ဒီလောက်အားပြင်းတဲ့CHEATမျိုး ဖန်တီးလို့မှမရတာ
Vol. 24 Ch. 360
အကြီးအကျယ်မျှော်လင့်ထားကြသည့် ဤပွဲစဉ်တွင် ဒါရိုက်တာက သူ့ကင်မရာကို ကျန်းမုန့်လောင်ထံတွင်သာ အာရုံစိုက်ထားပြီး ကမ္ဘာတစ်ဝှမ်းရှိ Esportsဝါသနာရှင် အယောက်သန်းတစ်ရာကျော်ကလည်း မယုံကြည်နိုင်စရာကောင်းသော ဤအခိုက်အတန့်လေးကို စောင့်ကြည့်နေကြပေသည်။
"ဒီမြင်ကွင်းကို ဘာလို့ တအားရင်းနှီးနေတာပါလိမ့်"
"ငါသိပြီ။ လွန်ခဲ့တဲ့တစ်လတုန်းက ကမ္ဘာ့ချစ်ကြည်ရေးကစားပွဲတုန်းကအကြောင်းကို မင်းပြောနေတာမလား"
"မင်းပြောတာ တစ်ယောက်တည်းအားနဲ့ လူဆယ်ယောက်ကိုသတ်ပြီး နောက်ဆုံးအဆင့်အထိတက်သွားခဲ့တဲ့ "ငါကမင်းအဖေ"ဆိုတဲ့အကောင့်လား"
"သူပဲ။ သူ့ရဲ့ပစ်ခတ်မှုကို ငါမြင်ခဲ့ရတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒီပြိုင်ပွဲက ယာယီဆာဗာပေါ်မှာ ကစားခဲ့တာဆိုတော့ သူက ဘယ်သူလဲဆိုတာကို ဘယ်သူမှမသိခဲ့ကြဘူးလေ။ ဟွာရှားအသင်းကဆိုတာပဲ သိတာ"
"ဒီလူက ဥက္ကဋ္ဌကျန်းများလား"
"ဥက္ကဋ္ဌကျန်းမဟုတ်ဘူးဆိုရင် တခြားဘယ်သူကများ ဒီလိုလုပ်နိုင်မှာလဲ"
"ပြိုင်ပွဲက အခုမှစတာလို့ ရုတ်တရက်ကြီးခံစားလိုက်ရတယ်နော်"
...
"ဆေးပစ္စည်းတွေ၊ ရှစ်ဆချဲ့မှန်ပြောင်းတွေ၊ 98K…ဒီအဖွဲ့က ပစ္စည်းတွေအပြည့်ပါလား"
ကျန်းမုန့်လောင်က လူစုတစ်ခုကို စက္ကန့်ပိုင်းအတွင်း ရှင်းထုတ်ပစ်လိုက်ပြီးနောက် အခြားအခန်းတစ်ခန်းကို ပြောင်းသွားလိုက်သည်။ အခြားအသင်းများကလည်း သူ့နောက်သို့ အပြေးအလွှားလိုက်သွားကြချေသည်။
"ဒက် ဒက် ဒက်"
နောက်ထပ်သေနတ်ပစ်သံများ ထွက်ပေါ်လာပြီး မြေပုံပေါ်တွင် မီးခိုးဝေနေသော သေတ္တာလေးလုံး ပေါ်လာခဲ့သည်။
"သူက ဟိုနားမှာ"
"ဒက် ဒက် ဒက်"
"ဒီလက်ပစ်ဗုံးက ဘယ်ကရောက်လာတာလဲ"
"အုန်း"
မြေပုံတစ်ခုလုံးကား ဝရုန်းသုန်းကားဖြစ်ကုန်ကြလေသည်။ ကျန်းမုန့်လောင်က မြေပုံပေါ်တွင် လျှောက်သွားရင်း သူသွားလိုက်သည့်နေရာတိုင်းတွင်လည်း အားပြင်းပြီး တိုတောင်းလှသော သေနတ်ပစ်သံများ ညံစီနေလေတော့သည်။
အခြားအသင်းများက အချင်းချင်းမဟာမိတ်ဖွဲ့ထားကြသော်လည်း မဟာမိတ်များအကြားမှာပင် သစ္စာဖောက်မှုများရှိတတ်ပေသည်။ အခြေအနေက ရှုပ်ထွေးလာလေလေ မတော်တဆထိခိုက်ဒဏ်ရာရနှုန်းကလည်း မြင့်တက်လာလေလေပင်။
"ငတုံး မင်း ဘယ်လိုပစ်လိုက်တာလဲ"
"မင်း ဘယ်သူ့ကိုပစ်နေတာလဲ။ ငါ့ကိုလာကယ်ဦးလေ"
"လူယုတ်မာ.. ကိုယ့်အသင်းသားကို ဘာလို့ပစ်လိုက်တာလဲ"
...
