← Chapters

အခန်း (၃၄၀)

Vol. 23 Ch. 340

အခန်း (၃၄၀)

Vol. 23 Ch. 340

"မစ္စတာကျန်း.. ဥရောပနဲ့အမေရိကကိုတင်သွင်းတဲ့ ကျုပ်တို့ရဲ့မြေဒြပ်စင်အသစ်က ဘယ်လောက်ဈေးနှုန်းရှိလဲဆိုတာ ခင်ဗျား ကောင်းကောင်းသိမှာပါ။ တစ်တန်ကို ဒေါ်လာလေးသောင်းပါ။ ခင်ဗျားပေးတဲ့ဈေးနှုန်းက တအားနိမ့်လွန်းတယ်"

"မနည်းပါဘူး။ ပုံမှန်ဈေးရဲ့ လေးပုံတစ်ပုံပဲမဟုတ်ဘူးလား"

ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်လေသည်။

"ကျုပ်လည်း ဒီကျောက်မီးသွေးကို တစ်တန် ဒေါ်လာ၃၂၀နဲ့ ဝယ်ခဲ့ရတာ။ ခင်ဗျားပေးတဲ့ဈေးက လေးပုံတစ်ပုံပဲရှိတာ။ ဒါတောင် ဒီကာလအတွင်း သိုလှောင်သိမ်းဆည်းခတွေတောင် ထည့်မတွက်ရသေးဘူးနော်။ ယှဉ်ကြည့်မယ်ဆိုရင် တော်တော်များနေပါပြီ"

"တစ်တန်ကို ဒေါ်လာတစ်သောင်းပဲ။ ဒါက ကျုပ်ပေးတဲ့ဈေးပဲ။ တအားနည်းတယ်ထင်ရင် မရောင်းနဲ့ပေါ့"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်၏။

"ကျုပ်ဘက်ကလည်း အလျင်လိုနေတာမှမဟုတ်တာ"

ရူဇိုအီချီရိုခမျာ နှလုံးသားထဲတွင် အောင့်သက်သက်ဖြစ်သွားခြင်းကို ထုတ်ဖော်ပြသနိုင်ခြင်းမရှိချေ။ အမှန်ပင်။ သူကတော့ အလျင်မလိုပေ။ သူ့တွင် ဝန်ထမ်းများကို ထောက်ပံ့ပေးထားရန်အတွက် ငွေကြေးအလုံအလောက်ရှိ၏။ တစ်နှစ်နှစ်နှစ်လောက် ကြန့်ကြာနေလျှင်ပင် ပြဿနာမရှိချေ။

သို့သော် သူတို့ကတော့ မစောင့်နိုင်ပေ။ တစ်နှစ်နှစ်နှစ်မဆိုထားနှင့်။ တစ်ပတ်ပင် အချိန်မဆွဲထားနိုင်ချေ။ ဤသည်မှာ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်နေသော အရေးကြီးကိစ္စတစ်ခုပင်။ ဤတစ်ပတ်အတွင်းမှာပ်င လိုအပ်နေသော ကျောက်မီးသွေးများကို မတင်သွင်းနိုင်ခဲ့ပါက ကိုင်ဘွန်တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်သွားပေလိမ့်မည်။

သို့သော် ကျန်းမုန့်လောင်ပေးသော ဈေးနှုန်းမှာမူ အလွန်နည်းလှ၏။

တစ်တန်လျှင် ဒေါ်လာ၈၀ဆိုသည်မှာ ကျန်းမုန့်လောင်အနေနှင့် ဒေါ်လာသုံးရာဘီလီယံ သို့မဟုတ် လေးရာဘီလီယံလောက် ဆုံးရှုံးနစ်နာမည်ဆိုသော်ငြား ကျောက်မီးသွေးနှင့် မြေဒြပ်စင်အသစ်ဆိုသည်မှာ အဆင့်ချင်းတူသော ကုန်စည်များမဟုတ်ကြပေ။

