← Chapters

ကျုပ်ကို အရင်ရန်လာစတာ ခင်ဗျားနော်

Vol. 23 Ch. 339

ကျုပ်ကို အရင်ရန်လာစတာ ခင်ဗျားနော်

Vol. 23 Ch. 339

"ကောင်းပြီလေ။ ဒီကိစ္စကို အဆုံးသတ်လိုက်ကြရအောင်"

အင်ဖယ်လိုက်ကို အပြစ်ပေးပြီးနောက် ကျန်းမုန့်လောင်လည်း အမေရိကတွင် ပြဿနာထပ်ရှာရန် မလိုအပ်တော့ချေ။

ဤနိုင်ငံ၏စီးပွားရေးနှင့် လူမှုစနစ်ကိုသာ ပြိုလဲအောင်လုပ်လိုက်ပါက သူ ထုတ်လုပ်မည့် ချစ်ပ်ပြားများကို မည်သူ့အား ရောင်းချရမည်နည်း။

ကျန်းမုန့်လောင်သည် အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်းကို ဖျက်သိမ်းလိုက်၏။ ဘဏ္ဍာရေးထောက်ပံ့မှု မရှိတော့သောအခါ အလုပ်သမားသပိတ်၏ အရှိန်ကလည်း သဘာဝကျကျပင် ကျဆင်းလာခဲ့သည်။ ထိုလုပ်ငန်းစုများအနေနှင့် တစ်လအတွင်းမှာပင် လုပ်ငန်းအားလုံးကို ပုံမှန်အတိုင်းလည်ပတ်နိုင်မည်ဟု ခန့်မှန်းရသည်။

Qualcomm Electronicsကတော့ ထိခိုက်မှုအများဆုံးပင်။ ဝန်ထမ်းများမှာ တစ်ယောက်ပြီးတစ်ယောက် အလုပ်ပြန်လုပ်နေကြပြီဖြစ်သော်လည်း ပရောဂျက်ပေါင်းများစွာကတော့ နှောင့်နှေးကြန့်ကြာသွားပြီဖြစ်၏။

ထို့ပြင် ဆန္ဒပြပွဲက ရက်အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း ယခုလိုကုမ္ပဏီကြီးတစ်ခုအတွက်တော့ ရက်အနည်းငယ်မျှ ထုတ်လုပ်မှုရပ်နားလိုက်ခြင်းမှာ လုပ်ငန်းပြန်လည်စတင်ရန်နှင့် စစ်ဆေးရန်အတွက် အနည်းဆုံးတစ်ပတ်ခန့် အချိန်ယူရပေလိမ့်မည်။ သူတို့၏ထုတ်လုပ်ရေးလိုင်းကလည်း လဝက်အကြာမှသာ ပြန်လည်စတင်နိုင်ခဲ့သည်‌။

Qualcomm Electronicsအနေနှင့် နှောင့်နှေးကြန့်ကြာခဲ့သည့်အတွက်လည်း လျော်ကြေးအမြောက်အများ ပေးချေခဲ့ရသည်။ ဈေးကွက်တန်ဖိုးကျဆင်းနေသော ကုမ္ပဏီအတွက်မူ ဤသည်မှာ အလွန်အထိနာစေသော ထိုးနှက်ချက်တစ်ခုပင်။

သို့သော် ဤသည်မှာ သူတို့နှင့်ထိုက်တန်သော အကျိုးရလဒ်ပင်။ ကျန်းမုန့်လောင်အတွက်မူ Qualcomm Electronicsဘက်က ဟွာရှားနိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်သွင်းခွင့် ပိတ်ပင်ခြင်းမှာ ကိစ္စမရှိသော်လည်း ညစ်ပတ်သည့်နည်းလမ်းများ အသုံးပြုခဲ့ခြင်းကိုမူ လက်ပိုက်ကြည့်နေမည်မဟုတ်။

