ငတုံးတွေပဲ သူတို့ပြိုင်ပွဲကိုဝင်ပြိုင်မှာ
Vol. 24 Ch. 348
လူအင်အားကို ပြန်လည်စီမံခန့်ခွဲပြီးနောက် ကျန်းမုန့်လောင်သည် ကလပ်၏ အဓိကရှယ်ယာရှင်နှင့် နည်းပြချုပ်အဖြစ် တာဝန်ယူကာ Esportsကစားနည်းအားလုံးအတွက် အစားထိုးကစားသမားတစ်ယောက်လည်း ဖြစ်လာခဲ့သည်။
ကစားသမားများ၏ ကျွမ်းကျင်မှုစွမ်းရည်ကို အချိန်တိုအတွင်း မြှင့်တင်ပေးရန်အတွက် ကျန်းမုန့်လောင်သည် သူ၏Esportsဗဟုသုတများကို အခြေခံ၍ လေ့ကျင့်ရေးအစီအစဉ်တစ်ခုကို ရေးဆွဲခဲ့သည်။ ဤအစီအစဉ်မှာ မြန်မြန်ဆန်ဆန်တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ပေသည်။
"မင်း ဘယ်တုန်းက ကုတ်ရေးနည်းသင်လိုက်တာလဲ"
ကျန်းမုန့်လောင်၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် အလျင်အမြန်ပြေးလွှားနေသည်ကို စောင့်ကြည့်ရင်း ဝမ်လင်က တအံ့တသြမေးလိုက်၏။ ဤသည်မှာ ကျန်းမုန့်လောင်၏ အဓိကဘာသာရပ်မဟုတ်ကြောင်း သူသိသည်။
"မင်း ဘာရေးနေတာလဲ"
"ကစားသမားတွေရဲ့ တုံ့ပြန်မှုနှုန်းနဲ့ အမြင်အာရုံထက်ရှမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ ဂိမ်းပရိုဂရမ်တစ်ခုကို ရေးနေတာ"
"အံ့သြစရာပဲ"
ဝမ်လင်က တအံ့တသြရေရွတ်လိုက်၏။
"မင်းက ငါတွေ့ဖူးသမျှထဲမှာ အားကျဖို့အကောင်းဆုံး လူချမ်းသာဒုတိယမျိုးဆက်တစ်ယောက်ပဲ"
"မမြှောက်စမ်းပါနဲ့"
...
"ပြီးသွားပြီ"
ကျန်းမုန့်လောင်က ကွန်ပျူတာကို ဝမ်လင့်ဆီသို့ ပြန်အပ်လိုက်သည်။
"ဒီဂိမ်းအတွက် ကစားသမားတစ်ယောက်ချင်းစီတိုင်း တစ်နေ့ကို အနည်းဆုံးမိနစ်သုံးဆယ်လေ့ကျင့်ရမယ်။ အခုကစပြီး တစ်လအတွင်း သူတို့ရဲ့အဆင့်လည်း သိသိသာသာမြင့်တက်လာလိမ့်မယ်။ ဒါက Esportsကစားနည်းတိုင်းအတွက် ထိရောက်မှုရှိတယ်"
"ကောင်းပြီလေ။ ငါ ချက်ချင်းစီစဉ်ခိုင်းလိုက်မယ်"
ဝမ်လင်က နည်းပြချုပ်ဟောင်းကို လှမ်းခေါ်လိုက်သည်။
"နည်းပြထိုက်... လေ့ကျင့်ရေးနဲ့ပတ်သက်တာတွေကိုတော့ ခင်ဗျားကိုပဲ အပ်ထားမယ်နော်"
"စိတ်မပူပါနဲ့ ဘော့စ်.. ကျွန်တော် ကစားသမားတွေကို သေချာပေါက်လိုက်နာခိုင်းမှာပါ"
နည်းပြထိုက်က အာမခံလိုက်၏။
...
