← Chapters

လော့ဟွားတိ ငါကမင်းအဖေပဲ

Vol. 24 Ch. 350

လော့ဟွားတိ ငါကမင်းအဖေပဲ

Vol. 24 Ch. 350

"ဘော့စ်.. ဒီပြိုင်ပွဲက တရားဝင်စီစဉ်ထားတာမဟုတ်ပါဘူး"

သူ ယခုတင် စစ်ဆေးကြည့်ပြီးပြီဖြစ်၏။

"ဒါက ဟွာရှားမှာ အသစ်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတစ်ခုက လျှောက်ထားတဲ့ ပရောဂျက်တစ်ခုပါ။ ပြီးတော့ သူတို့ဘက်က အိုလံပစ်ကော်မတီဆီက မူပိုင်ခွင့်ကို ဒေါ်လာသန်းနှစ်ရာနဲ့ ဝယ်ထားပါတယ်"

"ဒေါ်လာသန်းနှစ်ရာလား"

လော့ဟွားတိ အံသြမှင်တက်သွားရလေသည်။ ဤသည်မှာ မူပိုင်ခွင့်တစ်ခုအတွက် အလွန်မြင့်မားလှသော ဈေးနှုန်းတစ်ခုဖြစ်ပြီး ငွေပေး၍ဝယ်ရုံဖြင့် မရနိုင်သောအရာပင်။ ထိုကဲ့သို့သော မူပိုင်ခွင့်မျိုးမှာ လူပေါင်းများစွာက မျက်စိကျနေလောက်သော အရာမျိုးဖြစ်၏။ ဤကုမ္ပဏီ၏နောက်ကွယ်ရှိ လူများမှာ အံ့ဖွယ်ကောင်းသော နောက်ခံအင်အားမျိုး ရှိနိုင်လောက်ပေသည်။

"ဒီကုမ္ပဏီပိုင်ရှင်က ဘယ်သူလဲ"

"ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်ပါ"

လော့ဟွားတိ၏အမူအရာကား ရုတ်ခြည်းတောင့်ခဲသွားလေသည်။

အစတုန်းကမူ ဤဟွာရှားလူမျိုးမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည့်တိုင် ထိုလူ့အကြောင်းကိုမူ သူ သိပ်မသိပေ။ ထိုလူ့ကို သူ လုံးဝဂရုမစိုက်ခဲ့ပေ။

သို့သော် မကြာသေးခင်ကပင် ကျန်းမုန့်လောင်သည် အမေရိကန်တွင် "အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်း"ကို တည်ထောင်ခဲ့ပြီး စက်ရုံပေါင်းတစ်ရာကျော်တွင် ဆန္ဒပြပွဲအကြီးစားများ ပေါ်ပေါက်လာစေခဲ့သည်။ ထိုသက်ရောက်မှုများမှာ ယခုထိတိုင် ကျန်ရစ်နေဆဲပင်။ တစ်ခါတစ်ရံတွင် အချိန်ပိုဆင်းရသော Riot Gamesရှိ သူတို့၏ပရိုဂရမ်မာများပင် ဆန္ဒပြပွဲတွင် ဝင်ပူးပေါင်းလုနီးပါး ဖြစ်ခဲ့၏။

ထိုကဲ့သို့သောအခြေအနေများအောက်တွင်မူ လော့ဟွားတိလည်း ကျန်းမုန့်လောင်က ဘယ်သူလဲဆိုသည်ကို မသိဘဲမနေတော့ပေ။

ထို"အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်း"ကို ကနဦးမတည်ငွေ ဒေါ်လာတစ်ရာဘီလီယံဖြင့် စတင်ခဲ့ပြီး နောက်တစ်နေ့မှာပင် ဒေါ်လာတစ်ရာဘီလီယံထပ်ဖြည့်တင်းခဲ့ကြောင်း သူသိထားသည်။ ဤမျှများပြားလှသော စည်းစိမ်ကား နိုင်ငံတစ်နိုင်ငံ၏စည်းစိမ်နှင့်ပင် ယှဉ်နိုင်ပေသည်။

ဒေါ်လာ၂၀၀ဘီလီယံကို ရိုးရိုးသုံးစွဲခြင်းနှင့် ဆန္ဒပြပွဲကို ပံ့ပိုးရန်အတွက် အသုံးပြုခြင်းတို့ကား မတူညီပေ။ ဤလူက ချမ်းချမ်းသာသာသေရမှာကို ကြောက်ရလောက်သည်အထိ ချမ်းသာလေသလား။

