သူတို့တွေက ငါ့ကိုဆန်ကျင်ရဲတယ်ပေါ့
Vol. 24 Ch. 349
Riotဂိမ်းပိုင်ရှင်သည် မကြာသေးခင်နှစ်များအတွင်း အလွန်ကံကောင်းခဲ့လေသည်။
မနှစ်တုန်းက ကပ်ရောဂါကြောင့် S11 Tournamentကို နှောင့်နှေးသွားစေခဲ့သဖြင့် ယခင်နှစ်များကထက် ဝင်ငွေလျော့နည်းသွားဟန်တူသော်ငြား အရေးမကြီးလှပေ။
လူတိုင်းသည် ကာလအတန်ကြာအောင် အိမ်ထဲတွင်သာ နေကြရပြီး ဘာမှလည်းမလုပ်ရပါဘဲ စားလိုက်၊သောက်လိုက်၊အိပ်လိုက်၊ ဂိမ်းကစားလိုက်သာ လုပ်ခဲ့ကြရသည်။ လုပ်ငန်းလည်ပတ်မှုဒေတာအရဆိုလျှင် "League of Legends"၏ ပျမ်းမျှအသုံးပြုသူနှင့် ကစားချိန်တို့မှာ ပုံမှန်ထက် ၃၀ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။
ဆော့ကစားသူ များပြားလာခြင်းမှာ ရေပန်းစားမှုမြင့်တက်လာခြင်းဖြစ်ပြီး ရေပန်းစားလာလျှင် ဝင်ငွေများရနိုင်လေသည်။ သူတို့သည် ကြော်ငြာမှတစ်ဆင့် ငွေအမြောက်အများရှာထားနိုင်ပြီးဖြစ်၏။ တစ်ဆက်တည်းမှာပင် ဟွာရှား၏အေးဂျင့်ဖြစ်သော ထန်ရွှင်းက Skinအသစ်များစွာကို ထုတ်လုပ်ခဲ့လေရာ Riotဂိမ်းအနေနှင့်လည်း အမြတ်များစွာ ထပ်ရခဲ့ပြန်လေသည်။
ပြီးခဲ့သည့်နှစ်က ဝင်ငွေ၂၇ရာခိုင်နှုန်းတိုးတက်လာခဲ့သောကြောင့် ဂိမ်းလုပ်ငန်းလောကရှိ ထိပ်တန်းဂိမ်းနှစ်ခုအနက် တစ်ခုအဖြစ် အခိုင်အမာရပ်တည်နိုင်ခဲ့သည်။
တစ်နှစ်လုံးစုဆောင်းထားခဲ့သည့် စုငွေများကို ပရိသတ်များက ထုတ်သုံးလာကြသည့်အတွက် ယခုနှစ်၏ S11ပြိုင်ပွဲမှာ ဝင်ငွေအများအပြားရရှိခဲ့ပြီး ကြော်ငြာနှင့် စပွန်ဆာကြေးများမှတစ်ဆင့်လည်း ဝင်ငွေအမြောက်အများ ရခဲ့လေသည်။ ယခုနှစ်ဝင်ငွေကလည်း အံ့သြစရာကောင်းလောက်အောင် များပြားလှသော ပမာဏတစ်ခု ဖြစ်လာနိုင်ခြေရှိ၏။
