အပြင်လူများ ဝင်ခွင့်မရှိ
Vol. 25 Ch. 361
LSPအသင်း ချန်ပီယံဆုရပြီးနောက် ပထမဆုံးEsportsအိုလံပစ်ပြိုင်ပွဲကြီးလည်း ပြီးဆုံးသွားခဲ့သည်။ သို့သော် ပြိုင်ပွဲပြီးသွားသည့်တိုင် Esportsရောဂါကတော့ ဆက်လက်ပျံ့နှံ့နေဆဲသာ။
ဝမ်လင်လည်း သံကိုပူတုန်းရိုက်သည့်အနေနှင့် ကျန်းမုန့်လောင်၏အမည်ကို ရှေ့တန်းတင်၍ Esportsကျောင်းတစ်ကျောင်းကို တည်ထောင်လိုက်သည်။ Esportsလောကတစ်ခုလုံးက ဤကျောင်းကို "Esportsစစ်ဆင်ရေးကျောင်းတော်"ဟု အမည်ပေးခဲ့ကြသည်။
LSPအသင်းသားများကိုယ်တိုင် သင်ကြားပေးသော သင်တန်းများနှင့် ကျန်းမုန့်လောင်၏ ခေတ်ရှေ့ပြေးသော သင်ကြားရေးနည်းစနစ်များကိုပါ ပေါင်းလိုက်လျှင် ဤသင်တန်းကျောင်းဆင်း Esportsကစားသမားတစ်ယောက်ချင်းစီတိုင်းက ကမ္ဘာ့ချန်ပီယံဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာလိမ့်မည်သာ။
ဤEsportsစစ်ဆင်ရေးသင်တန်းကျောင်းကြောင့် ဝမ်လင်နှင့် ကျန်းမုန့်လောင်တို့လည်း Esportsပါရမီရှင်များကို နောင်အနာဂတ်တွင် ကလပ်အသီးသီးဆီသို့ ပို့ဆောင်ပေးခြင်းအားဖြင့် ငွေအမြောက်အများရရှိနိုင်ပေလိမ့်မည်။ ကစားသမားတစ်ယောက်ချင်းစီတိုင်းအတွက် စာချုပ်ကြေးမှာ သန်းနှင့်ချီ၍ မြင့်မားသွားနို်ငပြီး သူတို့ဘက်က ကုန်ကျစရိတ်မှာမူ နေရာထိုင်ခင်းနှင့် အဆောက်အအုံအတွက်သာ ရှိသည်။
ကျန်းမုန့်လောင်ကတော့ ဤကိစ္စများကို စိတ်မဝင်စားပေ။ ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ သူ မဝင်ရသည်မှာ အတော်ကြာပြီဖြစ်ကြောင်း ရုတ်တရက်သတိရလိုက်၏။
"သောက်ကျိုးနည်း..စွမ်းအားအမှတ်၂၃၀၀တောင်လား"
ကျန်းမုန့်လောင်ခမျာ သူ့စွမ်းအားအမှတ်များကို စစ်ဆေးကြည့်လိုက်ချိန်တွင် မအံ့ဩဘဲ မနေနိုင်ခဲ့ချေ။ လတ်တလော သူ ပိုက်ဆံသိပ်မသုံးခဲ့သော်လည်း ကြွားဝါခြင်းအမှုတွင်မူ ကပ်စေးနည်းခဲ့ခြင်းမရှိ။ ထို့ကြောင့် လွန်ခဲ့သည့်နှစ်လကျော်အတွင်း စွမ်းအားအမှတ်ပေါင်းများစွာကို စုဆောင်းနိုင်ခဲ့ပေသည်။
"ဟားဟားဟား ကောထန်.. ငါ့ကို ဆရာဆယ်ယောက် ထပ်ဆင့်ခေါ်ပေး"
