေးနှုန်းနဲ့တောင်မှ တန်ချိန်ဆယ်သန်းအောက်ပဲ ဝယ်နိုင်ခဲ့ပါတယ်။ တခြားနိုင်ငံတွေကလည်း သူတို့အတွက်သူတို့ သိမ်းထားဖို့လိုသေးတာဆိုတော့လေ"
ဟုန်းရီက အစီရင်ခံတင်ပြလိုက်၏။
"စုစုပေါင်းလိုက်ရင် သူတို့ရဲ့ကျောက်မီးသွေးစွမ်းအင်ကုမ္ပဏီတွေအားလုံးမှာ ကျောက်မီးသွေးတန်ချိန်ငါးသန်းပဲရှိပါတော့တယ်။ အလွန်ဆုံးရှိလှ တစ်ပတ်ပဲခံတော့မှာပါ"
"သူတို့ အလျင်လိုမနေကြဘူးလား"
ကျန်းမုန့်လောင်က ခပ်ပြုံးပြုံးမေးလိုက်လေသည်။
"အလျင်လိုတာကတော့လား။ အလျင်မလိုဘဲ ရှိမှာတဲ့လား"
ဟုန်းရီက ပြောလိုက်၏။
"ပြီးခဲ့တဲ့အပတ်တုန်းက သူတို့တွေ အစည်းအဝေးပေါင်းများစွာ လုပ်ခဲ့ကြတယ်။ အခုဆိုရင် အဖွဲ့နှစ်ဖွဲ့ကွဲနေပြီ။ တစ်ဖွဲ့က ဟွာရှားကို မြေဒြပ်စင်အသစ်ရောင်းချခွင့်ပြုစေချင်ကြတယ်။ နောက်တစ်ဖွဲ့ကတော့ ပိတ်ဆို့ရေးအစီအစဉ်ကို ဆက်လုပ်ချင်ကြတယ်။ တော်တော်ကို ဝရုန်းသုန်းကားဖြစ်နေတာပါ"
"Qualcommအီလက်ထရောနစ်ရဲ့ အကြီးဆုံးရှယ်ယာရှင်တွေထဲက တစ်ယောက်က ကိုင်ဘွန်နိုင်ငံကလေ။ သူ့အဆက်အသွယ်ကြောင့် ကိုင်ဘွန်နိုင်ငံရဲ့ အီလက်ထရောနစ်သတင်းအချက်အလက်စက်ရုံတော်တော်များများက Qualcommအီလက်ထရောနစ်ကို ပင်မအနေနဲ့သဘောထားပြီး သူတို့အနားမှာ စက်ရုံလာထောင်ထားခဲ့ကြတယ်။ အခု Qualcommအီလက်ထရောနစ်က ပြဿနာပေါ်နေပြီဆိုတော့ သူတို့လည်း ခက်ခဲနေကြပါတယ်။ အီလက်ထရောနစ်ကုမ္ပဏီကြီးတွေအများကြီးထဲမှာ ရှင်က Qualcommအီလက်ထရောနစ်ကိုမှ ပစ်မှတ်ထားနေတာဆိုတော့ ကိုင်ဘွန်လူမျိုးတွေကလည်း ငတုံးမှမဟုတ်တာ။ ရှင့်ရဲ့ရည်ရွယ်ချက်ကို ခန့်မှန်းမိကြပါတယ်"
"ကြည့်ရတာတော့ သူတို့တွေ သတိထားမိနေကြတုန်းကိုး"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"သူတို့ကိုစောင့်ကြည့်ထား။ သူတို့ ဒီတစ်ပတ်ကိုကျော်နိုင်ပါ့မလားဆိုတာ ငါကြည့်ချင်သေးတယ်"
"အလုပ်ဆက်လုပ်ချေတော့"
ကျန်းမုန့်လောင်က လက်ဟန်ပြလိုက်ပြီးနောက် ဝမ်လင်ဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်။
"ငါ့ကောင်.. မင်းရဲ့အလုပ်လုပ်ပုံက ရှယ်မြန်တာပဲ။ အမေရိကကိုရောက်တာမှ မကြာသေးဘူး။ အကုန်လုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လိုက်မွှေပြီးသွားပြီ"
