← Chapters

အခန်း (၃၄၅)

Vol. 23 Ch. 345

အခန်း (၃၄၅)

Vol. 23 Ch. 345

"ဒါကတော့ အပြောကြီးလွန်းတယ်နော်"

ကျန်းမုန့်လောင်က ပေါက်ကရများလျှောက်ပြောနေသည်ဟုသာ ဝမ်လင် ထင်လိုက်မိသည်။ ဤဂိမ်းမှာ ကာကွယ်ခုခံနိုင်သည့် တိုက်ခိုက်ရေးဂိမ်းတစ်ခုဖြစ်သော Street Fighterနှင့် မတူပေ။ အဆင့်အမြင့်ဆုံးကျည်ကာနှင့် ခေါင်းဆောင်းကိုတပ်ဆင်ထားလျှင်ပင် ကျည်တစ်ချက် သို့မဟုတ် ဗုံးတစ်လုံးထိပါက သွေးဆုံးရှုံးမှုရှိနေဦးမည်သာ။

အားသာချက်များစွာ ရှိနေလျှင်ပင် ပြိုင်ဘက်၏ပစ်ခတ်မှုက "အညှာအတာကင်းမဲ့သော ပစ်ခတ်ရေးနည်းလမ်း" သို့မဟုတ် "လူသားကိုယ်ထည်အနားသတ်ပစ်ခတ်နည်း"မျိုးသာ မဟုတ်ပါက တစ်ယောက်နှင့်တစ်ဖွဲ့ ယှဉ်နိုင်ရန်မှာ ခက်ခဲလှပေသည်။

ထို့ပြင် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ချုံခိုတိုက်ခိုက်ခံထားရသည့်အတွက် သူ့တွင် ပစ္စတိုတစ်လက်နှင့် ရိုင်ဖယ်တစ်လက်အပြင် ကျည်ကလည်း အတောင့်သုံးဆယ်သာရှိပေသည်။ ကျန်တာ ဘာမှမရှိပေ။

အစောပိုင်းက လွတ်အောင်ပြေးနေခဲ့ရသည့်အတွက် ကျည်တစ်ချက်ထိထားပြီး သွေးကလည်း တစ်ဝက်လောက် လျော့နေလေပြီ။ သူပုန်းနေသည့် နေရာတွင် ဘာဆေးပစ္စည်းမှ မရှိချေ။ ထို့ကြောင့် သွေးပြန်ဖြည့်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။

သူသည် နှစ်ထပ်တိုက်အဆောက်အအုံတစ်ခုထဲတွင် ပိတ်မိနေခြင်းဖြစ်ပြီး ကျန်အဖွဲ့သုံးဖွဲ့စလုံးက တည်နေရာအမျိုးမျိုးမှ စောင့်ကြည့်နေကြသည်။ သူ ခေါင်းထွက်လိုက်သည်နှင့် ကျည်ဖောက်ခံရမည်သာ။

ကျည်လည်းကုန်၊ ထောက်ပံ့ရေးပစ္စည်းများလည်း ပြတ်လပ်နေသည့် ဤအခြေအနေမျိုးတွင် တန်ပြန်အနိုင်ယူဖို့မဆိုထားနှင့်။ ထွက်ပြေးလွတ်မြောက်နိုင်လျှင်ပင် အလွန်အံ့ဩဖို့ကောင်းနေလေပြီ။

"ဟွာရှားလူမျိုး..မြန်မြန်ထွက်ခဲ့စမ်းပါ။ မင်းရဲ့ခေါင်းကို ဖောက်ခွဲပစ်ရအောင်လို့"

"ဟားဟားဟား… အကျပ်ရိုက်နေပြီလား ဟွာရှားလူမျိုး.. မင်းတို့တွေက အမှိုက်ကောင်တွေဆိုတာ ဝန်ခံလိုက်စမ်းပါ။ ဒါဆို ငါတို့ မင်းကိုလွှတ်ပေးမယ်"

"ဟွာရှားလူမျိုး.. မင်းသာ ငါတို့ကို အဘိုးလို့ခေါ်ရင် ငါတို့လည်း ပစ္စတိုပဲသုံးပေးမယ်လေ"

သူတို့ဆယ့်နှစ်ယောက်က ကျန်းမုန့်လောင်ကို Voice Chatမှတစ်ဆင့် ရန်စနေကြလေသည်။ သူတို့မျက်လုံးထဲတွင်မူ ထိုဟွာရှားကစားသမားကို အချိန်မရွေးအနိုင်ပိုင်းပစ်နိုင်သည်ဟု ထင်နေကြသည်။

