← Chapters

  ရန်သူအသင်းဘက်က တပ်ဖြန့်လိုက်ပြီ

Vol. 24 Ch. 358

  ရန်သူအသင်းဘက်က တပ်ဖြန့်လိုက်ပြီ

Vol. 24 Ch. 358

"ဟွာရှားကစားသမားတွေက ရွက်ပုန်းသီးလေးတွေပဲ"

အမေရိကန်၏MVPအသင်းနည်းပြချုပ်စတိဗ်က ထိုသို့ရေရွတ်ရင်း ခန်းမ၏ထောင့်တစ်နေရာသို့ တိုးဝင်ပျောက်ကွယ်သွားချေသည်။

SK2အသင်းသားများကလည်း ပြိုင်ပွဲဧရိယာထဲမှ ခေါင်းငိုက်စိုက်ချ၍ ထွက်လာခဲ့ကြလေသည်။ သူတို့၏နည်းပြ ပိုင်ကျီရှန်းကမူ မျက်နှာထက်တွင် မာထန်ထန်အမူအရာတစ်ခုကို ချိတ်ဆွဲထား၏။ ပုံမှန်ဆိုလျှင် သူသည် ကစားသမားအားလုံးကို သုံးပွဲဆက်တိုက်ရှုံးလာခဲ့လျှင် ပြစ်တင်ဆုံးမလေ့ရှိသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ လုံးဝဒေါသထွက်မနေပေ။ ဤသည်မှာ ကစားသမားများ၏ စွမ်းဆောင်ရည်ကြောင့်မဟုတ်ချေ။ ကျန်းမုန့်လောင်က ကြောက်ဖို့ကောင်းလောက်အောင် ကျွမ်းကျင်နေသောကြောင့်ပင်။

"နည်းပြပိုင်… အခု ကျုပ်တို့တွေ စကားပြောဖို့ အခွင့်အရေးရပြီထင်တယ်"

စတိဗ်က ပိုင်ကျီရှန်းနားသို့ ရုတ်ခြည်းချဉ်းကပ်သွားလိုက်သည်။

"ကော်ဖီအတူသွားသောက်ကြရင်ရော"

အစကမူ PUBGပြိုင်ပွဲတွင် ပူးပေါင်းကာ ဟွာရှားအသင်းကို အတူရင်ဆိုင်ရန် မျှော်လင့်လျက် ချင်းချိုးနိုင်ငံမှ အသင်းတော်တော်များများကို သူတို့ ချဉ်းကပ်ခဲ့သေးသည်။ ထိုအသင်းများက မာနတကြီးဖြင့် ငြင်းပယ်ခဲ့ကြလေသည်။ သို့သော် ယခုလိုဆက်တိုက်ရှုံးနိမ့်ရပြီးနောက်တွင်မူ ပိုင်ကျီရှန်း၏သဘောထားလည်း ပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်း သူ ယုံကြည်ပေသည်။

"ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ"

ပိုင်ကျီရှန်းကလည်း အသာအယာခေါင်းညိတ်ပြလိုက်သည်။ ဟွာရှားအသင်း၏ ခွန်အားမှာ သူတို့ထင်ထားသည်ထက် သာလွန်နေပေသည်။ ဤကိစ္စကိုသာ အလေးမထားပါက LSPအသင်းက ဤတစ်ခေါက်တွင် ရွှေတံဆိပ်ဆုအားလုံးကို သိမ်းပိုက်သွားပေလိမ့်မည်။

ဤသည်မှာ နိုင်ငံတကာEsportsနယ်ပယ်တွင် သူတို့၏ဂုဏ်သတင်းကို သိသိသာသာထိခိုက်စေနိုင်သည်။ ကုန်သွယ်ရေးနှင့် နိုင်ငံရေးကိုပင် သက်ရောက်နိုင်ခြေရှိ၏။ အိုလံပစ်၏လွှမ်းမိုးမှုက ထိုမျှအထိ ရှိပေသည်။

ပိုင်ကျီရှန်းက စတိဗ်နှင့်အတူ ဟိုတယ်ထဲသို့ ဝင်သွားခဲ့သည်။ စတိဗ်ကလည်း သီးသန့်အခန်းကျယ်ကြီးတစ်ခုကို ကြိုငှားထားခဲ့ပြီး အံ့ဩဖို့ကောင်းစွာပင် ထိုအခန်းထဲ၌ နောက်ဆုံးပွဲစဉ်ကို ရောက်လာခဲ့သည့် အသင်း၂၅သင်းမှ နည်းပြချုပ်များအားလုံး စုဝေးနေကြသည်။

"နည်းပြဟီရန်? နည်းပြရော့ဂ် ခင်ဗျားတို့တွေ.."