မြေဒြပ်စင်အသစ်တန်ချိန်သန်းလေးရာ၏ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ၁၆၀၀ဘီလီယံအထိ ရှိပြီး တစ်တန်လျှင် တစ်သောင်းနှုန်းဖြင့် တွက်ချက်ကြည့်မည်ဆိုပါက သူတို့၏ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ၁၂၀၀ဘီလီယံပင် ဖြစ်လေရာ သူတို့အသက်ကို နှုတ်ယူနေသည့်အလားပင်။

"ကောင်းပြီလေ။ မစ္စတာကျန်း.. ဒီလိုလုပ်ကြရအောင်.. ခင်ဗျားဝယ်ထားတဲ့ ပျမ်းမျှဈေးနဲ့ပဲ ခင်ဗျားဆီက ကျောက်မီးသွေးကို ကျုပ်တို့ ပြန်ဝယ်လိုက်မယ်။ အဲဒါက အမေရိကန်ဒေါ်လာ၄၀၀ဘီလီယံတန်တယ်မလား။ ဒါဆို ဒီပမာဏကို မြေဒြပ်စင်အသစ်တင်သွင်းမှုအတွက် ကုန်ကျစရိတ်ထဲကနေ နှုတ်လိုက်မယ်။ ခင်ဗျားက မြေဒြပ်စင်အသစ်တန်ချိန်လေးရာ လိုချင်တာမလား။ ဒီတော့ ကျုပ်တို့ဘက်က ဒေါ်လာ၁၂၀၀ဘီလီယံပဲ လိုတယ်။ ဒီလိုဆိုရင် မျှတပါတယ်နော်"

သူတို့ဘက်က ဒေါ်လာသုံးရာဘီလီယံဆုံးရှုံးနစ်နာသေးသည်ဆိုသော်ငြား ဤတွင်းထွက်ပစ္စည်းများမှာ ငွေကြေးဖြင့် အဖိုးမဖြတ်နိုင်ပေ။ အမြတ်နည်းနည်းရလိုက်ရုံမျှသာ ဖြစ်၏။

ဒေါ်လာသုံးရာဘီလီယံဆုံးရှုံးလိုက်ရခြင်းမှာ ဒေါ်လာ၁၂၀၀ဘီလီယံကို ဆုံးရှုံးလိုက်ရခြင်းထက် ပိုကောင်းသေးသည်မဟုတ်လား။

ယခုအချိန်တွင် ကျန်းမုန့်လောင်ထံမှ ကျောက်မီးသွေးများကို ဝယ်ယူနိုင်ရန်မှာ အရေးအကြီးဆုံးပင်။

"မရဘူး။ မရဘူး။ မစ္စတာရူဇို.. တစ်တန်ကို ဒေါ်လာသုံးရာဆိုတာ အရင်ဈေးနှုန်းလေ။ အခု အဲဒီဈေးမဟုတ်တော့ဘူး"

ကျန်းမုန့်လောင်က ပြုံးပြုံးလေးဆိုလိုက်၏။

"ကျုပ် ခင်ဗျားကို အဲဒီကျောက်မီးသွေးတွေ ရောင်းပေးမယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ တစ်တန်ကို ဒေါ်လာခြောက်ရာဖြစ်သွားပြီ"

"ခင်ဗျား!"

ရူဇိုအီချီရိုက ကျန်းမုန့်လောင်ကို လက်ညှိုးထိုးရင်း မွန်းကျပ်မှုကြောင့် အံတင်းတင်းကြိတ်ထားရသဖြင့် သွားများက တုန်ယင်နေလေတော့သည်။

"မစ္စတာရူဇို.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျုပ် တစ်တန်ကို ဒေါ်လာသုံးရာနဲ့ ကမ်းလှမ်းခဲ့တယ်လေ။ ဒါပေမဲ့ ခင်ဗျား လက်မခံခဲ့ဘူး။ ခင်ဗျား နောက်တစ်ခါလာဝယ်ရင် ဒီဈေးနဲ့မရတော့ဘူးဆိုတဲ့အကြောင်း ကျုပ် သတိပေးခဲ့ပါတယ်"