လော့ဟွားတိသည် ယခုအချိန်တွင် Riotဂိမ်း၏ အကြီးဆုံးရှယ်ယာရှင်တစ်ယောက် ဖြစ်လာလေပြီ။ အစတုန်းကမူ ထန်ရွှင်းက ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူဖို့ အစီအစဉ်ရှိခဲ့သော်လည်း ရှယ်ယာဝယ်ယူမှုက ၂၀ရာခိုင်နှုန်းသို့ရောက်လာသောအခါ လော့ဟွားတိဘက်ကလည်း ချက်ချင်းလှုပ်ရှားပြီး အစုရှယ်ယာအများဆုံး ရယူခဲ့သည်။ သို့မဟုတ်ပါက ယခုအချိန်တွင် ဤကုမ္ပဏီဟာ ဟွာရှားနိုင်ငံ၏ ပိုင်ဆိုင်မှုဖြစ်နေလောက်လေပြီ။
ယခုဆိုလျှင် Riot Gamesသည် လော့ဟွားတိ၏ ငွေရှာကိရိယာတစ်ခု ဖြစ်နေလေပြီ။ ထန်ရွှင်း၏အေဂျင်စီအောက်တွင် ဤဂိမ်းက ဈေးကွက်ကို စိတ်ကြိုက်ထိန်းချုပ်ထားနိုင်သည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင်မူ ထန်ရွှင်းမှာ အသုံးချခံကိရိယာတစ်ခုသာ ဖြစ်၏။
ကျန်းမုန့်လောင်က ဝမ်လင့်ကို မစ္စတာမားထံသို့သွားပြီး ပြိုင်ပွဲကျင်းပခွင့်တောင်းဖို့ စေလွှတ်ခဲ့ချိန်ကမူ ဤသည်မှာ အလွယ်တကူရနိုင်သည့် ကိစ္စတစ်ခုဖြစ်သော်ငြား အံ့သြစရာကောင်းသည့်အချက်မှာ လော့ဟွားတိသည် ပြိုင်ပွဲကျင်းပခွင့်ကို ထန်ရွှင်းကိုမပေးဘဲ သူ့လက်ထဲမှာပင် ထိန်းချုပ်ထားခဲ့သည်။
"ဟမ့်.. Esportsအိုလံပစ်တဲ့လား။ ဒီလိုအဆင့်နိမ့်တဲ့ ဟွာရှားလူမျိုးတွေက အခုလိုအဆင့်မြင့်ပြိုင်ပွဲတွေကိုပါ ကျင်းပဖို့ကြိုးစားနေကြတာလား"
မျက်နှာကြက်မှ ကြမ်းပြင်အထိ ရှည်လျားလှသော ပြတင်းပေါက်ရှေ့တွင် လော့ဟွားတိက အရှေ့ဘက်သို့ မျှော်ကြည့်နေချေသည်။
"S Tournamentထက် ပိုကြီးကျယ်ပြီး ပိုဩဇာလွှမ်းမိုးမှုရှိတဲ့ League of Legendsပြိုင်ပွဲတစ်ခု ဒီကမ္ဘာပေါ်မှာ မရှိစေရဘူး"
"ဒုန်း ဒုန်း ဒုန်း"
"ဝင်ခဲ့"
လော့ဟွားတိက ဆိုလေသည်။
ရင်သပ်ရှုမောဖွယ်ကောင်းအောင် ဝတ်ဆင်ထားသော လက်ထောက်မလေးတစ်ယောက်က ရုံးခန်းထဲသို့ အပြေးဝင်ချလာသည်။
"ဘော့စ် သတင်းဆိုးတစ်ခုရှိပါတယ်"
"ဘာသတင်းလဲ"
လော့ဟွားတိက မျက်မှောင်ကြုတ်လိုက်လေသည်။
"အစတုန်းက S11မှာ စာရင်းသွင်းထားတဲ့ အသင်းပေါင်းရှစ်ဆယ်ရာခိုင်နှုန်းလောက်က အခု စာရင်းသွင်းထားတာကို ပယ်ဖျက်လိုက်ပါပြီ"
"ဘာ?"