ဒေါ်လာ၁.၇ဘီလီယံဆိုသည်မှာ မပြောပလောက်သော ပမာဏပင်။ အကယ်၍ သူသာ ကျန်းမုန့်လောင်နှင့် ဆက်ယှဉ်ဖို့ကြိုးစားလိုက်ပါက တစ်ဖက်လူကလည်း ဒေါ်လာ၁၇ဘီလီယံအထိ တိုးလိုက်နိုင်သည်။ ထို့ပြင် သူ့ဘက်ကလည်း၁.၇ဘီလီယံဆုကြေးငွေကို ထုတ်မပေးနိုင်ပေ။ သူသည် ကျန်းမုန့်လောင်နှင့်ယှဉ်ပြိုင်ရန်ပင် အရည်အချင်းမပြည့်မီပေ။

"ဘော့စ်.. ကျွန်မတို့ ဘာလုပ်ကြမလဲ"

"မကြောက်နဲ့"

လော့ဟွားတိသည် စီးပွားရေးလောကတွင် ဆယ်စုနှစ်တစ်ခုကြာအောင် ရပ်တည်နိုင်ခဲ့သော ဝါရင့်တစ်ယောက်ပင်။

"ငါတို့ဘက်က ပွဲစီစဉ်ခွင့်ကို ကိုင်ထားတုန်းပဲ။ သူတို့ရဲ့ဆုကြေးငွေက ဘယ်လောက်မြင့်မြင့် ပွဲက ဘယ်လောက်ခမ်းနားခမ်းနား ငါတို့လက်မခံဘဲနဲ့ သူတို့ဘက်က ပွဲကျင်းပရဲရင် ငါတို့ဘက်က တရားစွဲလိုက်တာနဲ့ သူတို့လည်း ဒေဝါလီခံရမှာပဲ"

အတွင်းရေးမှူးမလေးခမျာ စိုးရိမ်တကြီးကျီးကြည့်ကြောင်ကြည့် လုပ်နေမိသည်။

သူတို့ကို ဒေဝါလီခံရအောင် လုပ်မယ်တဲ့လား။ သူတို့ရဲ့ပိုင်ဆိုင်မှုက ဘယ်လောက်ရှိလဲဆိုတာ သိလို့လား။ တစ်ထရီလီယံလား။ နှစ်ထရီလီယံလား။ ငါးထရီလီယံလား။ ဒါမှမဟုတ် ဆယ်ထရီလီယံလား။ ပြီးတော့ ပမာဏကလည်း အမေရိကန်ဒေါ်လာနဲ့နော်...

"ဒါပေမဲ့ ဘော့စ်.."

အတွင်းရေးမှူးမလေးက စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်ချေသည်။

"Qualcomm Electronicsရဲ့ အမှုဆောင်အရာရှိတွေကလည်း ကျန်းမုန့်လောင်ကို အခုလိုစော်ကားခဲ့လို့ သူ့ဘက်ကလည်း အကြီးအကျယ်လက်တုံ့ပြန်ခဲ့တာ။ ကျွန်မတို့ကုမ္ပဏီက ဂိမ်းလောကမှာ သြဇာအာဏာပြင်းတယ်ဆိုပေမဲ့ Qualcomm Electronicsနဲ့ယှဉ်ရင်တော့ လုပ်ငန်းသေးသေးလေးရယ်။ ဆယ်ဆတောင် ပိုသေးတာ။ သူတို့ဘက်က ကျွန်မတို့ကိုလည်း အဲဒီလိုဗျူဟာမျိုး ထုတ်သုံးလာခဲ့ရင်..."

"ပြီးတော့ ကျန်းမုန့်လောင်ရဲ့နောက်ကြောင်းရာဇဝင်ကို ကျွန်မကြားထားတယ်"

သူ(မ) ဆက်ပြောလိုက်လေသည်။

"သူ့ပြိုင်ဘက်တွေအပေါ်သုံးတဲ့ သူ့ဗျူဟာက သူတို့ရဲ့ရှယ်ယာတွေကိုဝယ်ပစ်လိုက်တာမျိုး ဒါမှမဟုတ် သူတို့ရဲ့တစ်ဖက်ပြိုင်ဘက်တွေကို ထောက်ပံ့ပြီး စီးပွားရေးရှုထောင့်ကနေ အနိုင်ပိုင်းလိုက်တာမျိုးပါ။ ကျွန်မစိုးရိမ်တာက..."

