သူတို့က လက်ဘယ်နှဖက်သုံးရမလဲဆိုတာကို မပြောထားဘူး
Vol. 24 Ch. 356
"လောင်ကျန်း.. အရမ်းစိတ်ကျေနပ်ဖို့ကောင်းတယ်ကွာ"
ဝမ်လင်က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ရေရွတ်လိုက်သည်။
"သူတို့ရဲ့Top Laner သရော်စကားပြောနေတုန်းက ငါ သူတို့ရဲ့အခြေစိုက်စခန်းကိုသွားပြီး ရိုက်နှက်ပစ်ချင်ခဲ့တာ။ ဘာကိုကမ္ဘာ့နံပါတ်တစ် Top Lanerလဲ။ မင်းရှေ့ကိုရောက်တော့ သူတို့ခမျာ ကမ္ဘာပေါ်မှာ သတ်ရအလွယ်ဆုံး Top Lanerလေး ဖြစ်သွားတာပဲ"
"နည်းပြ..ခြေထောက်နဲ့ အဲဒီအကွက်တွေကို ဘယ်လိုလုပ်ပြသွားတာလဲ။ အရမ်းမိုက်တာပဲ။ ကျွန်တော်တို့ဆိုရင် လက်နဲ့တောင်မလုပ်နိုင်ဘူး"
"နည်းပြ.. ကျွန်တော်တို့ကို ဆက်သင်ပေးဦးမှာလား"
ဤပွဲစဉ်ကို အနိုင်ရလိုက်သည့်အတွက် အသင်းသားများ၏ စိတ်ဓာတ်ခွန်အားများလည်း သိသိသာသာမြင့်တက်လာပြန်လေသည်။ ကျန်းမုန့်လောင်သာ ရှိလျှင် ရှုံးပွဲနှစ်ပွဲကို ပြန်ဖာထေးပေးနိုင်ရုံသာမက တစ်ဖက်အသင်းဘက်က တစ်ပွဲမှ အနိုင်ယူနိုင်တော့မည်မဟုတ်ချေ။
"ကောင်းပြီလေ။ မင်းတို့တွေ ဒီနှစ် S11ပြိုင်ပွဲမှာ ကိုယ့်အားကိုယ်ကိုးပြီး SK2ကို အနိုင်ယူပြမယ်ဆိုရင် ငါ မင်းတို့ကို အကုန်သင်ပေးမယ်"
ကျန်းမုန့်လောင်အနေနှင့် ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ကျောင်းသားဆယ်ယောက်ကိုသာ နေရာပေးနိုင်မည်ဆိုသော်ငြား နောင်အနာဂတ်တွင်မူ ပိုများလာနိုင်ပေသည်။
သူ့ခန့်မှန်းချက်အရဆိုလျှင် ဤတစ်သုတ်တွင် ကျောင်းသားဆယ်ယောက်ပြည့်သွားခဲ့ပါက ဆရာများနှင့် ကျောင်းသားများအတွက် ဝင်ခွင့်နေရာလည်း ပိုရလာနိုင်ခြေရှိ၏။ မကြာခင်အချိန်အတွင်းမှာ ကျောင်းသားများကို စတင်ရှာဖွေရန် လိုအပ်လာလေပြီ။
ဒုတိယပွဲစဉ် စတင်တော့မည်ဖြစ်၏။ ကစားသမားများအားလုံးကလည်း ကျန်းမုန့်လောင် ဆက်လက်အစွမ်းပြမည်ကို မျှော်လင့်စောင့်စားနေကြလေသည်။
"LSPအသင်းသားတွေ ခဏလောက်ရပ်ပေးပါဦး"
သူတို့ စင်ပေါ်သို့ တက်တော့မည့်အချိန်မှာပင် အိုလံပစ်ကော်မတီ၏ ဝန်ထမ်းတစ်ယောက်က သူတို့အား တားလာချေသည်။