ကျန်းမုန့်လောင်က အပြုံးလေးဖြင့် ဆိုလိုက်၏။

"ကျုပ်က ကိုယ့်စကားကိုယ် အမြဲတည်တယ်။ ကျုပ်က စီးပွားရေးသမားတစ်ယောက်ပဲ။ စီးပွားရေးသမားတစ်ယောက်ဆိုတာ ပိုက်ဆံရှာရမှာပဲလေ။ အဲလိုမှမဟုတ်ရင် ကျုပ်က အလကားလေကုန်ခံနေမလား"

"မစ္စတာကျန်း.. ဒါက နည်းနည်းတော့များသွားပြီလို့ မထင်ဘူးလား"

"မစ္စတာကျန်း.. ကျုပ်တို့ ဒီဈေးနှုန်းကို ထပ်ဆွေးနွေးလို့ရဦးမလား"

အခြေအနေတင်းမာလာသည်ကို မြင်သောအခါ ဥက္ကဋ္ဌကျိုးလည်း မနေနိုင်တော့ဘဲ ကြားဝင်ဖျန်ဖြေလိုက်၏။

"ဥက္ကဋ္ဌကျိုး.. ကျုပ်ဘက်က ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပြီ။ အရင်တစ်ခေါက်တုန်းကသာဆိုရင် နှစ်နိုင်ငံဆက်ဆံရေးအတွက် ကျုပ်ဘက်ကလည်း တစ်တန်ကို ဒေါ်လာသုံးရာနဲ့ရောင်းပေးမှာပါ။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ မရဘူး"

ကျန်းမုန့်လောင်ကမူ နည်းနည်းမျှစိတ်မယိုင်ချေ။

"မစ္စတာကျန်း.. ခင်ဗျားက တမင်တကာပြဿနာရှာနေတာပဲ"

ရူဇိုအီချီရိုက ဆိုလာလေသည်။

"ကျုပ်ဘက်က ခင်ဗျားရဲ့ဈေးနှုန်းနဲ့ လိုက်ညှိပေးဖို့ ကြိုးစားနေပေမဲ့ ခင်ဗျားကတော့ မကျေနပ်နိုင်သေးဘူး။ ဒီလိုသဘောထားမျိုးက တကယ်ပဲ မှန်ကန်သင့်တော်ရဲ့လား"

"ဘန်း"

ကျန်းမုန့်လောင်က စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ ထူထဲလှသော အတွင်းအားကြောင့် စားပွဲ၏ စကျင်ကျောက်ပြားမှာ အက်ကွဲသွားရလေသည်။

ကျန်းမုန့်လောင်၏ လက်ရှိအတွင်းအားမှာ အဆင့်လေးသန္ဓေပြောင်း သို့မဟုတ် အဆင့်မြင့်လူသားတစ်ယောက်ကိုပင် ခွေးလေးတစ်ကောင်အား သတ်သလို သတ်ပစ်နိုင်ချေသည်။ လက်ဝါးရိုက်ချက်တစ်ချက်ကပင် ဆင်တစ်ကောင်၏ ကိုယ်တွင်းအင်္ဂါများကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖျက်ဆီးပစ်နိုင်သည်။ သူ့ခွန်အားတချို့ကိုသာ ထိန်းမထားလိုက်ပါက စကျင်ကျောက်စားပွဲမှာ ခဏအတွင်း ကွဲကြေသွားပေလိမ့်မည်။

သို့သော် ထိုသို့ဆိုလျှင်ပင် ဥက္ကဋ္ဌကျိုးနှင့် ရူဇိုအီချီရိုတို့ကတော့ ထိတ်လန့်သွားကြပေသည်။