နည်းပြများက ပိုင်ကျီရှန်းကို ပြုံးပြလိုက်ကြသည်။ သူတို့၏အမူအရာကား ရှက်ရွံ့မှုတို့ စွန်းထင်းနေချေသည်။ သူတို့သည် ရည်မှန်းချက်ချင်းတူကြသော်ငြား လုပ်ရပ်များကမူ အတန်ငယ်ဆိုးဝါးလှပေသည်။

"အားလုံးပဲ ဒီညလာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာရှိတဲ့ ကျုပ်တို့အားလုံးရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ PUBGက အဖွဲ့မျိုးစုံပါဝင်တဲ့ တစ်ခုတည်းသောပြိုင်ပွဲဖြစ်တဲ့အတွက် ဒါက ဟွာရှားအသင်းကို အနိုင်ယူနိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးလို့ ထင်ပါတယ်"

စတိဗ်က ဘွင်းဘွင်းရှင်းရှင်းပင် ပြောလိုက်၏။

"နည်းပြစတိဗ်.. တကယ်တော့ ဒါက လိုအပ်တယ်လို့မထင်ဘူး။ သူတို့က တခြားပြိုင်ပွဲတွေမှာ အစွမ်းအစကောင်းတယ်ဆိုပေမဲ့ အဲဒါတွေက တစ်ယောက်ချင်းယှဉ်ရတဲ့ပွဲတွေလေ။ ဒီဂိမ်းရဲ့အလှတရားက ရှုပ်ထွေးမှုနဲ့ ခန့်မှန်းရခက်ခဲမှုကို အခြေခံထားတာ။ ဒီလောက်အသင်းတွေအများကြီးက LSPအသင်းကို ပစ်မှတ်ထားစရာမလိုဘူးလို့ ကျုပ်ကတော့ထင်တယ်။

"ဟုတ်တယ်။ ထိပ်တန်းအသင်းတွေတောင် တခြားအသင်းနှစ်သင်းဆီက ညှပ်တိုက်ခံရရင် ထုတ်ပယ်ခံရနိုင်တာပဲကို"

"ခင်ဗျားတို့တွေ ဘာတွေးနေလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို ဒီဗီဒီယိုကို အရင်ကြည့်စေချင်တယ်"

စတိဗ်က ကွန်ပျူတာကိုဖွင့်၍ ပရောဂျက်တာထက်တွင် ပြိုင်ပွဲတစ်ခု၏မှတ်တမ်းတင်မှုကို ဖွင့်ပြလိုက်လေသည်။ ၎င်းမှာ လွန်ခဲ့တဲ့တစ်လခန့်က ကျန်းမုန့်လောင် အသင်းသားတစ်ယောက်၏အကောင့်ကို ကစားခဲ့စဉ်က ရိုက်ယူထားသော ဗီဒီယိုမှတ်တမ်းတစ်ခုပင်။

ဗီဒီယိုထဲတွင် ကစားသမားတစ်ယောက်က သူ့လက်နက်များကို ဆက်တိုက်ပြောင်းနေချေသည်။ သူ သေနတ်ပစ်လိုက်သည်နှင့် တစ်စုံတစ်ယောက်ကတော့ လဲကျသွားသည်သာ။ သူ့ပစ်ခတ်မှုကား စင်စစ်တိကျလှ၏။

"ဘာလဲဟ။ ၇.၆၂မီလီမီတာကျည်တောင့်ရှစ်တောင့်နဲ့ အဆင့်နှစ်ခေါင်းဆောင်းနဲ့သံချပ်ကာရှိတဲ့ ရန်သူလေးယောက်ကို ဖြုတ်ချလိုက်တာလား။ ဒါက CHEATသုံးထားတာပဲဖြစ်မယ်"

"ပြီးတော့ ပစ်ချက်တိုင်းကလည်း ခေါင်းကိုထိတာချည်းပဲ။ ဒါက သေချာပေါက် CHEATသုံးထားတာ"

"နည်းပြစတိဗ်.. ဒါကို ကျုပ်တို့ကိုလာပြနေလည်း အလကားပဲ။ ဒယ်ပြားနဲ့ ကိုယ့်ကိုယ်ကိုယ်ဖုံးထားတာတို့ ဒါမှမဟုတ် သေနတ်တွေက ပျံဝဲနေတာမျိုးတို့လုပ်ရင်း CHEATသုံးပြီးကစားထားတဲ့ ပွဲတွေအများကြီးကို ကျုပ်မြင်ဖူးတယ်"

