ကျုပ်က စတောင်မစရသေးဘူး ခင်ဗျားက ပြိုလဲနေပြီလား
Vol. 23 Ch. 335
အလုပ်သမားသပိတ်မှာ ကုမ္ပဏီပိုင်ရှင်များနှင့် ရှယ်ယာရှင်များကို အများဆုံးထိခိုက်စေသည်။
သူတို့ အံ့အားသင့်သွားရသည်။ ကုမ္ပဏီက ကောင်းမွန်စွာလည်ပတ်နေပါသည့်တိုင် ဝန်ထမ်းများက ရုတ်တရက်ကြီး ကောက်ကာငင်ကာဆန္ဒပြကြခြင်းပင်။
ဝန်ထမ်းများ၏ တောင်းဆိုချက်မှာ လုပ်ခလစာတိုးပေးရန်နှင့် အချိန်ပိုလျှော့ချပေးရန်ဖြစ်၏။ ဤတောင်းဆိုချက်များမှာ နားထောင်ကြည့်ရသလောက်တော့ အစပိုင်းတွင်သင့်တော်သည်ဟုထင်ရသော်လည်း အသေးစိတ်စစ်ဆေးကြည့်လိုက်ချိန်တွင်မူ သူတို့တောင်းဆိုထားသော လုပ်ခလစာများမှာ အနည်းဆုံးငါးဆယ်ရာခိုင်နှုန်းနှင့်အထက်တိုး၍ တောင်းဆိုထားခြင်းပင်။
ဤပမာဏကို များလွန်းသည်ဟု ထင်လေသလား။ ညှိနှိုင်းလိုလေသလား။ Qualcomm Electronicsမှ ဝန်ထမ်းများဆိုလျှင် လစာနှစ်ဆတိုးပေးရန် တောင်းဆိုထားသည်။ သူတို့ဘက်က ငါးဆယ်ရာခိုင်နှုန်းတိုး၍ တောင်းဆိုထားခြင်းမှာ များလွန်းလှသည်မဟုတ်။
အံ့သြဖို့ကောင်းသည်မှာ ဆန္ဒပြသည့်အဖွဲ့များအကြား ပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာသည်။
ဘာ.. မင်းတို့က ငါးဆယ်ရာခိုင်နှုန်းတိုးပြီး တောင်းနေတာလား.. ဒါဆို ငါတို့က ခြောက်ဆယ်ရာခိုင်နှုန်းတောင်းမယ်...
မင်းတို့က အပတ်စဉ်အလုပ်ချိန်ထဲက သုံးနာရီလျှော့ပေးဖို့ တောင်းဆိုနေတာလား.. မဖြစ်ဘူး..ငါတို့က ငါးနာရီလျှော့ပေးဖို့ တောင်းဆိုရမယ်...
ဘာ.. နှစ်ကုန်ဘောနပ်စ်ကို အနည်းဆုံး နှစ်လစာလုပ်အားခလောက်ပေးဖို့ တောင်းဆိုနေတာလား... သေစမ်း! ငါတို့က တစ်လစာပဲတောင်းနေမိတာကွ! ဘော့စ်နဲ့ မြန်မြန်သွားညှိနှိုင်းရအောင်!
မင်းတို့က နှစ်စဉ်လစာနဲ့လည်ပတ်ခွင့် လဝက်စာပေးဖို့ တောင်းဆိုနေတာလား..ဒါဆို ငါတိုမကျေနပ်ဘူး... ငါတို့ တစ်နှစ်ကိုနှစ်ကြိမ်ပေးဖို့ တောင်းဆိုရမယ်..
