မစ္စတာကျန်းရဲ့စစ်မှန်မှုဆိုတာ ဘီလီယံပဲ
Vol. 23 Ch. 336
"မစ္စတာကျန်း အင်ဖယ်လိုက်ရောက်လာပါပြီ"
"အိုး? ငါ ဒီဟိုတယ်မှာနေတာကို သူက ဘယ်လိုလုပ်သိတာလဲ"
ကျန်းမုန့်လောင်လည်း သိချင်စိတ်ကြောင့် မေးကြည့်လိုက်မိသည်။
"အင်ဖယ်လိုက်က Qualcomm Electronicsရဲ့ ရှယ်ယာရှင်တစ်ယောက်ပဲလေ။ ဒီနယ်မြေထဲမှာလည်း အာဏာနည်းနည်းရှိတာပေါ့။ အဆက်အသွယ်တွေကတစ်ဆင့် ခင်ဗျားရဲ့တည်းခိုမှုအသေးစိတ်ကို သိနိုင်တာလည်း ထူးတော့မထူးဆန်းပါဘူး"
"ဟုတ်ပါတယ်လေ"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြ၍ တီဗီဒရမ်မာကို ဆက်ကြည့်နေလိုက်သည်။
"သူ တစ်ခုခုယူလာခဲ့လား"
"မစ္စတာအင်ဖယ်လိုက်က လက်ထောက်တစ်ယောက်ကိုပဲ ခေါ်လာခဲ့ပါတယ်။ ဘာမှသယ်လာတဲ့ပုံတော့ မပေါ်ပါဘူး"
အိုတိုက မေးကြည့်လိုက်လေသည်။
"ကျွန်တော် သူ့ကို ခေါ်လာခဲ့ရမလား"
"ငါ့ကောင်မလေးရဲ့မွေးနေ့က နောက်လထဲမှာလို့ သူ့ကိုပြောလိုက်"
အိုတိုခမျာ ကြက်သေသေသွားရှာလေသည်။ သို့သော် ခဏအကြာတွင် ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့်က သူ့မျက်နှာထက် ပေါ်ပေါက်လာ၏။
ဘုရားရေ... ကျန်းမုန့်လောင်က အင်ဖယ်လိုက်ရဲ့"စစ်မှန်မှု"ကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ တောင်းဆိုနေတာပဲ...
အင်ဖယ်လိုက်နှင့် ကျန်းမုန့်လောင်ကြားရှိ အတိတ်ရန်ငြိုးအကြောင်း အိုတို ကြားသိထားသည်။ ကျန်းမုန့်လောင်၏စိတ်နေစိတ်ထားအရဆိုလျှင် "တောင်းပန်ပါတယ်"ဟူသော စကားတစ်ခွန်းတည်းနှင့် ပြေလည်နိုင်မည်တဲ့လား။ သူသည် အင်ဖယ်လိုက်ကို အထိနာအောင် လုပ်ဦးမည်မှာ သေချာပေါက်ပင်။
ဟိုတယ်လော်ဘီတွင် အင်ဖယ်လိုက်ခမျာ ဗျာများနေရရှာသည်။ ဤမနက်မှာပင် ဆန္ဒပြပွဲက ပိုမိုပြင်းထန်လာလေရာ လုပ်ငန်းပေါင်းလေးရာကျော်လောက် ရုတ်တရက်ကြီး ဆန္ဒပြခံကြရလေသည်။ ဤအဖြစ်မှာ အခြားပြည်နယ်များကိုပင် ပျံ့နှံ့သွားခဲ့သည်။
ကော်လိုရာဒိုပြည်နယ်မှာပင် ဤမျှပွက်လောရိုက်နေပါက အခြားပြည်နယ်များလည်း မဖြစ်စရာမရှိပေ။
ကော်လိုရာဒိုပြည်နယ်အာဏာပိုင်လည်း ယနေ့တွင် အခြားပြည်နယ်အာဏာပိုင်များထံမှ ဖုန်းရထားသည်။ ဤပြဿနာကိုသာ ချက်ချင်းမဖိနှိပ်ပါက ကော်လိုရာဒိုအာဏာပိုင်ဖြစ်သည့် သူသည် အမေရိကတစ်နိုင်ငံလုံး၏ ဗီလိန်ဖြစ်ရပေတော့မည်။