လော့ဟွားတိ မျက်လုံးပြူးသွားရလေသည်။
နှစ်စဉ်ကျင်းပနေကျဖြစ်သော S Tournamentပြိုင်ပွဲမှာ နောက်ဆုံးချန်ပီယံဖြစ်သော နယ်မြေဘက်က အသင်းသုံးသင်းစေလွှတ်ခွင့်ရှိပြီး အခြားနယ်မြေများကမူ အများဆုံးနှစ်သင်းစေလွှတ်ခွင့်ရှိ၏။ ထိုနယ်မြေများမှာ ထိုအခွင့်အရေးအတွက် တစ်နှစ်ပတ်လုံး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။ မည်သည့်အသင်းအတွက်မဆို S Tournamentပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းမှာ အလွန်ကြီးကျယ်လှသော ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်ပေသည်။
ယခင်နှစ်များတုန်းက နေရာတစ်နေရာရခဲ့ကြသည့် အသင်းများမှာ ကြီးကျယ်လှသော ဤအခွင့်အရေးအတွက် အမွှေးနံ့သာထွန်းပြီး ကျေးဇူးတင်စကားမပြောဘဲ မနေနိုင်တော့ချေ။ ထိုနေရာသို့ သွားရောက်နိုင်ခြင်းကပင် သူတို့ကိုယ်သူတို့ ကြော်ငြာရာရောက်ပေသည်။
S Tournamentတွင်သာ အနိုင်ရခဲ့ပါက တစ်နိုင်ငံလုံး အောင်ပွဲခံရမည်မှာ ကျိန်းသေပေါက်ပင်။ ဤသည်မှာ League of Legendsကလပ်တိုင်းနှင့် ပရော်ဖက်ရှင်နယ်ကစားသမားတိုင်း အိပ်မက်မက်မက်နေရသော ဂုဏ်သရေတစ်ခုပင်။
ထို့ပြင် ယခုနှစ်၏ ဆုကြေးငွေကလည်း ယခင်နှစ်များတုန်းကထက် အဆပေါင်းများစွာ ပိုမြင့်လာပေသည်။ ချန်ပီယံရရှိသောအသင်းအတွက် ဒေါ်လာ၂၅သန်းဖြစ်၏။ ပြီးခဲ့သည့်နှစ်တုန်းက ဆုကြေးငွေစုစုပေါင်းပင် ဤပမာဏကို မမီချေ။ ဤပိုက်ဆံကို သူတို့ မလိုချင်ကြတော့ဘူးလား။ သူတို့အားလုံးက ဘာကြောင့်များ ပြိုင်ပွဲမှ အသည်းအသန်ထွက်သွားကြလေသလဲ။
"ဘာတွေဖြစ်ကုန်တာလဲ။ သူတို့က ဘာလို့နှုတ်ထွက်ကုန်တာလဲ"
လော့ဟွားတိ မေးလိုက်မိသည်။
"သူတို့က ဟွာရှားမှာကျင်းပမဲ့ Esportsအိုလံပစ်ရဲ့ League of Legends Tournamentကို စာရင်းသွင်းဖို့ ထွက်သွားကြတာပါ"
"ဘာ? အဲဒီပြိုင်ပွဲလား"
လော့ဟွားတိက ဆိုလေသည်။
"အဲဒီမှာ ဝင်ပြိုင်တော့ရော ဘာများထူးလို့လဲ။ ဘာတန်ဖိုးများရှိလို့လဲ။ အင်တာနက်ကဖေးပြိုင်ပွဲအဆင့်လောက်ပဲရှိတာကို။ ငါတို့ဘက်ကသာ ကျင်းပခွင့်မပေးရင် သူတို့လည်း ကျင်းပခွင့်တောင်ရမှာမဟုတ်ဘူးလေ"
"ဒါပေမဲ့ ဘော့စ်.. ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးထားတဲ့ အသင်းတွေအားလုံးက Esportsအိုလံပစ်မှာ စာရင်းသွင်းထားကြပါတယ်။ ချင်းချိုးနိုင်ငံက SK2ရယ် DSBအသင်းရယ် ဥရောပနဲ့အမေရိကန်က NCအသင်းရယ် ဟွာရှားက KGအသင်းရယ် FXအသင်းတွေလည်း ပါပါတယ်။ စာရင်းသွင်းထားတာကို မပယ်ဖျက်တဲ့အသင်းတွေဆိုလို့ ဒုတိယတန်းစားအဆင့် အသင်းတွေပဲရှိပါတယ်။ သူတို့က ဒီအခွင့်အရေးကတစ်ဆင့် S Tournamentချန်ပီယံဆုကို အရယူဖို့ မျှော်လင့်ထားကြတာပါ"