"ဒက် ဒက် ဒက်"
ကျန်းမုန့်လောင်ကမူ သေနတ်ထပ်ပစ်လိုက်ပြန်သည်။ မီတာရာပေါင်းများစွာအကွာ၌ လေးဆချဲ့မှန်ပြောင်းနှင့်ပင် မမြင်နိုင်သော ကစားသမားလေးယောက်ခမျာ မြေပေါ်လဲကျသွားလေတော့သည်။ ကျန်းမုန့်လောင်၏စက်သေနတ်တွင် အခြေခံမှန်ပြောင်းတစ်ခုပင် တပ်မထားချေ။
"သူ.. သူ မီတာသုံးရာအကွာက လူလေးယောက်ကို ခေါင်းထိအောင်ပစ်လိုက်တာလား"
"ဘယ်လိုလုပ်လိုက်တာလဲ"
"ဒါကြီးက အဓိပ္ပာယ်မရှိဘူး။ အဲဒီလောက်ဝေးတဲ့နေရာမှာ ရွေ့လျားနေတဲ့ပစ်မှတ်တွေကို စနိုက်ပါရိုင်ဖယ်နဲ့ ခေါင်းထိအောင်ပစ်နိုင်ဖို့ တော်တော်ခက်တယ်။ ဒါပေမဲ့ သူက အဲဒါကို တစ်ချက်တည်းနဲ့ ဘယ်လိုပစ်လိုက်တာလဲ။ အကုန်လုံးကလည်း ခေါင်းတွေချည်းမှန်တာနော်"
"ဒါကြီးက တစ်ခုခုတော့မှားနေတာသေချာတယ်"
နိုင်ငံခြားကစားသမားများက ကျယ်လောင်စွာ ဆန္ဒပြကြလေတော့သည်။ ငါးမိနစ်အတွင်းမှာပင် ကျန်းမုန့်လောင်သည် အသင်းခြောက်သင်းကို တစ်ယောက်တည်းအားဖြင့် ရှင်းထုတ်ပစ်ခဲ့ခြင်းပင်။
အမြင်မမှားဘူးဆိုပါက ကျန်းမုန့်လောင်၏ကျည်တိုင်းက ခေါင်းကိုသာ ထိမှန်ခဲ့ခြင်းဖြစ်၏။ ဤသည်မှာ အလိုအလျောက်ပစ်သည့် Aimbotမဟုတ်လျှင် သူတို့မော်နီတာများကို စားပြလိုက်ဦးမည်။
ပွဲကြည့်ပရိသတ်များ၏ အော်ဟစ်သံများကို ကြားလိုက်ရသည့်အလား ဒါရိုက်တာကလည်း ကျန်းမုန့်လောင်၏လက်ကို အနီးကပ်ရိုက်ပြလိုက်၏။ သူသည် ဆက်တိုက်ပစ်ခတ်နေစဉ်အတွင်း မောက်စ်ကို အရူးအမူးထိန်းချုပ်နေပြီး သေနတ်ကိုလည်း အသည်းအသန်ဖိထားသည်မှာ သူ့ပေါင်ခြံနားသို့ ရောက်လုနီးနီးပင်။
ထက်ရှလှသော စောင့်ကြည့်လေ့လာသူတချို့က အနှေးပြကွက်မှတ်တမ်းနှင့် ကျန်းမုန့်လောင်၏ သေနတ်ထိန်းချုပ်မှုအကွက်များကို ယှဉ်ကြည့်လိုက်သည်။ မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။ ကျန်းမုန့်လောင်၏မောက်စ်လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းမှာ ဗီဒီယိုမှတ်တမ်းထဲရှိ ပြန်ကန်အားလမ်းကြောင်းနှင့် တစ်ထပ်တည်းကိုက်ညီနေ၏။