"လောင်ကျန်း.. အခု ငါတို့အသင်းရဲ့ ဖွဲ့စည်းပုံကလည်း အဆင်ပြေသွားပြီ။ Esportsအိုလံပစ်ကိုလည်း လက်ခံကျင်းပခွင့်ရပြီ။ Riotနဲ့ Blizzardတို့ကိုပဲ ဖြေရှင်းဖို့ ကျန်တော့တယ်။ သူတို့ဘက်က ခွင့်ပြုချက်မပေးဘူးဆိုရင် သူတို့ဂိမ်းတွေကို လက်ခံကျင်းပမဲ့ကိစ္စက တော်တော်ဒုက္ခရောက်နိုင်တယ်"
ဝမ်လင်က စိုးရိမ်ပူပန်နေသော အမူအရာကို ပြသလာသည်။
"မင်းပြောတာ Riot နဲ့ Blizzardမလား"
"ဟုတ်တယ်။ ဒီနှစ်အနည်းငယ်အတွင်း သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ခြေရာကောက်ကြည့်ရင် သူတို့က ဂိမ်းလောကရဲ့ စီနီယာတွေဖြစ်သွားပြီ။ ဒီလောကထဲမှာ သူတို့ဂုဏ်သိက္ခာကိုလည်း တော်တော်ထိန်းသိမ်းထားတာ။ ပြီးတော့ မင်းသိတဲ့အတိုင်း ကမ္ဘာ့ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်တုန်းက ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို အခုအချိန်အထိ ရွှေ့ဆိုင်းထားခဲ့ရတာလေ။ ဒီနှစ်ပြိုင်ပွဲကိုတော့ မေလထဲကျင်းပမှာ"
"ငါတို့ရဲ့ Esportsအိုလံပစ်ကလည်း မေလထဲမှာပဲ။ တခြားနှစ်ဆိုရင် ပြဿနာမရှိပေမဲ့ ဒီနှစ်ကတော့ အချိန်ဇယားချင်းတိုက်နေတော့ သူတို့အနေနဲ့လည်း သူတို့ရဲ့ဂိမ်းတွေနဲ့ပတ်သက်တဲ့ အဓိကပြိုင်ပွဲတွေကို ငါတို့ကိုကျင်းပခွင့်ပေးမှာမဟုတ်ဘူး။ အဲဒါကြောင့်လည်း ငါတို့ရဲ့တောင်းဆိုမှုကို ငြင်းလိုက်တာ"
"အံ့သြစရာမရှိပါဘူး"
ကျန်းမုန့်လောင် ထိုသို့ မှတ်ချက်ပေးလိုက်သည်။
"ငါတို့ပြိုင်ပွဲက ကမ္ဘာတစ်ဝှမ်းက အကောင်းဆုံးအသင်းတွေကို အရည်အချင်းစစ်ပြိုင်ပွဲကတစ်ဆင့် ရွေးချယ်ပြီး ယှဉ်ပြိုင်ခွင့်ပေးထားတာ။ ရွေးချယ်တဲ့ကာလတစ်ခုတည်းကတင် တစ်လလောက်ကြာတယ်။ ပြီးရင် ချန်ပီယံပြိုင်ပွဲ၊ ဗိုလ်လုပွဲ၊ ဆီမီးဖိုင်နယ်တွေပါ ထည့်တွက်လိုက်ရင် စုစုပေါင်း နှစ်လကျော်ကြာမှာပဲ။ ပြိုင်မဲ့အသင်းတွေအနေနဲ့လည်း တစ်ခုမဟုတ်တစ်ခုရွေးရမှာ"
"ဒါဆို ငါတို့ အခုဘာလုပ်ကြမလဲ"
ဝမ်လင်က မေးလိုက်သည်။
