← Chapters

သူက ညံ့ချင်ယောင်ဆောင်နေတာ

Vol. 23 Ch. 342

သူက ညံ့ချင်ယောင်ဆောင်နေတာ

Vol. 23 Ch. 342

"သူတို့နှစ်ယောက်က တော်တော်ညံ့တာတဲ့လား"

ကျန်းမုန့်လောင်၏စကားကို ကြားလိုက်သောအခါ ဘေးနားရှိ အဖွဲ့ဝင်များမှာ အံ့အားသင့်သွားသော အမူအရာများကို ပြသလာကြသည်။

Street Fighter၏ ပရိသတ်အရေအတွက်မှာ League of Legendsကဲ့သို့ ကမ္ဘာ့အဆင့်ဂိမ်းများနှင့်ယှဉ်လျှင် မပြောပလောက်သော်လည်း ဂိမ်း၏ခက်ခဲမှုအဆင့်ကမူ ထိုဂိမ်းများထက် လုံးဝမလျော့ပေ။

Street Fighterကျွမ်းကျင်သူတစ်ဦးသည် သာမန်ကစားသမား၏ ဇာတ်ကောင်သုံးကောင်ကို သွေးအနည်းငယ်မျှပင် မဆုံးရှုံးဘဲ ဇာတ်ကောင်တစ်ခုတည်းဖြင့်အနိုင်ယူနိုင်သည်။ လော့လင်နှင့် ဝေ့ဝေ့ဟိုင်တို့ကလည်း ထိုအဆင့်သို့ ရောက်လုနီးနီးပင်။

Street Fighterဂိမ်းနယ်ပယ်တစ်ခုလုံးတွင် သူတို့နှစ်ယောက်မှာ နာမည်ကျော်ကြားလှပေသည်။ ပြီးခဲ့သည့်တစ်ခေါက်က ကျင်းပခဲ့သော နိုင်ငံတော်အဆင့် Street Fighterအင်တာနက်ကဖေးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲတွင် လော့လင်၏ အဆုံးသတ်လှုပ်ရှားမှုများမှာ နိုင်ငံတကာကစားသမားများထံမှပင် ချီးကျူးခံခဲ့ရသည်။ ထိုလှုပ်ရှားမှုကို ဂန္တဝင်ဆန်သည်ဟုဆိုလျှင်ပင် ချဲ့ကားခြင်းမဟုတ်ချေ။

ဤပြိုင်ပွဲကြောင့်ပင် လော့လင်သည် ပြည်တွင်းပြည်ပမှ ပရိသတ်များစွာရရှိခဲ့ပြီး Street Fighterကမ္ဘာ့ချန်ပီယံကပင် သူ့ကို အလွန်အမင်းချီးကျူးခဲ့သေးသည်။

အခြားအဖွဲ့ဝင်များ၏ အမြင်တွင် သူတို့နှစ်ဦးသည် အဖွဲ့ထဲ၌ အတန်ငယ်မောက်မာပြီး အာဏာရှင်ဆန်သော်လည်း သူတို့၏စွမ်းရည်ကိုမူ အပြည့်အဝ အသိအမှတ်ပြုထားကြသည်။ သူတို့နှစ်ယောက်ကိုသာ "ညံ့သည်"ဟုဖော်ပြပါက သူတို့ဆိုလျှင် မည်သို့များဖော်ပြရမည်နည်း။

ကျန်းမုန့်လောင်က သူတို့၏ဘော့စ်ဖြစ်သော်လည်း esportsကစားသမားတိုင်းတွင် ကိုယ့်ဂုဏ်သိက္ခာနှင့်ကိုယ် ရှိပေသည်။ ကျန်းမုန့်လောင်အနေနှင့် သူတို့၏လုပ်ဆောင်မှုများကို အလေးမထားဘဲ ပြောဆို၍ရကောင်းသော်ငြား သူတို့၏စွမ်းရည်အား စော်ကားခြင်းကိုမူ လုံးဝသည်းမခံနိုင်ပေ။

"မင်းတို့နှစ်ယောက်က တစ်နှစ်ကို နှစ်သန်းတန်တယ်လို့ ငါကြားထားတယ်"