လော့ဟွားတိ၏မျက်နှာကား တွန့်လိမ်ရှုံ့မဲ့သွားလေသည်။ ကမ္ဘာ့ချန်ပီယံအသင်းများအားလုံး ဝင်ပြိုင်နေကြသည့်ပြိုင်ပွဲကို ဘာတန်ဖိုးမှမရှိသည့် ပြိုင်ပွဲအတုဟု ခေါ်နိုင်ဦးမည်လား။
S Tournamentတွင် နိုင်ငံပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ကြသော်ငြား Esportsအိုလံပစ်ကမူ တစ်နိုင်ငံချင်းစီမှ အသင်းသုံးသင်းစီ စေလွှတ်ခွင့်ပေးထားသည့်အတွက် ယှဉ်ပြိုင်မှုကား အထွတ်အထိပ်သို့ ရောက်ရှိလာပေလိမ့်မည်။ သို့မှသာ စစ်မှန်သော ကမ္ဘာ့ချန်ပီယံကို အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်၏။
"ဘော့စ်..ဒါတင်မကသေးပါဘူး။ သူတို့ရဲ့ဆုကြေးငွေကလည်း တော်တော်မြင့်ပါတယ်"
အတွင်းရေးမှူးမလေးက ဆက်လက်တင်ပြလိုက်သည်။
"ချန်ပီယံဆုကြေးက အမေရိကန်ဒေါ်လာသန်းတစ်ရာဖြစ်ပြီး ဒုတိယဆုက ဒေါ်လာသန်းငါးဆယ်၊ တတိယဆုကတော့ ဒေါ်လာသန်းနှစ်ဆယ်ပါ။ အကုန်လုံးက အခွန်တွေရောနှုတ်ထားပြီးသားပါ။ အခွန်နှုတ်ထားပြီးဖြစ်တဲ့ ကျွန်မတို့ရဲ့ချန်ပီယံဆုကြေးငွေက သူတို့ရဲ့တတိယဆုနဲ့ အတူတူပါပဲ"
"ဒါဆို ငါတို့လည်း ဆုကြေးငွေတိုးပေးလိုက်မယ်လေ"
လော့ဟွားတိက ခဏမျှတွေးဆပြီးနောက် အံတင်းတင်းကြိတ်လိုက်လေသည်။ ယခုနှစ်အတွက် အမြတ်ငွေဒေါ်လာတစ်ဘီလီယံမျှသာ ရလျှင်လည်း ပြဿနာမရှိချေ။ ဤ S Tournament၏ အဆင့်အတန်းကို Esportsအိုလံပစ်ဟုခေါ်သော ပြိုင်ပွဲကြောင့် မယိမ်းယိုင်စေရပေ။
"ချန်ပီယံဆုနဲ့ ဒုတိယဆုအတွက် ဆုကြေးငွေကို သူတို့နဲ့ညီသွားအောင် တိုးလိုက်။ ဆုကြေးငွေချင်းအတူတူဆိုရင် သူတို့တွေလည်း S Tournamentမှာပဲ ဝင်ပြိုင်ကြလိမ့်မယ်"
"Riot Gamesက S11ဆုကြေးငွေစံနှုန်းကိုမြှင့်လိုက်ခြင်း၊ Esportsအိုလံပစ်ကို အဆုံးအထိ ယှဉ်ပြိုင်သွားဖို့ စိတ်ပိုင်းဖြတ်ထား"
"ငါ့ကောင်ရေ..Riotကတော့ နည်းကုန်ထုတ်သုံးနေပြီ"
"သောက်ကျိုးနည်း..သူတို့ ရူးသွားပြီလား။ ဆုံးဖြတ်ချက်မချခင် နောက်ကြောင်းရာဇဝင်စစ်ဆေးတာမျိုး မလုပ်နိုင်ကြဘူးလား။ ဒီပြိုင်ပွဲရဲ့ အဓိကစပွန်ဆာက ဘယ်သူလဲဆိုတာ သူတိုမသိဘူးလား"
"မစ္စတာကျန်းအတွက် ရေပန်းအစားဆုံးစာရင်းတစ်နေရာကို ကြိုယူထားလိုက်တော့"
Riot Games၏ နောက်ဆုံးသတင်းက အလွန်အရှိန်အဟုန်ကောင်းလာသော်ငြား ဟွာရှားတွင်မူ လူတိုင်းက ပွဲကြည့်ဖို့သာ စိတ်ကူးနေကြသည်။ ပိုက်ဆံသုံးသည့်နေရာတွင် မည်သူကမှ ဤလူကို မယှဉ်နိုင်ကြောင်း သူတို့သိထားကြပေသည်။
"ဘော့စ်.. Riot Gamesက ဆုကြေးငွေကို မြှင့်လိုက်ပါပြီ။ ကျွန်တော်တို့ S11မှာပဲ စာရင်းသွင်းကြမလား"
"မလိုဘူး"
ဟွာရှားရှိ Esportsကလပ်တစ်ခု၏ ဘော့စ်က နက်နဲလှသော အပြုံးတစ်ပွင့်ကို လှစ်ဟပြသလိုက်လေသည်။
"ငါတို့ရဲ့ကစားသမားတွေက ဒီနှစ် အခြေအနေတော်တော်ကောင်းနေတယ်။ ဒါက ငါတို့အတွက်တော့ ကောင်းတဲ့ကိစ္စတစ်ခုပဲ"
...