"နောင်အနာဂတ်မှာ ခင်ဗျားတို့ဘာသာ ဟွာရှားကုမ္ပဏီတွေကို ဆန့်ကျင်ချင်ရင်လည်းရတယ်။ ဒါပေမဲ့ ညစ်ပတ်တဲ့နည်းလမ်းတွေတော့ မသုံးမိစေနဲ့။ မဟုတ်လို့ကတော့ Qualcomm Electronicsလို ဖြစ်သွားမယ်"

အတွေးအမြင်ထက်မြက်လှသော လူတစ်ယောက်က ဤအခြေအနေအကြောင်း နားလည်သဘောပေါက်သွားပြီး ဒါရိုက်တာအဖွဲ့ကို တင်းတင်းကျပ်ကျပ်ညွှန်ကြားခဲ့သည်။

"မစ္စတာကျန်း.. ဥက္ကဋ္ဌကျိုး ဖုန်းဆက်ပါတယ်။ ရှန်ဟုန်းဝမ်ကော်ပိုရေးရှင်းရဲ့ ကိုယ်စားလှယ်တစ်ယောက် ထပ်ရောက်လာတယ်တဲ့။ ရှင်နဲ့ တတ်နိုင်သမျှမြန်မြန်လေး ကောင်းကောင်းမွန်မွန်စကားပြောချင်တယ်ဆိုပဲ"

ဟုန်းရီက ပြုံးရယ်ရင်း ပြောလိုက်လေသည်။

"အိုး"

ကျန်းမုန့်လောင်ကလည်း သိနားလည်လေဟန်ဖြင့် ပြုံးလိုက်၏။

"ကြည့်ရတာ သူတို့တွေ ဆက်မတောင့်ခံနိုင်တော့ဘူးပေါ့"

"ဟုတ်ပါတယ် မစ္စတာကျန်း"

ဟုန်းရီက ပြောလေသည်။

"လွန်ခဲ့တဲ့နှစ်ရက်တုန်းက ကိုင်ဘွန်နျူကလီးယားစက်ရုံတော်တော်များများမှာရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေမှာ နည်းပညာပြဿနာတချို့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကြောင့်ပဲ စက်ရုံရှစ်ခုလည်း ယာယီပိတ်ထားလိုက်ရတယ်လေ။ ဒီဖိအားတွေက ကျောက်မီးသွေးစနစ်တွေဆီကို ရောက်သွားတယ်။ သူတို့ နောက်ဆုံးသိုလှောင်ထားတဲ့ ကျောက်မီးသွေးတွေလည်း ကုန်တော့မှာလေ"

"ကျစ် ကျစ် ကျစ် သနားဖို့ကောင်းလိုက်တဲ့နိုင်ငံ"

ကျန်းမုန့်လောင် စုတ်သပ်လိုက်မိသည်။

"ဥက္ကဋ္ဌကျိုးက သတင်းတစ်ခုခုပါးလိုက်သေးလား"

ကျန်းမုန့်လောင် ဆက်မေးကြည့်လိုက်သည်။

"မစ္စတာရူဇိုအီချီရိုဘက်က ဘယ်လိုအခြေအနေမျိုးနဲ့မဆို ဆွေးနွေးညှိနှိုင်းဖို့ သဘောတူတယ်လို့ ဥက္ကဋ္ဌကျိုးက ပြောပါတယ်"

"ဟားဟားဟား"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"ရှုဟွမ်ကို အကြောင်းကြားထားလိုက်။ Silicon Moonlightက ဝန်ထမ်းတွေအားလုံးကို အဆင်သင့်ပြင်ခိုင်းထားလိုက်။ ပါမောက္ခချန်းကိုလည်း ပြင်ခိုင်းထားလိုက်။ ငါတို့ရဲ့ဖိုတိုရီဆစ်ကုန်ကြမ်းပစ္စည်းတွေက မကြာခင်ရောက်လာတော့မယ်"

"အခုချက်ချင်းလုပ်လိုက်ပါ့မယ် မစ္စတာကျန်း"

"သွားရအောင်။ ငါတို့ ဟွာရှားကိုပြန်ကြမယ်"

...

