သူတို့ဆယ့်နှစ်ယောက်ကို ငါတစ်ယောက်တည်းနဲ့ဝိုင်းထားတာ
Vol. 23 Ch. 344
"မစ္စတာကျန်း.. ခင်ဗျား နောက်နေတာပဲဖြစ်မယ်။ ကျွန်တော်က ဘယ်လိုလုပ်ပြီး ခင်ဗျားရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"
ဝေ့ဝေ့ဟိုင်ခမျာ ချက်ချင်းနောက်ဆုတ်သွားလေသည်။
လော့လင်နှင့် သူ့စကေးအဆင့်က သိပ်မကွာလှပေ။ လော့လင်ပင် ဤမျှဆိုးဆိုးဝါးဝါးရှုံးနိမ့်ခဲ့ပေသည်။ သူသာ ဝင်ပြိုင်လိုက်မည်ဆိုလျှင် သူ့ကံကြမ္မာလည်း အတူတူပင်ဖြစ်ချေမည်။ သို့ဖြစ်လေရာ သူက ဘာကြောင့်များ ရှေ့တက်သွားပြီး ကိုယ့်ကိုယ်ကိုယ်အရှက်ကွဲခံနေမလဲ။
"ဒါဆို မင်းတို့က အရှုံးကိုလက်ခံတယ်ပေါ့"
ယဲ့ချိုး၏စကေးအစစ်များကို ပိုင်ဆိုင်ထားသော ကျန်းမုန့်လောင်က မေးလိုက်၏။ ကျန်းမုန့်လောင်၏APMက ယဲ့ချိုး၏ ကြောက်ဖို့ကောင်းသောအဆင့်ကို မမီသေးသော်ငြား ခုနစ်ရာရှစ်ရာလောက်ရောက်ဖို့ကတော့ ပြဿနာမရှိပေ။
အထူးသဖြင့် ဒြပ်စင်သုံးမျိုးပေါင်းစည်းမှုကို လေ့ကျင့်ပြီးနောက် ကျန်းမုန့်လောင်၏တုံ့ပြန်နှုန်း၊ အမြင်အာရုံတို့မှာ လွန်စွာတိုးတက်လာခဲ့သည်။ ၀.၁စက္ကန့်အတွင်းမှာပင် ထိရောက်သောလှုပ်ရှားမှုများစွာကို ပြုလုပ်နိုင်သည်။ သို့တိုင် စက်ပစ္စည်းများကလည်း ကျန်းမုန့်လောင်၏ ကြိမ်နှုန်းမြင့်လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးနိုင်ရမည်ဖြစ်၏။
"အရှုံးကိုလက်ခံပါပြီ"
လော့လင်က အတန်ငယ်မောက်မာသော်ငြား Esportsကစားသမားများအတွက်မူ စကေးကသာ အရေးအကြီးဆုံးအချက်ပင်။ ကျန်းမုန့်လောင်က သူ့ကို သွေးဘားအနည်းငယ်မျှဖြင့် အနိုင်ယူသွားခြင်းမှာ သူတို့၏စကေးအဆင့်က တစ်တန်းတည်းမဟုတ်ကြောင်း သက်သေထူနေလေ၏။
အထူးသဖြင့် အံ့မခန်းပသာဒရှိလှသော ကာကွယ်ပိတ်ဆို့ခြင်းစကေးပင်။ ယခင်တုန်းက ဒါအီဂိုအုမဲဟာရ၏၁၅ချက်ဆက်တိုက်ပိတ်ဆို့မှုမှာ လူသားများ လိုက်မလုပ်နိုင်သောအရာဟု ခေါ်ဆိုခဲ့ကြသည်။ သို့တိုင် ကျန်းမုန့်လောင်ကမူ သူ့တိုက်ခိုက်မှုများကို သုံးကြိမ်တိုင်တိုင် ပိတ်ဆို့နိုင်ခဲ့လေသည်။ ဤသည်မှာ မည်မျှပိုခက်ခဲလေမလဲ။
ကမ္ဘာ့ချန်ပီယံပင် ကျန်းမုန့်လောင်ကို ယှဉ်နိုင်မည်မဟုတ်။
ထိုကဲ့သို့သော ဘော့စ်မျိုးကို သူ လေးစားထိုက်ပေသည်။
"ဒီနေ့ကစပြီး ကျွန်တော် သုံးနှစ်တိတိ အလကားအလုပ်လုပ်ပေးပါ့မယ်။ စိတ်ချပါ။ အသင်းဖော်တွေကိုလည်း နောက်တစ်ခါထပ်ပြီး မစော်ကားတော့ပါဘူး"