"လောင်ကျန်း မင်း ဒီသတင်းကိုမြင်ပြီးပြီလား။ Riotဘက်က သူတို့ရဲ့ဆုကြေးငွေကို ငါတို့နဲ့ညီအောင် မြှင့်လိုက်ပြီတဲ့။ ကြည့်ရတာတော့ ဒီတစ်ခေါက် သူတို့ဘက်က ရေကုန်ရေခန်းလိုက်မဲ့ပုံပဲ"
"ဒီပမာဏလောက်ကတော့ သူတို့ တတ်နိုင်သေးတာပဲလေ"
ကျန်းမုန့်လောင် ရယ်လိုက်မိ၏။ လွန်ခဲ့သည့်ငါးနှစ်တုန်းက Riot၏နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာတစ်ဘီလီယံကျော်အထိ ရောက်ခဲ့လေသည်။ ကုန်ကျစရိတ်များကို ဖယ်ထုတ်လိုက်လျှင်ပင် တစ်နှစ်ကို တစ်ဘီလီကျော်ရဖို့မှာ လွယ်ကူလွန်းလှသည်။
ဆုကြေးငွေအတွက် ဒေါ်လာသန်းနှစ်ရာနီးပါး သုံးလိုက်ရခြင်းမှာ အထိနာလှသော်ငြား ဤကုန်ကျစရိတ်ကိုမူ သူတို့ တတ်နိုင်သေးသည်။
"သူတို့ဘက်က ကစားချင်တယ်ဆိုရင် လိုက်ကစားပေးလိုက်တာပေါ့"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"ချန်ပီယံဆုနဲ့ ဒုတိယဆုအတွက် ဆုကြေးငွေကို ဆယ်ဆတိုးလိုက်။ ပြိုင်ပွဲဝင်တဲ့အသင်းတွေအတွက် ခရီးသွားလာစရိတ်နဲ့ နေထိုင်စရိတ်အတွက်လည်း ငါတို့ပဲ အကုန်အကျခံမယ်"
"မင်း တကယ်ပဲ ရေဆုံးမြေဆုံးလိုက်တော့မလို့လား"
ဝမ်လင့်ခမျာ မအံ့ဩဘဲ မနေနိုင်တော့ချေ။ ဤသည်မှာ ပြိုင်ပွဲလေလား။ ပရဟိတလေလား။
"အဆုံးကျရင် ဆုကြေးငွေတွေအားလုံးက ငါတို့ပဲ ပြန်ရမှာလေ"
ကျန်းမုန့်လောင်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်လေသည်။
"ပြီးတော့ ခရီးသွားလာစရိတ်နဲ့ နေထိုင်စရိတ်က ဘယ်လောက်များနိုင်မှာမို့လို့လဲ"
ဝမ်လင်၏စိတ်ထဲတွင် Riot Games၏ဘော့စ်ဖြစ်သူ ဖြစ်ပျက်သွားမည့် အမူအရာကိုပင် မြင်ယောင်နေမိသည်။
ဆုကြေးငွေကို ဆယ်ဆတိုးလိုက်လျှင် ဒေါ်လာ၁.၇ဘီလီယံဖြစ်သွားလေပြီ။ သူတို့ တစ်နှစ်နီးပါးအလုပ်လုပ်ခဲ့ရသည်မှာ အလဟဿဖြစ်သွားရသလိုပင်။ ယခုလိုရဲရဲဝံ့ဝံ့လောင်းကြေးထပ်နိုင်ဖို့အထိ Riot Gamesဘက်က ခံနိုင်ရည်ရှိမည်တဲ့လား။
ကျန်းမုန့်လောင်က လှောင်ပြောင်သရော်လိုက်လေသည်။
"သူတို့ကများ ငါတို့နဲ့ လာပြိုင်ချင်တယ်ပေါ့လေ။ သူတို့တွေ ငါတို့ကို ထပ်ပြိုင်ရဲဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့"
***********