ကျန်းမုန့်လောင်ကို ထိပါးရဲတယ်ပေါ့
Vol. 24 Ch. 351
ထိုညနေတွင် Riot Gamesက အကောင့်ပေါင်း၂.၇သန်းကို ဘန်းပစ်ခဲ့ပြီး ထိုအကောင့်များအားလုံးနီးပါး၏ အိုင်ပီလိပ်စာများမှာ ဟွာရှားနိုင်ငံမှဖြစ်နေလေရာ လော့ဟွားတိခမျာ ကျန်းမုန့်လောင်၏လွှမ်းမိုးမှုကြောင့် ကြောက်လည်းကြောက်၊ သတိလည်းကြီးသွားချေသည်။
ယခုအချိန်၌ League of Legendsတွင် မှတ်ပုံတင်ထားသော ကစားသမားသန်းသုံးရာကျော်တွင် ဟွာရှားကစားသမားများမှာ ၇၈သန်းကျော်ရှိ၏။ တရားဝင်ဒေတာများအရ အမြဲတမ်းအသုံးပြုသူ၁၈သန်းကျော်ရှိပြီး အွန်လိုင်းတက်ချိန်အများဆုံးရှိသည့် အသုံးပြုသူများမှာ ၆.၇သန်းကျော် ရှိသည်။
Riot Games၏ လက်ဝါးကြီးအုပ်မှုကို ဆန္ဒပြရန်အတွက် အကောင့်ပေါင်း၂.၇သန်းက တစ်ချိန်တည်းမှာ သူတို့၏နာမည်များကို ပြောင်းလိုက်ခြင်းကား အလွန်အင်အားတောင့်လွန်းလှသဖြင့် ဘာသာရေးအဖွဲ့များပင် ရှက်ရလောက်ပေသည်။
"သေစမ်း! ငါ့အကောင့်ကို ဘန်းတယ်ပေါ့လေ? ငါလည်း ဒါကိုသည်းခံမနေနိုင်ဘူး။ ငါက "ဘန်းခံရတာကိုထုံနေတဲ့လူ"ဆိုတာ မသိဘူးလား"
"လော့ဟွားတိ.. မင်းတို့အိမ်ထောင်စုစာရင်းမှာ မင်းရဲ့နာမည်အရင်းနဲ့ ဖြည့်ထားတာလား။ ငါ့အကောင့်ကို ဘန်းတယ်ပေါ့လေ"
"ငါကျိန်ဆိုတယ်။ မင်းမိန်းမက မင်းကိုဖောက်ပြန်နေတယ်ဆိုတာကို လက်ပူးလက်ကျပ်ဖမ်းမိပါစေ"
"ခင်ဗျား ကားအက်ဆီးဒင့်ဖြစ်ပြီး ပွဲချင်းပြီးသေပါစေ။ တရားခံလည်း အမှုမှန်ပေါ်ပေါက်ပါစေ"
"ခင်ဗျား မစင်စားလိုက်ရပြီး တစ်စက်မှမဖိတ်စင်ပါစေနဲ့ ဆုတောင်းပေးလိုက်ပါတယ်"
"ခင်ဗျား သေဒဏ်ကျခံပြီး အဲဒီသေဒဏ်ကို ရွှေ့ဆိုင်းထားရပါစေ"
"ခင်ဗျားရဲ့အာမခံကြေးတွေ ထုတ်ချေရတဲ့အဆင့်ရောက်ပါစေ"
"ခင်ဗျားရဲ့သင်္ချိုင်းမြေက ဖုန်းရွှေသင့်တဲ့မြေနေရာဖြစ်ပါစေ"
...