ကျန်းမုန့်လောင်နှင့် သူ့အသင်းက ပွဲစီစဉ်သူများ ဖြစ်သော်ငြား Esportsအိုလံပစ်ကို အိုလံပစ်ကော်မတီက စီမံခန့်ခွဲနေဆဲသာဖြစ်၏။ ထို့ကြောင့် ဤEsportအိုလံပစ်ပြိုင်ပွဲအတွင်း ဖြစ်ပေါ်လာသော အရေးကိစ္စအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အထူးတပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားချေသည်။
"မစ္စတာဖော့စ် ဘာများအလိုရှိသလဲလို့ မေးပါရစေ"
ဝမ်လင်က အသင်းခေါင်းဆောင်အနေနှင့် မေးခွန်းထုတ်လိုက်၏။
"မစ္စတာဝမ်.. ကိစ္စကတော့ ဒီလိုပါ။ SK2ဘက်က ခင်ဗျားတို့ရဲ့Top Laner ဂိမ်းကို ခြေထောက်နဲ့ကစားတာကို အပြင်းအထန်ကန့်ကွက်နေပါတယ်။ အဲဒါက တော်တော်လေးမလေးစားတဲ့အပြုအမူတစ်ခုလို့ သူတို့က ထင်နေကြတယ်။ အဲဒါကြောင့် နောက်တစ်ပွဲကျရင် ခင်ဗျားတို့ရဲ့Top Laner မစ္စတာကျန်းမုန့်လောင်ကို အဲဒီလိုအပြုအမူမျိုး ရပ်တန့်ပေးစေချင်ပါတယ်"
ဝမ်လင် ချက်ချင်းဆိုသလို ဒေါသထွက်သွားရသည်။ SK2အသင်းက ဆိုရှယ်မီဒီယာပေါ်တွင် ရန်စခဲ့စဉ်ကမူ အိုလံပစ်ကော်မတီဘက်က ကြားဝင်ခဲ့ခြင်းမရှိချေ။ သို့ဖြစ်လေရာ ယခု LSPအသင်းဘက်က လက်တုံ့ပြန်ချိန်ကျမှ ဘာကြောင့်များ ကြားဝင်နေရလေသလဲ။
"မစ္စတာဖော့စ်.. SK2အသင်းက ဆိုရှယ်မီဒီယာတွေပေါ်မှာ မသင့်တော်တဲ့မှတ်ချက်တွေ ရေးခဲ့တာကို ခင်ဗျား သတင်းရထားပြီးလောက်ပါပြီ။ အဲဒါကို ဘာမှအရေးမယူဘူးလား။ သူတို့က ခြေထောက်နဲ့ကစားရင်တောင် အနိုင်ယူနိုင်တယ်လို့ ပြောခဲ့တာလေ။ ဒီတော့ ကျွန်တော်တို့က သူတို့ရဲ့အမြင်ကိုလေးစားလို့ ပူးပေါင်းဆောင်ရွက်ပေးနေတာ"
ဝမ်လင်က ယုံကြည်မှုပြည့်ဝပြီး တည်ငြိမ်သောလေသံဖြင့် ပြောလိုက်၏။
"မစ္စတာဝမ်.. ပွဲစဉ်မစခင် နှုတ်နဲ့စော်ကားပြောဆိုတာမျိုးက ဘယ်အားကစားမဆို ဖြစ်နေကျပါပဲ။ အဲဒါက အိုလံပစ်ရဲ့ယှဉ်ပြိုင်လိုစိတ်နဲ့ ကိုက်ညီတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲထဲမှာ အခုလိုလုပ်တာမျိုးကတော့ မဖြစ်သင့်ပါဘူး"
မစ္စတာဖော့စ်ကလည်း ပြန်ဖြေလာသည်။
"မစ္စတာကျန်းသာ နောက်ပွဲစဉ်ကို ခြေထောက်နဲ့ကစားမယ်ဆိုရင် LSPအသင်းကို ဆက်ပြိုင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ကျွန်တော်တို့သတ်မှတ်ရပါလိမ့်မယ်"
"သေလိုက်လေ..ဒီတော့ ခင်ဗျားတို့က ကျုပ်တို့ကို အဖွဲ့လိုက်အနိုင်ကျင့်ချင်နေတာပေါ့လေ"