ဤသည်မှာ ကျန်းမုန့်လောင်သည် ပြန်ကန်အားကို ကျွမ်းကျင်လှသော လက်နက်နှင့် လက်ကောက်ဝတ်လှုပ်ရှားမှုဖြင့် တိကျစွာထိန်းချုပ်နိုင်သည်ဟူသည့် အဓိပ္ပာယ်ပင်။ ၎င်းမှာ ကွန်ပျူတာကသာ စွမ်းဆောင်နိုင်သော အဆင့်မျိုးပင်။ သီအိုရီအရ ဖြစ်နိုင်သော်လည်း လက်တွေ့မှာမူ ခက်ခဲမှုအဆင့်ကား ဖော်ပြ၍ပင်မရနိုင်ချေ။
စကားနှစ်လုံးတည်းဖြင့် ဖော်ပြရလျှင် "ရူးလောက်သည်"သာ။
ထိုအချိန်တွင် စစ်မြေပြင်ရှိ အခြေအနေကား တဖြည်းဖြည်းပြောင်းလဲလာသည်။
"ကျန်းမုန့်လောင်ရောက်လာပြီ။ အားလုံး ချီတက်ကြ"
...
"ကျန်းမုန့်လောင်က ဒီအဆောက်အအုံထဲမှာနော်။ အားလုံး သတိထားကြ"
...
"ကျန်းမုန့်လောင်က ဒီထဲမှာဟေ့။ အားလုံး နောက်ဆုတ်ကြ"
...
"ကျန်းမုန့်လောင်ရောက်နေပြီ ပြေးကြတော့"
...
"နောက်ဆုံးစက်ဝိုင်းထဲအထိ ရောက်ချင်တဲ့လူတွေ ဒီမြို့ထဲက မြန်မြန်ထွက်ကြ။ ဒီမြို့က ကျန်းမုန့်လောင်ရဲ့နယ်မြေဖြစ်သွားပြီ"
...
ကစားသမားအယောက်သုံးယောက်လျော့လျော့သာ ကျန်တော့သည်အချိန်တွင် ထိုမြို့ထဲ၌ ကျန်းမုန့်လောင်တစ်ယောက်သာ ကျန်တော့သည်။ မြို့ထဲရှိ လမ်းမများထက်တွင် သေတ္တာများဖြင့် ပြည့်နေလေတော့သည်။ ကျန်းမုန့်လောင်၏ဖန်သားပြင်ထက်တွင်မူ သတ်ဖြတ်ထားသည့်ပမာဏက "၅၇"ဟု ပြနေ၏။
"အကုန်လုံး ဘယ်ရောက်သွားပြီလဲ။ ထွက်လာခဲ့ကြ"
ကျန်းမုန့်လောင်က မြေပုံတစ်ခုလုံးအတွင်းရှိ Voice Chatကိုသုံး၍ သုံးဘီးမောင်းရင်း အော်နေလေသည်။ သို့သော် ထိုမြို့ထဲတွင် လူသူကင်းမဲ့နေပြီး လက်ကျန်ကစားသမားများမှာ ဘေးကင်းရေးနယ်မြေဆီသို့ ထွက်ပြေးကုန်ကြလေသည်။
"ဘယ်သူမှမရှိတော့ဘူးလား။ ပျင်းဖို့ကောင်းလိုက်တာ"
ကျန်းမုန့်လောင်လည်း သူ့ကိရိယာများကို ပြန်ဖြည့်၍ ဘေးကင်းရေးနယ်မြေကို ထွက်ခွာလာခဲ့လိုက်သည်။
"ဒါက.. ပရော်ဖက်ရှင်နယ်ပြိုင်ပွဲရော ဟုတ်ရဲ့လား။ ဒါက Esportsအိုလံပစ်ရော ဟုတ်ရဲ့လား"
"ဒါကြီးက အစုလိုက်အပြုံလိုက်လူသတ်မှုကြီးဆိုတာ သိသာနေတာပဲကို။ ဒါက ကစားသမားတွေအကုန်လုံးက တစ်ယောက်တည်းကို ဝိုင်းထားတာမဟုတ်ဘူး။ အဲဒီတစ်ယောက်တည်းက အုပ်စုတစ်ခုလုံးကို ဝိုင်းထားတာကွ"
"ငါ ကျန်းမုန့်လောင်က ဘယ်တုန်းကမှ CHEATမသုံးထားဘူး"
...