လော့လင်က စိတ်ရင်းအမှန်ဖြင့် ဆိုလာလေသည်။
ပြီးခဲ့သည့် ပြိုင်ပွဲတွင် လော့လင်သည် သိသိသာသာတိုးတက်လာခဲ့ပြီး အသက်ကလည်း ၁၉နှစ်မျှသာ ရှိသေးသည်။ သုံးနှစ်ကြာပြီးသည့်တိုင် အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်တွင် သုံးနှစ်လောက် အခမဲ့အလုပ်လုပ်ပေးရခြင်းမှာ သူ့လို ထိပ်တန်းကစားသမားတစ်ယောက်အတွက်တော့ သိပ်မခက်ခဲလှပေ။
ဤနေရာမှာ ဆက်နေပါက သူ့အနေနှင့် ကျန်းမုန့်လောင်ထံမှ စကေးများနှင့် နည်းပညာများကိုသာ သင်ယူနိုင်ဖို့ မျှော်လင့်မိသည်။ နှစ်စဉ်လစာတစ်သန်းကုန်ကျမည်ဆိုလျှင်ပင် သူကတော့ အခကြေးငွေအဖြစ် သတ်မှတ်ပေးရန် လိုလားလေသည်။
"မင်းကရော"
ကျန်းမုန့်လောင်က ဝေ့ဝေ့ဟိုင်ကို ကြည့်လိုက်၏။
"ကျွန်တော်လည်း အတူတူပါပဲ"
ဝေ့ဝေ့ဟိုင်ခမျာ ခပ်မဲ့မဲ့ပြုံးလျက် ပြောလာချေသည်။
"ကောင်းတယ်။ မင်းတို့ရဲ့သဘောထားတွေ မှန်ကန်သင့်တော်နေရင်ရပြီ"
ကျန်းမုန့်လောင်က စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ငါက သွေးစုပ်ကောင်တစ်ကောင်မဟုတ်ဘူး။ မင်းတို့ကို သင်ခန်းစာတစ်ခုပေးရုံပဲ။ ပိုတော်တဲ့လူတစ်ယောက်ဆိုတာ ရှိစမြဲပဲ။ ကိုယ့်ကိုယ်ကိုယ်တော်လှချည်ရဲ့ဆိုပြီး မင်းတို့ အသင်းဖော်တွေကို စော်ကားမော်ကားပြောဖို့ မကြံလေနဲ့။ ကျန်းမုန့်လောင်သာမဟုတ်ဘူးဆိုရင် မင်းတို့ထက်တော်တဲ့လူတစ်ယောက်ဆိုတာ အမြဲရှိတယ်ဆိုတာမမေ့နဲ့"
"သေစမ်း။ အရမ်းကျွမ်းတာပဲ"
ဝမ်လင်က ဆဲဆိုလိုက်လေသည်။
"မင်း ဒီလိုကြောက်ဖို့ကောင်းတဲ့အကွက်မျိုးကို ဘယ်ကသင်လာတာလဲ။ နောက်ဆုံးတစ်ခေါက် မင်းအိမ်မှာ Street Fighterကစားတုန်းက ဖရဲသီးတစ်လုံးလို ပြားချပ်သွားတာလေ။ ကျန်းမုန့်လောင်အစစ် ဘယ်ရောက်သွားတာလဲ"
"ငါက ခပ်လျှိုလျှိုနေနေရုံပဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ငါ တအားမိမိုက်နေရင် နောက်ပိုင်းကျတော့ သူငယ်ချင်းမရှိတော့မှာစိုးလို့"
"မစ္စတာကျန်း… ကျွန်တော် ခင်ဗျားကို တစ်ခုလောက်မေးချင်တယ်။ အစတုန်းက ခင်ဗျား ဘာလို့ ထိရောက်တဲ့လှုပ်ရှားမှုတွေမလုပ်ဘဲ သွေးဘားနည်းနည်းပဲ ကျန်တော့တဲ့အထိ စောင့်နေခဲ့တာလဲ။ ကျွန်တော့်နောက်ဆုံးပစ်လိုက်တဲ့ တိုက်ခိုက်မှုက ပိုပြီးအထိအခိုက်များတယ်ဆိုရင် အဲဒီသွေးဘားလည်း ကျန်တော့မှာတောင်မဟုတ်ဘူး"
"ငါ..ငါက ဒီဂိမ်းဗားရှင်းကို လေ့လာနေတာလေ"