"အခုအချိန်ထိတော့ Riotနဲ့ Blizzardတို့ရဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွေက ဒီဂိမ်းလောကမှာ အလွှမ်းမိုးနိုင်ဆုံးပဲ။ ငါတို့ရဲ့Esportsအိုလံပစ်က ကြီးကျယ်ခမ်းနားပုံပေါ်ပေမဲ့ အခုမှ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ဂုဏ်သတင်းချင်းယှဉ်ရင် မမီသေးဘူး"
"ဂုဏ်သတင်းနိမ့်နေသေးရင် မြှင့်လိုက်တာပေါ့"
ကျန်းမုန့်လောင်က ဤသို့ကြွေးကြော်လိုက်သည်။
"ပထမဆုငွေ အမေရိကန်ဒေါ်လာသန်းတစ်ရာ၊ ဒုတိယဆုက သန်းငါးဆယ်၊ တတိယဆုက သန်းနှစ်ဆယ်ပေးမယ်ဆိုပြီး သတင်းလွှင့်လိုက်"
"မင်း တကယ်ပြောနေတာလား"
ဝမ်လင်ကမူ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကျန်းမုန့်လောင် နောက်နေသည်ဟုသာ ထင်ခဲ့မိသည်။
"အဓိပ္ပာယ်မရှိလိုက်တာ။ တကယ်ပြောတာပေါ့ကွ။ ငါက ဘယ်တုန်းကများ နောက်ဖူးလို့လဲ"
"သေစမ်း ဂိမ်းတစ်ခုအတွက် သန်း၁၇၀၊ ဆယ်ခုဆိုရင် ၁.၇ဘီလီယံပဲ။ ငါ့အဖေက ငါ့ကို စုစုပေါင်းပေးထားတာ အဲဒီလောက်ပဲရှိတာ။ ပြီးတော့ ဒီကလပ်ဆောက်ဖို့အတွက်လည်း အများကြီးသုံးပြီးသွားပြီ။ ရတဲ့စပွန်ဆာကြေးကလည်း နည်းနည်းရယ်။ ငါတို့က ဘယ်လိုလုပ်ပြီး အမြတ်ထွက်တော့မှာလဲ"
"ငါ ငွေရှာချင်ပါတယ်လို့ ဘယ်တုန်းကပြောမိလို့လဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကုန်ကျစရိတ်ကို ငါစိုက်ပေးမယ်။ အမြတ်ကတော့ ရှယ်ယာပိုင်ဆိုင်မှုအလျောက် ခွဲယူကြတာပေါ့"
"မင်းရူးသွားပြီလား"
ထိုသို့သာဆိုလျှင် ဝမ်လင့်အတွက်တော့ အချီကြီးပွခြင်းပင်။ သို့သော် ကျန်းမုန့်လောင်ကတော့ သေချာပေါက်အရှုံးပေါ်ပေလိမ့်မည်။
"မင်းက ပိုက်ဆံနဲ့ ရန်ငြိုးတွေဘာတွေများရှိနေတာလား"
ပိုက်ဆံသုံးရုံမျှဖြင့် သူ စွမ်းအားအမှတ်များရနိုင်ကြောင်းကိုမူ ဝမ်လင့်အား ပြောပြ၍မရချေ။ မည်သို့ပင်ဖြစ်စေ သူလည်း နားလည်မည်မဟုတ်ချေ။ ပြောပြလိုက်လျှင် သေလောက်အောင် လန့်သွားပေလိမ့်မည်။
"ငါက ပိုက်ဆံကို လုံးဝစိတ်မဝင်စားဘူးလို့ ပြောမထားဘူးလား"
"လုပ်ပြန်ပြီ"
ဝမ်လင်ခမျာ ပြောစရာစကား ကင်းမဲ့သွားရလေသည်။
"ထားလိုက်ပါတော့။ မင်းက ဘော့စ်ပဲ။ မင်းပြောတဲ့အတိုင်း လုပ်တာပေါ့။ ငါက မင်းနောက်ကိုလိုက်ပြီး ငွေရှာရုံပဲ"
...