ကျန်းမုန့်လောင် အော်ပြောလိုက်၏။
"အံ့ဩဖို့ကောင်းတဲ့ဆရာတွေကို ပို့ပေးပါ"
"ကျောင်းအုပ်ကြီး.. ကျောင်းသားဆယ်ယောက် မစုဆောင်းရသေးသရွေ့ ဆရာအသစ်တွေကို ခေါ်လို့မရပါဘူး"
ကောထန်ကမူ ကျန်းမုန့်လောင်အား အေးစက်စက်အဖြေတစ်ခုကို ပြန်ပေးလာချေသည်။
"ဘာ"
ကျန်းမုန့်လောင်လည်း အံ့အားသင့်သွားရ၏။ ဤမျှများပြားသော စွမ်းအားအမှတ်များရှိနေတာတောင် သူက သုံးလို့မရဘူးတဲ့လား…
"ဒီသတ်မှတ်ချက်ကို ကျောင်းအုပ်ဟောင်းက သတ်မှတ်ခဲ့တာပါ။ ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ သတင်းအချက်အလက်စီမံရေးစနစ်က နောက်ဆုံးကျောင်းအုပ်သတ်မှတ်ခဲ့တဲ့ စည်းမျဉ်းတွေကို အမြင့်ဆုံးဦးစားပေးအမိန့်အဖြစ် သတ်မှတ်ထားပါတယ်"
"သေစမ်း.. ကျောင်းသားစုဆောင်းရုံပဲဟာ.. ငါ အခုချက်ချင်းသွားလိုက်မယ်"
လက်ထဲတွင် ဤမျှကောင်းမွန်သော အခွင့်အရေးတစ်ခု ရှိနေသည်ဖြစ်ရာ ကျန်းမုန့်လောင် ပထမဆုံးသတိရမိသည်မှာ သူ့အနားရှိ လုရီယောင်၊ ဝမ်လင်၊ ချင်းဖန်နှင့် သူ့အခန်းဖော်များ၊ သူ့သူငယ်ချင်းများပင်။
"ကျောင်းအုပ်ကြီး.. လူတိုင်းက ထူးရှယ်နတ်ဘုရားကျောင်းတော်ကို ဝင်ခွင့်ရဖို့ အရည်အချင်းပြည့်မီမှာမဟုတ်ပါဘူး"
"အာ ဘာကိုဆိုလိုချင်တာလဲ"
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"အခြေခံအလားအလာညွှန်ကိန်း၁၀နဲ့အထက် ရှိတဲ့လူတွေပဲ ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ပညာသင်ခွင့်ရတာပါ။ အခုအချိန်အထိတော့ ကျောင်းအုပ်ကြီးရဲ့အသိမိတ်ဆွေတွေထဲမှာ ဒီစံနှုန်းနဲ့ကိုက်ညီတဲ့လူ တစ်ယောက်မှမရှိသေးပါဘူး"
"သေလိုက်ပါတော့"
ကျန်းမုန့်လောင်လည်း မဆဲဘဲ မနေနိုင်တော့ချေ။ အလားအလာညွှန်ကိန်း၅ဆိုလျှင်ပင် လူသားများအတွက် သာမန်ဟု သတ်မှတ်နိုင်နေပြီဖြစ်၏။ ၆မှတ်နှင့်၇မှတ်တို့ဆိုပါက အထက်တန်းစားအဆင့်များပင်။ အလားအလာညွှန်ကိန်း၁၀နှင့်အထက် ရှိသူများဆိုပါက သာမန်လူများဟု မသတ်မှတ်နိုင်တော့ချေ။