ဖိအားများက အဆင့်ဆင့်ဆင်းသက်လာပြီးနောက် အဆုံးတွင်မူ အင်ဖယ်လိုက်ပေါ်သို့ ပုံကျလာခဲ့သည်။
အစိုးရထံမှ သူ သတိပေးချက်တစ်ခုကို ရရှိထားပြီးဖြစ်၏။ အကယ်၍ နှစ်ရက်အတွင်း ကျန်းမုန့်လောင်၏ခွင့်လွှတ်မှုကို မရပါက သူ့ကို သစ္စာဖောက်မှုနှင့် စွဲချက်တင်မည်ဖြစ်ပြီး ထောင်ဒဏ်နှစ်ငါးဆယ်လည်း ချမှတ်ခံရနိုင်ပေသည်။
သူ့အသက်အရွယ်နှင့်ဆိုလျှင် ထောင်ဒဏ်နှစ်ငါးဆယ်ဟူသည်မှာ သေဒဏ်ပေးခံရသည့်အလားပင်။ မြောက်များလှစွာသော စည်းစိမ်များနှင့် ချစ်သူများ ရှိနေသည့်ကြားက သူ့လက်ကျန်ဘဝကို အဘယ်ကြောင့်များ ထောင်ထဲတွင် ကုန်ဆုံးရမည်နည်း။
ရည်းစားလေးတစ်ယောက်ကို ပွေ့ဖက်ထားရင်း အိပ်ရာထဲတွင် လဲလျောင်းနေသော အင်ဖယ်လိုက်ဆီသို့ ဖုန်းတစ်ကောဝင်လာသဖြင့် ထမင်းစားရန်ပင် အချိန်မရဘဲ ကျန်းမုန့်လောင်ရှိရာ ဟိုတယ်ဆီသို့ ချက်ချင်းအပြေးလာခဲ့ရသည်။
လော်ဘီတွင်ရှိနေသော အိုတိုကို မြင်လိုက်ရသောအခါ အင်ဖယ်လိုက်လည်း နာခံတတ်သောခွေးလေးတစ်ကောင်အလား အလျင်အမြန်ပြေးသွားလိုက်သည်။ သူ့အရှေ့ရှိ အမျိုးသားမှာ ဒူဘာမိသားစု၏မျိုးဆက်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ ကျန်းမုန့်လောင်သည် ထိပါးမစော်ကား၍မရသော လူတစ်ယောက်ဆိုလျှင် ဤအမျိုးသားသည်လည်း မထိပါးသင့်သောလူပင်။
"မစ္စတာအိုတို.. မစ္စတာကျန်းက ဘာပြောလိုက်လဲ။ ကျွန်တော့်ကိုတွေ့မယ်တဲ့လား။ ကျွန်တော် ဒီနေ့ စိတ်ရင်းအမှန်နဲ့ တောင်းပန်ဖို့ လာခဲ့တာပါ"
အင်ဖယ်လိုက်က တက်တက်ကြွကြွပြောလာချေသည်။
"မစ္စတာကျန်းက ခင်ဗျားကို စကားပါးခိုင်းလိုက်ပါတယ်"
အိုတိုကမူ အေးတိအေးစက်ဆိုလာလေသည်။
"ကျေးဇူးပြုပြီးပြောပါ မစ္စတာအိုတို"
"မစ္စတာကျန်းက နောက်လထဲမှာ သူ့ကောင်မလေးရဲ့မွေးနေ့ရှိတယ်လို့ ပြောလိုက်ပါတယ်"
"အာ? အဲဒါက..."
အင်ဖယ်လိုက်၏ အမူအရာကား ထိုမှတ်ချက်ကို ကြားလိက်ရစဉ်တုန်းက အိုတိုဖြစ်ပျက်သွားသည့် အမူအရာနှင့် တစ်ထပ်တည်းပင်။
"မစ္စတာအိုတို... အဲဒါက ဘာအဓိပ္ပာယ်လဲ။ ကျေးဇူးပြုပြီး ရှင်းပြပေးနိုင်မလား"
"ဟမ့်!"