ဘန်းခံလိုက်ရဿည့် ကစားသမားများမှာ ထိုအရာကို သည်းမခံနိုင်ကြပေ။ တော်တော်များများက ဤဂိမ်းထဲတွင် အချိန်ရော ငွေများပါ အမြောက်အများမြှုပ်နှံထားကြသည်ဖြစ်ရာ အချို့လူချမ်းသာကစားသမားများဆိုလျှင် skinများအတွက်ဖြင့် သောင်းချီပြီး သုံးစွဲထားကြလေသည်။ သူ့တို့အကောင့်ကို ဘန်းလိုက်ပါက သူတို့က ဘာသွားကစားရမလဲ။
"@Riot Games ငါ့တို့အကောင့်ကို ချက်ချင်းဘန်းပြန်ဖြေပေးစမ်း။ မဟုတ်လို့ကတော့ ဒီဂိမ်းကို ဖျက်ပစ်လိုက်မှာ"
ကစားသမားများ၏ ဆန္ဒပြသံများက အွန်လိုင်းပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်သွားချေသည်။
"ဘာ? သူတို့က ငါတို့အကောင့်တွေကိုဘန်းရဲတယ်ပေါ့"
"သေစမ်း! ငါတို့ဟွာရှားကစားသမားတွေက လူဦးရေအများဆုံးနဲ့ ငွေသုံးနိုင်စွမ်းအများဆုံးဆိုတာကို သူတို့မသိဘူးလား။ သူတို့ နှစ်တိုင်းရနေတဲ့ပိုက်ဆံတွေက ဘယ်ကရတယ်လို့များ သူတို့ထင်နေတာလဲ"
"သူတို့ရဲ့ငွေကြေးထောက်ပံ့သူတွေကို မောက်မာပြနေတာမိုး ငါ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ"
"ညီအစ်ကိုတို့.. အဲဒီဂိမ်းကိုဖျက်ပစ်ပြီး ရှေ့ဆက်ကြစို့။ ငါတို့ ဒီလိုအနိုင်ကျင့်ခံနေရတာကို သည်းမခံနိုင်ဘူး"
"ခရူးဆိတ်စစ်ပွဲစပြီဟေ့။ စစ်တေးသံ ဆိုကြတော့"
...
ဤသည်မှာ Esportsသမိုင်းတွင် မှတ်တမ်းတင်ရလောက်သည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုညနေမှာပင် ဒေါသူပုန်ထနေသော ဟွာရှားကစားသမားများက Boycottအကြီးစားတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။
ကစားသမားသန်းလေးဆယ်ကျော်က League of Legendsကို သူတို့ကွန်ပျူတာထဲမှ ဖျက်လိုက်ကြပြီးနောက် ဖြုတ်ချလိုက်သည့်ပမာဏကြောင့် လော့ဟွားတိခမျာ အတန်ငယ်ထိတ်လန့်သွားရလေသည်။
"ဘော့စ်..ဟွာရှားကစားသမားတွေရဲ့ တုံ့ပြန်ချက်က တော်တော်ပြင်းထန်ပါတယ်။ ကျွန်မတို့ရဲ့နည်းလမ်းက အရမ်းများကြမ်းသွားသလားလို့"
လော့ဟွားတိ၏ အတွင်းရေးမှူးမလေးလည်း ထုတ်မပြောဘဲ မနေနိုင်တော့ချေ။
"တစ်ညနေခင်းတည်းနဲ့ အကောင့်ပေါင်း၂.၇သန်းကို ဘန်းလိုက်တာက ကစားသမားတွေကို စိတ်တိုသွားစေတာတော့ အမှန်ပဲ"