အချိန်ကား ဧပြီလသို့ ခပ်မြန်မြန်ရောက်ရှိသွားပြီး League of Legend Season11အတွက် ပြင်ဆင်မှုများလည်း ပြီးဆုံးသွားလေပြီ။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြောင့် ပရိသတ်များမှာ ပြိုင်ပွဲကို အိမ်တွင် အွန်လိုင်းမှတစ်ဆင့်သာ ကြည့်နိုင်ခဲ့သည်။ လူကိုယ်တိုင် ပွဲတက်ချင်သည့် ဆန္ဒများမှာ အဆပေါင်းများစွာ တိုးပွားနေခဲ့ကြသည်။
ဤနှစ်အတွက် စပွန်ဆာစာရင်းမှာလည်း ကြုံတောင့်ကြုံခဲပင်။ လုပ်ငန်းတိုင်းက ကပ်ရောဂါကာလအပြီး နာလန်ပြန်ထူနိုင်အောင် အခွင့်အရေးကောင်းကို ဆုပ်ကိုင်လိုက်ကြပေသည်။
Riotဂိမ်း၏ မြောက်များလှစွာသော ကြော်ငြာများကြောင့် သူတို့သည်လည်း ပင်မမီဒီယာများပေါ်တွင် ခဏခဏပါလာခဲ့သည်။
"သေလိုက်ပါတော့။ ဒီနှစ် ဆုကြေးငွေက အမေရိကန်ဒေါ်လာသန်းငါးဆယ်အထိ တိုးသွားပြီ။ ဒါကြီးက သမိုင်းမှာ ကြုံတောင့်ကြုံခဲပဲ"
"ဟုတ်တယ်။ ပထမဆုံးS Tournamentရဲ့ ဆုကြေးငွေတောင် ဒေါ်လာငါးသိန်းပဲရှိတာ။ မနှစ်တုန်းက ဆုကြေးငွေကလည်း ဒေါ်လာ၁၂သန်းတည်းရယ်။ ဒီနှစ်ကတော့ အဆပေါင်းများစွာ ထိုးတက်သွားတာပဲ။ ပြိုင်ပွဲကတော့ သေချာပေါက်စိတ်လှုပ်ရှားဖို့ကောင်းတော့မှာပဲ"
"မနှစ်တုန်းက ချန်ပီယံဆုရဲ့အချိုးကို အခြေခံကြည့်မယ်ဆိုရင် ဒီနှစ်အတွက် ဆုရတဲ့အသင်းက ဒေါ်လာ၂၅သန်းလောက်တော့ အိမ်ပြန်သယ်သွားနိုင်တယ်။ ကလပ်က ၁၀ရာခိုင်နှုန်းဖြတ်ရင်တောင် ကစားသမားတွေအားလုံး ၂၂.၅သန်းကို ခွဲယူလို့ရသေးတယ်။ ယွမ်သန်းတစ်ရာတောင်ကျော်မှာ"
"ဒီနှစ်အသင်းတွေက ကမ္ဘာ့ချန်ပီယံလုပွဲကို သွားရဖို့အတွက် ရေကုန်ရေခမ်းကစားကြမှာဆိုတော့ ပြိုင်ပွဲက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းမှာ"
League of Legendsကစားသမားပေါင်းများစွာကလည်း ဤပြိုင်ပွဲအတွက် မျှော်လင့်စောင့်စားနေကြချေသည်။