ရူဇိုအီချီရိုတစ်ယောက် ဤကာလအတွင်း အလွန်အလုပ်များနေချေသည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကျန်းမုန့်လောင်ကို လုပ်ကြံဖို့ကြိုးစားခဲ့ခြင်းမှာ လုံးဝကျရှုံးခဲ့ရသည်။ အခြေစိုက်စခန်းအမှတ်ကိုတစ်ခုလုံးလည်း ပြာကျသွားခဲ့ရသည်။ အဖိုးတန်အဆင့်မြင့်နင်ဂျာများလည်း သေဆုံးသွားရပြီး နတ်ဘုရားအဆင့် ရူဇိုအီချီရိုကိုယ်တိုင်ပင် အပြင်းအထန်ဒဏ်ရာရခဲ့သည်။

အဆင့်မြင့်နင်ဂျာတစ်ယောက်ချင်းစီတိုင်းကို ပြုစုပျိုးထောင်ရန်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားရသည်။ ဤလုပ်ကြံမှုကျရှုံးခြင်းကြောင့် တိုက်ရိုက်ငွေကြေးဆုံးရှုံးမှုမှာ ဒေါ်လာဆယ်ဘီလီယံကျော်လေသည်။

ရူဇိုအီချီရိုနှင့် အသက်ရှင်ကျန်ရစ်နေခဲ့သော အဆင့်မြင့်နင်ဂျာများ သယ်လာသော သတင်းအချက်အလက်မှတစ်ဆင့် ကျန်းမုန့်လောင်၏တပ်ဖွဲ့များမှာ အဆင့်ကိုးနှင့်ပင် ယှဉ်နိုင်သော သို့မဟုတ် သာလွန်သော ကျွမ်းကျင်သူများ ပါဝင်နေကြောင်း သူတို့ သိလိုက်ရသည်။

အခြေစိုက်စခန်းအမှတ်ကိုး၏ အပျက်အစီးများကြားတွင် ရှာဖွေရင်း ကိုင်ဘွန်လူမျိုးများသည် ပြုပြင်နိုင်သော သိုလှောင်ရေးစက်ကိရိယာအမြောက်အများကို ရှာဖွေတွေ့ရှိခဲ့ည်။ ပြန်လည်ဆယ်ယူထားသော မှတ်တမ်းများမှတစ်ဆင့် သူတို့ တစ်သက်မမေ့နိုင်တော့မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။

သံမဏိလူသားဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က အခြေစိုက်စခန်းအမှတ်ကိုးထဲသို့ ဖောက်ဝင်လာခဲ့ပြီး လေထဲတွင် ဝဲပျံနေပုံမှာ ဧကရာဇ်တစ်ပါးက အကြည့်တစ်ချက်ဖြင့် သူ့ပိုင်နက်ကို စစ်ဆေးအကဲခတ်နေသည့်အလားပင်။

အခြေစိုက်စခန်း၏ အတွင်းပိုင်းခုခံကာကွယ်ရေးစနစ်များက သူ့ကို တိုက်ခိုက်ခဲ့ပါသော်ငြား သူ့သံချပ်ကာပေါ်တွင် မီးပွားအနည်းငယ်ဖြစ်သွားရုံကလွဲ၍ လုံးဝသက်ရောက်မှုမရှိခဲ့ချေ။

သူသယ်ဆောင်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ဒုံးကျည်အသေးစားများ၏ ပေါက်ကွဲအားမှာ အဆောက်အအုံတစ်ခုကို အလွယ်လေးဖျက်ဆီးပစ်နိုင်လောက်သည်အထိ စွမ်းလှပေသည်။ ပေါက်ကွဲမှုဗဟိုချက်ရှိ သန္ဓေပြောင်းလူသားများကမူ သေသူကသေပြီး ဒုက္ခိတဖြစ်သူများက ဖြစ်သွားကြ၏။