ဝမ်လင်၏အသံကား စိတ်လှုပ်ရှားနေဟန်ပင်။
"ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်တယ်ဆိုတာ ဘာသဘောလဲကွ။ ငါက လူသတ်ထားတာမှမဟုတ်တာ"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"ငါက လက်တုံ့မပြန်ဘဲ ငြိမ်ခံနေမဲ့လူစားမျိုးမို့လို့လား။ သူတို့ကြိုသိထားသင့်တာပေါ့"
"မင်းနဲ့ပက်ပင်းတိုးတဲ့လူကတော့ တကယ်ကံဆိုးတာပဲ"
ဝမ်လင်ကလည်း တအံ့တသြရေရွတ်လိုက်၏။
"ဘာကိစ္စလဲ"
"ဒီလိုလေ..Esportsအိုလံပစ်ပွဲအတွက် အကုန်လျှောက်ထားပြီးသွားပြီ။ ကုမ္ပဏီတော်တော်များများနဲ့လည်း ဂိမ်းလိုင်စင်အကြောင်း စကားစထားပြီးပြီ"
"အခြေအနေဘယ့်နှယ့်လဲ"
"အခုအချိန်အထိတော့ ဂိမ်းဆယ်မျိုး ပြင်ဆင်ထားပြီးပြီ။ CS.. PUBG.. King Of Fighter..Dota..Warcraft..Starcraft..League of Legendsအစရှိသဖြင့်ပေါ့။ တခြားဂိမ်းရှစ်မျိုးရဲ့ Developerတွေကလည်း ငါတို့ကို လိုင်စင်ချပေးပြီးသွားပြီ။ ဒါပေမဲ့ Riot Gameနဲ့ Blizzardကတော့ ငြင်းထားတယ်"
"အိုး ဘာလို့လဲ"
"သူတို့ရဲ့လွှမ်းမိုးမှုကို ထိန်းချုပ်ထားချင်လို့ မဟုတ်ဘူးလား"
ဝမ်လင်က ဆိုလာလေသည်။
"Warcraftနဲ့ League of Legendsတို့က နှစ်စဉ်ကမ္ဘာ့ချန်ပီယံပွဲတွေရှိတယ်လေ။ သူတို့က နှစ်စဉ်စပွန်ဆာအမည်ပေါက်ဝယ်ယူမှုနဲ့တင် ဝင်ငွေတွေအများကြီးရနေတာ။ သူတို့က ကမ္ဘာ့ထိပ်တန်းပွဲအစီအစဉ်တွေကိုး။ ငါတို့သာ esportsအိုလံပစ်ပွဲတော်လုပ်လိုက်ရင် သူတို့ထက် ဩဇာပိုညောင်းသွားမှာပေါ့"
"ဟုတ်တာပဲ"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။ နှစ်စဉ်စပွန်ဆာအမည်ပေါက်နှုန်းထားများမှာ ကြိုတင်သတ်မှတ်ထားပြီးသားပင်။ ပွဲအခမ်းအနားအကြီးစားနှစ်ခုရှိခဲ့ပါက နှစ်ခုထဲက တစ်ခုကိုရွေးရမည်ဆိုလျှင် ပိုကြီးသောပွဲအခမ်းအနားကိုသာ ရွေးချယ်ကြမည်ဖြစ်၏။
"ကောင်းပြီလေ။ ဟွာရှားကိုပြန်ရောက်မှပဲ ဒီကိစ္စကိုရှင်းတော့မယ်။ မင်းရဲ့ကလပ်အသစ်က ဘယ်လိုအခြေအနေရှိလဲ"
"ဒီesportsဆယ်မျိုးအတွက် အသင်းဆယ်သင်း ဖွဲ့ထားပြီးပြီ။ ငါရှာဖွေတွေ့ရှိထားတဲ့ ပါရမီရှင်တွေနဲ့ချည်း ဖွဲ့စည်းထားတာနော်။ ဒီတစ်ခါ esportsအိုလံပစ်မှာ ငါတို့ အောင်မြင်ကျော်လွှားနိုင်လိမ့်မယ်"