ယခုအချိန်အထိ ကျန်းမုန့်လောင် တွေ့ဖူးသမျှထဲတွင် စိတ်စွမ်းအားရှင်၊ သန္ဓေပြောင်းလူသားများကသာ ထိုကဲ့သို့သော အလားအလာညွှန်ကိန်းများ ရှိတတ်ကြသည်။ သူတို့၏ခွေးလည်း အပါအဝင်ပင်။ သို့သော် ထူးရှယ်နတ်ဘုရားကျောင်းတော်က ခွေးများကိုပါ လက်ခံမလားဆိုသည်ကိုမူ သူမသိပေ။
"ဒီလိုဆိုရင် သာမန်လူတွေမှာ အခွင့်အရေးမရှိတော့ဘူးလား"
ကျန်းမုန့်လောင် မေးခွန်းထုတ်လိုက်လေသည်။
ထူးရှယ်နတ်ဘုရားကျောင်းတော်ကို ပိုင်ဆိုင်ထားသော ကျန်းမုန့်လောင်အနေနှင့် ထာဝရအသက်ရှင်ခြင်းဆိုသည်မှာ ဒဏ္ဍာရီသက်သက်မဟုတ်ကြောင်း သိရှိထားသည်။ ဤကျောင်းကို ပိုင်ဆိုင်ထားခြင်းမှာ တစ်နေ့တွင် သူသည် သူ့ဘိုးဘေးများနှင့် သူ့မိဘများကဲ့သို့ ထာဝရအသက်ရှင်ခြင်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်၏။
သူ့အနားရှိ လူများမှာမူ ထိုသို့မဖြစ်နိုင်ပါက သူတို့ တဖြည်းဖြည်းအိုမင်းပြီး သေဆုံးသွားသည်ကို သူက သည်အတိုင်းထိုင်ကြည့်နေရမည်ဖြစ်၏။ ဤအကြောင်း စဉ်းစားကြည့်မိရုံဖြင့် ကျန်းမုန့်လောင်၏စိတ်ထဲ မသက်မသာဖြစ်ရချေသည်။
"ကျောင်းအုပ်ကြီး အဲဒါတွေကို စိတ်ပူဖို့မလိုပါဘူး"
ကောထန်က ချက်ချင်းစကားဆိုလာချေသည်။
"ထူးရှယ်နတ်ဘုရားကျောင်းတော်က အံ့ဖွယ်ကောင်းတဲ့နေရာတစ်ခုပါ။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ကျောင်းတော်ထဲမှာ အဂ္ဂိရတ်ပညာရှင်တွေအများကြီးရှိတာကို မမေ့ပါနဲ့။ လူသားတွေရဲ့အလားအလာကို ပြောင်းလဲပေးနိုင်တဲ့ ပြဒါးရှင်လုံးတွေ အများကြီးရှိပါတယ်"
"ဟုတ်သားပဲ"
ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်မိသည်။
"ကြည့်ရတာတော့ ငါ ဒိကိစ္စကို အလေးအနက်ထားပြီး လုပ်သင့်တယ်ထင်တယ်။ ကောထန်.. အလားအလာညွှန်ကိန်း၁၀နဲ့အထက် ရှိတဲ့လူတွေကို အချိန်မရွေးရှာဖွေနိုင်မဲ့ နည်းလမ်းတစ်ခုခုရှိလား။ တစ်ယောက်ချင်းစီလိုက်စစ်ဆေးနေရတာ တအားနှေးလွန်းတယ်"
"ကျောင်းအုပ်လက်စွပ်ရဲ့ အခွင့်အာဏာကိုသုံးပြီး စစ်ဆေးကြည်လို့ရပါတယ်။ တစ်နာရီကို စွမ်းအားအမှတ်၁၀မှတ်ပဲပေးရပြီး ၁၀ကီလိုမီတာပတ်လည်အတွင်းမှာရှိတဲ့ အရည်အချင်းပြည့်မီတဲ့လူတွေကို အချိန်မရွေးအာရုံခံကြည့်နိုင်ပါတယ်"
