ပိုက်ဆံရောက်လာရင်ရပြီ ဘယ်သူလာလာ ကိစ္စမရှိဘူး
Vol. 23 Ch. 337
"အစုတ်တဲ့လား။ ဒါကို တကယ်ပဲ အစုတ်လို့သတ်မှတ်လို့ရတယ်ပေါ့။ ဒါဆို ငါလည်း အဲဒီအစုတ်လေးတစ်စီးလောက်လိုချင်လို့"
"ကမ္ဘာ့အချမ်းသာဆုံးလူက စည်းမျဉ်းတွေအတိုင်းမလုပ်တတ်ဘူးလို့ ငါကြားဖူးတယ်။ ဒီနေ့တော့ ငါကိုယ်တိုင် မျက်မြင်တွေ့လိုက်ရပြီ"
"အမေရိကန်ဒေါ်လာ၁ဘီလီယံနဲ့အထက် လက်ဆောင်တွေကိုပဲ စိတ်ရင်းအမှန်လို့ သတ်မှတ်မှာတဲ့လား။ ဒီလိုဆိုရင် မစ္စတာအင်ဖယ်လိုက်တော့ ဒေဝါလီခံရတော့မှာပဲ"
"မင်းကတော့ သိမှာမဟုတ်ဘူး။ မစ္စတာကျန်းက ကားနတ်ဘုရားအဖြစ် နာမည်ကြီးနေတာနော်။ သိပ်မကြာသေးခင်တုန်းက အမေရိကရဲ့ ကားနတ်ဘုရားတွေက သူ့ကို ဒေါ်လာ၁သန်းနဲ့ လောင်းကြေးထပ်ကြသေးတယ်။ သူဘာပြောခဲ့လဲဆိုတာ မှန်းကြည့်လိုက်"
"ဘာပြောခဲ့တာလဲ"
"မင်းတို့မှာ ပိုက်ဆံမရှိရင် ငါ့ကိုလာမပြိုင်နဲ့တဲ့။ ဒေါ်လာဆယ်ဘီလီယံအောက်ရောက်တဲ့ လောင်းကြေးမှန်သမျှကို သူ စိတ်ကူးထဲတောင်ထည့်မှာမဟုတ်ဘူးတဲ့လေ။ သူ့အတွက်တော့ ဒေါ်လာ၁ဘီလီယံဆိုတာ စိတ်ရင်းစစ်သေးပုံမရဘူး"
"ဘုရားရေ.. သူကတော့ တကယ့်မကောင်းဆိုးဝါးပဲ။ သူ့ပိုက်ဆံတွေက မိုးပေါ်က ကျလာတာလား။ ဘာတုန်း"
"ပိုက်ဆံတွေသာ တကယ်ပဲ မိုးပေါ်ကကျလာတယ်ဆိုရင် အဲဒီကောင်းကင်က ကျန်းမုန့်လောင်ရဲ့ငွေကြဲစက်ဆိုတဲ့သဘောပဲပေါ့"
ဒေါ်လာတစ်ဘီလီယံဟူသော စကားလုံးက ဟိုတယ်နားရှိ ဤဖြစ်ရပ်ကို စောင့်ကြည့်နေကြသူများကို အံ့အားသင့်သွားစေခဲ့သည်။ အင်ဖယ်လိုက်၏ ပိုင်ဆိုင်မှုစုစုပေါင်းမှာ ဒေါ်လာတစ်ဘီလီယံခန့်သာရှိပြီး Qualcomm Electronics၏ စတော့ရှယ်ယာများကလည်း မကြာသေးခင်ကမှ နှစ်ကြိမ်တိတိ ရပ်တန့်သွားခဲ့သေးသည်။ သူ့ပိုင်ဆိုင်မှုအများစုသည် Qualcomm Electronicsရှယ်ယာများဖြစ်ပြီး ထိုပိုင်ဆိုင်မှုများမှာလည်း ဒေါ်လာ၈၀၀မီလီယံအထိ ထိုးကျသွားခဲ့လေသည်။