"ဟားဟားဟား ဟုတ်ပါ့။ မနှစ်တုန်းက CHEATသုံးပြီးကစားခဲ့တဲ့ ပွဲစဉ်ကိုမှတ်မိလား။ ဘန်းခံထားရတာတောင်မှ နတ်ဘုရားတွေရဲ့တိုက်ပွဲဆိုပြီး သတ်မှတ်ခံခဲ့ရတယ်"

"တရားဝင်စောင့်ကြည့်စစ်ဆေးရေးဒေတာတွေအရ ဒီကစားသမားက ဘာထောက်ပံ့ရေးကိရိယာ ဘာCHEATကိုမှ သုံးမထားဘူးတဲ့"

စတိဗ်က ရှင်းပြလိုက်လေသည်။

"ဘာ"

ထိုအဆိုပြုချက်ကြောင့် အားလုံး ကြက်သေသေသွားရ၏။ အကယ်၍ ဤသည်ကိုသာ ကစားသမားတစ်ယောက်က တကယ်လုပ်ပြခဲ့သည်ဆိုလျှင် စင်စစ်ကြောက်မက်ဖွယ်ရာပင်။

"အဲဒီအချိန်တုန်းက ကျုပ်တို့အသင်းကလည်း အဲဒီပြိုင်ပွဲထဲမှာရှိတယ်။ ကျုပ်ကိုယ်တိုင် အဲဒီကစားသမားကို မြင်ခဲ့ရတာ။ မြားတွေလေးတွေနဲ့ ချုံခိုတိုက်ပြီး အသင်းတစ်သင်းလုံးကို ဖြုတ်သွားတာ။ ကျုပ်တို့ သူ့ကိုမြင်တောင်မမြင်လိုက်ရဘူး"

"အဲဒီကစားသမားက ဟွာရှားလူမျိုးလား"

"အဲဒီကစားသမားရဲ့နာမည်က LSPအသင်းထဲက 'ငါက မင်းအဖေ'ဆိုတဲ့နာမည်ပဲ"

တစ်ဒင်္ဂမျှ တိတ်ဆိတ်မှုကြီးတစ်ခု ကြီးစိုးသွားချေသည်။

"ကျုပ်အထင်…. ကျုပ်တို့တွေ ပူးပေါင်းသင့်ပြီထင်တယ်"

"ဟုတ်တယ်။ ဒီလိုမှမဟုတ်ရင် ဒီဗီဒီယိုထဲက မြင်ကွင်းမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်လာနိုင်တယ်"

"ကျုပ်တို့ အဲဒီလိုပုံစံမျိုးနဲ့ရှုံးလို့မဖြစ်ဘူး"

"ကျုပ်တို့အင်္ဂလန်အသင်းလည်း ပါမယ်"

"ကျုပ်တို့ရောပဲ"

"နည်းပြစတိဗ်.. ခင်ဗျားပဲစီစဉ်လိုက်ပါ"

"ကောင်းပြီ"

စတိဗ်လည်း ဝမ်းသာသွားချေသည်။

"ကျုပ်အကြံကတော့.. LSPအသင်း လေထီးခုန်တဲ့နေရာမှာ အကုန်လိုက်ခုန်ချဖို့ပါပဲ။ ကျုပ်တို့အချင်းချင်းကြားမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်။ လူအယောက်၉၆ယောက်က သူတို့လေးယောက်တည်းကို မဖြုတ်နိုင်ဘူးဆိုတာ ကျုပ်မယုံဘူး"

"သဘောတူတယ်"

"လက်ခံတယ်"

"ဘာမှကန့်ကွက်စရာမရှိပါဘူး"

"LSPအသင်းကို ရှင်းပြီးတာနဲ့ ကျုပ်တို့အသင်းတွေအချင်းချင်း ဆက်ပြိုင်ကြတာပေါ့"

...

