မင်းတို့တွေက တော်တော်အားနည်းတာပဲ
Vol. 23 Ch. 341
ကျောက်မီးသွေးတင်သွင်းရေးက အရေးတကြီးလိုအပ်နေသည့်အတွက် နောက်တစ်နေ့မှာပင် ရူဇိုအီချီရိုသည် ကျန်းမုန့်လောင်နှင့်အတူ မြေဒြပ်စင်အသစ်နှင့် ကျောက်မီးသွေးများကို လဲလှယ်ရန်အတွက် လူများခေါ်လာခဲ့သည်။
တန်ချိန်လေးသန်းရှိသော မြေဒြပ်စင်အသစ်၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ၁၆၀ဘီလီယံဖြစ်ပြီး ကိုင်ဘွန်နိုင်ငံဘက်က လိုအပ်သော ကျောက်မီးသွေးတန်ချိန်၏ဈေးနှုန်းမှာမူ တစ်တန်လျှင် အမေရိကန်ဒေါ်လာ၁၃၀၀အထိ မြင့်တက်သွားသောကြောင့် စုစုပေါင်းငွေပမာဏမှာ အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံနီးပါး ဖြစ်သွားခဲ့သည်။
တစ်နည်းဆိုရသော် ကိုင်ဘွန်နိုင်ငံဘက်က ကျန်းမုန့်လောင်ကို အမေရိကန်ဒေါ်လာ၄၀ဘီလီယံပင် ထပ်ပေးရဦးမည်ဖြစ်၏။ ဤပမာဏမှာ ကျန်းမုန့်လောင် သြစတြေးလျရှိ ကျောက်မီးသွေးတွင်းများမှ ဝယ်ယူရန်အတွက် အကုန်အကျခံခဲ့ရသော ငွေပမာဏနှင့် ညီမျှပေသည်။
ကျန်းမုန့်လောင်သည် ကိုင်ဘွန်နိုင်ငံထံမှ မြေဒြပ်စင်အသစ်တန်ချိန်လေးသန်းကို တစ်ပြားမှမကုန်ဘဲ ရရှိခဲ့ခြင်းပင်။ သူဆုံးရှုံးခဲ့ရသည်မှာ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးကုန်ကျစရိတ်အနည်းငယ်မျှသာဖြစ်သည်။ အမေရိကန်ဒေါ်လာ၁၆၀ဘီလီယံဟူသော ပမာဏနှင့်နှိုင်းယှဉ်ပါက ဤကုန်ကျစရိတ်များမှာ မပြောပလောက်ပေ။
"ဟမ့်! ငါ့ကိုသတ်ဖို့ လူလွှတ်တယ်ပေါ့။ ခင်ဗျားတို့ကို ဒီလောက်လေးသွေးထွက်အောင်လုပ်တာကတင် တော်တော်သက်ညှာရာရောက်နေပြီ"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်လေ၏။ သူ့ဘိုးဘေးများ၏ စရိုက်အတိုင်းသာဆိုလျှင် လေယာဉ်၊ တင့်ကားနှင့် နျူကလီးယားဗုံးများကိုသုံး၍ ဤကျွန်းနိုင်ငံငယ်လေးကို ပြားချပ်သွားအောင် လုပ်ပစ်ပေလိမ့်မည်။
"ကျန်းမုန့်လောင် မင်း ပြန်မရောက်သေးဘူးလား"
ကျန်းမုန့်လောင်ခမျာ နားချိန်လေးနည်းနည်းရလိုက်ရုံရှိသေး၊ ဝမ်လင်က ဖုန်းဆက်လာသည်။
"ဟေ့ကောင်.. ငါ့မှာ နေ့တစ်ဝက်လောက်ပဲ အနားယူရသေးတယ်။ မင်းကတော့ ငါ့ကို လာနှောင့်ယှက်နေပြီ။ မင်း ငါ့အိမ်မှာများ စောင့်ကြည့်ကင်မရာ လာတပ်ထားတာလား"
ကျန်းမုန့်လောင် ဟာသလုပ်လိုက်သည်။
"မင်း ဒီနေ့လယ်အားရင် ငါ့အသင်းကို လာကြည့်ပါလား"
ဝမ်လင်က အကြံပြုလိုက်ချေသည်။
"ရတယ်လေ"
ကျန်းမုန့်လောင်ကလည်း ဂိမ်းကစားခြင်းကို နှစ်သက်သူဖြစ်၏။ ယခင်ကတော့ ဂိမ်းကစားရာတွင် အလွန်ညံ့ဖျင်းခဲ့သော်လည်း ဤအရာမှာ ဂိမ်းစွဲလမ်းခြင်းကိုမူ မတားဆီးနိုင်ခဲ့ပေ။ ထို့ပြင် ဝမ်လင်စုဆောင်းထားသော လူများ၏ ကျွမ်းကျင်မှုအဆင့်ကိုလည်း သူသိချင်မိသည်။
"ဟီးဟီး.. ငါပြောမယ်။ မင်း သေချာပေါက် အံ့သြသွားမှာ။ ဒီအသင်းကိုဖွဲ့ဖို့အတွက် ငါ ငွေတွေအများကြီးအကုန်အကျခံထားရတာ"
"အိုး.. ဒါဆို ငါ သေချာပေါက်ကြည့်ရမှာပေါ့"
...