"ဟမ့်! မောက်မာတဲ့ ဒီဟွာရှားလူမျိုးတွေ.. သူတို့က ဆန္ဒပြတိုင်းအလုပ်ဖြစ်လိမ့်မယ်လို့ထင်နေကြတာ"
လော့ဟွားတိကမူ တည်ငြိမ်ချင်ယောင်ဆောင်နေလေသည်။
"စိတ်မပူနဲ့။ သူတို့က ဒီဂိမ်းကို နှစ်ပေါင်းများစွာကြာအောင် စွဲလမ်းလာကြတာ။ တော်တော်များများက League of Legendsမရှိဘဲ မနေနိုင်ကြဘူး။ ရက်ပိုင်းအတွင်း ပြန်ဒေါင်းကြလိမ့်မယ်"
ခေါင်းမာလှသော လော့ဟွားတိကို ကြည့်ရင်း အတွင်းရေးမှူးမလေးခမျာ သူထင်ထားသည့်အတိုင်းသာ ဖြစ်လာဖို့ မျှော်လင့်ရင်း သက်ပြင်းချလိုက်လေသည်။
သို့သော် လော့ဟွားတိသည် ဟွာရှားကစားသမားများကို စင်စစ်အထင်သေးခဲ့မိလေသည်။
ထိုအသုံးပြုသူသန်းလေးဆယ်ထဲတွင် တစ်ပတ်လုံးလုံးကြာသည့်တိုင် အယောက်နှစ်သိန်းလောက်သာ ပြန်ရောက်လာခဲ့ကြပြီး ဟွာရှားဆာဗာမှာ ထူးထူးဆန်းဆန်းတိတ်ဆိတ်သွားခဲ့သည်။ လှုပ်ရှားမှုအဆင့်ကလည်း သာမန်နေ့တစ်နေ့၏ ဆယ်ပုံတစ်ပုံပင် မရှိတော့ချေ။
အသုံးပြုသူအရေအတွက် များစွာကျဆင်းသွားသည့်အတွက် ပြိုင်ပွဲတစ်ခုစီစဉ်ရန်အတွက်လည်း စောင့်ဆိုင်းချိန် ပိုကြာလာသည်။ သာမန်ဆိုလျှင် ဂိမ်းတစ်ခုသည် စတင်ဖို့ မိနစ်နှစ်ဆယ်ကျော် အချိန်ယူရပြိး အဆင့်မြင့်ဂိမ်းများတွင်မူ ပြိုင်ပွဲဝင်ရန်အတွက် တစ်နာရီနှစ်နာရီခန့် စောင့်ကြရသည်။
လူအများစုအတွက်မူ ဂိမ်းကစားခြင်းမှာ အချိန်ဖြုန်းသည့်နည်းလမ်းတစ်ခုပင်။ သို့သော် ထိုအချိန်အများစုကို စောင့်ဆိုင်းရင်း ကုန်ဆုံးနေရပါလျှင် မည်သူကများ သည်းခံနိုင်မည်နည်း။
နောက်တစ်ပတ်အတွင်းမှာပင် ဂိမ်းကိုဖျက်ချလိုက်သော ကစားသမားအရေအတွက်က သန်းဂဏန်းအထိ ရောက်လာခဲ့သည်။
ဂိမ်တွင်းပစ္စည်းဝယ်ယူမှုမှာလည်း အလွန်နည်းပါးသွားသည်။ ယခင်လများ၏ ဘဏ္ဍာရေးအစီရင်ခံစာများတွင် League of Legends၏ဝင်ငွေမှာ အခြားဂိမ်းများထက် အများကြီးပိုသာခဲ့သော်လည်း ယခုလတွင်မူ ထိတ်လန့်ဖွယ်ကောင်းအောင် တတိယနေရာအထိ ကျဆင်းသွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
လစဉ်ဘဏ္ဍာရေးအစီရင်ခံစာကို မြင်ရသောအခါ ရှယ်ယာရှင်များမှာ မကျေမနပ်ဖြစ်သွားကြလေသည်။ အခြားသူများ၏ ဂိမ်းများမှာ ပိုကောင်းပြီး ပိုအားကောင်းလာချိန်တွင် သူတို့၏ဝင်ငွေကမူ ပြီးခဲ့သည့်လတုန်းကထက် ၂၀ရာခိုင်နှုန်း ကျဆင်းသွားခြင်းပင်။