ကျန်းမုန့်လောင်က ဆက်မေးလိုက်သည်။

သူတို့နှစ်ယောက်ကလည်း အေးတိအေးစက်သရော်ရင်း ထိုပမာဏကို အတည်ပြုပေးလိုက်သည်။ ဤဈေးနှုန်းမှာ သူတို့အတွက် အတန်ငယ်မြင့်မားပေသည်။ Street Fighterပရော်ဖက်ရှင်နယ်ကစားသမားများအကြားတွင် ထိပ်တန်းအဆင့် နိုင်ငံတကာကစားသမားများပင် အခြေခံလစာ ဒေါ်လာနှစ်သိန်းခန့်သာရှိသည်။ ဤသည်မှာ ပြိုင်ပွဲမှရသော ဆုကြေးငွေမပါပေ။

"ဒါပေမဲ့ ငါ့အမြင်မှာတော့ မင်းတို့ကို တစ်နှစ်စာယွမ်နှစ်သိန်းပေးရင်တောင် တော်တော်များလှပြီ"

"ဘာ"

သူတို့နှစ်ယောက်သား မယုံကြည်နိုင်ခြင်းကြောင့် မျက်လုံးပြူးကျယ်သွားရလေသည်။ သူတို့၏ယခင်အသင်းဟောင်းက ဝမ်လင်၏ကလပ်လောက် မကြီးသော်ငြား အခြေခံလစာယွမ်နှစ်သိန်းကတော့ သူတို့လို ထိပ်တန်းအဆင့်ကစားသမားများအတွက်တော့ စော်ကားမှုကြီးတစ်ခုပင်။

"ဘာလဲ။ မကျေနပ်ဘူးလား"

ကျန်းမုန့်လောင်က အပြုံးဖြင့် ဆိုလိုက်လေသည်။

"ဒါပေမဲ့ မင်းတို့၏အစွမ်းအစကတော့ အဲဒီလောက်ပဲ တန်ဖိုးရှိတယ်"

"ဘော့စ်ကျန်း"

နောက်ဆုံးတွင်မူ လော့လင် စိတ်မထိန်းနိုင်တော့ပေ။

"လော့လင် မင်း ဘာလုပ်မလို့လဲ"

နည်းပြက လော့လင်ကို ချက်ချင်းတားလိုက်သော်ငြား လော့လင်ကမူ နည်းပြ၏လက်ကို ခါချ၍ သူ့သြဇာအာဏာကိုလည်း လုံးဝလျစ်လျူရှုလိုက်ချေသည်။

"ရပါတယ်။ ပြောပါစေ"

ကျန်းမုန့်လောင်ကလည်း ပြုံးပြုံးလေး ဆိုလိုက်လေသည်။

"ဘော့စ်ကျန်း.. ကျွန်တော်တို့ရဲ့အစွမ်းအစက ညံ့တယ်ဆိုတော့ ခင်ဗျားကတော့ သိပ်ပြိုင်ဘက်ကင်းတဲ့ပုံပဲ"

လော့လင်က "ပြိုင်ဘက်ကင်း"ဟူသော စကားလုံးကို တမင်တကာဖိပြောလိုက်၏။

"ကျွန်တော်တို့ တစ်ပွဲလောက်ကစားကြရင်ရော.. အဲဒါမှ ဒီnoobလေးက မျက်စိပွင့်နားပွင့်ဖြစ်သွားမှာလေ"

ဤအဖြစ်ကြောင့် ဝမ်လင်၏အမူအရာမှာ ပြောင်းလဲသွားလေသည်။ ကျန်းမုန့်လောင်နှင့် သိလာတာကြာပြီဖြစ်သောကြောင့် သူတို့ အပြင်ထွက်တိုင်း အများဆုံးလုပ်လေ့ရှိသည်မှာ ဂိမ်းကစားခြင်းပင်။ သို့သော် ကျန်းမုန့်လောင်က ဂိမ်းကစားရာတွင် တွင်းပေါက်ကြီးတစ်ခုအလားပင်။ ဂိမ်းတစ်ခုကို ကြည့်ချိန်တိုင်း သူ့မှတ်ချက်များမှာ ကမ္ဘာ့ချန်ပီယံအလားပင်။ သို့သော် တကယ်တမ်းကစားချိန်တွင်မူ သူ့လက်ရည်ကား အလွန်ဆိုးဝါးလှ၏။