သူက ဤတစ်ဘီလီယံကို ဘယ်ဆီဘယ်ဝယ်က သွားရှာရလေမလဲ။ သူ့စတော့ရှယ်ယာများအားလုံးအပါအဝင် ဇိမ်ခံကားများနှင့် အိမ်အားလုံးကိုပါ ရောင်းလိုက်လျှင်ပင် တစ်ဘီလီယံပြည့်မည်မဟုတ်ပေ။ တစ်ဘီလီယံပြည့်ဖို့အတွက်ဆိုလျှင် မိတ်ဆွေများထံက ချေးယူမှသာ ဖြစ်ပေလိမ့်မည်။
"မစ္စတာကျန်းကပြောတယ်။ မစ္စတာအင်ဖယ်လိုက်ရဲ့စိတ်ရင်းစစ်မှန်မှုက မလုံလောက်သေးဘူးတဲ့။ သူ ခင်ဗျားနဲ့တွေ့မှာမဟုတ်ဘူး"
အိုတိုက ဆိုလာလေသည်။
"စကားမစပ် မထင်မှတ်ထားတဲ့ကိစ္စတစ်ခုခု မဖြစ်သရွေ့တော့ Qualcomm Electronicsရဲ့ စတော့ရှယ်ယာတွေက မနက်ဖြန်လည်း ရပ်နေဦးမှာပဲ။ စတော့ရှယ်ယာဈေးကွက်က အခုထိ မပိတ်သေးဘူးနော်။ ဒီတော့ အခုချက်ချင်း ခင်ဗျားရဲ့ရှယ်ယာတွေကို ရောင်းလိုက်မယ်ဆိုရင် ပိုက်ဆံနည်းနည်းတော့ ပိုရဦးမှာ"
"ဒေါ်လာ၁ဘီလီယံလား။ သူက ရူးနေတာပဲ"
အင်ဖယ်လိုက်ခမျာ ထွက်ခွာသွားသော အိုတို၏ပုံရိပ်ကို စူးစူးရဲရဲစိုက်ကြည့်နေမိသည်။ မည်သို့ပင်ဖြစ်နေပါစေ ဒေါ်လာ၁ဘီဘီယံကို သူ မရှာနိုင်ကြောင်း ကောင်းကောင်းသိသည်။
သူ၏လက်ရှိပိုင်ဆိုင်မှုများမှာ Qualcomm Electronic၏ ကျေးဇူးကြောင့်ပင်။ ထိုရှယ်ယာများကို ရောင်းထုတ်ခိုင်းခြင်းမှာ သူ့ကိုသတ်လိုက်ခြင်းနှင့် မခြားပေ။
"သွားကြစို့"
အင်ဖယ်လိုက်လည်း ဟိုတယ်ရှိရာဆီကို ခါးသီးစွာလှမ်းကြည့်ရင်း သူ့လက်ထောက်နှင့်အတူ ထွက်သွားလေတော့သည်။
...