ဝမ်လင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
"ဘာကိုကျော်လွှားနိုင်မှာလဲ"
ကျန်းမုန့်လောင်က ပြန်ပြောလိုက်၏။
"ငါတို့ဝင်ပြိုင်ရင် သေချာပေါက် ချန်ပီယံဆုရရမှာကွ။ ဟွာရှားနိုင်ငံက ဂိမ်းကစားတဲ့နေရာအပါအဝင် နေရာတိုင်းမှာ နံပါတ်တစ်ဆိုတာကို တစ်ကမ္ဘာလုံးသိသွားစေရမယ်။ငါတို့ တခြားလူတွေထက် ပိုသာအောင် ကစားရမယ်"
"အဲဒီလောက်မလွယ်ဘူးလေ"
ဝမ်လင်က ခါးသက်သက်အပြုံးဖြင့် ပြောလိုက်၏။
"နှစ်ပေါင်းများစွာယှဉ်ပြိုင်ပြီးတဲ့နောက်မှာ ငါတို့ဟွာရှားအသင်းနဲ့ ဥရောပတို့ အမေရိကတို့ ချင်းချိုးအသင်းတွေက အဆင့်တွေ ရောထွေးနေတာ။ လွန်ခဲ့တဲ့သုံးနှစ်တုန်းကတောင် League Of Legendကို ချင်းချိုးနိုင်ငံက လွှမ်းမိုးသွားခဲ့တာ။ ပြီးတော့ FPSဂိမ်းတွေမှာ ငါတို့ခွန်အားကလည်း အားနည်းတယ်လေ။ ချန်ပီယံဆုရဖို့ဆိုတာက နည်းနည်းတော့...."
"စိတ်မပူပါနဲ့။ ငါကိုယ်တိုင် နည်းပြရာထူးကိုယူပေးမယ်။ အဲဒီအချိန်ကျရင် အဘက်ဘက်ကနေ ပြိုင်ပွဲကို အနိုင်ယူပေးမယ်ကွာ။ ငါ့လမ်းမှာလာပိတ်နေတံ့ လူတွေရော စွမ်းအားရှင်တွေကိုရော အကုန်ဖယ်ရှားပစ်မယ်..."
"လစ်စမ်းပါ။ မင်းနဲ့ ဂိမ်းကစားတိုင်း စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတာချည်းပဲ။ ငါတော့ တော်တော်စိတ်ကုန်နေပြီ။ အဲဒါကို မင်းက ထပ်အစွမ်းပြချင်နေသေးတယ်ပေါ့။ မင်းသာ နည်းပြဖြစ်လာရင် ငါတို့အသင်းလည်း အိုလံပစ်ပွဲတော်မှာ ဝင်ပြိုင်ခွင့်တောင် ရမှာမဟုတ်ဘူး"
"လူတစ်ယောက်က သုံးရက်အတွင်း အများကြီးပြောင်းလဲသွားနိုင်တယ်ဆိုတာ ကြားဖူးလား"
ကျန်းမုန့်လောင်က ဂိမ်းကစားရာတွင် အလွန်ဆိုးဝါးခဲ့ဖူးသော်ငြား ယခုမူ သူသည် ဂိမ်းနတ်ဘုရားယဲ့ချိုးထံမှ ပညာသင်ယူနေသည်မှာ အချိန်တစ်ခုကြာပြီဖြစ်၏။ ဘာဂိမ်းအမျိုးအစားပင်ဖြစ်စေ အကျော်အမော်တစ်ယောက်ဖြစ်လာနိုင်သည်ဟု ယုံကြည်မှုရှိ၏။
"မင်း ငါ့ကိုမယုံဘူးလား။ အချိန်ကျလာရင် ငါတို့ Soloပွဲတစ်ပွဲလောက် ကစားကြည့်ကြတာပေါ့"
"ဒါဆိုလည်း Soloချကြတာပေါ့။ အချိန်ကျလာရင် မင်းရဲ့ခေါင်းကို ငါ ဘယ်လိုခြေမွှပစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်"
...