ကျန်းမုန့်လောင်က ထိုသို့ဆိုလိုက်၏။
"ငါ ဒီဗားရှင်းကို တစ်ခါမှမကစားဖူးဘူး။ ဇာတ်ကောင်ထိန်းချုပ်မှုတွေကိုလည်း မရင်းနှီးဘူးလေ။ ဒီတော့ အသားကျအောင် အချိန်နည်းနည်းတော့ ယူဖို့လိုတာပေါ့"
"ခင်ဗျား.. ခင်ဗျား ဒီဗားရှင်းကို အခုမှကစားဖူးတာလား"
လော့လင်ခမျာ မျက်လုံးပြူးသွားရပြန်လေသည်။
ဂိမ်းတစ်ခုချင်းစီမှာပင် ဗားရှင်းအမျိုးမျိုး ကွာခြားပေသည်။ Animationတစ်ခုချင်းစီ၏ ဖရိန်နှုန်းနှင့် စကေးတုံ့ပြန်ချိန်ကဲ့သို့ ကွာဟချက်တစ်ခုချင်းစီတိုင်းမှာ လှုပ်ရှားမှုများအပေါ် သက်ရောက်မှုရှိစေနိုင်သည်။
ပရော်ဖက်ရှင်နယ်ကစားသမားများပင် ဂိမ်းတစ်ခုချင်းစီ၏ ဗားရှင်းအသစ်တစ်ခုကို အသားကျရန်အတွက် အချိန်အတော်ယူရတတ်သည်။ 2Dတိုက်ခိုက်ရေးဂိမ်းများဆိုလျှင် အသားကျချိန် ရက်သတ္တပတ်အနည်းငယ်လောက် အချိန်ယူရတတ်သည်။
သို့သော် ကျန်းမုန့်လောင်ကတော့ မိနစ်ပိုင်းအတွင်းမှာပင် လုပ်ဆောင်နိုင်ခဲ့သည်။ ဤသည်မှာ လုံးဝလူသားမဆန်ချေ။
"ငါ ဒီဗားရှင်းကို အရင်က မကစားဖူးဘူး။ အဲဒါကြောင့် အချိန်နည်းနည်းကြာသွားတာ"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်၏။
"သေစမ်း"
"ဒါက သက်ရှိထင်ရှားရှိနေတဲ့ ယဲ့ချိုးပဲ"
"ငါအရှုံးပေးပါတယ်"
"ဒီလိုအဆင့်မျိုးဆိုရင် ကမ္ဘာ့ချန်ပီယံကိုတောင် အသာလေးအနိုင်ပိုင်းနိုင်တယ်"
"မစ္စတာကျန်း.. ကျွန်တော်တို့ရဲ့နည်းပြ လာလုပ်ပေးပါ့လား"
"အင်း ငါသာ မင်းတို့ကို နည်းပြလုပ်ပေးရင် မင်းတို့လည်း ဒီတစ်ခေါက် Esportsအိုလံပစ်မှာ ချန်ပီယံရပြီး အဲဒီဥရောပသားတွေနဲ့ အမေရိကန်အရှုံးသမားတွေကို အနိုင်ပိုင်းနိုင်မှာ"
"တော်လိုက်တော့။ အနိုင်ရတာနဲ့ပဲ နည်းပြမလုပ်နိုင်ဘူး"
ဝမ်လင်က ဆိုလာလေသည်။
"ဒါကတော့ သိပ်မမှန်ဘူးနော်"
ကျန်းမုန့်လောင်သည် ယဲ့ချိုးထံမှ ကိုယ်ပိုင်နည်းလမ်းများနှင့် ညွှန်ကြားမှုများကိုသာ သင်ယူခဲ့ခြင်းမဟုတ်။ လေ့ကျင့်ရေးနည်းလမ်းများနှင့် အခြားဆက်စပ်စကေးများကိုပါ သင်ယူခဲ့သည်။
ကျန်းမုန့်လောင်၏စိတ်ထဲတွင် လေ့ကျင့်ရေးနည်းလမ်းပေါင်းများစွာ ရှိ၏။ ယဲ့ချိုးလောက်တော့ မတော်သော်ငြား သူတို့သာ အချိန်အတော်ကြာကြိုးစားမည်ဆိုလျှင် အသင်းတစ်သင်းလုံးကို တစ်ဆင့်တက်လာနိုင်အောင် လုပ်ပေးနိုင်ပေသည်။
"ဒီလိုလုပ်ရင်ရော။ ဒီနေ့ကစပြီး မင်းတို့ကလပ်ရဲ့နည်းပြချုပ်ရာထူးကို ငါတာဝန်ယူလိုက်မယ်"