ဝမ်လင်၏ကလပ်သည် ကျန်းနန်မြို့၏ ကျန်းပင်ခရိုင်ရှိ esportsမြို့တစ်ခုတွင် တည်ရှိပြီး ထိုနေရာကား ဂိမ်းဖွံ့ဖြိုးရေးကုမ္ပဏီများ၊ ဂိမ်းလည်ပတ်ရေးကုမ္ပဏီများနှင့် esportsကလပ်များဖြင့် ပြည့်နှက်နေသော အလွန်စည်ကားလှသည့် ဂိမ်းလုပ်ငန်းစုကြီးတစ်ခုပင်။
ဝမ်လင်၏စကားအရ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အသင်းပေါင်းများစွာက ဤနေရာတွင်ဌာနချုပ်များ ထားရှိကြပေသည်။
ဝမ်လင်၏ကလပ်မှာ အထပ်ခုနစ်ထပ်ပါရှိသော အဆောက်အဦးအသစ်တစ်ခုတွင် တည်ရှိလေသည်။ အစတုန်းကမူ ဂိမ်းကုမ္ပဏီတစ်ခု ပြောင်းရွှေ့လာရန်ရှိသော်လည်း ကမ္ဘာ့ကပ်ရောဂါ၏သက်ရောက်မှုကြောင့် ထိုကုမ္ပဏီမှာ အခြေမစိုက်နိုင်ခင်မှာပင် ပြိုလဲသွားခဲ့သောကြောင့် ဝမ်လင်က သူ့ဖခင်ထံမှရရှိခဲ့သော အရင်းအနှီးအများအပြားဖြင့် ဤအဆောက်အဦးကို ဝယ်ယူခဲ့သည်။
"ဘယ်လိုလဲ။ မဆိုးဘူးမလား"
ဝမ်လင်က ကျန်းမုန့်လောင်ကို ကလပ်တစ်ခုလုံးအနှံ့ လှည့်ပတ်ကြည့်ရှုစေခဲ့သည်။ အဆောက်အဦးထဲတွင် ကစားသမားများနှင့် နည်းပြများ၏ အိပ်ခန်းများ၊ နည်းဗျူဟာပိုင်းဆိုင်ရာဆွေးနွေးသည့် အခန်းများ၊ လေ့ကျင့်ရေးအခန်းများနှင့် နေထိုင်ရေး၊ အပန်းဖြေရေးဆိုင်ရာအတွက် အသုံးပြုသော အထပ်တစ်ထပ်လည်း ပါရှိလေသည်။ အရွယ်အစားသေးငယ်သော်ငြား ဤကလပ်သည် ကစားသမားများ၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အပြည့်အစုံပြင်ဆင်ထား၏။
"ဒီအခန်းက ဘာအတွက်လဲ"
ကျန်းမုန့်လောင်က အဆောင်ခန်းများတည်ရှိရာအထပ်၏ ထောင့်နားရှိ အခန်းအနည်းငယ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဧည့်ခန်းတွေလား"
ဝမ်လင်က တခစ်ခစ်ရယ်လိုက်၏။
"မင်း ဒီလောကအကြောင်းကို နားမလည်ပါဘူး။ Esportsကစားသမားတွေရဲ့ အချိန်စီမံခန့်ခွဲမှုက အရမ်းတင်းကျပ်တယ်။ ပုံမှန်အခြေအနေမျိုးမှာဆိုရင် သူတို့တွေက ဌာနချုပ်ထဲကနေ အပြင်ထွက်ခွင့်မရှိဘူး။ ဒါပေမဲ့ တချို့ကောင်လေးတွေကျတော့ တစ်ခါတစ်ခါကျရင် သူတို့ကောင်မလေးတွေနဲ့ ခံစားချက်ချင်း ဖလှယ်ဖို့လိုအပ်နေသေးတယ်လေ။ ဒါကို ငါကတော့ ဆက်ဆံရေးဖလှယ်တဲ့အခန်းလို့ခေါ်တယ်"
"ငါ့ကောင်ရာ"
ကျန်းမုန့်လောင်လည်း မရယ်ဘဲ မနေနိုင်တော့ချေ။
"မင်း ဒီလောက်အထိ လူသားဆန်လိမ့်မယ်လို့ ငါမထင်ထားဘူး"