"ကျုပ်တို့က ဒီအတိုင်းထိုင်နေပြီး သူတို့ရဲ့စော်ကားမှုတွေကို သည်းခံနေရမှာလား။ လက်တုံ့ပြန်မိတာအတွက်နဲ့ပဲ ထုတ်ပယ်ခံရမယ်ပေါ့လေ"
"ခင်ဗျားတို့ကို လာဘ်ထိုးထားတာပဲဖြစ်ရမယ်။ ဟုတ်တယ်မလား"
ကစားသမားများအားလုံးလည်း ချက်ချင်းပင် ဒေါသူပုန်ထသွားလေသည်။ အိုလံပစ်ကော်မတီ၏လုပ်ရပ်များက သူတို့ဟွာရှားနိုင်ငံရဲ့ LSPအသင်းကို သိသိသာသာပစ်မှတ်ထားနေခြင်းပင်။
"ကြည့်ရတာ ဒီလူတွေက ငါတို့တွေ ချန်ပီယံဆုတွေအများကြီးကို အနိုင်ရနေတာကို တော်တော်မကျေမနပ်ဖြစ်နေတဲ့ပုံပဲ"
ကျန်းမုန့်လောင်က အနည်းငယ်အံ့အားသင့်မိသော်ငြား လန့်တော့လန့်မသွားခဲ့ပေ။
LSPအသင်း၏ ထင်ရှားကျော်ကြားမှုက အလွန်ကြီးမားလှပေသည်။ ယခုအချိန်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲများတွင် LSPအသင်းက ရွှေတံဆိပ်ဆုများသာ ဆွတ်ခူးခဲ့သဖြင့် အခြားနိုင်ငံများမှ ကလပ်များအတွက်မူ ရှက်ဖွယ်လိလိပင်။
ဟွာရှားနိုင်ငံက အိုလံပစ်တွင် ရွှေတံဆိပ်ဆုများ သိမ်းပိုက်ထားပါက အခြားနိုင်ငံများလည်း မည်သို့နှယ် ကျေနပ်နိုင်မည်နည်း။ Esportsလောကတွင်လည်း ထိုနည်းလည်းကောင်းပင်။ ထို့ပြင် ဖော့စ်သည် ဥရောပသားတစ်ယောက်ဖြစ်ပြီး ဥရောပအသင်းများမှာ လုပ်ဆောင်ချက်ဆိုးဝါးလှသဖြင့် သူတို့အချင်းချင်းပူးပေါင်းကာ ဟွာရှားအသင်းကို ဖိနှိပ်ချင်သည်မှာလည်း ဆန်းတော့မဆန်းလှပေ။
"စိတ်မပူပါနဲ့။ ကျွန်တော် ခြေထောက်သုံးလို့မရဘူးဆိုရင်လည်း မသုံးဘူးပေါ့"
ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်လေသည်။
"ဒါပေမဲ့ ခင်ဗျားတို့တွေ ဒီထက်ပိုဆိုးဝါးတဲ့ပုံစံနဲ့ရှုံးရမှာကို မကြောက်ဘူးလား"
"ရှုံးရမယ်ဆိုရင်တောင် SK2အသင်းက ခင်ဗျားရဲ့ခွန်အားအစစ်အမှန်ကို မြင်ချင်နေကြတုန်းပါပဲ။ ပြိုင်ဘက်ကို ခွန်အားအပြည့်ထုတ်သုံးပြီး အနိုင်ယူမှသာ ခင်ဗျား ပြိုင်ဘက်ကို လေးစားရာရောက်မှာလေ။ မဟုတ်ဘူးလား"
ဖော့စ်က စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်လေဟန်ဖြင့် ပြောလာလေသည်။