"ပထမဆုံးEsportsအိုလံပစ်ပြိုင်ပွဲကို ဟွာရှားနိုင်ငံ ကျန်းနန်မြို့ရဲ့ အိုလံပစ်စင်တာမှာ ကျင်းပမှာပါ။ ကမ္ဘာအနှံ့က နိုင်ငံတွေအနေနဲ့ အောက်ပါEsportsပွဲစဉ်များအတွက် အသင်းများကို စေလွှတ်နိုင်ပါတယ်: Street Fighter..CSGO..League of Legends..Warcraft..နိုင်ငံတစ်နိုင်ငံချင်းစီအနေနဲ့ ကိုယ်စားပြုအသင်းသုံးသင်းကို စေလွှတ်နိုင်ပါတယ်။ ချန်ပီယံဆုကြေးငွေကတော့ ဒေါ်လာသန်း၁၀၀ဖြစ်ပါတယ်။ ဒုတိယဆုအတွက် ဒေါ်လာသန်းငါးဆယ်၊ တတိယဆုအတွက် သန်း၂၀ဖြစ်ပါတယ်"
ထိုသတင်းက ကမ္ဘာအနှံ့ရှိ မီဒီယာတစ်ခွင် ဗုံးတစ်လုံးအလား ပေါက်ကွဲသွားလေသည်။
"ချန်ပီယံဆုကြေးအတွက် ဒေါ်လာသန်းတစ်ရာတဲ့လား"
"သောက်ကျိုးနည်း ပွဲစီစဉ်သူက ဘယ်သူလဲဟ။ တအားချမ်းသာနေတာပေါ့။ ကမ္ဘာ့အိုလံပစ်ကော်မတီလား"
"မဟုတ်ဘူး။ ငါစစ်ဆေးကြည့်ပြီးပြီ။ အသစ်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတစ်ခုပဲ။ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ ဝမ်လင်က ရှယ်ယာ၄၉ခိုင်နှုန်းကို ကိုင်ထားပြီး အဓိကရှယ်ယာရှင်ကတော့ ၅၁ရာခိုင်နှုန်းကိုင်ထားတဲ့ ကျန်းမုန့်လောင်တဲ့"
"မစ္စတာကျန်းက ပွဲစီစဉ်သူလား။ မအံ့သြတော့ပါဘူး။ တအားရက်ရောတာပဲ"
"ဧပြီလကနေ မေလအထိလား။ League of Legendsပြိုင်ပွဲလည်း ပါတယ်တဲ့လား။ ဒါပေမဲ့ S11 Tournamentမပါဘူးပေါ့။ ငါတို့ ဘယ်လိုလုပ်ကြမလဲ"
"သောက်ကျိုးနည်း ချန်ပီယံဆုကြေးငွေဒေါ်လာသန်းတစ်ရာနဲ့ ဒေါ်လာ၂၅သန်းတဲ့လား။ ငတုံးတွေပဲ S11ကို သွားပြိုင်ကြမှာ"
ကမ္ဘာတစ်ဝှမ်းရှိ ပင်မကလပ်များအားလုံးကလည်း ဤသတင်းကို တစ်ပြိုင်နက်တည်းရရှိလိုက်ကြသည်။
သိထားရမည့်အချက်မှာ ကလပ်တစ်ခုကို ထိန်းသိမ်းရခြင်းကား အလွန်အကုန်အကျများလှသည်။ ဥပမာအားဖြင့် နိုင်ငံ၏ League of Legendsထိပ်ဆုံးအသင်းများကို ကြည့်လိုက်ပါ။ ထိပ်တန်းအဆင့်ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်၏ နှစ်စဉ်စာချုပ်ကြေးကတင် ဆယ်သန်းကျော်ရှိ၏။ နှစ်စဉ်ကုန်ကျစရိတ်များမှာ သန်းဆယ်ဂဏန်းလောက် သေချာပေါက်ရောက်နိုင်သည်။
သို့သော် ပြည်တွင်းထိပ်တန်းပြိုင်ပွဲများမှ ဆုကြေးငွေများသည် အလွန်နည်းပါးလှသည်ဖြစ်ရာ စပွန်ဆာမရှိလျှင် ထိုကလပ်များလည်း ရပ်တည်ရန် ခက်ခဲလှ၏။