နှစ်ဦးသား လေ့ကျင့်ရေးအခန်းများရှိသော အထပ်သို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် esportsအမျိုးအစားတစ်ခုချင်းစီအတွက် သတ်မှတ်ထားသော လေ့ကျင့်ရေးအခန်းများစွာရှိ၏။ ဝမ်လင်ကလည်း ကျန်းမုန့်လောင်ကို ပထမဆုံးအခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤသည်မှာ League of Legendsအသင်း၏ လေ့ကျင့်ရေးအခန်းဖြစ်ပြီး ကစားသမားအားလုံးကလည်း လေ့ကျင့်ရေးဆင်းနေကြလေသည်။
"ဖြောင်းဖြောင်းဖြောင်း"
ဝမ်လင်က လက်ခုပ်တီးလိုက်၏။
"အားလုံးပဲ.. ခဏနားလိုက်ကြပါဦး။ မင်းတို့တွေကို ဒီကလပ်ရဲ့ နောက်ထပ်ရှယ်ယာရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့"
ဝမ်လင်၏ခေါ်သံကို ကြားလိုက်ရသောအခါ ကစားသမားများနှင့် နည်းပြများက ခေါင်းလှည့်ကြည့်လာကြသည်။ ကျန်းမုန့်လောင်ကိုမြင်လိုက်ချိန်ဝယ် သူတို့မျက်နှာထက်တွင် အံ့အားသင့်မှုများ တောက်ပသွားလေတော့သည်။
"အမလေး.. ဘော့စ်ကျန်းပဲ။ ငါတို့ရဲ့ရှယ်ယာရှင်နောက်တစ်ယောက်က ဘော့စ်ကျန်းပါလား"
"အမေရေ.. ကျွန်တော် သူ့ကို လူကိုယ်တိုင်တွေ့ရပြီ။ ဘော့စ်ကျန်း.. ကျေးဇူးပြုပြီး လက်မှတ်လေးထိုးပေးပါဦး"
"ဘော့စ်ကျန်း.. ကျွန်တော်က ခင်ဗျားရဲ့ပရိသတ်ပါ။ ဓာတ်ပုံတစ်ပုံလောက် ရိုက်လို့ရမလား"
"ကျွန်တော်ရောပဲ။ ကျွန်တော်ရောပဲ"
"ကျွန်တော်တို့တွေအားလုံးက ခင်ဗျားရဲ့ပရိသတ်တွေပါ"
ရုတ်တရက်ဆန်လှသော စိတ်အားထက်သန်မှုများကြောင့် ကျန်းမုန့်လောင် အံ့အားသင့်သွားရသည်။
"လာ.. မင်းကို ငါတို့အသင်းရဲ့ အကြမ်းဆုံးကစားသမားတချို့နဲ့ မိတ်ဆက်ပေးမယ်"
ဝမ်လင်က ထိုလူအုပ်ထဲမှ လူအနည်းငယ်ကို ဆွဲထုတ်လိုက်၏။
"ဒါက League of Legendsအသင်းရဲ့ကပ္ပတိန် ယွီယွင်ဝေ့တဲ့။ နာမည်ကိုမသိရင်တောင် သူ့ဂိမ်းIDကိုတော့ မင်း ကြားဖူးမှာပါ။ သူက'destiny'လေ"
"သူက'destiny'လား"
ကျန်းမုန့်လောင်သည် သူ ဂိမ်းကစားသည့်အချိန်တိုင်း ဤကစားသမား၏ ဗီဒီယိုများကို Streaming Siteအသေးစားတစ်ခုတွင် မကြာခဏမြင်ဖူးသည်။ သူ့လှုပ်ရှားမှုများမှာ အံ့ဖွယ်ကောင်းလောက်အောင် ထူးချွန်ထက်မြက်လှပြီး ရဲရင့်မှုနှင့် ခံ့ညားမှုတို့လည်း ရောနှောနေကာ soloပွဲစဉ်များတွင် ကမ္ဘာ့ချန်ပီယံများကို အကြိမ်ပေါင်းများစွာ တစ်ကိုယ်တော်သတ်ဖြတ်နိုင်ခဲ့သည်။
"ဟိုဘက်မှာရှိတဲ့ kinggoကလပ်က သူ့ကို နှစ်စဉ်အခကြေးငွေ ဒေါ်လာသန်း၂၀ပေးပြီး စာချုပ်ချုပ်ချင်နေတာ။ ဒါပေမဲ့ သူက လက်မခံခဲ့ဘူးလေ။ အခု သူ့ကို ငါ ခေါ်ထားလိုက်ပြီ"
ဝမ်လင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလာလေသည်။