တကယ်တမ်းတွင် ဤပွဲစဉ်အပြီး၌ ချင်းချိုးနိုင်ငံမှ SK2အသင်းသည် ယနေ့ LSPအသင်းကို အနိုင်ယူနိုင်မည့် အခွင့်အရေးမရှိတော့သည်ကို ကောင်းကောင်းသိလိုက်သည်။ ပြိုင်ဘက်က ခြေထောက်နှင့် ကစားနေချိန်တွင် သူတို့ကတော့ သူ့ကို အနိုင်မယူနိုင်ခဲ့ဘဲ လေးယောက်ပင် အသတ်ခံလိုက်ရသေးသည်။ ဤလှုပ်ရှားမှုများမှာ လူသားတစ်ယောက်လုပ်နိုင်သည့် အရာတဲ့လား။
ခြေထောက်ကိုသုံးပြီး သုံးပွဲဆက်တိုက်အနိုင်ပိုင်းခံလိုက်ရပါက သူတို့လည်း အခြားအသင်းများထံတွင် လှောင်ရယ်ခံရပေတော့မည်။
"ခြေထောက်နဲ့ကစားရင်တောင် အနိုင်ယူနိုင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး စကားကိုပြန်ပြောင်းရတာလဲ"
သို့သော် ကျန်းမုန့်လောင်သာ သာမန်အတိုင်း ကစားပါက အဆိုးဆုံးရှိလှ ကျွမ်းကျင်မှုအရာတွင် သူတို့ရှုံးနိမ့်ရရုံသာရှိပြီး အရှက်ကွဲစရာလည်း မလိုတော့ပေ။
ငါးယောက်တစ်ယောက်တိုက်ခိုက်မှုတွင် သူတို့ဘက်က ကစားသမားလေးယောက်ကို ဆုံးရှုံးလိုက်ရသည့် အကြောင်းအရင်းမှာ ကျန်းမုန့်လောင်၏စစ်ဆင်ရေးကြောင့်တင် မဟုတ်ပါဘဲ သူ့ကိရိယာများက သိသိသာသာအသာစီးရထားသောကြောင့်ပင်။ သူတို့သာ အစကတည်းက ကျန်းမုန့်လောင်ကို ပစ်မှတ်ထားခဲ့ပါလျှင် တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုရပြီး သူတို့ကိုယ်သူတို့ အဖတ်ဆည်ရန်အတွက် ပြိုင်ပွဲကို အနိုင်ယူနိုင်လောက်သည်။
သို့သော် မည်သို့ပင်ဖြစ်စေ ကျန်းမုန့်လောင်ကို ဆက်မာန်တက်ခွင့်မပေးနိုင်တော့ချေ။
ထို့ကြောင့် ချင်းချိုးနိုင်ငံက အိုလံပစ်ကော်မတီကို လျှောက်လွှာတစ်စောင် တင်သွင်းခဲ့ပြီး ကျန်းမုန့်လောင်၏အပြုအမူကို တားမြစ်ပေးရန် တောင်းဆိုလိုက်သည်။ ဟွာရှားအသင်းကို ပြိုင်ပွဲဆယ်ပွဲဆက်တိုက် အနိုင်မရစေချင်သော ဖော့စ်ကလည်း ဤတောင်းဆိုချက်ကို လိုလိုလားလားလက်ခံရန် အဆင်သင့်ဖြစ်နေခဲ့သည်။
"ကောင်းပြီလေ။ ကျွန်တော် နောက်ပွဲစဉ်ကျရင် ခြေထောက်ကိုမသုံးတော့ဘူး"
"ခြေထောက်နဲ့ကစားလို့မရရုံတင်မဟုတ်ဘူး"
ဖော့စ်သည် ကျန်းမုန့်လောင်၏လှည့်ကွက်များကို ကောင်းကောင်းသိထားပေသည်။ သူသည် ခြေထောက်နှင့်ပင် ဂိမ်းကစားနိုင်သည်ဆိုလျှင် လျှာတို့ တင်ပါးတို့ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ သူလည်း ဘာမှမတတ်နိုင်ပေ။
"လက်ကိုပဲသုံးပြီး ဂိမ်းကစားရမှာ"
"ကောင်းပါပြီ။ ဒါဆိုလည်း လက်ပေါ့"
...