ဤသည်မှာ မာကျောလှသော စကျင်ကျောက်စားပွဲတစ်လုံးပင်။ မည်သူကများ ရိုက်ချက်တစ်ချက်တည်းနှင့် စကျင်ကျောက်ပြားကြီးတစ်ခု ကွဲအက်သွားသည်ကို မြင်ဖူးလေသလဲ။ ကြောက်မက်ဖွယ်ခွန်အားကို မဆိုထားနှင့်။ သာမန်အရိုးများမှာ မကျိုးပဲ့နိုင်လေဘူးလား။

"သူက သာမန်လူတစ်ယောက်မဟုတ်ဘူးပဲ"

ယခင်က နင်ဂျာများနှင့် ပတ်သက်ဆက်ဆံဖူးသော ရူဇိုအီချီရိုသည် ဤကမ္ဘာပေါ်တွင် အထူးစွမ်းရည်ပိုင်ရှင်များ ရှိကြကြောင်း ကောင်းကောင်းသိထားသည်။ ကျန်းမုန့်လောင်ကို သာမန်လူတစ်ယောက်ဟုသာ သူ ထင်နေခဲ့မိခြင်းပင်။

"ရူဇိုအီချီရို"

ကျန်းမုန့်လောင်က အေးတိအေးစက်ပြောလိုက်၏။

"ခင်ဗျား ဘာအရှုပ်ထုပ်တွေလုပ်ထားလဲဆိုတာ ခင်ဗျား ကောင်းကောင်းသိထားပါတယ်။ ကျုပ်ဘက်ကသာ အစွမ်းအစမရှိခဲ့ရင် ပြီးခဲ့တဲ့တစ်ခေါက်ကပဲ ပေါင်ထောင်စီရင်စုမှာ သေနေလောက်ပြီ"

"ဘာ"

ဥက္ကဋ္ဌကျိုး၏အမူအရာကား ပျက်ယွင်းသွားလေသည်။ ကျန်းမုန့်လောင်၏စကားမှာ မည်သည့်အဓိပ္ပာယ်လေလဲ။ ပေါင်ထောင်စီရင်စုထဲတွင် သူ သေလုနီးပါးဖြစ်ခဲ့တာလား။ ရူဇိုအီချီရိုက မပြောအပ်သောနည်းလမ်းတချို့ကို အသုံးပြုခဲ့ခြင်းလေလား။

ယနေ့ ကျန်းမုန့်လောင်၏ ခိုင်မာလှသော သဘောထားကို ကြည့်လိုက်မည်ဆိုပါက သူသာ ကျန်းမုန့်လောင်နေရာမှာဆိုလျှင် လုပ်ကြံသတ်ဖြတ်ရေးအဖွဲတစ်ခုထံမှ ပစ်မှတ်ထားခံခဲ့ရပြီးနောက် စီးပွားရေးကိစ္စများကို တည်တည်ငြိမ်ငြိမ်ဆွေးနွေးနိုင်မည်မဟုတ်ပေ။

"မစ္စတာကျန်း.. ခင်ဗျားဘာပြောနေလဲဆိုတာ ကျုပ်နားမလည်ဘူး"

ရူဇိုအီချီရိုက မတွန့်မဆုတ်ပြောလာလေသည်။ ဥက္ကဋ္ဌကျိုးလည်း ဤနေရာတွင် ရှိနေသည့်အတွက် သူတို့ကိုင်ဘွန်နိုင်ငံဘက်က ကျန်းမုန့်လောင်ကို သတ်ဖြတ်ရန် လူလွှတ်ခဲ့ကြောင်း မည်သို့များ ဝန်ခံနိုင်မည်နည်း။

"ကောင်းပြီလေ။ ဒေါ်လာခြောက်ရာဆိုတော့လည်း ခြောက်ရာပဲပေါ့"