"ဘာရှီလူမျိုး.. ကိုင်ဘွန်လူမျိုး..ပြင်သစ်လူမျိုး"

သူတို့ဘာသာစကားများမှတစ်ဆင့် ကျန်းမုန့်လောင်သည် သူတို့အသင်းသုံးသင်း၏ မူလဇစ်မြစ်ကို ဖော်ထုတ်လိုက်နိုင်သည်။

"သူတို့ တကယ်ပဲပူးပေါင်းထားကြတာကိုး။ စိတ်ဝင်စားစရာပဲ"

"ဒါကြီးကတော့ များလွန်းတယ်"

ပြင်သစ်တွင် ခဏမျှပညာသင်ခဲ့ဖူးပြီး ပြင်သစ်စကားကျွမ်းကျင်ပါသော PUBGနည်းပြနှင့် ဘာသာစကားကို နားမလည်သည့် အခြားအသင်းဖော်များကလည်း သူတို့ ရန်စခံနေရမှန်း ကောင်းကောင်းနားလည်ပေသည်။ ထိုလေသံမှတစ်ဆင့် သူတို့ရန်စခံနေရကြောင်း အတပ်သိသည်။

"ကြည့်ထား"

ကျန်းမုန့်လောင်က ခနဲ့တဲ့တဲ့ပြုံးလိုက်လေသည်။

"သေမင်းက အခု ဝိညာဉ်တွေကို စတင်စုဆောင်းနေပြီ"

"ဒီစကားကို ငါ အရင်က ဘယ်မှာကြားဖူးတာပါလိမ့်"

"Bilibiliပေါ်က PUBG Streamerတစ်ယောက်ပဲ။ သူ အဲဒီလိုပြောတိုင်း ဗုံးနဲ့ဖောက်ခွဲတာ ဒါမှမဟုတ် ကျည်နဲ့ပစ်သတ်ခံရတာမျိုး ဖြစ်တတ်တယ်"

"မစ္စတာကျန်းက သူ ရှုံးရတော့မယ်ဆိုရင်တောင် ခပ်မိုက်မိုက်ပုံစံနဲ့ ရှုံးချင်တာများလား"

အဖွဲ့သားများမှာ ကူကယ်ရာမဲ့နေသော အမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ကျန်းမုန့်လောင်အနေနှင့် ရန်သူတစ်ယောက်နှစ်ယောက်လောက်တော့ သတ်သွားနိုင်ဖို့ သူတို့ မျှော်လင့်မိသည်။ သို့မှသာ သူတို့လည်း ဆိုးဆိုးဝါးဝါးမရှုံးမည်သာ။

"အရှေ့ဘက်က စက်ရုံထဲမှာ စနိုက်ပါတစ်ယောက်ရှိတယ်။ နံရံအနောက်မှာ လူနှစ်ယောက်ရှိတယ်။ ငါ့အောက်နားက နံရံအောက်ခြေမှာ လူတစ်ယောက်ပုန်းနေတယ်။ အနောက်တောင်ဘက်မှာ.."

ကျန်းမုန့်လောင်က ရန်သူတစ်ယောက်ချင်းစီ၏တည်နေရာကို ခပ်မြန်မြန်ဆန်းစစ်လိုက်သည်။

"ပြီးတော့ မီးခိုးဗုံတစ်လုံးရောပဲ"

ကျန်းမုန့်လောင်က သူ့ကျောပိုးအိတ်ကို တစ်ချက်ကြည့်လိုက်၏။

"ဒါဆို သိပ်မခက်ပါဘူး"

ကျန်းမုန့်လောင်က သူ့အခန်းထဲကို မီးခိုးဗုံးတစ်လုံး ပစ်သွင်းလိုက်သည်။ မီးခိုးများထွက်လာသည်နှင့် အရှေ့ဘက်ရှိ ရန်သူလေးယောက်ကလည်း ကျန်းမုန့်လောင်ရှိနေသော ပြတင်းပေါက်နားကို ကောင်းကောင်းမြင်နိုင်တော့မည်မဟုတ်။

"နံပါတ်တစ်..ဟွာရှားလူမျိုးက မီးခိုးဗုံးပစ်လိုက်ပြီ"