အထူးသဖြင့် တိုက်ခိုက်ရေးဂိမ်းများတွင် "Noob"ဟူသော စကားလုံးကို ကျန်းမုန့်လောင်က နောက်တစ်ဆင့်ရောက်သွားစေခဲ့သည်။ ဝမ်လင်နှင့် ယှဉ်တိုင်းလည်း တစ်ယောက်ချင်းပွဲစဉ်တွင်ဖြစ်စေ သုံးယောက်တစ်ယောက်ပွဲစဉ်တွင်ဖြစ်စေ သုံးယောက်နှစ်ယောက်ပွဲစဉ်တွင်ဖြစ်စေ အမြဲလိုလိုရှုံးနေသည်ချည်းသာ။ ယခုအချိန်အထိလည်း သူ တစ်ပွဲမှမနိုင်ဖူးသေးချေ။

ရှုံးတိုင်းလည်း ကျန်းမုန့်လောင်က သူ့ကီးဘုတ် သို့မဟုတ် ထိန်းချုပ်စက်ကို အပြစ်တင်လေ့ရှိသည်။ သို့သော် ကျန်းမုန့်လောင်၏ ဂိမ်းစက်အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းမှာ တစ်သိန်းအောက်မလျော့မှန်း ဝမ်လင် ကောင်းကောင်းသိသည်။ သူ့ကွန်ပျူတာကလည်း အဓိကဖရိန်အဖြစ် အသုံးပြုသော စူပါကွန်ပျူတာကြီးတစ်ခုပင်။ ဖန်သားပြင််မှာ စစ်ရေးဗျူဟာသုံးကြည်လင်ပြတ်သားမှုအဆင့်ရှိပြီး သူ့မောက်စ်ကိုလည်း စိန်များစီခြယ်ထားသေးသည်။

ကျန်းမုန့်လောင်၏ ဂိမ်းစွမ်းရည်ကို ဖော်ပြရမည်ဆိုပါက စကားစုတစ်ခုတည်းသာ လိုပေသည်။ "ဆိုးဝါးတာက မူလအပြစ်ဒဏ်ပဲ"

Esportsလောကတွင် APMတန်ဖိုးက ဂိမ်းများအလိုက် ပြောင်းလဲသွားသည်။ ဥပမာအားဖြင့် ခလုတ်တစ်ခုတည်းကို တပ်ခါတလဲလဲနှိပ်ရသည့် Warcraftကဲ့သို့သော ဂိမ်းများတွင် APM300နှုန်းမှာ ချွတ်ချော်မှုများစွာရှိနိုင်လေသည်။

သို့သော် တိုက်ခိုက်ရေးဂိမ်းများတွင်မူ APMသည် ချွတ်ချော်မှုမရှိပါဘဲ ခိုင်မာလှ၏။ လော့လင်း၏APMမှာ 321ကျော်ပြီး တရားဝင်မှတ်တမ်းများအရ လက်ရှိကမ္ဘာ့ချန်ပီယံ၏APMမှာ အကြမ်းဖျင်းအားဖြင့် 347ဝန်းကျင်ရှိသည်ဖြစ်ရာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ပမာဏပင်။

ယခုမူ ဟွာရှားချန်ပီယံဖြစ်သူ လော့လင်က ကျန်းမုန့်လောင်နှင့် ယှဉ်ပြိုင်လေတော့မည်။ ကျန်းမုန့်လောင်အနေနှင့် အကောင်းဆုံးကြိုးစားမည်ဆိုလျှင် လော့လင်၏သွေးဘားကို တစ်ဝက်လောက်ကုန်အောင် လုပ်နိုင်လျှင်ပင် တော်တော်ကောင်းနေလေပြီ။ ထိရောက်မှုရှိသော ရိုက်ချက်တစ်ချက်ကို မထုတ်နိုင်ဖို့မှာ ဖြစ်နိုင်ခြေရှိလှသည်။

ကျန်းမုန့်လောင်ဘက်က သဘောတူလိုက်လျှင် အရှက်ခွဲခံရပြီး လုံးဝရှုံးနိမ့်ရပေလိမ့်မည်။ သို့သော် ငြင်းလိုက်လျှင်လည်း ဘော့စ်ကျန်းတွင် သြဇာအာဏာမရှိနိုင်တော့ဘဲ ရှေ့ဆက်သွားရန် မဖြစ်နိုင်တော့ချေ။ ကျန်းမုန့်လောင်အနေနှင့် စိန်ခေါ်မှုကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ့အတွက် အခြေအနေကောင်းနိုင်ဖွယ်ရာမရှိချေ။