အားပေးသံများအကြားဝယ် အသင်းနှစ်သင်းစလုံးမှ ကစားသမားများမှာ စင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ သို့သော် ယခုမူ SK2အသင်းကား မူလတုန်းက မောက်မာဂုဏ်ဝင့်နေသည့် ဟန်ပန်မျိုး မရှိတော့ချေ။ ထိုအစား ဖြုံချင်စရာကောင်းသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသည့်အလား လေးနက်နေကြလေသည်။
"နည်းပြ.. တကယ်ပဲ လက်နဲ့ကစားမှာလား"
အသင်းသားများအားလုံးသည် ကျန်းမုန့်လောင်၏ ကြောက်မက်ဖွယ်ကောင်းသော ကစားဟန်ကို မြင်တွေ့ထားပြီးဖြစ်၏။ သူသာ လက်ကိုသုံးပြီး ကစားပါက ပွဲစဉ်တစ်ခုကို သူတစ်ယောက်တည်းနှင့်ပင် အဆုံးသတ်နိုင်ပေသည်။
"အိုလံပစ်ကော်မတီကတောင် ပြောနေမှတော့ ငါလည်း ဘာတတ်နိုင်မှာလဲ"
ကျန်းမုန့်လောင်က လက်ကားပြလိုက်လေသည်။
"သောက်ကျိုးနည်း.. သူတို့က ငါတို့နည်းပြဆီက လက်နဲ့ကစားတာကို ခံယူဖို့တောင် မထိုက်တန်ဘူး"
"အမှန်ပဲ။ သူ့ခြေထောက်နဲ့ကစားတာတောင် သူတို့ကို တော်တော်မျက်နှာသာပေးရာကျနေပြီ"
"ပြီးတော့ အဲဒီဖော့စ်ဆိုတဲ့လူကလည်း သူတို့နဲ့တစ်ကျိတ်တည်းတစ်ဉာဏ်တည်းပဲ"
အသင်းသားများအားလုံး ဒေါသူပုန်ထနေကြလေသည်။ သူတို့အားလုံးက ငယ်ရွယ်သူများဖြစ်ပြီး ဇွဲသတ္တိကလည်း ပြည့်စုံကြလေရာ သူတို့ စော်ကားခံရသည်မှာ ကိစ္စမရှိပေ။ သို့သော် ထိုစော်ကားမှုကို အတိုးချ၍ ပြန်ပေးဆပ်ရမှဖြစ်မည်။
ဤသည်မှာ မုန်တိုင်းမလာခင် လေငြိမ်နေရခြင်းလေလား။ သို့မဟုတ် ရှေ့နှစ်လှမ်းခုန်အုပ်ဖို့ တစ်လှမ်းနောက်ဆုတ်ပေးရခြင်းလေလား။ ဤသည်မှာ ဦးနှောက်သွေးထွက်လွန်ခြင်းကို ဆောင်ကြဉ်းရန် ယာယီနောက်ဆုတ်လိုက်ရုံမျှသာ။
"ငါက လက်နဲ့ကစားမယ်လို့ပဲ သဘောတူခဲ့တာ။ လက်ဘယ်နှဖက်သုံးမယ်လို့ မပြောမိပါဘူး"
အသင်းသားများမှာ ကြက်သေသေသွားရလေသည်။ ထို့နောက် တစ်ဖွဲ့လုံး ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့်ကို လှစ်ဟပြသလိုက်ကြ၏။
ကျန်းမုန့်လောင်က မည်သူလေလဲ။ ထောင်စုနှစ်၏လှည့်စားသူကြီး၊ ဟွာရှား၏ အလည်ဆုံးလူ၊ Esportsဟုန်ရှီရှန်း၏ သီအိုရီကျောင်းတော်သားတစ်ယောက်ပင်။ သူက သူ့ကိုယ်သူ အရေးနိမ့်ခံမည်တဲ့လား။ ကျန်းမုန့်လောင်၏လှည့်ကွက်များမှာ သူတို့တစ်သက် လျှောက်လာခဲ့သည့်လမ်းများထက် ပိုများပေသည်။
ဤပွဲစဉ်တွင် ကျန်းမုန့်လောင် ရွေးချယ်ခဲ့သော ဟီးရိုးမှာ Junglerအမျိုးအစား လုပ်ကြံသတ်ဖြတ်ရေးသမား Ekkoပင်။
"သူက တခြားနေရာတွေကိုပါ ကစားနိုင်တာလား"
"ကျန်းမုန့်လောင် ထာဝရနတ်ဘုရား"
"ငါ ဇာတ်ညွှန်းရထားပြီးပြီ။ ဗိုလ်ချုပ်ကျန်းက လမ်းသုံးသွယ်လုံးကို သူတစ်ယောက်တည်းထိန်းချုပ်ပြီး ရောက်လေရာနေရာတိုင်းမှာ အကုန်သတ်ပစ်မှာ"
"ဟင် ဗိုလ်ချုပ်ကျန်းက ဒီပွဲစဉ်မှာ ခြေထောက်ကိုမသုံးတော့ဘူးလား"
...