"နိုင်ငံတော်အဆင့်ဆန္ဒပြပွဲက ထပ်မံကြီးထွားလာပါတယ်။ အခုဆိုရင် ဆန္ဒပြနေတဲ့ကုမ္ပဏီပေါင်း၅၀၀ကျော်ရှိပြီး ဝန်ထမ်းပေါင်းတစ်သိန်းကျော် ရှိပါတယ်"
"Qualcomm Electronicsရဲ့ စတော့ရှယ်ယာဈေးက ဈေးကွက်စဖွင့်ဖွင့်ချင်းမှာပဲ မူလတန်ဖိုးထက် ၇၀ရာခိုင်နှုန်းလောက် ထိုးကျသွားခဲ့ပါတယ်"
"ကျန်းမုန့်လောင်က အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်းမှာ ရင်းနှီးမြှုပ်နှံငွေထပ်ထည့်ဖို့ ကြေညာလိုက်ပါတယ်"
နောက်တစ်နေ့မနက်တွင် ဤသတင်းသုံးပုဒ်က အမေရိကတိုက်တစ်ခုလုံးကို ဗုံးတစ်လုံးအလား ပေါက်ကွဲသွားစေခဲ့သည်။
ကျန်းမုန့်လောင်က အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်းကို ရန်ပုံငွေတိုးမြှင့်ထောက်ပံ့ပေးမည်တဲ့လား။ သူသည် အမေရိကရှိ လုပ်ငန်းအားလုံးကို ဆန္ဒပြစေချင်နေလေသလား။
"အင်ဖယ်လိုက် ငတုံး.. မင်း ဘာလုပ်လိုက်တာလဲ"
အိပ်ရာနိုးခါစသာရှိသေးသော အင်ဖယ်လိုက်ထံသို့ နံပါတ်စိမ်းတစ်ခုမှ ဖုန်းဝင်လာသည်။
"ငါ့ကို အဲဒီလိုပြောရအောင် မင်းက ဘယ်သူမို့လို့လဲကွ"
အင်ဖယ်လိုက်ကလည်း အခဲမကျေဟန်ဖြင့် ခွန်းတုံ့ပြန်လေသည်။ မနေ့က ကျန်းမုန့်လောင်နှင့် ထိပ်တိုက်တွေ့ခဲ့ရသည့်အကြောင်းကြောင့် စိတ်မပြေသေးဟန်ရှိ၏။
"ငါက လစ်ဇ်ဟာဘတ်ပဲ"
မူးနောက်နောက်ဖြစ်နေသေးသော အင်ဖယ်လိုက်ခမျာ ရုတ်ခြည်းမျက်လုံးပြူးသွားရ၏။
"ပြည်နယ်..အုပ်ချုပ်ရေးမှူး"
"ငတုံးကောင်.. ငါက ကျန်းမုန့်လောင်ကို တောင်းပန်ခိုင်းထားတာကွ။ သူ့ကို ရန်ထပ်စခိုင်းတာမဟုတ်ဘူး။ မင်း ဘာလုပ်လိုက်တာလဲ။ သူ အခုပဲ အလုပ်သမားရန်ပုံငွေအတွက် ရန်ပုံငွေထပ်ဖြည့်ပေးလိုက်ပြီ"
"ဗျာ"
အင်ဖယ်လိုက်ခမျာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားရှာလေသည်။
"မင်း အိပ်ချင်နေတုန်းပဲလား"
ဟာဘတ်က လှောင်ပြောင်သရော်၍ အေးတိအေးစက်ပြောလိုက်ချေသည်။
"ကောင်းပြီလေ။ ဆက်အိပ်နေလိုက်။ ဒီညရောက်လို့မှ ကျန်းမုန့်လောင်ဘက်က အဲဒီရန်ပုံငွေကို ပယ်ဖျက်လိုက်တာကို မမြင်ရရင် ထောင်ထဲသွားဖို့သာပြင်ထား"
"သွားပြီ"
အင်ဖယ်လိုက်လည်း ချက်ချင်းမျက်လုံးပြူးသွားရလေသည်။ မနေ့က သူရခဲ့သော သတိပေးချက်ကား မော့ပိုင်မှတစ်ဆင့် ရရှိခဲ့ခြင်းပင်။ သူ့အနေနှင့် အလွန်အမင်းစိတ်ဖိစီးနေသော်လည်း တကယ်အဖမ်းဆီးခံရလိမ့်မည်ဟုတော့ မတွေးထားပေ။ မော့ပိုင်က ဖိအားပေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း မနေ့တုန်းက ဒေါသထွက်ခဲ့ရပြီးနောက် သည်အတိုင်းလှည့်ပြန်လာရဲခြင်းပင်။