ကျန်းမုန့်လောင်အနေနှင့် သူ့ဂုဏ်သိက္ခာကို အဖတ်ဆည်ရန်အတွက် သူတို့ကို အလုပ်ဖြုတ်ပစ်၍ရသော်ငြား ထိုကဲ့သို့သော အဆင့်မြင့်ကစားသမားများမှာ အလွယ်တကူအစားထိုးလို့မရပေ။ သူတို့၏ဆုံးရှုံးမှုမှာ အဖွဲ့အတွက် ပြင်းထန်လှစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

"ဒါပေါ့"

အားလုံးအံ့သြသွားရသည်မှာ ကျန်းမုန့်လောင်က ချက်ချင်းသဘောတူလိုက်ပေသည်။

"ဒါပေမဲ့ ငါ့မှာ အပေးအယူတစ်ခုရှိတယ်"

"ဘာအပေးအယူလဲ"

လော့လင်က မေးလိုက်၏။

"မင်းနိုင်ရင် ငါ မင်းရဲ့လစာကို တစ်နှစ်ငါးသန်းနှုန်းနဲ့ တိုးပေးမယ်။ ဒီအဖွဲ့ထဲမှာ မင်းဘာသာ ဘယ်လောက်မော်ကြွားနေပါစေ ငါ ဂရုမစိုက်တော့ဘူး"

"ကောင်းပြီလေ"

လော့လင်က တစ်ချက်မျှပင်မတွေဝေဘဲ သဘောတူလိုက်၏။ သူ့စိတ်ထဲတွင် ရှုံးနိုင်ခြေရှိသည်ဟုပင် တွေးမထားပေ။ အကြောင်းမှာ ငွေနှင့်စွမ်းရည်တို့မှာ ဆက်စပ်မှုမရှိသောကြောင့်ပင်။

"တကယ်လို့ မင်းရှုံးခဲ့ရင်ရော"

ကျန်းမုန့်လောင်က ပြန်မေးလိုက်၏။

"တကယ်လို့ ကျွန်တော်ရှုံးခဲ့ရင် ခင်ဗျားဖြစ်စေချင်တဲ့အတိုင်း ကျွန်တော့်ကို အဖွဲ့ထဲက ဖယ်ရှားပစ်လို့ရတယ်"

"အဲဒီလိုလုပ်ဖို့မလိုပါဘူး"

ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ပြောလိုက်၏။

"မင်းရှုံးရင် ငါ့အတွက် သုံးနှစ်တိတိ အလကားအလုပ်လုပ်ပေးရမယ်။ မင်းရဲ့အသင်းဖော်တွေကိုလည်း ထပ်ပြီးမစော်ကားရတော့ဘူး။ ဘယ်လိုလဲ"

"သဘောတူတယ်"

လော့လင်က စိတ်အားထက်သန်စွာ ဆိုလိုက်၏။ တစ်နှစ်လျှင် ဒေါ်လာငါးသန်းလစာဆိုသည်မှာ အလွန်ကောင်းလှပြီဖြစ်၏။

"သွားရအောင်"

ကျန်းမုန့်လောင်က ထိန်းချုပ်စက်ကို ကောက်ကိုင်လိုက်လေသည်။

စည်းမျဉ်းများကတော့ ရိုးရှင်းလှပေသည်။ ကစားသမားတစ်ယောက်စီက ဇာတ်ကောင်သုံးမျိုးကို ရွေးချယ်နိုင်ပြီး ကစားသမားတစ်ယောက်အနေနှင့် သူတို့၏ဇာတ်ကောင်သုံးခုစလုံး ရှုံးသွားလျှင် ပွဲပြီးပြီဖြစ်၏။

ကစားသမားနှစ်ယောက်စလုံးက ဇာတ်ကောင်အတူတူကိုသာ ရွေးချယ်ခဲ့ကြသည်။ ရူ၊ ခန်နှင့် ချွန်းလီတို့ပင်။ သူတို့ရွေးချယ်ထားသော အစဉ်လိုက်လေးသာ အနည်းငယ်ကွဲသွားပေသည်။ ကျန်းမုန့်လောင်၏အစဉ်လိုက်မှာ ကန်၊ ချွန်းလီနှင့် ရူဖြစ်ပြီး လော့လင်၏အစဉ်လိုက်ကမူ ချွန်းလီ၊ ရူနှင့် ကန်တို့ပင်။