ကျန်းမုန့်လောင်၏အဆိုပြုချက်ကြောင့် လူတိုင်း ထိတ်လန့်သွားပြီးနောက် လေ့ကျင့်ရေးအခန်းတစ်ခုလုံးရှိ လေထုအခြေအနေမှာ အေးခဲသွားရလေသည်။
အမှန်ပင်။ ကျန်းမုန့်လောင်မှာ စင်စစ်ကြမ်းလှပေသည်။ ကျန်းမုန့်လောင်၏ Street Fighterစကေးများမှာ ကြောက်မက်ဖွယ်ကောင်းလှသည်မှာလည်း မှန်ပေသည်။ နည်းပြအနေနှင့်ပင် သူသည် အရည်အချင်းပြည့်ဝသည်။
သို့သော် ဤကလပ်၏ Esportsအသင်းများမှာ တစ်သင်းတည်းရှိခြင်းမဟုတ်ချေ။ ဂိမ်းတစ်ခုချင်းစီတိုင်းတွင် နည်းပြတစ်ယောက်မှသုံးယောက်အထိရှိပြီး သူတို့၏သက်ဆိုင်ရာနယ်ပယ်တွင် နက်ရှိုင်းလှသော သိနားလည်မှုများ ရှိထားကြသူများပင်။ သူတို့က ကျန်းမုန့်လောင်၏ဦးဆောင်မှုကို ဘယ်လိုလုပ်စိတ်ပါလက်ပါလက်ခံနိုင်မည်တဲ့လဲ။
"ဘာဖြစ်တာလဲ။ ပြဿနာရှိလို့လား"
ကျန်းမုန့်လောင်က လူတိုင်း၏အမူအရာကိုမြင်ပြီး မကျေမနပ်ဖြစ်သွားချေသည်။
"လောင်ကျန်း.. မင်း ဘာလုပ်နေတာလဲ"
ဝမ်လင်ကလည်း တည့်တည့်ပင် ပြောလာလေသည်။
"မင်း Street Fighterအသင်းကို နည်းပြချင်တယ်ဆိုရင် ငါ့မှာ ဘာမှကန့်ကွက်စရာမရှိဘူး။ ဒါပေမဲ့ တခြားဂိမ်းတွေကျတော့ မင်း လုပ်နိုင်မှာမို့လို့လား"
"ဒီEsportsအိုလံပစ်ကို ငါတို့စီစဉ်ထားတာဖြစ်တဲ့အတွက် ပွဲတိုင်းမှာ ငါတို့ပဲ နိုင်ရမယ်။ ဒီနေ့ကစပြီး ဒီကလပ်ရဲ့နည်းပြချုပ်အဖြစ် ငါ တာဝန်ယူမယ်။ ကစားပွဲတိုင်းအတွက် လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း ငါပဲဆုံးဖြတ်မယ်"
"လောင်ကျန်း..ဒီလိုလုပ်မယ်ဆိုရင် တခြားနည်းပြတွေကရော ဘယ်လိုလုပ်မလဲ။ သူတို့က မင်းရဲ့ဦးဆောင်မှုကို လက်ခံမှာမဟုတ်ဘူး"
"ပြဿနာမရှိဘူး။ အကုန်လုံးကိုခေါ်လိုက်။ ငါဘာလုပ်နိုင်လဲဆိုတာ မင်းတို့ကိုပြမယ်"
ထိုသို့ပြောရင်း ကျန်းမုန့်လောင်က တံခါးကိုတွန်းဖွင့်၍ Street Fighterလေ့ကျင့်ရေးအခန်းထဲမှ ထွက်သွားလေသည်။
"သွားရအောင်။ သွားရအောင်။ ပွဲကြည့်ဖို့အချိန်ကျပြီ"
Street Fighterအဖွဲ့ဝင်များမှာ အနောက်က အမြန်လိုက်သွားလိုက်ကြသည်။ ယနေ့ စိတ်လှုပ်ရှားစရာကောင်းသော ကိစ္စတစ်ခု ဖြစ်တော့မည်ဟု ခံစားရသည်။
"ဒါက ဘာအသင်းလဲ"
"PUBGအသင်းလေ။ အဖွဲ့ဝင်ရှစ်ယောက်ရှိတယ်။ ကြည့်ရတာတော့ ဒီနေ့ နိုင်ငံတကာပွဲစဉ်တစ်ခုရှိတယ်ထင်တယ်။ အခုထိမပြီးသေးဘူးများလား"
"အိုး? ကြည့်ကြည့်ရအောင်"
ကျန်းမုန့်လောင်လည်း အထဲသို့ဝင်သွားလိုက်လေသည်။