"ဆယ်ကီလိုမီတာတည်းလား"
ကျန်းမုန့်လောင်လည်း စောဒကတက်လိုက်ချေသည်။
"မင်းက အဆင့်မြင့်လူမျိုးစုတစ်ခုရဲ့ ထုတ်ကုန်ပစ္စည်းမဟုတ်ဘူးလား။ တိုင်းတာမှုစနစ်အနေနဲ့ အလင်းနှစ်ကိုမသုံးတာ မင်းကိုယ်မင်း မရှက်မိဘူးလား"
"ဟုတ်ကဲ့ပါ။ အလင်းနှစ်တစ်ဘီလီယံအတွက် စစ်ဆေးခွင့်ကုန်ကျစရိတ်ကတော့ တစ်စက္ကန့်ကို စွမ်းအားအမှတ် ၁၀၀၀၀၀၀၀၀၀ပါ"
"ဟီးဟီးဟီး.. ငါ့ကို ငတုံးလို့များထင်နေတာလား"
သူ ဤနေရာအထိ လာရပြီးမှတော့ ဘာမှမလုပ်ဘဲ ပြန်မသွားနိုင်ပေ။ ထို့ကြောင့် ဆရာတချို့ထံမှ Eအဆင့်စွမ်းရည်များကို သင်ယူရန်အတွက် စွမ်းအားအမှတ်ရာဂဏန်းခန့်ကို သုံးစွဲလိုက်သည်။
ဝူရှင်းယွင်၏ "သေခြင်းရှင်ခြင်းအဆောင်"၊ လျိုမော့ရှင်း၏ "အထူးချက်ပြုတ်နည်းပညာ"၊ ယန်ချီရှား၏ "မကောင်းဆိုးဝါးနှင်ခြင်းအတတ်"နှင့် ဖုန်းချင်းယန်၏ "တုကူဓားကိုးသွယ်"တို့ပင်။ ဒြပ်စင်သုံးမျိုးပေါင်းစည်းရေးနည်းလမ်းမှတစ်ဆင့် ပျိုးထောင်ထားသော အတွင်းအားများကြောင့် ယခုအချိန်တွင် ကျန်းမုန့်လောင်သည် အဆင့်ခုနစ်ဒုတိယကမ္ဘာသားတစ်ယောက်နှင့်ပင် ယှဉ်ပြိုင်နိုင်နေပြီဖြစ်ကြောင်း သိထားသည်။
"မိုက်လိုက်တဲ့ပြိုင်ကားကွာ"
"အဲဒါက Koenigseggရဲ့ အကန့်အသတ်နဲ့ထုတ်ထားတဲ့ကားကွ။ လီဗာကိုတစ်ချက်နင်းတာနဲ့တင် ငါ့တစ်လစာလောက် ကုန်မှာ။ သေစမ်းကွာ…"
"သောက်ကျိုးနည်း..ကားကို တအားနှေးနှေးလေးမောင်းနေတာ သက်သက်ကြွားနေတာမလား"
ကျန်းမုန့်လောင်လည်း ကျန်းနန်မြို့၏ လမ်းမထက်တွင် ကားကို စိမ်ပြေနပြေမောင်းနေလေသည်။ တစ်နာရီလျှင် စွမ်းအားအမှတ်ဆယ်မှတ်ပေးရခြင်းမှာ အလွန်များလှသည်မဟုတ်သော်ငြား အလားအလာညွှန်ကိန်း၁၀နှင့်အထက်ရှိသော လူတစ်ယောက်ကို ရှာရခြင်းမှာမူ အလွန်တရာခက်ခဲလှပေသည်။
အမည် : လျိုချန်း
အလားအလာညွှန်ကိန်း : ၃
"ငါ့ခွေးရဲ့သုံးပုံတစ်ပုံလောက်ပဲရှိတယ်။ အမှိုက်လိုကောင်ပဲ"
...
အမည် : အိုလယ်ရီ
အလားအလာညွှန်ကိန်း : ၈
"မဆိုးပါဘူး။ ဒါပေမဲ့ နည်းနည်းလေးကပ်လိုနေသေးတယ်"
...