ကုမ္ပဏီ၏အလုပ်ချိန်စနစ်ကို မကျေနပ်သောကြောင့် Ozikအီလက်ထရောနစ်ဝန်ထမ်းအားလုံးက သပိတ်မှောက်ကြောင်း ကြေညာလိုက်သည်။
Sieryl Semiconductor၏ ထုတ်လုပ်ရေးဝန်ထမ်းအားလုံးကလည်း သပိတ်မှောက်ကြောင်း ကြေညာလိုက်လေသည်။ အလုပ်သမားသမဂ္ဂ၏ဥက္ကဋ္ဌက ရေရှည်အချိန်ပိုဆင်းခြင်းမှာ ဝန်ထမ်းများ၏ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်စေသည်ဟု ဆိုထားပေသည်။ ဆန္ဒပြပွဲ၏ တောင်းဆိုချက်မှာမူ အချိန်ပိုအလုပ်ချိန်များကို လျှော့ချပေးရန်နဲ့ အချိန်ပိုကြေးကို တိုးမြှင့်ပေးရန်ပင်။
Dokro Alloys၏ ဝန်ထမ်းခုနစ်ဆယ်ရာခိုင်နှုန်းကလည်း ဆန္ဒပြကြလေသည်။ ဆန္ဒပြအလုပ်သမားများ၏ ခေါင်းဆောင်က အမျိုးသားလုပ်ဖော်ကိုင်ဖက် များလွန်းပြီး အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များ နည်းလွန်းလှသည်ဟုဆိုကာ အမျိုးသမီးဝန်ထမ်းများ ပိုခန့်ပေးဖို့ တောင်းဆိုနေကြသည်။
Mosaic Communications၏ ဝန်ထမ်းငါးဆယ်ရာခိုင်နှုန်းကလည်း သပိတ်မှောက်ကြပြန်သည်။ အလုပ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌကမူ အခြားလူများအားလုံးက ဆန္ဒပြနေကြသဖြင့် သူတို့ ဆန္ဒမပြလျှင် ကွဲထွက်နေသလို ခံစားရသောကြောင့်ဟု ဆိုထားပေသည်။
...
တစ်ညအတွင်းမှာပင် အမေရိကန်ကုမ္ပဏီပေါင်းသုံးဆယ်ကျော်ရှိ ဝန်ထမ်းများမှာ အကြောင်းပြချက်ကိုယ်စီဖြင့် အကြီးစားဆန္ဒပြပွဲများ ဆင်နွှဲကြတော့သည်။
သူတို့အားလုံး ကျန်းမုန့်လောင်၏ အင်တာဗျူးပါအကြောင်းအရာများကို ကြည့်ပြီးသွားပြီဖြစ်၏။ ဆန္ဒပြနေသေးသရွေ့ လစာနှစ်ဆရမည်တဲ့။ ကုမ္ပဏီတွင် ဘာပြဿနာမှမရှိလျှင်ပင် အလုပ်သမားများအနေနှင့် အကြောင်းပြချက်ရှာပြီး ဆန္ဒပြကြမည်သာ။ အကြောင်းမှာ လူတိုင်းတွင် ဆန္ဒပြခွင့်ရှိသည်။ နိုင်ငံတော်ကပင် ဝင်စွက်ဖက်နိုင်ခြင်းမရှိ။
အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်း၏ စီမံခန့်ခွဲသူဖြစ်သည့် ဘားနက်စ်ခမျာ ယနေ့ အလွန်အလုပ်များနေသော်ငြား ဤအရှုပ်အထွေးကြီးကို သူကတော့ သဘောကျလှသည်။ ဆန္ဒပြသူများအတွက်တော့ သူဟာ ရှေ့ဆောင်တစ်ယောက်၊ ခေါင်းဆောင်တစ်ယောက်နှင့် သူရဲကောင်းတစ်ယောက်ပင်။
"မစ္စတာကျန်း.. ဒီနေ့ ကုမ္ပဏီသုံးဆယ်ကျော်က အလုပ်သမားရန်ပုံငွေကို လျှောက်ထားလာကြပါတယ်။ လူဦးရေကတော့ စုစုပေါင်း၁၂၀၀၀လောက်ရှိပါတယ်။ ဒီလအတွက် ကုန်ကျငွေက သန်းရှစ်ဆယ်နဲ့ ၈၅သန်းလောက် ကျပါလိမ့်မယ်။ ဒီပိုက်ဆံတွေကို..."