မကြာခင်မှာပင် စက်ရုံအားလုံး ဝရုန်းသုန်းကားဖြစ်ကုန်ကြသည်။ ထို့ပြင် ဤသည်မှာ ကျန်းမုန့်လောင်က "အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်း"ကို ထူထောင်ကြောင်း ကြေညာထားသည့် ပထမဆုံးနေ့သာ ရှိသေးသည်။ ဆန္ဒပြပွဲအရှိန်ကား ယခုမှ အစသာရှိသေးသည်၏ ဤကဲ့သို့သာ ဆန္ဒပြပွဲများ ဆက်ဖြစ်ပွားနေပါက တိုက်ကြီးပေါ်တွင် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဆန္ဒပြပွဲကြီးတစ်ခု ဖြစ်လာနိုင်သည်။
ထိုကုမ္ပဏီပိုင်ရှင်များမှာ ကြောက်လည်းကြောက်၊ ဒေါသလည်း ထွက်ကုန်ကြသည်။ သူတို့အမြင်တွင် ဤအလုပ်သမားသပိတ်သည် Qualcomm Electronicsကြောင့် ဖြစ်ရခြင်းဟု ယူဆထားကြသည်။
အကယ်၍ သူတို့သာ ကျန်းမုန့်လောင်ကို မဆန့်ကျင်ခဲ့ပါက ကျန်းမုန့်လောင်ကလည်း"အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်း"ကို တည်ထောင်ခဲ့မည်မဟုတ်ပေ။ သို့ဆိုလျှင် သူတို့၏ဝန်ထမ်းများလည်း ရုတ်တရက်ကြီး ဆန္ဒပြကြမည်မဟုတ်။
ကုမ္ပဏီပိုင်ရှင်အမြောက်အများက Qualcomm Electronicsသို့သွားရောက်ကာ ဘုတ်အဖွဲ့ဝင်များထံမှ ရှင်းပြချက်တောင်းဆိုကြပြီး ကျန်းမုန့်လောင်နှင့် ပြန်လည်သင့်မြတ်အောင်လုပ်ဆောင်ရန် တောင်းဆိုကြသည်။ သို့မဟုတ်ပါက တရားရုံးတွင် တရားရင်ဆိုင်ရမည်ဟုပင် ခြိမ်းခြောက်ကြလေတော့သည်။
ငွေကြေးဈေးကွက်တစ်ခုလုံး ဖရိုဖရဲဖြစ်နေလေရာ အစိုးရကလည်း ဘာမှမလုပ်ဘဲ သည်အတိုင်းထိုင်ကြည့်နေမည်မဟုတ်ပေ။ Qualcomm Electronics၏ စီနီယာအမှုဆောင်များမှာ နိုင်ငံပိုင်အကျိုးစီးပွားကို ထိန်းချုပ်နေသော ရှယ်ယာရှင်များနှင့် ချက်ချင်းဆက်သွယ်ခဲ့ကြသည်။
သို့သော် သူတို့ အလွန်အားပျက်ဖွယ်ကောင်းသော အဖြေတစ်ခုကိုသာ ရလိုက်လေသည်။ Qualcomm Electronicsအနေနှင့် ဤကိစ္စကို ကိုယ်တိုင်ဖြေရှင်းရမည်ဖြစ်ပြီး ဘာအကူအညီမှလည်း ထောက်ပံ့ပေးမည်မဟုတ်ဟု ဆိုလေသည်။
အဘက်ဘက်မှ ဖိအားပေးခံရပြီးနောက် Qualcomm Electronicsဘုတ်အဖွဲ့လည်း အဆုံးမှာတော့ ပြိုလဲရလေတော့သည်။ ဒါရိုက်တာအချို့က အစည်းအဝေးခန်းမတွင် မျက်မှောင်ကြုတ်လျက် ထိုင်နေကြသည်။ သူတို့၏ပုံစံမှာ ရက်အနည်းငယ်အတွင်း အိုစာသွားသလိုပင်။
"ကျန်းမုန့်လောင်မှာ ဘယ်လိုအာဏာမျိုးရှိနေလို့ အစိုးရကတောင် သူ့ကိုမကိုင်တွယ်နိုင်ရတာလဲ"
မော့ပိုင်၏နှုတ်ခမ်းများ တုန်ယင်နေချေသည်။ သူ ဦးနှောက်ခြောက်အောင် စဉ်းစားပါသော်ငြား စဉ်းစား၍မရပေ။ ကျန်းမုန့်လောင်သည် အထက်အဆက်အသွယ်များ ရှိလေသလား။ သို့သော် သူသည် ဟွာရှားလူမျိုးတစ်ယောက်ပင်။