"လော့လင်က ဘော့စ်ကို နည်းနည်းမှ မျက်နှာသာပေးဖို့ စိတ်ကူးမရှိဘူးပဲ"

ပွဲကြည့်ပရိသတ်များက လော့လင်သည် ပထမဆုံးအနေနှင့် ချွန်းလီကို ရွေးချယ်လိုက်သည်ကိုမြင်သောအခါ ဆိုးဝါးသောခံစားချက်တစ်ခုကို ချက်ချင်းခံစားလိုက်ရ၏။ ချွန်လီသည် လော့လင် အကျွမ်းကျင်ဆုံးဇာတ်ကောင်ဖြစ်ပြီး သူ့အမှတ်သညာဇာတ်ကောင်တစ်ခုလည်း ဖြစ်သည်။ တစ်ခါတုန်းက သူသည် ပြိုင်ပွဲတစ်ခု၌ ၄၁ချက်တွဲတစ်ခုကိုပင် ထုတ်သုံးလိုက်သောကြောင့် သွေးအပြည့်နှင့် ပရော်ဖက်ရှင်နယ်ကစားသမား၏ ဇာတ်ကောင်ကို လျှပ်တစ်ပြက်အတွင်း သုတ်သင်နိုင်ခဲ့သည်။

"ပွဲစဉ်၁ စပါပြီ"

လော့လင်၏လက်နှစ်ဖက်က မယုံနိုင်စရာကောင်းသောအရှိန်ဖြင့် လှုပ်ရှားနေပြီး လူသစ်တစ်ယောက် ဖြစ်ဟန်တူသော ကျန်းမုန့်လောင်ထံသို့ တိုက်ခိုက်မှုတစ်သီတစ်တန်းကြီးကို လွှတ်လိုက်လေသည်။ သို့ဖြစ်လေရာ ကျန်းမုန့်လောင်လည်း လော့လင်၏ချွန်းလီလက်ချက်ကြောင့် ၃၅ချက်Combo ထိမှန်သွားလေတော့သည်။

"သေစမ်း။ ငါ မကြည့်နိုင်တော့ဘူး"

ဝမ်လင်ခမျာ သူ့မျက်လုံးကို လက်ဖြင့်ကာထားလိုက်မိပြီး ရှက်နေချေသည်။

"နိုင်ငံတော်ချန်ပီယံနဲ့ ထိပ်တိုက်ရင်ဆိုင်တာက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

အခြားအသင်းဖော်များကလည်း ကျန်းမုန့်လောင်ကို သနားနေဟန်ဖြင့် ကြည့်နေကြ၏။ ဤအသင်းထဲတွင် ဝေ့ဝေ့ဟိုင်ကလွဲ၍ လော့လင်ကို တတိယမြောက်ဇာတ်ကောင်ကစားရအောင် မည်သူမျှ မစွမ်းဆောင်နိုင်ချေ။

ဤအရှိန်အတိုင်းဆိုလျှင် ကျန်းမုန့်လောင်အနေနှင့် ထိခိုက်မှုများကို ခံနိုင်ရည်ရှိမည်မဟုတ်။

"ပွဲစဉ်၂ စတင်ပါပြီ"

"ဖောက် ဖောက် ဖောက်.."

နောက်ထပ်၃၇ချက်Comboထပ်ပစ်လိုက်ပြန်လေရာ ကျန်းမုန့်လောင်လည်း စက္ကန့်ပိုင်းအတွင်း အနိုင်ပိုင်းခံလိုက်ရပြန်သည်။

"လော့လင် ဘော့စ်ကို နည်းနည်းပါးပါးမျက်နှာသာပေးလိုက်ပါဦး"