အထူးသဖြင့် "သံမဏိလူသား"မပြန်ခင် ပြောသွားခဲ့သော စကားမှာ ထိတ်လန့်ဖွယ်ရာပင်။ ကျန်းမုန့်လောင်တွင် ထိုကဲ့သို့အစွမ်းထက်လှသော သံချပ်ကာပေါင်းတစ်ရာကျော်ပင် ရှိသတဲ့လေ။

ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ယခုလိုသံချပ်ကာမျိုးသာ အခုတစ်ရာကျော် တကယ်ရှိခဲ့ပါလျှင် ကိုင်ဘွန်နိုင်ငံတွင် အဆင့်ကိုးနင်ဂျာပေါင်းတစ်ရာကျော်ကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုအင်အားစုတစ်ခုဖြင့်သာဆိုလျှင် ဒုတိယကမ္ဘာတစ်ခုလုံးကိုပင် အသာလေးသိမ်းပိုက်ပစ်နိုင်လေသည်။

ကျန်းမုန့်လောင်တွင် ထိုကဲ့သို့သော သံချပ်ကာအများကြီး ပိုင်ဆိုင်ထားသည်မှာ မဖြစ်နိုင်သော်လည်း ကျန်းမုန့်လောင်၏လက်ထဲရှိ သံချပ်ကာအရေအတွက်မှာ တစ်ခုထက် မနည်းနိုင်ကြောင်းကိုမူ သူတို့ အခိုင်အမာယုံကြည်ထားသည်။

အချို့က ကျန်းမုန့်လောင်ကို လုပ်ကြံရန်အတွက် နောက်တစ်ယောက်ထပ်လွှတ်ဖို့ အကြံပေးကြသော်ငြား ထိုအကြံကို အထက်လူကြီးများက ချက်ချင်းပယ်ချလိုက်၏။

သူတို့သာ ကျန်းမုန့်လောင်ကို ထပ်တိုက်ခိုက်မည်ဆိုပါက နတ်ဘုရားအဆင့်နင်ဂျာတစ်ယောက်ကို လိုအပ်ပေဦးမည်ဖြစ်၏။ ဒုတိယကမ္ဘာ၏ တင်းကျပ်လှသော စည်းမျဉ်းများအရ အဆင့်ကိုးနှင့်အထက်ရှိသော အဆင့်မြင့်လူသားများကို စိတ်တိုင်းကျလှုပ်ရှားခွင့်မပြုထားချေ။ သို့မဟုတ်ပါက လုံရှား၏စိတ်စွမ်းအားရှင်များကလည်း မျက်ကွယ်ပြုထားမည်မဟုတ်ချေ။

သူတို့အနေနှင့် ဟွာရှားနိုင်ငံထဲကို ဖောက်ဝင်ပြီး ကျန်းမုန့်လောင်နှင့် မျက်နှာချင်းဆိုင်တွေ့နိုင်ခဲ့လျှင်ပင် သေချာပေါက်သုတ်သင်နိုင်မည်လော။ အချက်အလက်များအရဆိုလျှင် ထို"သံမဏိလူသား"၏တိုက်ခိုက်မှုစွမ်းအင်က ၁၅ယူနစ်အထိ ပြင်းအားရှိပေသည်။

ဤသည်မှာ အဆင့်ကိုးနတ်ဘုရားနင်ဂျာတစ်ယောက်သာ ပိုင်ဆိုင်နိုင်သော ခွန်အားမျိုးပင်။ ကိုင်ဘွန်တစ်နိုင်ငံလုံးတွင်ပင် ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုး အနည်းစုသာရှိ၏။ အကယ်၍ နတ်ဘုရားနင်ဂျာတစ်ယောက်ကို ဖြစ်ကတတ်ဆန်းစေလွှတ်လိုက်ပါက သူတို့သာ သုတ်သင်ခံရနိုင်ခြေများ၏။