"ကုမ္ပဏီပေါင်းသုံးဆယ်ကျော်ပဲလား။ သူတို့ကို ပိုက်ဆံပေးလိုက်"
ကျန်းမုန့်လောင်က တခမ်းတနားဖြင့် လက်ယမ်းပြလိုက်ပြီးနောက် ရန်ပုံငွေများကို ချက်ချင်းလွှဲပေးဖို့ ညွှန်ကြားလိုက်သည်။
အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်းမှာ အလွန်ထိရောက်မှုရှိလှသည်။ ပိုက်ဆံအားလုံးကလည်း ငွေသားချည်းဖြစ်သောကြောင့် ရန်ပုံငွေများကို ထိုဆန္ဒပြသူများ၏ အကောင့်ထဲသို့ ပေးပို့ရန်အတွက်လည်း နေ့တစ်ဝက်ပင်မကြာပေ။
"တကယ်ကြီးကို လစာနှစ်ဆကွ"
"ရန်ပုံငွေက တကယ်ကြီးနော်။ ဆန္ဒသာပြကြဟေ့။ မင်းတို့ လစာနှစ်ဆတောင်ရမှာ"
"သေစမ်း။ ဒါဆို ဘာလို့အလုပ်လုပ်နေဦးမှာလဲ။ ညီအစ်ကိုတို့ ဆန္ဒပြကြရအောင်"
...
ထိုနေ့လယ်ခင်းမှာပင် ကုမ္ပဏီလေးဆယ်ကျော်ရှိ ဝန်ထမ်းများက ဆန္ဒပြကြောင်း ကြေညာလာကြပြန်သည်။
"မစ္စတာကျန်း.. ဒီနေ့လယ်ခင်းမှာပဲ နောက်ထပ်ကုမ္ပဏီပေါင်းလေးဆယ်ကျော် စုစုပေါင်းအရေအတွက် ၈၉၈၂ယောက်က အလုပ်သမားရန်ပုံငွေကို လာလျှောက်ထားပါတယ်"
ဘားနက်စ်က အစီရင်ခံတင်ပြလိုက်၏။
"ငွေလွှဲပေးလိုက်"
ကျန်းမုန့်လောင်၏ ခွန်းတုံ့ပြန်စကားမှာမူ လိုရင်းတိုရှင်းသာ။ မသိလျှင် ထိုပိုက်ဆံက သူ့ပိုက်ဆံမဟုတ်သည့်အတိုင်းပင်။
...
"ဟုန်းရီ.. ငါတို့ ဒီအတောအတွင်း အမေရိကမှာသုံးထားတဲ့ ငွေပမာဏက ဘယ်လောက်ရှိလဲဆိုတာ တွက်ပေးပါဦး"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"နောက်ဆုံးကျရင် ငါ အဲဒီငွေတွေအကုန်လုံးကို အတိုးနဲ့ပေါင်းပြီး ပြန်ယူမှာ"
***********