ဝေ့ဝေ့ဟိုင်က တမင်တကာပင် ခပ်ကျယ်ကျယ်ပြောလိုက်၏။

တတိယပွဲစဉ်တွင်မူ လေ့ကျင့်ရေးComboတစ်သီတစ်တန်းလိုက်ကြီးအပြီး၌ ကျန်းမုန့်လောင်တွင် သွေးအနည်းငယ်သာ ကျန်တော့သည်။ နောက်တစ်ချက်ထပ်အပစ်ခံလိုက်ရလျှင် နောက်ဆုံးသွေးလက်ကျန်လည်း ကုန်သွားတော့မည်ဖြစ်လေရာ ဤပြိုင်ပွဲတွင် ကျန်းမုန့်လောင်ရှုံးကြောင်း ကြေညာသလို ဖြစ်သွားပေမည်။

လူတိုင်းက ကျန်းမုန့်လောင်၏အမူအရာကို ကြည့်ရန်အတွက် သူ့ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုလူက ထူးဆန်းလှသော အပြုံးတစ်ပွင့်ကို ဆင်မြန်းထားလေသည်။

"ကောင်းပြီ။ ဒီလောက်ဆိုရင်ရပြီ"

ကျန်းမုန့်လောင်က ဆို၏။

"အခု မင်းရဲ့စကေးက ဘယ်လောက်ညံ့လဲဆိုတာ ငါပြောပြတော့မယ်"

"ဟမ့် လေကြီးလေကျယ်နဲ့"

လော့လင်က တစ်ကိုယ်တည်းရေရွတ်ရင်း လက်များကိုလည်း ခပ်မြန်မြန်လှုပ်ရှားလိုက်ပြန်၏။

"သွားပြီ"

"ကျစ် ကျစ် ကျစ်.. တစ်နှစ်ကို ဒေါ်လာငါးသန်းဆိုတာကြီးက ရဖို့လွယ်လိုက်တာ။ အားကျတယ်ကွာ"

"နေပါဦး။ ဘော့စ်ကျန်းက အဲဒါကို တားလိုက်တာလား"

"ဘာ.. chipအပျက်အစီးကို တားလိုက်တာလား။ ဒါက တားလိုက်တာလား"

သူတို့ဆိုလိုသည့် ပိတ်ဆို့ခြင်းဆိုသည်မှာ အသစ်စက်စက်ကာကွယ်ရေးစနစ်တစ်ခုဖြစ်၏။ ကစားသမားသည် ပြိုင်ဘက်၏ပစ်ချက် ထိမှန်တော့မည့်အချိန်အတိအကျတွင် joystickကို ညာဘက်သို့ သို့မဟုတ် အောက်ဘက်သို့တွန်းပြီး သွေးအနည်းငယ်မျှပင်မဆုံးရှုံးရပါဘဲ တိုက်ခိုက်မှုကို လုံးဝပိတ်ဆို့နိုင်ပေသည်။

သို့သော် ဤလှည့်ကွက်ကား ကစားသမားထံမှ အလွန်မြင့်မားသော တုံ့ပြန်ချိန်နှင့် လုပ်ဆောင်မှုအမြန်နှုန်းကို လိုအပ်လေသည်။

"တစ်ခါတည်းပါ။ ကံကောင်းသွားတာနေမှာပါ။ ဟုတ်တယ်မလား"

"သေချာတာပေါ့။ လူသစ်တစ်ယောက်တောင်မှ အဲဒီလိုပိတ်ဆို့မှုမျိုးကို တစ်ခါတလေကျရင် လုပ်နိုင်တယ်လေ"

သို့သော် နောက်ပိုင်းဆက်ဖြစ်လာသည့် ကိစ္စများမှ လူတိုင်းကို မျက်လုံးပြူးသွားစေခဲ့သည်။

ကျန်းမုန့်လောင်ကတော့ အေးဆေးတည်ငြိမ်နေပြီး သူ့လက်များကလည်း စည်းချက်ညီညီ လှုပ်ရှားနေသည်။ လော့လင်၏ နောက်ထပ်တိုက်ခိုက်မှု၁၃ခုလုံးကို ကျန်းမုန့်လောင်က ပိတ်ဆို့ကာကွယ်နည်းကို အသုံးပြု၍ အပြည့်အဝပိတ်ဆို့ထားနိုင်ခဲ့သည်။

လော့လင် ကြက်သေသေသွားချေသည်။

"ဒါ..ဒါက မဖြစ်နိုင်တာကြီး"

ဝမ်လင်၏မျက်လုံးထဲတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွားလေ၏။

"ဒီကောင်က တစ်ချိန်လုံးဟန်ဆောင်နေခဲ့တာပေါ့"

********

All Chapters