အိုတိုက လှောင်ရယ်လိုက်၏။ ထိုသတင်းစကားကိုသာ အင်ဖယ်လိုက် နားမလည်ပါက ကျန်းမုန့်လောင်၏ဒေါသကို ဖြေဖျောက်ပေးနိုင်မည်မဟုတ်ပေ။ သူ့လက်ကျန်ဘဝကို ထောင်ထဲမှာ ကုန်ဆုံးဖို့သာ ပြင်ရပေတော့မည်။
"ဒါက..နိုရာ မင်းက အမြဲတမ်းထက်ထက်မြက်မြက်ရှိတာပဲ။ ဟွာရှားနိုင်ငံမှာလည်း ပညာသင်ခဲ့သေးတယ်ဆိုတော့ သူ့စကားက ဘာအဓိပ္ပာယ်လဲ"
အင်ဖယ်လိုက်က သူ့အတွင်းရေးမှူးမလေးကို လှည့်မေးလိုက်လေသည်။
"မစ္စတာအင်ဖယ်လိုက်.. သူပြောချင်တဲ့အဓိပ္ပာယ်က ရှင်းပါတယ်။ ရှင်က စိတ်ရင်းစစ်မှန်မှုကို လုံလုံလောက်လောက်ယူမလာခဲ့လို့လေ"
အတွင်းရေးမှူးမလေးကလည်း တွေဝေခြင်းမရှိဘဲ ပြောလိုက်လေသည်။
"ငါက တကယ်စိတ်ရင်းအပြည့်နဲ့ လာခဲ့တာ"
အင်ဖယ်လိုက်၏ အတွေးက လမ်းကြောင်းတစ်ခုတည်းတွင်သာ ရှိလေသည်။ ကျန်းမုန့်လောင်ပြောသော စိတ်ရင်းစစ်မှန်မှုဆိုသည်ကို သာမန်"စိတ်ရင်းစစ်မှန်မှု"ဟုသာ ထင်နေပေသည်။
"ကျွန်မ ဟွာရှားမှာ ငါးနှစ်နေခဲ့ပြီး ဟွာရှားလူမျိုးတွေအများကြီးနဲ့လည်း ဆက်ဆံခဲ့ဖူးပါတယ်။ သူတို့ရဲ့ဘာသာစကားစနစ်ထဲမှာ အဓိပ္ပာယ်တွေအများကြီးသက်ရောက်နေတာ။ သူ့ကောင်မလေးရဲ့မွေးနေ့က နောက်လထဲမှာဆိုပြီး ရှင့်ကိုပြောနေတာက တောင်းပန်တဲ့အနေနဲ့ သင့်တင့်တဲ့လက်ဆောင်တစ်ခုကို ယူလာခဲ့ဖို့ ပြောနေတာပါ။ အဲဒါက သူပြောတဲ့ 'စိတ်ရင်းစစ်မှန်မှု'ပါပဲ"
"လောဘကြီးတဲ့ ဒီဟွာရှားလူမျိုးကတော့"
အင်ဖယ်လိုက် အံတင်းတင်းကြိတ်ထားလိုက်မိသည်။
"လက်ဆောင်ပေါ့လေ။ အရမ်းကောင်းတယ်။ ငါ မင်းကို လက်ဆောင်တစ်ခုပေးမယ်"
အင်ဖယ်လိုက်သည် အမေရိကန်ဒေါ်လာတစ်ဘီလီယံပိုင်ဆိုင်သော ဘီလျံနာတစ်ယောက်ဖြစ်၏။ လက်ဆောင်တစ်ခုပေးရသည်မှာ သူ့အတွက်တော့ တတ်နိုင်သောအရာတစ်ခုပင်။
"ခုနကပဲ ငါ ကားအသစ်တစ်စီးဝယ်ထားတယ်မလား။ ဒီကိုယူလာခဲ့လိုက်"
အင်ဖယ်လိုက်က ထိုသို့ပြောလိုက်သော်ငြား သူ့မျက်နှာကတော့ နာကျင်ရိပ်သမ်းနေချေသည်။ ဤသည်မှာ အကန့်အသတ်နှင့်ထုတ်ထားသော ပန်းရောင်McLaren650Rဖြစ်၏။ အစကမူ ထိုကားကို သူ့အမြောင်မယားများထဲမှ တစ်ယောက်ကို ပေးရန် ကြံရွယ်ထားခြင်းဖြစ်၏။
"ဟုတ်ကဲ့ ဆရာ.. ကျွန်မ ချက်ချင်းလုပ်လိုက်ပါ့မယ်"
...