"စိတ်မပူနဲ့။ သူ့ခြေသံကိုနားထောင်။ သူ့မှာ ရွေးစရာတစ်ခုတည်းပဲရှိတယ်။ ပြတင်းပေါက်က ခုန်ကျော်ဖို့ပဲ။ ခုန်ကျော်နေရင်း ငါတို့လေးယောက်စလုံးကို ပစ်သတ်နိုင်ရင်တော့ တစ်မျိုးပေါ့။ အဲလိုမှမဟုတ်ရင် မီးခိုးကြားထဲမှာ သူပေါ်လာတာနဲ့ ငါတို့ သူ့ကိုသတ်ကြမယ်"

"ဟွာရှားလူမျိုးထွက်လာပြီ"

"ပစ်တော့"

လူတိုင်းကလည်း အကာအကွယ်ယူထားသော နေရာမှ ချက်ချင်းထွက်လာလိုက်ကြသည်။ သူတို့က နေရာတစ်ခုချင်းစီမှာ ဖြန့်ကြက်ထားကြသော်လည်း ကျန်းမုန့်လောင်ကမူ ထွက်ပေါက်တစ်ခုတည်းသာ ရှိသည်။ ထိပ်တန်းအဆင့်စွမ်းရည်ရှိနေလျှင်ပင် ရန်သူသုံးယောက်ကို တစ်ပြိုင်တည်းပစ်သတ်နိုင်မည်တဲ့လား။

ကျန်းမုန့်လောင်၏မောက်စ်က မူမမှန်သော မျဉ်းကွေးတစ်ခုပုံစံ လှုပ်ရှားလိုက်သည်။

"ဖောက် ဖောက် ဖောက် ဖောက်"

သေနတ်သံခြောက်ချက် ထွက်ပေါ်လာလေသည်။ စက်ရုံနှင့် နံရံနောက်တွင် ပုန်းနေသော လူသုံးယောက်၏ခေါင်းမှ သွေးများပန်းထွက်လာချေသည်။

ကျန်းမုန့်လောင်လည်း သူ့မြင်ကွင်းကို ချက်ချင်းလှည့်လိုက်၏။ သူ မြေပြင်ထက်သို့ ဆင်းလိုက်သည့်အချိန်မှာပင် နောက်ထပ်သေနတ်သံနှစ်ချက် ထပ်ကြားလိုက်ရသည်။

အပြာရောင်မီးခိုးလုံးကြီးထဲတွင် မြေပုံ၏ထောင့်လေးထောင့်တွင် သေတ္တာလေးလုံးပေါ်လာသည်။

ကမ္ဘာတစ်ဖက်ခြမ်းရှိ လေ့ကျင့်ရေးအခန်းတစ်ခုထဲရှိ ကြက်သေသေသွားသော ဘာရှီလူမျိုးလေးယောက်ခမျာ အစောပိုင်းတုန်းက ဘာဖြစ်သွားသလဲဆိုသည်ကို သတိပင်မထားမိလိုက်ပေ။

ရုတ်ခြည်းပင် သူတို့၏မောက်စ်များနှင့် ကီးဘုတ်များကို ဒေါသတကြီးပစ်ချကာ အော်ဟစ်ကြိမ်းမောင်းကြလေတော့သည်။

"ဘုရားရေ..ဘုရားရေ..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"အိုး သေစမ်း"

"မဖြစ်နိုင်တာ.. သူ Cheatsသုံးနေတာပဲဖြစ်မယ်"

သူတို့လေးယောက်မှာ သွေးအပြည့်ရှိနေဆဲဖြစ်ပြီး အဆင့်နှစ်ခေါင်းဆောင်းများလည်း ဝတ်ဆင်ထားသေးသည်။ ကျန်းမုန့်လောင်အသုံးပြုသော သေနတ်မှာမူ AK47ဖြစ်ပြီး အလွန်အားပြင်းလှ၏။ ဤသေနတ်သာ ခေါင်းကို နှစ်ချက်ဆက်တိုက်ထိမှန်မည်ဆိုလျှင် သူတို့ကို သတ်ပစ်နိုင်ပေသည်။