PUBGဆိုသည်မှာ ပစ်ခတ်ရေးဂိမ်းတစ်ခုဖြစ်ပြီး ကစားသမားအယောက်တစ်ရာကို မြေပုံပေါ်သို့ ပစ်ချပေးကာ လေးယောက်တစ်သင်းဖွဲ့စေပြီး ပစ္စည်းကိရိယာနှင့် လက်နက်အမျိုးမျိုးကို စုဆောင်းရသည်။ မြေပုံထဲတွင် လုံခြုံရေးနယ်မြေများနှင့် အဆိပ်နယ်မြေများလည်း ပါဝင်သေးသည်။ လုံခြုံရေးနယ်မြေမှာ တဖြည်းဖြည်းကျုံ့သွားပြီး ကစားသမားများအားလုံးကို နောက်ဆုံးတိုက်ပွဲနေရာတွင် ထိပ်တိုက်တွေ့ရအောင် ဖန်တီးပေးလေသည်။ နောက်ဆုံးကျန်ရစ်ခဲ့သော အသင်းက အနိုင်ရပေသည်။
"သေလိုက်ပါတော့။ ကံဆိုးလိုက်တာ။ ဒီခွေးတွေက ငါတို့ဟွာရှားအသင်းကို ချောင်ပိတ်ထားတာပဲ"
"တစ်ယောက်ချင်းစီတိုက်ရင် ငါ တစ်ယောက်တည်းနဲ့တောင် သူတို့တစ်သင်းလုံးကို အမြစ်ဖြုတ်နိုင်တယ်"
အဖွဲ့ဝင်များ ရှင်းပြစရာပင် မလိုပါဘဲ ကျန်းမုန့်လောင် အခြေအနေကိုနားလည်လိုက်သည်။ ဂိမ်းထဲတွင် မဟာမိတ်ဖွဲ့ခြင်းမှာ ဂိမ်း၏တစ်စိတ်တစ်ပိုင်းမဟုတ်သော်ငြား ဤသို့လုပ်ခြင်းကိုလည်း တားမြစ်မထားပေ။ သဘောတူညီမှုရနေသရွေ့တော့ အဖွဲ့များမှာ တခြားအသင်းကို ဖယ်ရှားဖို့အတွက် ပေါင်းစည်းနိုင်ပေသည်။
သူတို့အသင်းက အခြားနိုင်ငံမှ အသင်းများထံတွင် ပစ်မှတ်ထားခံနေရသည်မှာ ရှင်းနေလေသည်။
ယခုဆိုလျှင် အသင်းတစ်သင်းလုံးတွင် တစ်ယောက်တည်းသာ ကျန်ရစ်ပြီး ရန်သူများ၏ ပိတ်ဆိုတိုက်ခိုက်မှုကလည်း နီးကပ်လာလေပြီ။ အသင်းသုံးသင်းအပြည့်ကိုမှ စုစုပေါင်းကစားသမားဆယ့်နှစ်ယောက်ရှိနေလေရာ သူ သေပြီး ပွဲထဲမှထွက်ရဖို့မှာ အနှေးနှင့်အမြန်သာ။
"ငါ မင်းနေရာကိုယူလိုက်မယ်"
ကျန်းမုန့်လောင်က ထိုကစားသမား၏ပခုံးကို ခပ်ဖွဖွပုတ်လိုက်၏။
ထိုကစားသမားက ဝမ်လင့်ကိုကြည့်လိုက်လေရာ ဝမ်လင်ကလည်း ခေါင်းညိတ်ပြ၏။ ကိစ္စများက ဤအခြေအနေအထိ ရောက်လာမှတော့ ကျန်းမုန့်လောင်ကို ကြိုးစားခွင့်ပေးလိုက်ခြင်းက ပိုကောင်းလေသည်။
"ကစားသမားဆယ့်နှစ်ယောက်က မင်းကိုဝိုင်းထားပြီ။ မင်း ဘယ်လိုလွတ်အောင်ရုန်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ဝမ်လင်က စိတ်ဝင်တစား မှတ်ချက်ပေးလိုက်၏။
"လွတ်အောင်ရုန်းမယ်တဲ့လား။ ငါက ဘာလို့လွတ်အောင်ရုန်းရမှာလဲ"
ကျန်းမုန့်လောင်က မောက်စ်ကို ကောက်ကိုင်လိုက်သည်။
"သူတို့က ငါ့ကိုဝိုင်းထားတာမဟုတ်ဘူး။ ငါတစ်ယောက်တည်းနဲ့ သူတို့ဆယ့်နှစ်ယောက်ကို ဝိုင်းထားတာကွ"
***********