ရူဇိုအီချီရိုလည်း အံတင်းတင်းကြိတ်လိုက်၏။ အမြတ်အနေနှင့် ဒေါ်လာ၁၀၀ဘီလီယံလျော့သွားသည်ဆိုသော်ငြား အမြတ်အစွန်းတော့ ကျန်နေသေးသည်သာ။ သူတို့နိုင်ငံ၏မြေဒြပ်စင်အသစ်မှာ အရင်းအမြစ်ပေါကြွယ်ဝလှသောကြောင့် သိုလှောင်ထားသော ပမာဏအနည်းငယ်မျှသာ လျော့သွားသည်ဟု မှတ်ယူ၍ရပေသည်။

"မစ္စတာရူဇို စိတ်မပူပါနဲ့"

ကျန်းမုန့်လောင် ခပ်ဖွဖွပြုံးလိုက်၏။ ရူဇိုအီချီရိုကို ကြည့်လိုက်သော မျက်ဝန်းထဲတွင်မူ ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာ၏။

"ဒေါ်လာခြောက်ရာဆိုတာက လွန်ခဲ့တဲ့မိနစ်နှစ်ဆယ်တုန်းက ဈေးနှုန်းပါ။ အခု ဈေးတက်သွားပြီမို့ တစ်တန်ကို ဒေါ်လာ၁၂၀၀ဖြစ်သွားပါပြီ"

"ဟစ်"

ကျန်းမုန့်လောင်ပြောလိုက်သော ပမာဏကို ကြားလိုက်ရသောအခါ ဥက္ကဋ္ဌကျိုးကိုယ်တိုင်ပင် ပင့်သက်မရှိုက်ဘဲ မနေနိုင်တော့ချေ။

တစ်တန်လျှင် ဒေါ်လာ၆၀မှ တစ်တန်လျှင် ဒေါ်လာ၁၂၀၀အထိ မြင့်တက်သွားပေသည်။ အဆနှစ်ဆယ်နီးနီး ဈေးတက်သွားခြင်းပင်။ ဤသည်မှာ နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်နေခြင်းသာဖြစ်၏။

ဤဈေးနှုန်းအတိုင်းသာဆိုပါက သူတို့ကိုင်ဘွန်နိုင်ငံ၏ မြေဒြပ်စင်အသစ်တန်ချိန်လေးသန်းမှာ အလကားပေးပစ်လိုက်ရခြင်းနှင့် မခြားတော့ပေ။

"ကျန်းမုန့်လောင် မင်း လွန်မလာနဲ့နော်"

ရူဇိုအီချီရို၏နှလုံးသားထဲရှိ ဒေါသများမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ထွက်လာလေတော့သည်။

"ကျုပ်ကလည်း ခင်ဗျားလည်ပင်းကို ဓားနဲ့ထောက်ပြီး အတင်းဝယ်ခိုင်းနေတာမှမဟုတ်တာ"

ကျန်းမုန့်လောင်က ရယ်၏။

"ခင်ဗျားမဝယ်လို့လည်းရတာပဲ"

"ဒါမှမဟုတ် ခင်ဗျား ပိုက်ဆံနည်းနည်းယူသွားပြီး တခြားနိုင်ငံတွေကို သွားမေးကြည့်လိုက်လေ။ သူတို့ဘက်ကများ ခင်ဗျားကို ရောင်းပေးချင်မလားလို့။ အဲဒီအချိန်အထိလည်း ကျုပ်ကတော့ ခင်ဗျားတို့မြေဒြပ်စင်အသစ်ကို တစ်တန်ဒေါ်လာလေးသောင်းနဲ့ပဲ ဝယ်ဦးမှာ"

"ကျုပ်တို့သာ ကျောက်မီးသွေးဝယ်လို့ရမယ်ဆိုရင် ခင်ဗျားဆီကို ရူးနေလို့ လာရဦးမှာလား"

ရူဇိုအီချီရိုခမျာ တွေးလို့ရသမျှ အဆဲစကားများအားလုံးနှင့် စိတ်ထဲတွင် ကျိန်ဆဲနေမိတော့သည်။

"ကောင်းပြီလေ။ အခု တစ်တန်ကို ဒေါ်လာ၁၃၀၀ဖြစ်သွားပြီ"

ကျန်းမုန့်လောင်က လက်ပိုက်လျက် သရော်လိုဟန်အပြုံးဖြင့် ကြည့်နေချေသည်။

"အခုကစပြီး တစ်မိနစ်ကျော်တိုင်း ဒေါ်လာတစ်ရာတက်သွားမှာ"

"မင်း!"