သုံးနာရီကြာသော် ကုန်တင်ကားတစ်စီးက ဟိုတယ်ဝင်ပေါက်ရှေ့တွင် ထိုးရပ်လိုက်လေသည်။ ထို့နောက် အသစ်စက်စက်ပြိုင်ကားတစ်စီးကို ချလိုက်၏။
McLarenကုမ္ပဏီမှထုတ်လုပ်ထားသော လုပ်ဆောင်ရည်မြင့်မားသည့် ကားတစ်စီးဖြစ်ပြီး Mclaren 650S၏ အဆင့်မြင့်မော်ဒယ်လည်း ဖြစ်၏။ ထိုမော်ဒယ်မှာ အမေရိကတွင် ဒေါ်လာသုံးသန်းကျော် တန်ဖိုးရှိသည်။ အကန့်အသတ်နှင့်ထုတ်သော ဤမော်ဒယ်ကမူ ထိုတန်ဖိုးထက် နှစ်ဆပိုများပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆယ်စီးသာ ထုတ်လုပ်ထားသည်။ အင်ဖယ်လိုက်ကိုယ်တိုင်လည်း ဤတစ်စီးကိုရရန် ခဲရာခဲဆစ်အားထုတ်ခဲ့ရသည်။
ဤဟိုတယ်ကား မြို့ထဲတွင် အကောင်းဆုံးဟိုတယ်ဟု သတ်မှတ်ခံထားရသည်။ စူပါကားများက မကြာခဏဝင်ထွက်သွားလာနေကြသော်ငြား ကမ္ဘာ့အဆင့်မီLimited Editionစူပါကားကမူ နေ့တိုင်းတွေ့မြင်နိုင်သော အရာတစ်ခုမဟုတ်ပေ။ ဟိုတယ်ဝင်ပေါက်ရှေ့တွင် ထိုကား ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် အာရုံစိုက်မှုတော်တော်များများကို ချက်ချင်းရရှိလိုက်၏။
"အမလေး အံ့သြဖို့ကောင်းလိုက်တဲ့ကား"
"Mclaren 650Rရဲ့ Limited Editionပဲ။ ဒီကားကို တစ်ယောက်ယောက်က အပြင်ထုတ်လာရဲတာပဲ"
"တစ်ချက်ကြည့်ရုံနဲ့တင် ကားအသစ်မှန်း သိသာတယ်။ ဒီဟိုတယ်မှာ ဘယ်အထူးပုဂ္ဂိုလ်များ တည်းနေတာပါလိမ့်"
"မြန်မြန်လုပ်။ ဓာတ်ပုံရိုက်ထား။ ပြန်ရောက်တာနဲ့ ငါ အင်စတာဂရမ်မှာ တင်မလို့"
"ဟေး အဲဒါက မစ္စတာအင်ဖယ်လိုက်မဟုတ်ဘူးလား"
"အင်ဖယ်လိုက်က ဘယ်သူလဲ"
"သူက Qualcomm Electronicsက ရှယ်ယာရှင်လေ။ ငါ့သူငယ်ချင်းက အဲဒီမှာ အလုပ်လုပ်တာ။ ဒါပေမဲ့ အခုဆိုရင် သူ ဆန္ဒပြနေတူ ရက်တော်တော်ကြာပြီ"
"သူ ဒီမှာ ဘာလုပ်နေတာလဲ။ ဒီပြိုင်ကားက သူ့ကားလား"
"မစ္စတာအင်ဖယ်လိုက်ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာဆယ်ဘီလီယံကျော်တယ်။ သူ့အတွက်တော့ ဒီလိုကားမျိုးဝယ်တာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဘာလို့ ပန်းရောင်ဝယ်တာလဲ"
"သူ့ရည်းစားအတွက် လက်ဆောင်ပေးဖို့များလား"
"ဟားဟားဟား ဖြစ်နိုင်တယ်"
ပတ်ပတ်လည်ရှိ တီးတိုးစကားများကို နားထောင်ရင်း အင်ဖယ်လိုက်၏မျက်နှာအိုကြီးမှာ မူပျက်သွားရလေသည်။
"ခင်ဗျား ဒီနေရာမှာ ဘာလုပ်နေရပြန်တာလဲ"
အိုတိုက ဟိုတယ်ဝင်ပေါက်ဆီသို့ စိတ်တိုတိုဖြင့် လျှောက်လာလေသည်။
"ခင်ဗျား မစ္စတာကျန်းပြောတာကို နားလည်လား"
"နားလည်ပါတယ်"
အင်ဖယ်လိုက်လည်း ချက်ချင်းဆိုသလို အပြုံးမျက်နှာကို ပြန်ဆင်လိုက်ရသည်။