"မင်း မလိုအပ်တာတွေကို စိတ်ပူနေစရာမလိုဘူး"

လော့ဟွားတိက ယုံကြည်မှုရှိရှိ ပြောလိုက်လေသည်။

"ဂိမ်းလောကဆိုတာ သူများနဲ့မတူဘူး။ ငါတို့ဂိမ်းနဲ့ ယှဉ်ပြိုင်နိုင်တဲ့ဂိမ်းကုမ္ပဏီတွေက ရှားတယ်။ ရှိခဲ့တယ်ဆိုရင်တောင် ငါတို့ရဲ့ကစားသမားတွေက ဈေးကွက်ထဲမှာ အခြေချထားပြီးသား။ သူတို့တွေ တခြားဂိမ်းတစ်ခုကို ပြောင်းသွားဖို့ဆိုတာ တော်တော်ခက်ခဲတယ်"

"ပြီးတော့ ငါတို့ကုမ္ပဏီက စာရင်းသွင်းထားတာမဟုတ်ဘူး။ ဘာဝယ်ယူရေးနည်းလမ်းကိုမှ သူသုံးလို့မရဘူး"

"ပြီးတော့ နောက်တစ်ခုရှိပါသေးတယ်"

လော့ဟွားတိကိုယ်တိုင်ပင် ထိုသို့ပြောရင်း အတန်ငယ်ထိတ်လန့်မိသည်။

"မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် အမေရိကမှာ အလုပ်သမားသပိတ်ဥပဒေကို အသစ်ပြန်ပြင်လိုက်ပြီ။ ဝန်ထမ်းတွေအနေနဲ့ ဆန္ဒထပ်ပြဖို့ဆိုတာ လွယ်တော့မှာမဟုတ်ဘူး"

နိုင်ငံခြားသားတစ်ယောက်အတွက် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေကိုပြုပြင်လိုက်ရခြင်းမှာ ရှားပါးဖြစ်စဉ်တစ်ခုပင်။ လော့ဟွားတိခမျာ ထိုသတင်းကို ကြားလိုက်ရစဉ်တုန်းက အံ့သြမှင်တက်သွားခဲ့ရသည်။

"လောင်ကျန်း.. ငါတို့ လိုင်စင်ကြေးကို ဒေါ်လာသန်းနှစ်ရာပေးပြီးသွားပြီ။ Riot Gamesဘက်ကတော့ သဘောမတူသေးဘူး"

ထိုပမာဏက သူတို့ကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ဝမ်လင် ထင်ခဲ့မိသည်။ သို့သော် လော့ဟွားတိ၏ဇွဲကောင်းမှုကို သူ လျှော့တွက်မိသွားပုံပင်။

ထန်ရွှင်းက LPLထုတ်လွှင့်ခွင့်ကို ဝယ်ယူခဲ့စဉ်က သူတို့သည် ဒေါ်လာသန်းရှစ်ဆယ်ကိုသာ သုံးစွဲခဲ့သည်။ သန်းနှစ်ရာဆိုသည်မှာ အလွန်များပြားလှသောဈေးနှုန်းတစ်ခုပင်။

"သူတို့ဘက်က လမ်းဆုံးနေပါပြီ"

ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။

"ငါတို့ ဘာလုပ်ကြမလဲ။ သူတို့ဘက်က တင်းခံထားလို့ ငါတို့ကလည်း တရားဝင်လိုင်စင်မပါဘဲ ပွဲကျင်းပခဲ့ရင် တရားစွဲဆိုခံရလိမ့်မယ်"

"စိတ်မပူနဲ့။ ကစားသမားတွေကို ဂိမ်းမှာပဲ အာရုံစိုက်ခိုင်းထားလိုက်"

ကျန်းမုန့်လောင်က ဝေးပေါ်ကိုဖွင့်၍ ပို့စ်အသစ်တစ်ခု တင်လိုက်၏။

"တောင်းပန်ပါတယ် အားလုံးပဲ.. Riot Gamesဘက်က ပြိုင်ပွဲကျင်းပခွင့်ပေးဖို့ နှောင့်နှေးကြန့်ကြာနေတဲ့အတွက် ဒီEsportsအိုလံပစ်မှာ League of Legendsပြိုင်ပွဲကတော့ ပါချင်မှပါတော့မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်ကြိုးစားမှာပါ။ အားလုံးလည်း Riot Gamesကို လွန်လွန်ကျူးကျူးမတိုက်ခိုက်ကြဖို့ မျှော်လင့်ပါတယ်"

"သောက်ကျိုးနည်း.. ဒါကဘာသဘောလဲ။ သူတို့က ဆုကြေးငွေ တိုးမပေးနိုင်ဘူးဆိုတော့ ငါတို့ပြိုင်ပွဲကို တားဆီးဖို့အတွက် ဒီနည်းဗျူဟာကို ထုတ်သုံးတယ်ပေါ့"

"တော်တော်အရှက်မရှိတာပဲ"