"နောက်တစ်မိနစ်ပြည့်ဖို့ ငါးဆယ်စက္ကန့်ပဲလိုတော့တယ်"

ကျန်းမုန့်လောင်က သူ့ဖုန်းထဲရှိ အချိန်မှတ်စက်ကို ဖွင့်လိုက်၏။

ရူဇိုအီချီရို၏မျက်နှာကား လေဖြတ်သွားသည့်အလား တွန့်ရှုံ့သွားလေသည်။ ကျန်းမုန့်လောင်ဘက်က ဤတစ်ခေါက်တွင် အဘယ်ကြောင့်များ ညှိနှိုင်းရခက်နေသလဲဆိုသည်ကို သူ ကောင်းကောင်းနားလည်သည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကျန်းမုန့်လောင်ကို သူတို့ လုပ်ကြံဖို့ကြိုးစားခဲ့သောကြောင့်သာ မဟုတ်ပါက ဤအခြေအနေအထိ ရောက်လာစရာမရှိပေ။

ကျန်းမုန့်လောင်၏ လက်စားချေမှုက ဤမျှပြင်းထန်လိမ့်မည်ဟုလည်း သူ မထင်ထားပေ။ သူတို့၏အခြေစိုက်စခန်းကို ဖျက်ဆီးရုံသာမက ယခုမူ သူတို့၏အားနည်းချက်ကိုပါ အတင်းအကျပ်ဆုပ်ကိုင်ထားလေသည်။ ဤသည်မှာ "မြွေပါလည်းဆုံး၊ သားလည်းဆုံး"ဆိုသလိုပင်။

"သုံးဆယ်စက္ကန့်ပဲကျန်တော့တယ်။ မြန်မြန်စဉ်းစားနော်"

ရူဇိုအီချီရို၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တွန့်လိမ်နေလေတော့သည်။

"ကောင်းပြီလေ။ ခင်ဗျားပြောတဲ့ဈေးနဲ့ပဲ ထားကြတာပေါ့"

"ဟားဟား"

ကျန်းမုန့်လောင်ကလည်း စိတ်ကျေနပ်လေဟန် အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်၏။

"မနက်ဖြန်ကျရင် ပစ္စည်းတွေသယ်ဖို့ လူလွှတ်လိုက်မယ်။ နှုတ်ဆက်ပါတယ်"

ရူဇိုအီချီရိုခမျာ ဤနေရာတွင် တစ်စက္ကန့်လောက် ပိုနေမိပါက ရူးသွပ်သွားတော့မလို ခံစားနေရသည်။ ထို့ကြောင့် ထိုစကားများကိုသာ ချန်ထားရစ်ခဲ့ပြီး ခပ်မြန်မြန်ပင် လှည့်ထွက်လာခဲ့လိုက်သည်။

သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးရုံမျှအချိန်တွင် အနောက်မှ ကျန်းမုန့်လောင်၏အသံကို ကြားလိုက်ရလေသည်။

"ဥက္ကဋ္ဌကျိုး.. ကျုပ် ဒီနေ့ စိတ်ကြည်နေတယ်။ ညစာအတူစားရအောင်"

"ဟားဟားဟား..အလကားစားရမှာဆိုတော့ သိပ်ချိုမြိန်တာပေါ့ဗျာ"

"အဟွတ် အဟွတ်…"

ရူဇိုအီချီရိုခမျာ ရုတ်တရက်ကြီး သွေးများဆောင့်တိုးလာသလို ခံစားလိုက်ရလေတော့သည်။

**********

All Chapters