"ကျွန်တော် စိတ်ရင်းအမှန်နဲ့အတူ ရောက်လာပြီဆိုတဲ့အကြောင်း မစ္စတာကျန်းကို သတင်းပါးပေးပါဦး"
ထိုသို့ပြောပြီးနောက် အင်ဖယ်လိုက်လည်း သူ့အနောက်ရှိ ပြိုင်ကားကို လက်ညှိးထိုးပြလိုက်၏။
"မစ္စတာကျန်းရဲ့ကောင်မလေးက နောက်လထဲမှာ မွေးနေ့ရှိတယ်လို့ ကြားတယ်။ ဒါက မစ္စတာကျန်းရဲ့ကောင်မလေးအတွက် ကျွန်တော့်ရဲ့လက်ဆောင်သေးသေးလေးပါ။ မစ္စတာကျန်းဘက်က ဒါကို ဈေးပေါတယ်လို့ မမြင်ဖို့ မျှော်လင့်ပါတယ်"
ပတ်ပတ်လည်ကား ရုတ်ခြည်းဆိုသလို ဆူညံသံများဖြင့် ညံစီသွားချေသည်။ ဤကားသည် အင်ဖယ်လိုက်မှ ကျန်းမုန့်လောင်၏ ကောင်မလေးကိုပေးသည့် လက်ဆောင်ပင်။
ကျန်းမုန့်လောင်က Qualcomm Electronicsကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ခဲ့လေကြောင်း လူတိုင်းသိသည်။ ထို့ကြောင့်ပင် အင်ဖယ်လိုက်လည်း လုပ်ငန်းလောက၏ "ဘုံရန်သူ"ဖြစ်လာရ၏။ တော်တော်များများကလည်း သူတို့ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုသည်ကို ခန့်မှန်းနေခဲ့ကြသည်။
ဆန္ဒပြသည့် အချိန်သုံးရက်အတွင်းမှာပင် Qualcomm Electronics၏ရှယ်ယာရှင် အင်ဖယ်လိုက်က တောင်းပန်သည့်အနေနှင့် လက်ဆောင်တစ်ခုယူလာခဲ့လေပြီ။ ထိုလက်ဆောင်ကလည်း ဈေးကြီးလှသော လက်ဆောင်ဖြစ်နေချေသည်။
"အဲဒါက တအားအသုံးအဖြုန်းကြီးတာပဲ။ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ပြိုင်ကားနော်။ ငါ တစ်သက်လုံးအလုပ်လုပ်ရင်တောင် ဝယ်နိုင်မှာမဟုတ်ဘူး"
"ဒီတော့ လူချမ်းသာတွေက ဒီလိုတောင်းပန်ရတာကိုး။ ဒီနေ့တော့ မျက်စိပွင့်နားပွင့်သွားပြီ"
"ဒါပဲလား"
အိုတိုက မျက်မှောင်ကြုတ်လိုက်လေ၏။
"ခင်ဗျားရဲ့သတ္တုတုံးအစုတ်ကြီးကို ပြန်ယူသွားလိုက်"
"ဘာရယ် သတ္တုတုံးအစုတ်ကြီးတဲ့လား"
အင်ဖယ်လိုက်၏ အမူအရာကား ရှုံ့မဲ့သွားရလေသည်။ ဒေါ်လာခြောက်သန်းတန်သော ပြိုင်ကားတစ်စင်းကို အိုတိုက သတ္တုတုံးအစုတ်ကြီးဟု သမုတ်လိုက်လေသလား။
"ဟမ့်! သန်းဂဏန်းလောက်ပဲတန်တဲ့ ကားစုတ်တစ်စီးလောက်နဲ့များ။ ကျုပ်တို့မစ္စတာကျန်းက ဒီလောက်အထိ လွယ်လွယ်နဲ့ကျောလို့ရတယ်လို့များ ထင်နေတာလား"
အိုတိုက သရော်လိုက်ချေသည်။
"ကျုပ်တော့ မစ္စတာအင်ဖယ်လိုက်ရဲ့စိတ်ရင်းအမှန်ကို မမြင်မိသေးပါဘူး"
"မစ္စတာအိုတို..ဒါက ကျွန်တော့်ရဲ့စိတ်ရင်းအမှန်ပါ"
အင်ဖယ်လိုက်ကလည်း ကပျာကယာဆိုလာလေသည်။
"မစ္စတာကျန်းပြောတဲ့ "စိတ်ရင်းအမှန်"ဆိုတာ ဘီလီယံဂဏန်းကိုပြောတာ။ ဒေါ်လာတစ်ဘီလီယံထက်နည်းတဲ့ ဘယ်အရာမဆို စိတ်ရင်းအမှန်မဖြစ်ထိုက်ဘူး"
***********