ကိုင်ဘွန်နိုင်ငံတွင် အဆင့်မြင့်နတ်ဘုရားနင်ဂျာများစွာ ရှိ၏။ အမှောင်နင်ဂျာ၏တည်ထောင်သူမှာ နတ်ဘုရားနင်ဂျာအဆင့်ကို ကျော်ဖြတ်ရန် နီးကပ်နေပြီဆိုသော်ငြား ထိုကဲ့သို့သော ပုဂ္ဂိုလ်များမှာ ပြင်ပဥပဒေများဖြင့် ချည်နှောင်မခံထားရသည့်အတွက် ဝန်ကြီးချုပ်ကပင် သူတို့ကို တလေးတစားဆက်ဆံရ၏။

ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်ကို လူသတ်ပေးရန် တောင်းဆိုရမည်တဲ့လား။ အရင်ဆုံးအနေနှင့် သေအောင်ရိုက်သတ်ခံရပေလိမ့်မည်။

စွမ်းအင်ပြဿနာကား ပြင်းထန်သည်ထက် ပြင်းထန်လာသည်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ဖြေရှင်းရန်အတွက် ကိုင်ဘွန်နိုင်ငံအနေနှင့် လျှပ်စစ်သုံးစွဲမှုလျှော့ချရေးအစီအမံများကိုပင် လုပ်ဆောင်ခဲ့သေးသည်။ သို့သော် ထိုအစီအမံများမှာ အနည်းငယ်သာသက်ရောက်မှုရှိပြီး ပြည်သူလူထုထံမှလည်း ပြင်းထန်လှသော တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။

လွန်ခဲ့သည့်ရက်ပိုင်းများအတွင်း ကိုင်ဘွန်တစ်နိုင်ငံလုံးမှာ လမ်းဆုံးသို့ ရောက်လုနီးပါးဖြစ်နေခဲ့ရသည်။ အနည်းငယ်ဆွေးနွေးတိုင်ပင်ပြီးနောက်တွင်မူ သူတို့လည်း ဟွာရှားနိုင်ငံသို့ သူတို့၏မြေဒြပ်စင်အသစ်ကို တင်သွင်းခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။

...

"မစ္စတာကျန်း.. မစ္စတာကင်တာနီက‌ ရောက်နေပါပြီ"

ဥက္ကဋ္ဌကျိုးက ကျန်းမုန့်လောင်ကို ကြိုဆိုရန်အတွက် အခန်းတံခါးရှေ့သို့ ကြိုရောက်နှင့်နေလေသည်။

ကျန်းမုန့်လောင်ကလည်း ရူဇိုအီချီရိုကို လှမ်းကြည့်လိုက်၏။ ပြီးခဲ့သည့်တစ်ခေါက် လာခဲ့စဉ်က ရူဇိုအီချီရိုသည် ရုံးခန်းထဲတွင် လက်ဖက်ရည်သောက်ရင်း တခမ်းတနားဟန်ပန်ဖြင့် ထိုင်နေခဲ့သော်ငြား ယနေ့တွင်မူ သူသည် အတွင်းသို့ ဝင်မနေရဲရှာဘဲ ဥက္ကဋ္ဌကျိုးနှင့်အတူ ကျန်းမုန့်လောင်ရောက်အလာကို အပြင်မှာ စောင့်နေချေသည်။

"မစ္စတာကင်တာနီ..မတွေ့ရတာကြာပြီနော်"

ကျန်းမုန့်လောင်က ရည်ရွယ်ချက်ရှိရှိ နှုတ်ဆက်လိုက်သည်။

"ဟုတ်ပါတယ် မစ္စတာကျန်း..တော်တော်တောင်ကြာပြီ"