ကုမ္ပဏီ၏ မိုက်မဲသည့်လုပ်ရပ်များကြောင့် ကစားသမားအမြောက်အများ ဆုံးရှုံးလိုက်ရပြီး သူတို့၏ပြိုင်ဘက်များကလည်း ဝမ်းသာနေကြသည်။ သူတို့သာ ဆက်လက်တိုးတက်နေပါက အခြားသူများက တိုးတက်ဖို့ နေရာကျန်ပါဦးမည်လား။
ယခုလို ကစားသမားအမြောက်အများနှင့် ယှဉ်ပြိုင်ရသော ဂိမ်းမျိုးမှာ နေရာရထားပြီးသားပင်။ ဂိမ်းထုတ်လုပ်သူအကြီးစားများမှာလည်း ထိုကဲ့သို့သော ဂိမ်းများကို ထုတ်လုပ်နိုင်စွမ်းရှိကြသည်။ သို့သော် ကစားသမားများက League of Legendsကိုသာ စွဲလမ်းနေကြသည့်အတွက် ဤဂိမ်းများမှာ ဝင်တိုးနိုင်ရန် ခက်ခဲခဲ့ပေသည်။
သို့သော် ကုမ္ပဏီ၏ လက်ရှိတာဝန်ရှိသူ၏ ဦးနှောက်ထဲမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို မည်သူက သိနိုင်မည်နည်း။ ကြည့်ရသည်မှာ ဦးနှောက်ပျက်နေပုံရ၏။ လူတွေအားလုံးထဲမှာမှ ကျန်းမုန့်လောင်ကို ဘာကြောင့်များ ရွေးပြီးရန်သွားစရလေသလဲ။ သူ့လိုလူစားမျိုးမှာ ရန်စ၍ ရနို်ငသော လူတစ်ယောက်မဟုတ်ချေ။ ဟွာရှားရှိ ကစားသမားအရေအတွက် ညတွင်းချင်း ထက်ဝက်လျော့ကျသွားခြင်းမှာ တချို့ထုတ်လုပ်သူများအတွက်မူ ကြုံတောင့်ကြုံခဲအခွင့်အရေးတစ်ခုပင် ဖြစ်ချေသည်။
ဤအခွင့်အရေးကို အရယူပြီး ဂိမ်းတစ်ခုထုတ်လုပ်နိုင်ပါက နှစ်အနည်းငယ်အတွင်းမှာပင် သူတို့ကဲ့သို့ အင်အားကြီးမားသော ဂိမ်းတစ်ခုဖြစ်လာနိုင်သည်။
နှစ်ပတ်အတွင်းမှာပင် အလားတူဂိမ်းဆယ်မျိုး ထွက်ရှိလာပြီး အချို့ကမူ ကြော်ငြာအတွက် ငွေအမြောက်အများသုံး၍ ရုတ်တရက်လစ်ဟာသွားသော ဈေးကွက်ရှယ်ယာကို အမိအရဆုပ်ကိုင်လိုက်ကြသည်။
ဤသတင်းကြောင့် ကုမ္ပဏီရှယ်ယာရှင်များမှာ အထိတ်တလန့်ဖြစ်သွားကြလေသည်။ ဟွာရှားဈေးကွက်သာ ပေါက်သွားပါက သူတို့၏နှစ်စဉ်ဝင်ငွေလည်း ၄၀ရာခိုင်နှုန်း ကျဆင်းသွားပေလိမ့်မည်။
ရှယ်ယာရှင်များ၏ အမြင်တွင်မူ ပိုက်ဆံရနေသရွေ့ အခြားဘာမှအရေးမကြီးချေ။ ကုမ္ပဏီလုပ်ငန်းများကို လော့ဟွားတိကသာ အလုံးစုံစီမံခန့်ခွဲနေခဲ့သည်ဖြစ်ရာ အခြားရှယ်ယာရှင်များက အမြတ်ငွေကိုသာ ဂရုစိုက်ခဲ့ကြသည်။ အကျိုးအမြတ်နှင့်ပတ်သက်ပြီး တစ်ခုခုပြဿနာတက်လာခဲ့လျှင်မူ လော့ဟွားတိကိုသာ အပြစ်ပုံချကြ၏။