"အိုတိုမိသားစုဝင်တွေလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ်လို့ ကျုပ် သတင်းကြားထားတယ်"
ဇီထျန်းက ပြောလေသည်။
"အပြင်လူတွေကတော့ မသိလောက်ပေမဲ့ ဒီနေရာမှာအလုပ်လုပ်တဲ့ လူတိုင်းကတော့သိတယ်။ အိုတိုမိသားစုရဲ့ဩဇာက မြင်နေရတာထက် အများကြီးပေါက်ရောက်မှုရှိတယ်"
"ကျုပ်တို့ အခုဘာလုပ်ကြမလဲ။ ကျန်းမုန့်လောင်ကို တကယ်အညံ့ခံရမှာလား"
"Qualcomm Electronicsသာ ဆက်ရပ်တည်ချင်တယ်ဆိုရင် ကျန်းမုန့်လောင်ဆီမှာ အညံ့ခံဖို့ပဲရှိတော့တယ်"
ဇီထျန်း သက်ပြင်းချလိုက်မိသည်။ ကျန်းမုန့်လောင်သည် သူ ကြုံဖူးသမျှထဲတွင် အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ပြီး သူ့ကို လုံးဝအရေးနိမ့်အောင်လုပ်နိုင်သည့် တစ်ဦးတည်းသောသူသာ ဖြစ်၏။
ဤကမ္ဘာပေါ်တွင် ၉၉ရာခိုင်နှုန်းသောကိစ္စများကို ငွေဖြင့်ဖြေရှင်းနိုင်သည်။ ဖြေရှင်း၍မရပါက ၎င်းမှာ ငွေမလုံလောက်သောကြောင့်ပင်။ သို့သော် ဤကိစ္စကား ထိုတစ်ရာခိုင်နှုန်းထဲတွင် မပါဝင်ချေ။
လူတိုင်းက Silicon Moonlightကိုဆန့်ကျင်မည့် အစီအစဉ်အမြောက်အများကို ရေးဆွဲခဲ့သော အင်ဖယ်လိုက်ဘက်သို့ တစ်ပြိုင်နက်တည်းလှည့်သွားကြသည်။
"ကျန်းမုန့်လောင်ကို ရန်စတဲ့လူကပဲ ဒီကိစ္စကိုဖြေရှင်းဖို့ တာဝန်ယူသင့်တယ်"
တစ်စုံတစ်ယောက်က ပြောလာလေသည်။
"ခင်ဗျား..ခင်ဗျားတို့တွေ... အဲဒီအချိန်တုန်းကတော့ ခင်ဗျားတို့တွေ ကျုပ်ရဲ့နည်းလမ်းကို သဘောတူခဲ့ကြတာပဲ။ ကျုပ်လုပ်ခဲ့သမျှ အရာအားလုံးက ကုမ္ပဏီအတွက်ပဲ"
အင်ဖယ်လိုက်က ထိတ်လန့်တကြား ဆိုလာချေသည်။
"ခင်ဗျား ကျန်းမုန့်လောင်ကို တောင်းပန်လိုက်။ အဲလိုမှမဟုတ်ရင် ကျုပ်တို့ ခင်ဗျားကို ဘုတ်အဖွဲ့ထဲက ထုတ်ပယ်ရလိမ့်မယ်"
ထိုအချိန်တွင်မူ မော့ပိုင်သည် ရင်းနှီးမှုများကို ဘေးဖယ်ထားလိုက်ပြီဖြစ်၏။
"ကျုပ်မှာ အဲဒီလိုလုပ်နိုင်စွမ်းရှိမရှိဆိုတာကို သံသယမဖြစ်လေနဲ့"
အင်ဖယ်လိုက်၏ ခန္ဓာကိုယ်ကား တုန်ယင်နေလေတော့သည်။ သူသည် Qualcomm Electronics၏ ရှယ်ယာရှင်တစ်ယောက် ဖြစ်သော်ငြား ရှယ်ယာရှင်များအကြားရှိ ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။ မော့ပိုင်၏ပိုင်ဆိုင်မှုနှင့် သြဇာအာဏာကား အင်ဖယ်လိုက်နှင့် မိုးနှင့်မြေလို ကွာခြားလှပေသည်။
"ကောင်းပြီ။ ကျုပ်သွားမယ်"
ထိုအချိန်တွင်မူ အင်ဖယ်လိုက်လည်း ရွေးချယ်စရာမရှိတော့ပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကဆိုလျှင် သူအထင်သေးခဲ့ဖူးသော ဟွာရှားလူမျိုးတစ်ယောက်ကို ရိုရိုကျိုးကျိုးဖြင့် တောင်းပန်ခယရလိမ့်မည်ဟု လုံးဝထင်ထားမည်မဟုတ်။
...