ပြင်းထန်လှသော ပြိုင်ပွဲကြီး တစ်လနီးပါးယှဉ်ပြိုင်ပြီးနောက် Esportsအိုလံပစ်ဂိမ်းများမှာ နောက်ဆုံးပွဲစဉ်သို့ ရောက်ရှိလာခဲ့ပြီး ဟွာရှားနိုင်ငံ၏ LSPအသင်းက အမျိုးမျိုးသောပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု၉ခုရရှိထားကာ PUBGပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လာနိုင်ခဲ့သည်။

အသင်း၂၅သင်း၊ ကစားသမားအယောက်တစ်ရာတို့ဟာ မြေပုံတစ်ခုထဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်လေရာ အလွန်တရာစိတ်လှုပ်ရှားဖို့ကောင်းလှပေသည်။

"ဒီပြိုင်ပွဲရဲ့ကြည့်ရှုသူအရေအတွက်က Esportsသမိုင်းမှာ အမြင့်ဆုံးပါပဲ။ ဒီနေ့ ဟွာရှားနိုင်ငံရဲ့ LSPအသင်းက ချန်ပီယံဆက်ဖြစ်မယ်ဆိုရင် Esportsသမိုင်းမှာ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာမှာပါ"

"ထင်မထားဘူးမလား။ အသစ်စက်စက်အသင်းတစ်သင်းက ပထမဆုံးအကြိမ်

ဝင်ပြိုင်တဲ့အခေါက်မှာတင် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ဒီလောက်ဆုတွေအများကြီးယူထားနိုင်တာ.."

"ဟုတ်ပါရဲ့ဗျာ။ သူတို့ထဲက တချို့ကိုတော့ ကျုပ်သိတယ်ဗျ။ သူတို့က သာမန်Streamerလေးတွေလေ။ Warcraftကစားသမားတွေထဲက တစ်ယောက်ဆိုရင် အရင်တုန်းက တခြားအသင်းတစ်ခုက မေတ္တာလက်ဆောင်အဖြစ်ပေးလိုက်တာတဲ့"

"တခြားပရော်ဖက်ရှင်နယ်အသင်းတစ်ခုမှာ အစားထိုးကစားသမားအဖြစ် ကစားခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ရှိတယ်။ ပွဲကစားရဖို့ဆိုတာ သူ့အတွက် သိပ်ရှားတာဆိုပဲ။ အခုဆိုရင် ကမ္ဘာ့ချန်ပီယံတစ်ယောက်တောင် ဖြစ်နေပြီ။ အဲဒါကြောင့် သူ့တန်ဖိုးကလည်း ဆယ်ဆလောက်ထိုးတက်သွားပြီ"

"ဒီအသင်းက ကြောက်ဖို့ကောင်းလိုက်တာ"

"သူတို့က သမိုင်းတစ်ခုကိုဖန်တီးနေတာပဲ ဟုတ်တယ်မလား။ ဒီပြိုင်ပွဲမှာလည်း သူတို့တွေ အနိုင်ပိုင်းနိုင်မှာသေချာတယ်"

"သေချာတယ်လို့တော့ မထင်ဘူးဗျ။ အသင်း၂၅သင်းတောင် ပြိုင်ရတဲ့ပွဲလေ။ စည်းမျဉ်းတွေအရ ခွင့်မပြုပေမဲ့ သီအိုရီကျကျပြောရမယ်ဆိုရင် အရေအတွက်နည်းတဲ့ပြိုင်ပွဲဝင်တွေကို အုပ်စုဖွဲ့ပြီး တိုက်ခိုက်လို့ရတာကိုး။ အဆုံးကျရင် သူတို့ဘက်က ဒါဟာ နည်းဗျူဟာတကျပြင်ဆင်ထားတဲ့ အစီအစဉ်တစ်ခုပါလို့ပြောလာမှာပဲ။ အဲဒီအကြောင်းပြချက်က တော်တော်အဓိပ္ပာယ်မရှိတာ"

"ကျန်းမုန့်လောင်ရဲ့အမုန်းလယ်ဗယ်က အရမ်းမြင့်တာနော်။ သူ အသင်း၂၄သင်းဆီက ဝိုင်းတိုက်ခံရမှာမဟုတ်ဘူးလား"

"အာ ဒါက…"

...