"အမလေး..နောက်ဆုံးCircleက ဒီလိုကြီးတဲ့လား"
ဟွာရှားကစားသမားများမှာ နောက်ဆုံးပွဲစဉ်၏ Circleတည်နေရာကိုမြင်သောအခါ စိတ်ပျက်လက်ပျက်ညည်းတွားလိုက်ကြသည်။
နောက်ဆုံးCircleမှာ တောင်ထိပ်တစ်ခုပေါ်တွင် ဖြစ်ပြီး တောင်ပေါ်တွင် ကျောက်တုံးအနည်းငယ်ကလွဲလျှင် ဘာအကာအကွယ်မှ မရှိချေ။
အစောကတည်းက ထွက်ပြေးလွတ်မြောက်သွားသော ကစားသမားအယောက်နှစ်ဆယ်ကျော်ကမူ တောင်ထိပ်သို့ ရောက်နေပြီဖြစ်ပြီး ပန်ကာပုံသဏ္ဍာန်ဖြန့်ကြက်ကာ အောက်ဘက်ကို ကြည့်နေကြ၏။ ကျန်းမုန့်လောင် တက်လာသည်နှင့် ကျည်မိုးများရွာချပေးဖို့ အသင့်ပြင်ထားကြသည်။
မြို့ထဲတွင်ရှိစဉ်ကမူ အကာအကွယ်နေရာအများအပြားရှိသောကြောင့် ကျန်းမုန့်လောင်လည်း များများစားစားလှုပ်ရှားသွားလာနိုင်သည်။ သို့သော် ယခုမူ ကျန်းမုန့်လောင်တွင် ရွေးချယ်စရာနှစ်ခုသာ ရှိတော့သည်။ အဆိပ်ငွေ့ကြောင့် အသေခံမလား။ သို့မဟုတ် တောင်ပေါ်သို့တက်ရင်း ကျည်မိုးများအောက်တွင် အသေခံမလားဆိုသည်ပင်။
ကျန်းမုန့်လောင်၏ပစ်ခတ်မှုစွမ်းရည်က ထူးချွန်လှသည်ဆိုသည့်တိုင် လူအယောက်နှစ်ဆယ်ကျော်ကို ရှင်းပစ်ရန် လိုအပ်သည့်စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ အကြိမ်ကြိမ်အသတ်ခံနိုင်လေသည်။
"ဒီလိုလှည့်ကွက်လေးတွေနဲ့များ"
ထိုအခိုက်အတန့်တွင် ကျန်းမုန့်လောင်က တစ်ကီလိုမီတာအကွာရှိ တောင်ပေါ်တွင် ရှိနေခြင်းပင်။ ထိုအကွာအဝေးဆိုလျှင် ရှစ်ဆချဲ့မှန်ပြောင်းနှင့်ကြည့်လျှင်ပင် အရိပ်လေးများ လှုပ်ရှားနေသည်ကို မှုန်ဝါးဝါးသာ မြင်ရလေသည်။
ဤအကွာအဝေးမှာ ဂိမ်းထဲရှိ လက်နက်များ သက်ရောက်မှုရှိနိုင်သော အကွာအဝေးမျိုးမဟုတ်ပေ။
"သူ ဘာလုပ်မလို့လဲ"
"ဧကန္တ…"
ထိုအချိန်မှာပင် ကျန်းမုန့်လောင်က ကားထဲမှခုန်ထွက်၍ ကားအနောက်တွင် C4ဗုံးတစ်လုံးကိုချည်ပြီး ၁၅စက္ကန့်အချိန်သတ်မှတ်လိုက်သည်။ ပေါက်ကွဲမှုမဖြစ်ပေါ်ခင် နှစ်စက္ကန့်အလိုမှာပင် နောက်ထပ်C4ဗုံးတစ်လုံးကို ကားတွင် ထပ်တပ်ဆင်လိုက်၏။