"ဟားဟားဟား ဥက္ကဋ္ဌကျန်း.. ခင်ဗျား ပွင့်ပွင့်လင်းလင်းပြောလို့မရဘူးလား။ ကျွန်တော်တို့ကို ဘာမှနားမလည်တဲ့ အရူးတွေများထင်နေလား"

"ကောင်းပြီ။ နားလည်ပြီ။ ကျွန်တော်တို့ လွန်လွန်ကျူးကျူးလည်းမလုပ်ဘူး။ Riot Gamesကိုလည်း မတိုက်ခိုက်ဘူး"

"ကိုယ့်လူတို့ ငါ အခုလေးတင် အဖွဲ့တစ်ခုထောင်ထားတယ်။ သိတဲ့လူကတော့ သိမှာပါ"

ထိုညတုန်းက ကျန်းမုန့်လောင်က ပုံမှန်အတိုင်း သူ၏ဒြပ်စင်သုံးမျိုးအတွင်းအားကျင့်ကြံရေးနည်းလမ်းကို ကျင့်ကြံရန် ပြင်လိုက်သော်လည်း သူ့ဖုန်းက အကြိမ်ရေတော်တော်များများ တုန်ခါလာသည်။ ဝမ်လင့်ထံမှ စခရင်ရှော့များ ရောက်လာခြင်းပင်။

"ဟားဟားဟား"

စခရင်ရှော့ထဲရှိ အကြောင်းအရာကို မြင်ပြီးနောက် ကျန်းမုန့်လောင် မရယ်ဘဲ မနေနိုင်တော့ချေ။ Summoner Riftတွင် ထရိုးကောင်များဖြင့် ပြည့်နှက်နေချေသည်။ ကစားသမားများ၏ အိုင်ဒီများမှာ တစ်ယောက်ထက်တစ်ယောက် အပြိုင်မိုက်နေကြလေတော့သည်။

"လော့ဟွားတိ ငါကမင်းအဖေပဲ 001"

"သနားဖို့ကောင်းလိုက်တဲ့ လော့ဟွားတိ"

"Riot Gamesက ခွေးပဲ 001"

"ကောင်းကင်ဘုံကိုဆန်တက်မဲ့ လော့ဟွားတိရဲ့အဖေ"

ဟွာရှားနိုင်ငံသည် League of Legend၏ အမာခံပရိသတ်များဖြစ်ပြီး ကစားသမားအများစုမှာ လူငယ်များဖြစ်ကြသည်။ ထိုအထဲရှိ လူအများစုမှာ ကျန်းမုန့်လောင်၏ပရိသတ်များပင်။

ထိုနေ့လယ်တုန်းက အဖွဲ့ဝင်တစ်ရာမှ တစ်ထောင်အတွင်းရှိသောအဖွဲ့များ တစ်ခုပြီးတစ်ခု တည်ထောင်ခဲ့ကြပြီး ပူးပေါင်းကြံစည်မှုတစ်ခုကို စတင်ခဲ့ကြလေသည်။

ညရှစ်နာရီမှစတင်၍ ကစားသမားသိန်းဂဏန်းလောက်က သူတို့၏အိုင်ဒီနာမည်ပြောင်များကို ပြောင်းလိုက်ကြလေရာ Summoner Riftတွင် လော့ဟွားတိ၏အဖေများနှင့် အမေများဖြင့် ပြည့်နှက်သွားလေတော့သည်။

"သေလိုက်ပါတော့ ငါ့ကောင်! မင်းရဲ့နာမည်ကတော့ နည်းနည်းလွန်သွားပြီနော်။ ငါ့အိုင်ဒီက လော့ဟွားတိရဲ့အဖေ 0182"လေ။ မင်းရဲ့အိုင်ဒီက ဘယ်လိုလုပ်ပြီး "လော့ဟွားတိရဲ့တစ်မိသားစုလုံးသေသွားပြီ2001"လို့ ရေးထားရတာလဲ"

"ကိုယ့်လူတို့ သူ့ကိုဖမ်းထားကြ"

"ဟားဟားဟား ဆောရီး..သူငယ်ချင်းကို ထိသွားတာပဲ။ ငါ မြန်မြန်ပြောင်းလိုက်မယ်"

ထိုအချိန်တွင် အမေရိကရှိ လော့ဟွားတိက ဤအစီရင်ခံစာကို မြင်ပြီး ဒေါသများ လောင်မြိုက်သွားလေတော့သည်။

"ဒီလိုနည်းလမ်းမျိုးနဲ့ ငါ့ကို လိုင်စင်ထုတ်ပေးလာအောင် ဖိအားပေးလို့ရမယ်များ ထင်နေတာလား။ မဖြစ်နိုင်တာ.. ဒီအကောင့်တွေကို အခုချက်ချင်းဘန်းပစ်လိုက်"

***********

All Chapters