"လော့ဟွားတိ.. ခင်ဗျား ဘာတွေလုပ်နေတာလဲ။ ရှယ်ယာရှင်အစည်းအဝေးမလုပ်ဘဲ ဒီလောက်များတဲ့အကောင့်တွေကို ဘာလို့ဘန်းလိုက်ရတာလဲ"
"ကျန်းမုန့်လောင်က ကျုပ်တို့ဂိမ်းကို ပြိုင်ပွဲကျင်းပခွင့်အတွက် ဒေါ်လာသန်းနှစ်ရာသုံးဖို့အထိ ဆန္ဒရှိတယ်လို့ ကြားထားတယ်။ ခင်ဗျား ဘာလို့မရောင်းလိုက်တာလဲ။ ဒီနှစ်က ထူးခြားတဲ့နှစ်ပဲလေ။ ကျုပ်တို့ရဲ့ S Tournamentက Esportsအိုလံပစ်နဲ့ မတော်တဆရက်တိုက်ဆိုင်သွားတယ်ဆိုရင်လည်း လနည်းနည်းလောက် နောက်ဆုတ်လိုက်လို့မရဘူးလား"
"ကျုပ်ကတော့ အဆင့်အတန်းတွေဘာတွေ ဂရုမစိုက်ဘူး။ ကျုပ်တို့ဂရုစိုက်တာက ငွေဘယ်လောက်ရနိုင်မလဲဆိုတာပဲ"
"လော့ဟွားတိ.. ခင်ဗျားရဲ့လုပ်ရပ်တွေက ကျုပ်တို့ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တယ်။ အခု ကျုပ်တို့တွေအားလုံး ခင်ဗျားကို ဥက္ကဋ္ဌရာထူးကနေ ဖြုတ်ချဖို့ တစ်ညီတစ်ညွတ်တည်းတောင်းဆိုမယ်"
"အမှန်ပဲ။ ခင်ဗျားက ဥက္ကဋ္ဌရာထူးနဲ့ မသင့်တော်ဘူး။ ဟွာရှားက မစ္စတာမားက ဘုတ်အဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ် အသင့်တော်ဆုံးပဲလို့ ကျုပ်ထင်တယ်။ ဂိမ်းလောကအပေါ်ထားတဲ့ သူ့ရဲ့နားလည်မှုနဲ့ ငွေရှာနိုင်စွမ်းကို ကျုပ်တို့အားလုံး ယုံကြည်တယ်"
"ကျုပ်လည်းသဘောတူတယ်။ မစ္စတာမားကို ဥက္ကဋ္ဌအသစ်အဖြစ် ခန့်အပ်မဲ့နေရာမှာ ကျုပ်လည်းထောက်ခံတယ်"
မာဟွား : "ဒီပျော်ရွှင်မှုက ရုတ်တရက်ကြီးရောက်ချလာတာပါလား"
...
လော့ဟွားတိက ကုမ္ပဏီတွင် ရှယ်ယာအများဆုံးရှိပါသော်ငြား အခြားဒါရိုက်တာများကသာ စည်းလုံးသွားခဲ့ပါလျှင် ရှယ်ယာပိုင်ဆိုင်မှုတွင် သူတို့က လော့ဟွားတိကို ကျော်သွားနိုင်ပေသည်။ သူတို့သာ လော့ဟွားတိကို ဖြုတ်ချမည်ဆိုပါက သူ့ဘက်ကလည်း ခုခံရန် နည်းလမ်းမရှိတော့ပေ။
"ခင်ဗျားတို့..ခင်ဗျားတို့တွေ…Esportsအိုလံပစ်သာ ဟွာရှားမှာ တကယ်ကျင်းပဖြစ်ရင် ကျုပ်တို့ရဲ့ S Tournamentလည်း အခုကစပြီး ဒုတိယအဆင့်ပြိုင်ပွဲတစ်ခုဖြစ်သွားမယ်ဆိုတာ ခင်ဗျားတို့သိလား"