သို့သော် ယနေ့မှာမူ ပြည်နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဖုန်းခေါ်လာလေသည်။ ယနေ့ ကျန်းမုန့်လောင်ကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ပါက ယနေ့ညမှာပင် မလွဲမသွေထောင်နန်းစံရပေတော့မည်။
ထိုစကားမှာ ခြိမ်းခြောက်ခြင်းသက်သက်မဟုတ်ကြောင်းကိုသာ ကြိုသိခဲ့ပါက မနေ့ညတုန်းက ညမအိပ်ဘဲ ဒူးထောက်ပြီးတောင်းပန်ရမည်ဆိုလျှင်ပင် ကျန်းမုန့်လောင်ထံမှ ခွင့်လွှတ်မှုကို တောင်းခံခဲ့မိမည်သာ။
"ဟုတ်သားပဲ ပိုက်ဆံ"
ယခုအချိန်တွင်မူ အင်ဖယ်လိုက်လည်း ပိုက်ဆံကိစ္စကို ဂရုမစိုက်နိုင်တော့ပေ။ သူသာ နှစ်ငါးဆယ်ထောင်ချခံရပါလျှင် ပိုက်ဆံများများပိုင်ဆိုင်ထားတော့ရော ဘာအကျိုးရှိမှာလဲ။
သူလည်း စတော့ရှယ်ယာအကောင့်ကို ချက်ချင်းဖွင့်လိုက်သော်ငြား အစိမ်းရောင်သင်္ကေတကြောင့် ရုတ်ခြည်းစိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။
မနေ့တုန်းက အိုတို၏စကားကိုနားထောင်ပြီး စတော့ရှယ်ယာများ၊ ဇိမ်ခံကားများနှင့် အိမ်များကို ရောင်းထုတ်ခဲ့ပါက ဒေါ်လာသန်းကိုးရာ သို့မဟုတ် ထိုထက်များများကို ရနိုင်လောက်သေးသည်။ သူ့အဆက်အသွယ်များမှတစ်ဆင့် ပိုက်ဆံချေးလိုက်မည်ဆိုလျှင် တစ်ဘီလီယံကို ရနိုင်လောက်ပေသည်။
သို့သော် ချောက်ကမ်းပါးပုံစံနှင့်တူလှသော ရှယ်ယာထိုးကျသွားခြင်းက သူ့ပိုင်ဆိုင်မှုများထဲမှ သန်းတစ်ရာနီးပါးကို ပြုတ်ပြုတ်ပြုန်းသွားစေသည်။
တစ်ညတည်းဖြင့် ဒေါ်လာသန်းတစ်ရာ ဆုံးရှုံးလိုက်ရချေပြီ။ ယခုမူ တစ်ဘီလီယံပြည့်ဖို့အတွက် ဒေါ်လာသန်းနှစ်ရာကို ချေးယူရပေတော့မည်။
အင်ဖယ်လိုက်ခမျာ ချေးငွေရလိုရငြား ဘဏ်ပေါင်းများစွာကို အသည်းအသန်ဖုန်းခေါ်လေတော့သည်။
သူ ရွှေထီးဆောင်းခဲ့သည့်နေ့ရက်များတုန်းက ဘဏ်မန်နေဂျာများမှာ သူ့အား ငွေသွင်းပေးရန်အတွက် ခခယယတောင်းပန်တိုးလျှိုးခဲ့ကြသည်။ ပိတ်ရက်များတွင်လည်း တန်ဖိုးကြီးလက်ဆောင်များကို ယူလာပြီး သူ့ဆီသို့ လာလည်ခဲ့ကြ၏။