"သူ့ကို ငါတို့ရဲ့ဝှက်ဖဲအဖြစ်ထားပြီး ဒီနှစ် ကမ္ဘာ့Esportsအိုလံပစ်မှာ သေချာပေါက် ပွဲဦးထွက်ကောင်းအောင် လုပ်ရမယ်"
League of Legendsအသင်းတွင် အဓိကကစားသမားများနှင့် အစားထိုးကစားသမားအရေအတွက်မှာ စုစုပေါင်း၁၂ယောက်ရှိ၏။ ကျန်ကစားသမား၁၁ယောက်က ယွီယွင်ဝေ့ကို အလွန်လေးစားကြကြောင်း ကျန်းမုန့်လောင် အတိုင်းသားမြင်နေရသည်။ Esportsနယ်ပယ်တွင် ကျွမ်းကျင်မှုကသာ လေးစားခံရနိုင်သည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်၏။
"မဆိုးပါဘူး"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။
"ဟိုဘက်ကို သွားကြည့်ရအောင်"
"ဒါက Street Fighterကစားသမားတွေရဲ့ လေ့ကျင့်ရေးအခန်းလေ"
ဝမ်လင်က မိတ်ဆက်ပေးလိုက်သည်။
"ဘော့စ်"
ပွဲစဉ်တစ်ခုကို ကစားရင်းတန်းလန်းဖြစ်နေသော နှစ်ယောက်ကလွဲ၍ ကစားသမားအားလုံး မတ်တတ်ထရပ်ကြလေသည်။
"ဟေ့ မင်းတို့နှစ်ယောက်က ဘာလုပ်နေတာလဲ။ ဘော့စ်ရောက်နေတယ်လေ"
နည်းပြက သူတို့အား ကပျာကယာလောဆော်လိုက်၏။
"စိတ်မပူပါနဲ့။ သူတို့ကို ဒီတစ်ပွဲပြီးအောင် ကစားခွင့်ပေးလိုက်ပါ"
ကျန်းမုန့်လောင် ပြုံးလိုက်မိ၏။ esportsသည် အာရုံစူးစိုက်မှုမြင့်မားရန် လိုအပ်ပြီး လေ့ကျင့်ရေးပွဲစဉ်များကိုပင် ပြင်ပအကြောင်းအရာများမှ လာမနှောင့်ယှက်သင့်ကြောင်း သူသိသည်။
"ဒီနှစ်ယောက်က ငါတို့ ကြေးမြင့်မြင့်ပေးပြီး ခေါ်ယူထားရတဲ့လူတွေလေ"
ဝမ်လင်က ပြောလိုက်၏။
"တစ်ယောက်က လော့လင်တဲ့။ မနှစ်တုန်းက cybercafeရဲ့ နိုင်ငံ့ချန်ပီယံလေ။ နောက်တစ်ယောက်ကတော့ ကျွန်းစီရင်စုက ချန်ပီယံဝေ့ဝေ့ဟိုင်တဲ့။ ဒါပေမဲ့ သူ့စိတ်နေသဘောထားက တော်တော်ဆိုးတယ်။ သူ့ရဲ့ခွန်အားကိုပဲ မှီခိုတတ်ပြီး တခြားအသင်းဖော်တွေကိုလည်း သိပ်မဖော်ရွေဘူး။ သူတို့ကို ခဏခဏအရှက်ခွဲတတ်တယ်"
"ပြီးတော့ သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အသာစီးမပေးချင်ကြဘဲ နှစ်ယောက်စလုံးက အဖွဲ့ခေါင်းဆောင်ဖြစ်ချင်နေကြတာ။ သူတို့ ပြိုင်နေကြတာ တော်တော်ကြာပြီ။ နိုင်လိုက်ရှုံးလိုက်ပဲ"
"အိုကေ"
တစ်မိနစ်အကြာတွင် ပြိုင်ပွဲပြီးဆုံးသွားလေသည်။ ဤပွဲစဉ်တွင် လော့လင်က အသက်အနည်းငယ်ဖြင့် အနိုင်ရခဲ့သည်။
"သေစမ်း။ နည်းနည်းပဲလိုတော့တာကို"
ဝေ့ဝေ့ဟိုင်ခမျာ ဒေါသထွက်လွန်းသဖြင့် controllerကို ပစ်ချမိမတတ်ပင်။
"ဟားဟား ဒီတစ်ခါတော့ ငါနိုင်ပြီ"