"အုန်း"
ပြင်းထန်လှစွာသော ပေါက်ကွဲမှုကြီးကြောင့် ကားက လေထဲသို့လွင့်တက်သွားပြီး မီတာတစ်ရာကျော်အထိ ပျံသန်းသွားပြီးနောက် ဒုတိယC4ဗုံးကပါ ပေါက်ကွဲသွားသဖြင့် လေထဲမှာပင် ပြင်းထန်လှသော ပေါက်ကွဲမှုအရှိန်အဟုန်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပျံသန်းမှုလမ်းကြောင်းကို ခြေရာကောက်ကြည့်လျှင် ကားထိုးဆင်းသွားမည့်နေရာမှာ…
"ကြည့်လိုက်ဦး။ မိုးပေါ်က ဘာကြီးလဲ"
တောင်ပေါ်ရှိ ကစားသမားအယောက်နှစ်ဆယ်ကျော်ကလည်း သူတို့ဆီသို့ ပျံသန်းလာသော မီးလုံးကြီးတစ်ခုကို ရုတ်ခြည်းမြင်လိုက်ရသည်။
"ကားတစ်စီးလို့ထင်တာပဲ"
"ငါတို့ဆီကိုလာနေတာလား"
"ပြေးကြ"
"အုန်း"
တောင်ပေါ်ရှိ အခေါင်းသေတ္တာနှစ်ဆယ်ကျော် ပေါ်ပေါက်လာချေသည်။
"ဒါ… ဒါက…. ငါ ဒီလိုမြင်ကွင်းမျိုးကို BiliBiliမှာပဲ မြင်ဖူးခဲ့တာ။ အခုတော့ ဒီလိုပရော်ဖက်ရှင်နယ်ပြိုင်ပွဲတစ်ခုမှာ တစ်စုံတစ်ယောက်က လုပ်ပြခဲ့ပြီပဲ"
"ဒီပေါက်ကွဲမှုရဲ့အကွာအဝေးနဲ့ရှုထောင့်ကို သူ့ဦးနှောက်နဲ့ တိုက်ရိုက်တွက်ချက်လိုက်တာလား"
"နယူတန်တောင် အထင်ကြီးလောက်တယ်"
"ဒါက Cheatသုံးထားတာမဟုတ်ဘူးလား"
"ကိုယ့်လူရေ.. ငါက ဒီဂိမ်းအတွက် အထူးသီးသန့်Cheatတွေ ဖန်တီးတဲ့လူပါနော်။ ငါတို့တွေကိုယ်တိုင်လည်း ဒီလိုဟာမျိုးဆယ်ခုလောက် ဖန်တီးထားတယ်။ ဒါပေမဲ့ ဒီလောက်အားပြင်းတဲ့Cheatမျိုးကိုတော့.. တကယ်မလုပ်နိုင်ဘူး"
"ပထမဆုံးEsportsအိုလံပစ်ပွဲတော်ရဲ့ PUBGပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိသွားတဲ့အတွက် LSPအသင်းကို ဂုဏ်ပြုပါတယ်။ LSPအသင်းဟာ ဒီနှစ်အတွက် ပြိုင်ပွဲအမျိုးအစားတိုင်းမှာ ရွှေတံဆိပ်ဆုတွေချည်းပဲ ဆွတ်ခူးသွားခဲ့ပါတယ်။ သူတို့ကို လှိုက်လှိုက်လှဲလှဲလက်ခုပ်ဩဘာပေးလိုက်ကြရအောင်"
အစီအစဉ်တင်ဆက်သူကလည်း စိတ်လှုပ်ရှားမှုကို လှုံ့ဆော်ပေးလိုက်သည့်အလား တအံ့တဩဆိုလာလေသည်။
"ချန်ပီယံ! ချန်ပီယံ!"
***********