Qualcomm Electronicsဘက်က အသည်းအသန်အလုပ်များနေချိန်တွင် ကျန်းမုန့်လောင်ကမူ အမေရိကတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများမှာ သူနှင့် လုံးဝမဆိုင်သည့်အလား လုရီယောင်နှင့် ဗီဒီယိုကောပြောရင်း အချိန်ကုန်နေချေသည်။
"နင်က ဘယ်သွားသွား ပြဿနာရှာတယ်နော်။ နင်သွားလိုက်တဲ့နေရာတိုင်းမှာ တစ်ကမ္ဘာလုံးသိသွားစေလောက်မဲ့ ကိစ္စမျိုးတွေချည်း ဘာလို့ဖြစ်နေတာလဲ"
လုရီယောင်က စောဒကတက်လေသည်။
"အဲဒါ ငါ့အမှားမဟုတ်ဘူးလေ။ ငါ့ကုမ္ပဏီကို အရင်ရန်လာစတာ Qualcommကုမ္ပဏီပဲ။ ငါက ဘာမှပြန်မလုပ်ဘဲ ဒီအတိုင်းငြိမ်ခံနေရမှာလား"
ကျန်းမုန့်လောင်က ဆိုလေ၏။
"ဒါပေမဲ့ ဒီကိစ္စကြီးကတော့ တော်တော်ကြီးလွန်းတယ်။ ငါ ဟွာရှားကနေတောင် သတင်းကြားနေရတာ။ ကော်လိုရာဒိုပြည်နယ်ထဲမှာတင် ကုမ္ပဏီပေါင်းနှစ်ရာကျော်က ဆန္ဒပြနေကြတယ်တဲ့။ ဝန်ထမ်းစုစုပေါင်းသုံးသောင်းကျော်တဲ့။ ဒါက ပြည်တွင်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုရေးတည်ငြိမ်မှုကို သက်ရောက်မှုရှိတယ်။ သူတို့ နင့်ကိုအငြိုးထားကြမှာမကြောက်ဘူးလား"
လုရီယောင်က သူ(မ)၏စိုးရိမ်ပူပန်မှုကို ပြသလာချေသည်။
"ဟုတ်သားပဲ"
ကျန်းမုန့်လောင်လည်း ရုတ်တရက်ဆိုသလို ဤအချက်ကို သဘောပေါက်လိုက်လေသည်။ ယုတ္တိရှိရှိဆိုရလျှင် သူဖန်တီးထားသည့် ဤပြဿနာကြီးအတွက် အထက်လူကြီးများက သူ့ကို ပြဿနာလာမရှာသည်မှာ အဓိပ္ပာယ်မရှိလှပေ။
"သူတို့က ငါ ဒီလောက်ပြဿနာရှာနေတာကို ဒီအတိုင်းထိုင်ကြည့်နေတာလား"
မူလကတော့ ကျန်းမုန့်လောင်သည် ဤဖြစ်ရပ်ကြောင့် ဒေသခံအာဏာပိုင်များက Qualcomm Electronicsကို ဖိအားပေးဖို့ ကြားဝင်စွက်ဖက်စေလိုခဲ့ခြင်းဖြစ်၏။
"အိုတို"
ကျန်းမုန့်လောင် အော်ခေါ်လိုက်၏။
"မစ္စတာကျန်း ဘာများကူညီပေးရမလဲ"
အိုတိုကလည်း တလေးတစားပြန်မေးလာသည်။
"Qualcomm Electronicsမှာ နိုင်ငံတော်ပိုင်ရှယ်ယာတွေ ရှိတယ်မလား။ အခု ဒီကုမ္ပဏီက အခုလိုအခြေအနေကိုရောက်နေတဲ့ဟာကို အထက်လူကြီးတွေက ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိရတာလဲ"
အိုတိုကတော့ တစ်ခုခုသိလိမ့်မည်ဖြစ်ကြောင်း ကျန်းမုန့်လောင်သိသည်။
"အိုး..စိတ်ချပါ မစ္စတာကျန်း.. ကျွန်တော် သူတို့ကို ကြိုတင်သတိပေးထားပြီးပါပြီ။ အထက်လူကြီးတွေက သေချာပေါက် ဝင်ပါရဲမှာမဟုတ်ပါဘူး။ သူတို့က Qualcomm Electronicsကိုတောင် တက်တက်ကြွကြွ ဖိအားပေးနေမှာပါ။ ပင်မစက်မှုနည်းပညာတွေ မပေါက်ကြားသေးသရွေ့ ခင်ဗျားဘက်က တောင်းဆိုသမျှအရာတိုင်းကို ခြွင်းချက်မရှိလက်ခံပေးပါလိမ့်မယ်"
"အဲဒီလိုမျိုးလည်း ရှိတာလား။ မင်း အဲဒါကို ဘယ်လိုစီမံလိုက်တာလဲ"
ကျန်းမုန့်လောင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"မစ္စတာကျန်း အဲဒါက လူမှုအဆင့်အတန်း ကွာခြားမှုသက်သက်ပါပဲ။ အရင်းရှင်နိုင်ငံတွေမှာ လွတ်လပ်မှုအဆင့်ကလည်း မြင့်ပြီး ပိုက်ဆံက အရာရာပါပဲ။ ပိုက်ဆံလုံလုံလောက်လောက်ရှိရင် သမ္မတရာထူးလည်း ဝင်ပြိုင်လို့ရပါတယ်။ ကျော်ကြားမှုမရှိဘူးဆိုရင်တောင် အနိုင်ရနိုင်ပါတယ်"
"ဒါဆို မင်းတို့တွေ..."