"တော်စမ်းပါ။ ငါတို့ ဒီနေ့ ရှစ်ပွဲကစားခဲ့တာ။ တစ်ယောက်ကို လေးပွဲစီနိုင်တယ်။ သရေပဲကွ။ ဘာမှဂုဏ်ယူနေစရာမရှိဘူး"
ဝေ့ဝေ့ဟိုင်ကလည်း ပြန်ပက်ချေသည်။
"ကောင်းပြီ။ မစ္စတာကျန်းနဲ့ မစ္စတာဝမ်တို့ကို လာတွေ့လှည့်"
နည်းပြက ချက်ချင်း ဝင်ပြောလိုက်လေသည်။
"မစ္စတာကျန်းနဲ့ မစ္စတာဝမ်"
ကောင်လေးနှစ်ယောက်က ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ကို အနည်းငယ်ဦးညွှတ်လိုက်ချေသည်။
"မင်းတို့နှစ်ယောက်လုံးက ချန်ပီယံတွေလား"
ကျန်းမုန့်လောင် မေးခွန်းထုတ်လိုက်သည်။
"ဆိုပါတော့"
သူတို့ ပြန်ဖြေလိုက်ချိန်ဝယ် မျက်နှာပေါ်တွင် အာခံလိုသောအပြုံးများ ဆင်မြန်းထားပေသည်။
"ဝမ်လင့်ဆီက ကြားထားတာတော့ မင်းတို့နှစ်ယောက်က အဖွဲ့တွင်းအနိုင်ကျင့်သူဖြစ်ရဖို့အရေး ပြိုင်နေကြတယ်ဆို"
ကျန်းမုန့်လောင်က အရွှန်းဖောက်လိုက်သည်။
သူတို့မျက်နှာပေါ်ရှိ အမူအရာများမှာ အနည်းငယ်ပြောင်းလဲသွားလေသည်။ ထို့နောက် ဤသို့ဆိုလာ၏။
"မစ္စတာကျန်း... တကယ်တော့ သူတို့တွေက ကျွမ်းကျင်မှုအားနည်းနေတာပါ။ လက်ရှိစာရင်းဇယားအတိုင်းဆိုရင် မြို့တစ်မြို့စီက အသင်းတစ်သင်းကို ရွေးချယ်ရမယ်။ ပြီးရင် မြို့အားလုံးမှာရှိတဲ့အသင်းတွေက ယှဉ်ပြိုင်ပြီးရင် ပြည်နယ်အဆင့်အသင်းတစ်သင်းဖွဲ့ရမယ်။ ပြီးရင်တော့ အစွမ်းအထက်ဆုံး ပြည်နယ်အသင်းသုံးသင်းကပဲ Esports Olympicsကို ဝင်ခွင့်ရမှာ။ ကျွန်တော်တို့ရဲ့ လက်ရှိအဆင့်က အဲဒီလောက်အထိ မကောင်းသေးဘူး"
"ဒီတော့ မင်း သူများတွေကို အရှက်ခွဲနေတာ အဲဒီအကြောင်းပြချက်ကြောင့်လား"
ကျန်းမုန့်လောင်လည်း ခပ်မာမာမေးလိုက်လေတော့သည်။ အခြားအသင်းများကိုတော့ သူ့အနေနှင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိသော်ငြား သူ့အသင်းထဲတွင်မူ ယခုလိုအပြုအမူမျိုးကို သည်းခံပေး၍မရချေ။
သူတို့ကလည်း အကြည့်လွှဲသွားကြပြီး ထိုမေးခွန်းကို ပြန်ဖြေဖို့ လိုလားဟန်မတူပေ။
"ဒီတော့ မင်းပြောချင်တဲ့သဘောက မင်းထက်သာတဲ့လူတစ်ယောက်သာ ရှိမယ်ဆိုရင် သူတို့အနေနဲ့လည်း မင်းကို တစ်ပုံစံတည်းအရှက်ခွဲခွင့်ရှိတယ်ပေါ့"
ကျန်းမုန့်လောင်၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ်ကွေးညွတ်သွားလေသည်။
"ငါ ခုနကပဲ မင်းကစားတဲ့ပွဲစဉ်ကို ကြည့်လိုက်ရတယ်"
ကျန်းမုန့်လောင်က ဆိုလိုက်၏။
"ငါ့အမြင်တော့ မင်းတို့နှစ်ယောက်စလုံး တော်တော်ညံ့တာပဲ"
***********