ရူဇိုအီချီရိုကလည်း သတိကြီးကြီးထား၍ ပြောလိုက်၏။ ယနေ့တွင် သူသည် မစ်ရှင်တစ်ခုနှင့်အတူ ရောက်လာခြင်းပင်။ သူ့အနေနှင့် ကျန်းမုန့်လောင်ဆီက ကျောက်မီးသွေးတချို့ကို မရပါက ကိုင်ဘွန်နိုင်ငံသို့ ပြန်နိုင်မည်မဟုတ်တော့ပေ။

"မစ္စတာကင်တာနီက ဒီတစ်ခေါက် ကျုပ်နဲ့ ဘာကိစ္စများဆွေးနွေးချင်လို့လဲ"

ရူဇိုအီချီရိုကမူ စိတ်ထဲတွင် ဤသို့သာ တွေးနေမိသည်။ ဒါက သက်သက်မသိချင်ယောင်ဆောင်နေတာ။ ငါ ဒီကိုဘာလို့ရောက်လာတာလဲဆိုတာကို မင်းသိပြီးသားပဲလေ။ မင်းက ငါ့ကို ကိုယ်တိုင်ဝန်ခံစေချင်တာလား…

"မစ္စတာကျန်း..ခင်ဗျားသိတဲ့အတိုင်း ကျုပ်တို့ကိုင်ဘွန်နိုင်ငံရဲ့ ကျောက်မီးသွေးတင်ပို့မှုက အခုလက်ရှိအချိန်မှာ တော်တော်ဆိုးဝါးနေပါတယ်။ ခင်ဗျားဘက်ကလည်း မြေဒြပ်စင်အသစ်ကို အရေးတကြီးလိုအပ်နေတယ်လို့ ကျွန်တော်တို့ကြားထားပါတယ်။ ခင်ဗျားရဲ့ကျောက်မီးသွေးတွေကို တစ်တန်ဒေါ်လာ၈၀နှုန်းနဲ့ ရောင်းပေးမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ဟွာရှားနိုင်ငံကို မြေဒြပ်စင်အသစ်တင်ပို့မှု လမ်းဖွင့်ပေးဖို့ ဆန္ဒရှိပါတယ်"

ရူဇိုအီချီရိုက အချိန်မရှိတော့သဖြင့် သူ့ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် အဆိုပြုလိုက်၏။

"ဒါဆိုလည်း ကောင်းပြီလေ။ ကျုပ် ခင်ဗျားတို့ရဲ့မြေဒြပ်စင်အသစ်ကို တစ်တန်ဒေါ်လာတစ်သောင်းနှုန်းနဲ့ ဝယ်ချင်တယ်။ ဒီနှစ်အတွက်တော့ တန်ချိန်လေးသန်းနဲ့ စလိုက်ကြရအောင်"

ရူဇိုအီချီရိုလည်း ချက်ချင်းဆိုသလို အမူအရာပြောင်းလဲသွားလေသည်။

"တစ်တန်ကို ဒေါ်လာတစ်သောင်းလား။ ခင်ဗျားလာနောက်နေတာလား"

မြေဒြပ်စင်အသစ်မှာ ရှားပါးလှသော တွင်းထွက်ပစ္စည်းတစ်ခုဖြစ်သည့်အတွက် ပုံမှန်ဆိုလျှင် တစ်တန်ကို ဒေါ်လာလေးသောင်းဖြင့်သာ ရောင်းချကြသည်။

"ခင်ဗျားကမှ လာနောက်နေတာ"

ကျန်းမုန့်လောင်ကလည်း အေးတိအေးစက်ပြောလိုက်၏။

"ကျုပ်ရဲ့ပျမ်းမျှကုန်ကျစရိတ်က ဒေါ်လာသုံးရာလေ။ ခင်‌ဗျားက တစ်တန်ကို ဒေါ်လာ၈၀နဲ့ လာတောင်းနေတာ။ ခင်ဗျားကမှ လာနောက်နေတာမဟုတ်ဘူးလား"

**********

All Chapters