"စပါပြီ ပြိုင်ပွဲစပါပြီ"

"ဟမ်.. အကုန်လုံးက ဘာလို့ခုန်မချသေးဘဲ လေယာဉ်ပေါ်မှာပဲ နေနေရတာလဲ"

"LSPအသင်းရဲ့အသင်းသားလေးယောက်ကတော့ ခုန်ချလိုက်ပါပြီ"

"မြန်မြန်လေး..ကြည့်လိုက်ကြပါဦး။ တခြားအသင်းတွေလည်း ခုန်ချသွားပြီ။ သူတို့တွေအကုန် တစ်နေရာတည်းကိုပဲ ဆင်းသွားကြတယ်"

"အမလေး..ပွဲစကတည်းက တိုက်ကြတော့မှာပေါ့။ အဆုံးသတ်ကို တန်းသွားတာပေါ့"

"နေဦး။ အဲဒီအသင်းနှစ်သင်းက အိမ်တစ်လုံးတည်းကို အတူဆင်းသွားပြီးတော့ ဘာလို့ မတိုက်ကြတာလဲ"

"သူတို့က အရင်းအမြစ်တွေတောင် လဲလှယ်နေကြသေးတယ်"

"မဖြစ်နိုင်တာ။ မြေပုံကို မြန်မြန်စစ်ကြည့်လိုက်။ သူတို့ကိုကြည့်ရတာ တစ်ခုခုကိုဝိုင်းထားသလိုပဲ"

"အဲဒါက LSPအသင်းပါပဲ။ သေစမ်း..သူတို့က ၂၄သင်းလုံးပေါင်းပြီး LSPကို ဝိုင်းထားချင်နေကြတာ"

"ဒါက… LSPကို တပ်ဖွဲ့ကြီးတစ်ခုလုံးက ဝိုင်းထားတာလား"

"သေစမ်း ငါဆန္ဒပြတယ်။ အရှက်မရှိလိုက်တာ။ အားနည်းသူကို အနိုင်ကျင့်တာ။ ဒါကြီးက လုပ်ပွဲကြီးပဲ"

...

အောက်ဘက်ရှိ ပွဲကြည့်ပရိသတ်များမှာ အပြင်းအထန်ကန့်ကွက်နေကြပြီး ဆဲဆိုသံများကလည်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ပြည့်နှက်နေချေသည်။ သို့သော် ပြိုင်ပွဲကတော့ ဆက်လက်ကျင်းပနေဆဲသာ။

"ထင်ထားတဲ့အတိုင်းပဲ"

ကျန်းမုန့်လောင်က အေးတိအေးစက်လှောင်ရယ်လိုက်ပြီး ဧည့်ခန်းထဲတွင် ထိုင်ချလိုက်သည်။

"ဒီလူယုတ်မာတွေက ငါ့ကို မလိမ့်တပတ်လာလုပ်ချင်တယ်ပေါ့လေ"

သူက စကားပြောစက်ကို ထုတ်ယူလိုက်၏။

"နည်းပြစု..အစီအစဉ်Bစမယ်"

ပြိုင်ကွင်းထဲရှိ နည်းပြစုကလည်း သူ့စကားကို နားလည်သွားပြီးနောက် ခပ်ဖွဖွပြုံးကာ နှစ်ချက်မျှချောင်းဟန့်လိုက်၏။

"ဘုန်း"

ထိုအချိန်မှာပင် LSPအသင်းသားတစ်ယောက်က နာကျင်မှုကြောင့် ရှုံ့မဲ့ရင်း ဗိုက်ကိုတင်းတင်းဆုပ်ကာ ကြမ်းပြင်ပေါ်သို့ ပုံခနဲလဲကျသွားချေသည်။

"ပြိုင်ပွဲရပ်လိုက်"

ဤအခြင်းအရာကိုမြင်သော် ဒိုင်လူကြီးကလည်း ပြိုင်ပွဲကို ရပ်ခိုင်းလိုက်လေသည်။

"ဘာဖြစ်တာလဲ"

"ကြည့်ရတာတော့ ရုတ်တရက်အစာအိမ်ရောင်တာထင်တယ်။ ဒီအခြေအနေနဲ့ဆိုရင် သူ ဆက်ကစားလို့မရတော့ဘူး"

LSPအသင်း၏ ဆေးအကူက ပြောလိုက်လေသည်။

"ကျွန်တော်တို့ အစားထိုးကစားသမားကို သူ့နေရာမှာ အစားထိုးချင်ပါတယ်"

"သဘောတူတယ်"

ဒိုင်လူကြီးကလည်း ခဏမျှတွေးတောလိုက်ချေသည်။ ပြိုင်ပွဲတစ်ခုတွင် ယခုလိုအခြေအနေမျိုး၌ ကစားသမားတစ်ယောက်ကို အစားထိုးခြင်းမှာ စည်းမျဉ်းချိုးဖောက်မှုမရှိပေ။

"ဘယ်သူ့ကို အစားထိုးမှာလဲ"

"နည်းပြချုပ် ကျန်းမုန့်လောင်ပါ"

************

All Chapters