ကျန်းမုန့်လောင်က သူတို့ကို ကျည်ရှစ်တောင့်မျှဖြင့် အနိုင်ယူသွားခြင်းဖြစ်ကြောင်း သူတို့ သေချာပေါက်သိသည်။ ကျည်တစ်တောင့်ချင်းစီက သူတို့ခေါင်းကို အတိအကျလာထိမှန်ချေသည်။ ဤသည်မှာလည်း အလိုအလျောက်ပစ်ခတ်မှုလုပ်နေစဉ်အတွင်းပင်။

ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။

AK47၏ ပစ်ခတ်နှုန်းမှာ တစ်စက္ကန့်ကို ကျည်ဆယ်ချက်ဖြစ်ပြီး ကျန်းမုန့်လောင်သည် သူတို့လေးယောက်စလုံးကို ရှင်းထုတ်ရန်အတွက် ၀.၈စက္ကန့်သာ အချိန်ယူခဲ့သည်။

သီအိုရီအရဆိုလျှင် ဖြစ်နိုင်ပေသည်။ သေနတ်ပြောင်းဝကို သူတို့ခေါင်း၏တည်နေရာအတိုင်း အတိအကျချိန်ထားပြီး သူတို့ကြားရှိ အကွာအဝေးအတိုင်း သေနတ်ပြောင်းကို ချိန်နိုင်လျှင် ဤနည်းကို အကောင်အထည်ဖော်နိုင်လေသည်။

သို့သော် ဤသည်မှာ လက်တွေ့တွင် ဖြစ်နိုင်ရဲ့လား။

AK47က အားပြင်းသော်လည်း ပြန်ကန်အားမှာ ပို၍ပင်အားကောင်းလှသည်။ လေထဲတွင်ဆိုလျှင် သေနတ်၏ပြန်ကန်အားမှာ အဆပေါင်းများစွာ ပိုမြင့်ပေသည်။ သေနတ်ပြောင်း၏တည်နေရာကို ထိန်းညှိရန်အတွက် လက်ကောက်ဝတ်ကို မသုံးနိုင်ပါက ကျည်နှစ်ချက်၏ထိချက်များမှာ ကောင်းကင်နှင့်မြေကြီးလို ကွာဟသွားနိုင်သည်။

ကျွမ်းကျင်ကစားသမားများမှာ သေနတ်ပြောင်းကို သူတို့လက်ကောက်ဝတ်၏ ပြန်ကန်အားတည်နေရာနှင့် ဆန့်ကျင်ဘက်အတိုင်း ချိန်ညှိခြင်းအားဖြင့် ပစ်ခတ်မှုလွဲချော်ခြင်းကို တားဆီးနိုင်ပေသည်။ ဤသည်ကို "ပြန်ကန်အားထိန်းချုပ်မှု" သို့မဟုတ် "သွေဖည်ခြင်းထိန်းချုပ်မှု"ဟု ခေါ်ကြသည်။

သို့သော် ယခုလိုထိန်းချုပ်မှုမျိုးသည် သေနတ်၏ပြန်ကန်အားကို ကောင်းစွာနားလည်ထားမှဖြစ်ပေလိမ့်မည်။ APMနှုန်ကလည်း အလွန်မြင့်ကာ လက်တည့်မှုကလည်း မြင့်ရပေဦးမည်။ ထို့ပြင် ဤပြန်ကန်အားထိန်းချုပ်မှုသည် ရန်သူတစ်ဦးတည်းကို ပစ်မှတ်ထားရာတွင်သာ အသုံးတည့်ပေသည်။ ကစားသမားအများကြီးအတွက်ဆိုလျှင် အလွယ်အလတ်အကွာအဝေးရှိ ရန်သူတစ်ယောက်ကို ဖယ်ရှားဖို့အတွက်ပင် ကျည်ဆယ့်ငါးတောင့် သို့မဟုတ် ကျည်အတောင့်သုံးဆယ်အပြည့်ပါသော ကျည်ကပ်တစ်ခုလုံးကို လိုပေလိမ့်မည်။

ပြန်ကန်အားထိန်းချုပ်မှုကို သုံးလျှင်ပင် ကျည်၏ထိချက်က ဒီဂရီအနည်းငယ်မျှ လွဲချော်နိုင်သေးသည်။