သို့သော် ယခုမူ သူ့အား ဘဏ်အားလုံးက အလိုမရှိကြတော့ပေ။ သူတို့အနေနှင့် ကျန်းမုန့်လောင်နှင့် အင်ဖယ်လိုက်ကြားရှိ ပြဿနာကို မသိကြသော်လည်း Qualcomm Electronics၏ အခြေအနေများကိုကြည့်ခြင်းအားဖြင့် အများစုက သူတို့ ပျက်ကိန်းဆိုက်ပြီဟု ယူဆထားကြသည်။ အင်ဖယ်လိုက်ကို ငွေထုတ်ချေးခြင်းမှာ ဆုံးရှုံးနစ်နာမှုတစ်ခုသက်သက်ပင်။ မည်သူကများ သူ့ကို ပိုက်ဆံချေးရဲမှာလဲ။
ရွေးချယ်စရာမရှိတော့သည့်အဆုံး သူလည်း Qualcomm Electronics၏ရှယ်ယာရှင်များကိုသာ အားကိုးရတော့သည်။
"ခင်ဗျားကြောင့် ကျုပ်တို့တွေ အခုလိုအခြေအနေမျိုးဖြစ်နေတာလေ။ အဲဒါတောင် ခင်ဗျားက ပိုက်ဆံချေးရဲသေးတယ်ပေါ့"
Silicon Moonlightပြဿနာမှာ လူတိုင်း ပါဝင်ပတ်သက်ခဲ့သည်ဆိုသော်ငြား ဤရှယ်ယာရှင်များ၏အမြင်တွင်မူ အင်ဖယ်လိုက်ကသာ အဓိကလက်သည်တရားခံပင်။ သူတို့ကိုယ်တိုင်လည်း ဆုံးရှုံးနစ်နာမှုအကြီးစားများကို ခံစားခဲ့ရပြီးဖြစ်၏။ လူတစ်ယောက်ကို အောက်ဆုံးအထိရောက်အောင် ထိုးမချခြင်းကပင် သက်ညှာရာရောက်နေလေပြီ။ သူတို့အနေနှင့် သူ့အား မည်သို့နှယ် ပိုက်ဆံချေးပေးနိုင်မည်လဲ။
ကြံရာမရဖြစ်နေသော အင်ဖယ်လိုက်လည်း အင်တာနက်မှတစ်ဆင့် ချေးငွေဌာနများကို လိုက်ရှာကြည့်ပါသော်ငြား ဤငွေတိုးချေးသူများမှာ အတိုးနှုန်းများလှပေသည်။ အရေးအကြီးဆုံးအချက်မှာ သူ့ကို ဒေါ်လာသန်းနှစ်ရာချေးပေးမည့် ချေးငွေဌာနကို ဘယ်မှာသွားရှာရလေမလဲ။
ဝိညာဉ်ပျောက်ဆုံးသွားသည့်အလား ဖြစ်နေရှာသော အင်ဖယ်လိုက်သည် ကွန်ပျူတာရှေ့၌ ငေးငိုင်လျက် ထိုင်နေချေသည်။
"ပိုက်ဆံလိုနေလား။ သင့်ရဲ့အရေးပေါ်လိုအပ်ချက်တွေကို ကျွန်တော်တို့ ဖြေရှင်းပေးနိုင်ပါတယ်။ ချေးငွေအတွက် ကန့်သတ်ချက်မရှိပါဘူး။ သဘောတူညီမှုမှာ လက်မှတ်ထိုးရုံပါပဲ"
အင်ဖယ်လိုက်၏ကွန်ပျူတာထဲသို့ ကြော်ငြာတစ်ခု တက်လာသောကြောင့် သူ့မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်ရောင်ခြည်လေး သမ်းလာလေတော့သည်။
သို့ဖြစ်လေရာ သူ့ကိုယ်ရေးအချက်အလက်များကို ရိုက်သွင်းလိုက်၏။ အကဲဖြတ်ဆန်းစစ်ပြီးနောက်တွင်မူ ချေးငွေဒေါ်လာသန်း၂၀၀ယူဖို့ အတည်ပြုလိုက်နိုင်ပြီဖြစ်၏။
သဘောတူညီချက်ကား ရိုးရှင်းလှ၏။ သူ့ဘက်က ပိုက်ဆံပြန်မဆပ်နိုင်ပါက လုပ်အားဖြင့် ပြန်ပေးဆပ်ရမည်သာ။
ကြံရာမရဖြစ်နေသော အခြေအနေကြားဝယ် အင်ဖယ်လိုက်ခမျာ ကပျာကယာကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ချေးငွေလျှောက်လိုက်လေ၏။ အံ့သြဖို့ကောင်းသည်မှာ ထိုပလက်ဖောင်းတွင် အမည်မသိနောက်ခံတစ်ခု ရှိနေဟန်ပင်။ ဆယ်မိနစ်မကြာသေးခင်မှာပင် ဒေါ်လာသန်း၂၀၀က သူ့အကောင့်ထဲသို့ ရောက်လာခဲ့သည်။