"ကျွန်တော်တို့က နိုင်ငံကိုအုပ်ချုပ်ဖို့ စိတ်မဝင်စားပါဘူး"
အိုတိုက ရယ်လေသည်။
"ဒါပေမဲ့ ဒီနိုင်ငံထဲက ပြည်နယ်ငါးဆယ်ထဲမှာ ပြည်နယ်ပေါင်း၃၇ခုက အုပ်ချုပ်ရေးမှူးတွေက ကျွန်တော်တို့ဒူဘာမိသားစုကြောင့် ဒီနေရာကိုရထားတာပါ။ ကျွန်တော်တို့သာ ဆန္ဒရှိရင် နောက်နှစ်မှာ ဒီအုပ်ချုပ်သူရာထူးကို လူလဲပစ်လိုက်လို့ရပါတယ်။ ဒီတိုက်ကြီးပေါ်မှာ ကျွန်တော်တို့ ဒူဘာမိသားစုက ဥပဒေပါပဲ"
"အထင်ကြီးလောက်ပါပေတယ်။ အထင်ကြီးချင်စရာပဲ"
ကျန်းမုန့်လောင်လည်း လက်ခုပ်သြဘာမပေးဘဲ မနေနိုင်တော့ချေ။
"အိုး ဖုန်းဝင်လာပြီ"
ကျန်းမုန့်လောင်လည်း လုရီယောင်နှင့် ဗီဒီယိုကောပြောနေခြင်းကို ယာယီရပ်တန့်လိုက်ပြီးနောက် ဖုန်းကိုင်လိုက်သည်။
"ဟယ်လို ကျန်းမုန့်လောင်ပြောနေပါတယ်"
"ကျန်း...မစ္စတာကျန်း ဟယ်လို ကျွန်...ကျွန်တော်က အင်ဖယ်လိုက်ပါ..."
"အိုး မစ္စတာအင်ဖယ်လိုက်"
ကျန်းမုန့်လောင်က ကျေနပ်အားရစွာပြုံးလိုက်လေသည်။
"ခင်ဗျားက အလုပ်သိပ်များတဲ့လူလေ။ ကျုပ်လို နိမ့်ကျတဲ့အာရှသားတစ်ယောက်အတွက် ဘယ်လိုဖြစ်ပြီး အချိန်လာအကုန်ခံရတာလဲ"
အင်ဖယ်လိုက်၏ အသားအရောင်ကား ပြောင်းလဲသွားရလေသည်။ မခံချိမခံသာဖြစ်ဖို့ကောင်းသော ကျန်းမုန့်လောင်၏ အပြုအမူအားလုံးမှာ သိသာရှင်းလင်းလွန်းလှသည်။
"ကျွန်တော် လာတောင်းပန်တာပါ"
အင်ဖယ်လိုက်က အသက်ပြင်းပြင်းရှိုက်ရှူလိုက်၏။
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက Silicon Moonlightမှာတုန်းက ဟွာရှားလူမျိုးတွေကို စော်ကားခဲ့တာ ကျွန်တော့်အမှားပါ။ နိမ့်ကျတဲ့နည်းလမ်းမျိုးလည်း မသုံးခဲ့သင့်ပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"ခင်ဗျားကို ခွင့်လွှတ်ပေးရမယ်ပေါ့ ဟမ့်!"
ကျန်းမုန့်လောင် လှောင်ပြောင်သရော်လေတော့သည်။
"မစ္စတာအင်ဖယ်လိုက်က စိတ်ရင်းပါပုံမရပါဘူး။ တောင်းပန်တယ်ဆိုပြီး ဖုန်းလေးတစ်ချက်ဆက်ရုံနဲ့ အကုန်ဖြေရှင်းနိုင်တယ်ပေါ့။ ကျုပ်ကို နောက်တစ်ခါလာမတွေ့ခင် ခင်ဗျားရဲ့နည်းလမ်းကို ပြန်စဉ်းစားထားတာ ပိုကောင်းလိမ့်မယ်"
ကျန်းမုန့်လောင်လည်း ဖုန်းချပစ်လိုက်တော့သည်။
"ခင်ဗျား ဘယ်လောက်တောင့်ခံနိုင်မလဲလို့ တွေးနေတာ။ ကျပ်ကဖြင့် စတောင်မစရသေးဘူး။ ခင်ဗျားက လက်လျှော့လိုက်ပြီပဲ"
***********