သို့သော် သူတို့လေးယောက်စလုံးသည် တစ်ယောက်နှင့်တစ်ယောက် ဆယ်မီတာအကွာတွင် ရှိနေကြသည်ဖြစ်ရာ ကျန်းမုန့်လောင်အနေနှင့် ပြန်ကန်အားကို အသေးစိတ်ထိန်းချုပ်ရရုံသာမက သေနတ်လှုပ်ရှားမှု၏ စည်းချက်နှင့် အမြန်နှုန်းကိုပါ တစ်ပြိုင်တည်းထိန်းချုပ်ဖို့ လိုလေသည်။ ဤသည်မှာ လူသားတစ်ယောက်အနေနှင့် လုပ်နိုင်စွမ်းရှိရဲ့လား။

ထို့ပြင် သူသည် ထိုအရာကို ၀.၈စက္ကန့်အတွင်း လုပ်ပြသွားခဲ့သည်။ ယှဉ်ကြည့်မည်ဆိုပါက အစောပိုင်းတုန်းက ခုခံကာကွယ်မှုမှာ ဘာမှမပြောပလောက်ချေ။ ဤသည်မှာ နတ်ဘုရားအဆင့်ကစားနည်းတစ်ခုပင်။

သူသည် အဖွဲ့တစ်ဖွဲ့ကို ရှင်းထုတ်ပြီးသွားပြီဆိုသော်ငြား ရန်သူရှစ်ယောက် ကျန်နေသေးသည်။ တိုက်ပွဲကား မပြီးဆုံးသေးပေ။

ကျန်းမုန့်လောင်လည်း အနီးအနားရှီ နံရံနောက်သို့ ချက်ချင်းပြေးဝင်လိုက်ပြီး ရန်သူ့အလောင်းများကို အသည်းအသန်လုယက်လေတော့သည်။

"ကျစ် ကျစ် ကျစ် Kar98kရယ် ထိန်းချုပ်စက်တစ်ခုရယ် ရှစ်ဆချဲ့မှန်ပြောင်းတစ်ခုရလိုက်ပြီ။ ကောင်းလိုက်တဲ့လုယက်မှု"

...

"ဘာလဲဟ။ ဘာရှီအသင်းက ဘယ်လိုလုပ်အထုတ်ခံလိုက်ရတာလဲ"

"ဒီဟွာရှားလူမျိုးက အသတ်မခံလိုက်ရဘူးပဲ"

"အမှိုက်ကောင်တွေ… ကစားသမားတစ်ယောက်တည်းနဲ့ တစ်ဖွဲ့လုံးရှင်းထုတ်ခံလိုက်ရတာပဲ။ သူတို့က ချီးလိုလုပ်ပြီး ကစားနေတာလား"

"ချီတက်ကြ။ အဲဒီဟွာရှားလူမျိုးကို မလွတ်စေနဲ့"

တစ်ဖက်ရှိ လူရှစ်ယောက်က သေနတ်သံကြားရာဆီသို့ အပြင်းနှင်လာကြသည်။

PUBGလေ့ကျင့်ရေးအခန်းထဲတွင်မူ ဝမ်လင်အပါအဝင် ကစားသမားများနှင့် နည်းပြများမှာ ကြက်သေသေကုန်ကြ၏။

"ငါ ဘာမြင်လိုက်ရတာလဲ"

"AKနဲ့ လေထဲကိုလှမ်းပစ်လိုက်တာ။ ကျည်ရှစ်တောင့်နဲ့ ခေါင်းလေးခေါင်းထိသွားတယ်။ အဲဒီလေးယောက်ကလည်း သွေးအပြည့်ရှိနေတဲ့လူတွေနော်။ ပြီးတော့ နေရာလေးခုမှာ တစ်နေရာစီနေရာယူထားကြတာ"

"သူ Cheatsသုံးနေတာပဲဖြစ်မယ်။ လျိုယိ… မင်း အဘန်းခံရမှာမကြောက်ဘူးလား"

အဖွဲ့ဝင်တချို့က အစောပိုင်းက ကွန်ပျူတာကိုထိန်းချုပ်နေခဲ့သော ကစားသမားကို မေးလိုက်လေသည်။

"ငါက မင်းညီမမဟုတ်ဘူးကွ။ ငါ ဘာCheatsမှ မသုံးထားဘူး။ ဒါတွေအကုန်လုံးကို မစ္စတာကျန်း ကစားပြသွားတာ"

"သောက်ကျိုးနည်း..ဒါကြီးက အဓိပ္ပာယ်မရှိလိုက်တာ"

"ဒါ..ဒါကြီးက ငါနားလည်နိုင်တဲ့သဘောတရားကို ကျော်လွန်သွားပြီ"

********

All Chapters