အင်ဖယ်လိုက်လည်း အသစ်ပြန်မွေးဖွားလာသလို ခံစားလိုက်ရသည်။ သူ့စတော့ရှယ်ယာများကို ရောင်းချပြီး အိမ်နှင့်ကားကို ပေါင်လိုက်ရာမှ ရရှိလာသော ငွေပမာဏမှာ ငွေသားဒေါ်လာတစ်ဘီလီယံပြည့်သွားခဲ့ပြီဖြစ်၏။
ထို့ကြောင့် ငွေသားပါရှိသော ဘဏ်ကတ်ကိုကိုင်၍ ကျန်းမုန့်လောင်၏ ဟိုတယ်ဆီသို့ အပြေးသွားလိုက်၏။
"ပြန်လာပြန်ပြီလား။ ခင်ဗျား စိတ်ရင်းစစ်မှန်မှုကိုရော လုံလုံလောက်လောက်ယူခဲ့ရဲ့လား"
အိုတိုက အင်ဖယ်လိုက်ကို လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လိုက်၏။
"လုံလုံလောက်ယူလာခဲ့ပါတယ်"
အင်ဖယ်လိုက်ကလည်း ကတ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ လှမ်းပေးလိုက်၏။
"ဒီကတ်ထဲမှာ ကျွန်တော့်ရဲ့စိတ်ရင်းအစစ်အမှန် ရှိပါတယ်။ အဲဒါက မစ္စတာကျန်းရဲ့ချစ်သူအတွက် မွေးနေ့လက်ဆောင်ပါ။ မစ္စတာကျန်းအနေနဲ့ ကျွန်တော့်ကို လက်ခံတွေ့ဆုံပေးဖို့ မျှော်လင့်ပါတယ်"
"ဒီမှာစောင့်နေ"
အိုတိုက ကတ်ကို သာမန်ကာလျှံကာ လှမ်းယူလိုက်၏။ သူ့အတွက်မူ တစ်ဘီလီယံဆိုသည်မှာ ကိန်းဂဏန်းတစ်ခုသက်သက်သာ။
မိနစ်အနည်းငယ်ကြာသော် ညအိပ်ဝတ်စုံဝတ်ဆင်ထားသော ကျန်းမုန့်လောက်က ဓာတ်လှေကားထဲမှ ထွက်လာလေသည်။
"မစ္စတာကျန်း..နောက်ဆုံးတော့ ကျွန်တော့်ကိုတွေ့ဖို့ သဘောတူလိုက်ပြီပေါ့"
အင်ဖယ်လိုက်မှာ မျက်ရည်ကျလုမတတ်ပင်။
"အိုး"
ကျန်းမုန့်လောင်ကလည်း လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်၏။
"မစ္စတာအင်ဖယ်လိုက်... ခင်ဗျားက အရမ်းသဘောကောင်းတာပဲ။ ကျွန်တော့်ကောင်မလေးရဲ့မွေးနေ့လက်ဆောင်က သိပ်တန်ဖိုးကြီးတာပဲ"
အကြည့်နှင့်သာ လူသတ်နိုင်ပါက အင်ဖယ်လိုက်သည် ကျန်းမုန့်လောင်ကို အကြိမ်ပေါင်းတစ်ထောင်လောက် သတ်ပြီးနေလေပြီ။ သူ့အတွက် ဤသည်မှာ တန်ဖိုးကြီးရုံမျှသာမကဘဲ ဒေဝါလီခံလိုက်ရခြင်းပင်။ သို့သော် ကျန်းမုန့်လောင်ကတော့ ဟန်လုပ်ပြနေသေးသည်။
အင်ဖယ်လိုက်၏အရှေ့မှာပင် ကျန်းမုန့်လောင်က ထိုကတ်ကို သူ့ဝတ်စုံအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်၏။
"မစ္စတာအင်ဖယ်လိုက်.. ပိုက်ဆံပါလာရင်ရပါပြီ။ ဘယ်သူလာလာ ကိစ္စမရှိပါဘူး
*********