"ကောင်းပါပြီ။ ပြိုင်ပွဲကတော့ စတင်လိုက်ပါပြီဗျ"
ပြိုင်ပွဲအစီအရင်ခံသူသုံးယောက်လည်း စတင်မှတ်ချက်ပေးကြလေတော့သည်။
"SK2ရဲ့Junglerကျန်းမုန့်လောင်က ရန်သူရဲ့တောထဲကို ဝင်သွားပါပြီ။ သူက အဆင့်တစ်မှာ တစ်ယောက်တည်းဖောက်ဝင်မလို့လား"
"နေဦး.. ကင်မရာကို အနီးကပ်ကြည့်လိုက်ရအောင်။ ကျန်းမုန့်လောင်၏ဘယ်လက်ထဲမှာ နို့လက်ဖက်ရည်တစ်ခွက် ကိုင်ထားပါတယ်။ ဒါက ဘာသဘောလဲဗျ။ သူက ပြိုင်ပွဲထဲမှာတင် နေ့လယ်ခင်းလက်ဖက်ရည်သောက်မလို့လား"
"ရန်သူရဲ့အောက်လမ်းနဲ့ Junglerတို့ကတော့ သူ့ဆီကိုလာနေကြပါပြီ။ သူကတော့ နောက်ပြန်ဆုတ်ဖို့ အစီအစဉ်မရှိပါဘူး"
"ဘုရားရေ..မယုံနိုင်စရာပဲ။ သူ ရှေ့ကိုချီတက်နေပါပြီ"
"သေစေနိုင်တဲ့ထိန်းချုပ်စကေးတွေကို သူ ရှောင်လိုက်ပါတယ်။ သူ့ရဲ့အပစ်အခတ်စွမ်းရည်ကတော့ တိကျလွန်းပါတယ်ဗျာ။ ရန်သူသုံးယောက်စလုံးကို မှန်အောင်ပစ်လိုက်ပါပြီ"
"သူ ထပ်ဝင်သွားပြီး ရန်သူရဲ့Supportကို ထုတ်လိုက်ပါတယ်။ ဘုရားရေ.. သူက ကွန်ပျူတာတစ်လုံးလိုပါပဲ။ သူ့လှုပ်ရှားမှုနဲ့ စစ်ဆင်ရေးကတော့ ကြောက်ဖို့ကောင်းလွန်းပါတယ်"
"ဒီတစ်ခေါက် အနီးကပ်ရိုက်ချက်အတွက် ကင်မရာဒါရိုက်တာကို ကျေးဇူးတင်ပါတယ်။ ကျန်းမုန့်လောင်ရဲ့အမူအရာက အရမ်းအေးအေးလူလူဖြစ်နေတာကို ကျွန်တော်တို့မြင်နေရပါတယ်။ သူက နို့လက်ဖက်ရည်ကိုတောင် နောက်တစ်ငုံသောက်လိုက်ပါသေးတယ်ဗျာ"
"မဖြစ်နိုင်တာ။ သူ့ဘယ်လက်က ပွဲစကတည်းက နို့လက်ဖက်ရည်ခွက်ကို လုံးဝမချပါဘူး။ အခု သူ လက်တစ်ဖက်တည်းနဲ့ ကစားနေတာပါ"
**********