အစောဆုံးအချိန်ကတည်းက တည်ရှိခဲ့သော ကလပ်များမှာ သွားလာရေးကုန်ကျစရိတ်၊ နေထိုင်စရိတ်နှင့် အစားအသောက်ကုန်ကျစရိတ်များကို ပြိုင်ပွဲသွားပြိုင်တိုင်း ဂရုတစိုက်ချိန်ဆကြရသည်။ ယခုနောက်ပိုင်းမှသာ မအခြေအနေက အနည်းငယ်တိုးတက်လာခဲ့ခြင်းပင်။
ထို့ကြောင့် ထိုကလပ်များအနေနှင့် ငွေရှာရန်မှာ အလွန်အရေးကြီးလှပေသည်။ ဤသည်မှာ သူတို့အတွက်တော့ ညတွင်းချင်းချမ်းသာနိုင်မည့် အခွင့်အရေးတစ်ခုပင်။ သူတို့သာ ဤပြိုင်ပွဲတွင် အနိုင်ရခဲ့ပါက နှစ်ပေါင်းများစွာကြာသည်အထိ ထိန်းသိမ်းစောင့်ရှောက်ရေးကုန်ကျစရိတ်များကို ကာမိမည်သာ။
"စာရင်းသွင်းလိုက်။ မြန်မြန်စာရင်းသွင်းလိုက်"
"ဒါပေမဲ့ ဘော့စ်..ကျွန်တော်တို့ S11အတွက် စာရင်းသွင်းထားပြီးပြီလေ။ အားစိုက်ထုတ်စရာမရှိ..."
"မင်း ဦးနှောက်သေနေတာလား။ ဆုကြေးငွေက လေးဆတောင် ကွာနေတာလေ။ S11ကို ဘာလို့ သွားနေရဦးမှာလဲ။ S11မှာ စာရင်းသွင်းထားတာကို ပယ်ဖျက်လိုက်။ ကစားသမားတွေအကုန်လုံးကို အသိပေးလိုက်။ Esportsအိုလံပစ်အတွက် အဓိကထားပြီး ပြင်ဆင်ထားကြလို့။ ချန်ပီယံဆုကိုသာ အနိုင်ရရင် ကလပ်ဘက်က ဒေါ်လာသန်းနှစ်ဆယ်ပဲလိုမှာ။ ကျန်တာတွေအားလုံး မင်းတို့နည်းပြတွေနဲ့ ကစားသမားတွေ ခွဲယူရမှာ"
"ဒေါ်လာသန်းရှစ်ဆယ်လား။ ကောင်းတယ်။ ကျွန်တော် အခုချက်ချင်း စာရင်းသွားသွင်းလိုက်မယ်"
...
"မင်း ကြားပြီးပြီလား။ Esportsအိုလံပစ်ရဲ့ ဆုကြေးငွေက ဒေါ်လာသန်းတစ်ရာတဲ့။ ဒုတိယဆုက သန်းငါးဆယ်၊ တတိယဆုက သန်းနှစ်ဆယ်တဲ့လေ"
"ဘာ? တတိယဆုအတွက် ဆုကြေးငွေကတောင် S11ချန်ပီယံပြိုင်ပွဲရဲ့ ဆုကြေးငွေနဲ့ ယှဉ်လို့ရတယ်"
"ဟုတ်တယ်။ S Tournamentမှာ ဝင်ပြိုင်ရင် မျိုးဆက်သုံးဆက်စာစည်းစိမ်တွေပဲ ကုန်သွားမှာ။ ဒီတော့ Esportsအိုလံပစ်ကိုပဲ အပြေးအလွှားစာရင်းသွင်းကြတော့မှာပေါ့။ နောက်နှစ်လနေရင် ငါတို့ ပင်လယ်နားက ဗီလာမှာ နေရမှာမျိုးလည်း ဖြစ်နိုင်တယ်"
...
"ဟမ်? ဘာရယ်! ဆုကြေးငွေ ဒေါ်လာသန်းတစ်ရာတဲ့လား"
"နည်းပြလျို.. ကျွန်တော်တို့ S11ကို မသွားတော့ဘူး။ Esportsအိုလံပစ်ကိုသွားဖို့ပဲ ရည်ရွယ်ထားတယ်"
**********