"S Tournamentက ဒုတိယအဆင့်ပြိုင်ပွဲ ဖြစ်မဖြစ်တော့ ကျုပ်မသိဘူး။ ဒါပေမဲ့ ခင်ဗျား ကျန်းမုန့်လောင်ကို အာခံနေဦးမယ်ဆိုရင် ကျုပ်တို့ကုမ္ပဏီက ဒုတိယအဆင့်ကုမ္ပဏီဖြစ်တော့မယ်ဆိုတာတော့ ကျုပ်သိတယ်"
"ခင်ဗျား..အဓိပ္ပာယ်မရှိလိုက်တာ။ ခင်ဗျားတို့တွေအားလုံးက ဟွာရှားက လူငယ်လေးတစ်ယောက်ကို ကြောက်နေကြတယ်ပေါ့"
လော့ဟွားတိခမျာ ဝမ်းနည်းလေဟန်အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်ချေသည်။
"ခင်ဗျားတို့တွေရဲ့ဦးနှောက်က ဒီလောက်ပဲနားလည်တာလား။ အကျိုးအမြတ်လောက်ပဲ သိတာပေါ့"
သို့သော် ရှယ်ယာရှင်များမှာ လော့ဟွားတိ၏စကားကို အရေးမလုပ်ကြချေ။ စင်စစ်တွင် သူတို့သည် ကျန်းမုန့်လောင်ကို တကယ်ကြောက်ကြ၏။
ယခုအခါတွင် အမေရိကန်စီးပွားရေးလုပ်ငန်းအားလုံးနီးပါးက ကျန်းမုန့်လောင်ကို "မထိပါးရ"ဟူ၍ တံဆိပ်ကပ်ထားကြသည်။ အရင်းရှင်နိုင်ငံတစ်ခုတွင် ငွေကသာ အရာရာပင်။ ငွေကသာ ဘော့စ်ဖြစ်ပြီး ကျန်းမုန့်လောင်၏ချမ်းသာကြွယ်ဝမှုမှာလည်း နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနိုင်ငံရေးစနစ်ကိုပင် သက်ရောက်မှုဖြစ်စေနိုင်သည်အထိ ကြီးမားလှပေသည်။
သူတို့သာ သူ့ကို ဒေါသထွက်အောင် လုပ်မိပါက အကျိုးဆက်များကား အလွန်ပြင်းထန်လှပေသည်။
"လော့ဟွားတိ ရှယ်ယာရှင်အစည်းအဝေးမှာ ခင်ဗျားကို ဥက္ကဋ္ဌအဖြစ် ဆက်မခန့်အပ်တော့ဖို့ ဆုံးဖြတ်လိုက်ပြီ။ အခုကစပြီး ကုမ္ပဏီရဲ့ကိစ္စအဝဝကို မစ္စတာမာဟွားကပဲ တာဝန်ယူလိမ့်မယ်"
"မစ္စတာမာဟွား.. ခင်ဗျားက ကုမ္ပဏီတစ်ခုလုံးကို ပိုကောင်းတဲ့လမ်းကြောင်းဆီကို ခေါ်သွားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ဒါပေါ့ ဒါပေါ့"
မာဟွားခမျာ ပြုံးရလွန်း၍ အရေးအကြောင်းများပင် ပေါ်နေလေတော့သည်။ ဥက္ကဋ္ဌအသစ်ဖြစ်လာပါက သူ့တွင် လှည့်ကွက်များလုပ်ဖို့ ပိုနေရာရလာပေလိမ့်မည်။ အခြားရှယ်ယာရှင်များ၏ ရှယ်ယာများကိုလည်း တဖြည်းဖြည်းသိမ်းပိုက်ပြီး ကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ်ခွင့်ရှိလာလိမ့်မည်ဖြစ်၏။
"ခင်ဗျားတို့တွေ ဒါကိုနောင်တရကြလိမ့်မယ်"
လော့ဟွားတိက အငြှိုးအတေးကြီးသော အကြည့်တစ်ချက်ကို ချန်ထားခဲ့ပြီး အခန်းထဲမှ ခပ်သုတ်သုတ်ထွက်သွားလေတော့သည်။
*************