အမည် : ရူပန်ဖေး
အလားအလာညွှန်ကိန်း : ၉
"သေစမ်း.. တကယ်ကြီးလား။ ဒီလောက်ရုပ်ဆိုးတဲ့လူက ဘယ်လိုလုပ်ပြီး အလားအလာညွှန်ကိန်း ၉ရှိရတာလဲ"
...
အမည် : ချိုက်ရွှီကွန်း
အလားအလာညွှန်ကိန်း : ၁
ကျန်းမုန့်လောင် : "…"
...
အမည် : ချန်ပင်းယွီ
အလားအလာညွှန်ကိန်း : ၁၁
"!!"
ရုတ်ခြည်းဆိုသလိုပင် ကျန်းမုန့်လောင် စိတ်အားတက်ကြွသွားချေသည်။
ကောထန် သူ့အား ပြောပြထားသည့်အတိုင်းဆိုပါက ပျမ်းမျှလူဦးရေတွင် သဘာဝအတိုင်း အလားအလာညွှန်ကိန်း၁၀နှင့်အထက် ရှိသူများမှာ အယောက်တစ်သိန်းတွင် တစ်ယောက်သာ ရှိနိုင်သည်ဟု သိရ၏။ ကျန်းနန်မြို့၏လူဦးရေကိုးသန်းတွင် ထိုကဲ့သို့သောပုဂ္ဂိုလ်များမှာ အယောက်သုံးဆယ်မှ ငါးဆယ်အတွင်းသာ ရှိနိုင်သည်ဖြစ်ရာ သွားရင်းလာရင်း နှစ်နာရီအတွင်းမှာပင် တစ်ယောက်တွေ့လိုက်ရခြင်းမှာ ထင်မှတ်မထားသော ကိစ္စတစ်ရပ်ပင်။ သူ့ကံမှာ အလွန်ကောင်းလှပေသည်။
ကျန်းမုန့်လောင်လည်း တစ်ဖက်လူရှိရာ တည်နေရာကို ချက်ချင်းဖော်ထုတ်လိုက်၏။ ထိုနေရာကား သူနှင့် အတူနီးလှလေသည်။ ၃.၅ကီလိုမီတာအကွာရှိ တရုတ်ရိုးရာဆေးဆိုင်တစ်ခုတွင်ဖြစ်၏။ ၎င်းမှာ ကျန်းနန်မြို့တွင် အကြီးဆုံးသော တရုတ်ရိုးရာဆေးဆိုင်ကြီးဖြစ်ပြီး သမိုင်းကြောင်းအားဖြင့် နှစ်ပေါင်းသုံးရာကျော်သည့် အလွန်ရှေးကျပြီး အခြေခိုင်လှသော နေရာတစ်ခုဟု သိရသည်။
ကျန်းမုန့်လောင်လည်း လီဗာကိုနင်း၍ ထိုတည်နေရာသို့ ချက်ချင်းထွက်လာခဲ့လိုက်လေသည်။
"လှလိုက်တဲ့ကောင်မလေး"
ကျန်းမုန့်လောင်က လမ်းဘေးတွင် ကားကိုထိုးရပ်လိုက်ပြီးနောက် အရပ်ခပ်ရှည်ရှည်မိန်းကလေးတစ်ယောက် ဆေးဆိုင်ထဲမှထွက်လာပြီး အနီရောင်Maseratiကားတစ်စီးဆီသို့ လျှောက်သွားကြောင်း မြင်လိုက်ရလေသည်။
"တော်တော်ချမ်းသာတဲ့မိန်းကလေးပဲ"
ကျန်းမုန့်လောင်က "ချန်ပင်းယွီ"ဟုခေါ်သော ထိုမိန်းကလေး၏ အချက်အလက်ကို ချက်ချင်းရှာဖွေလိုက်၏။
...
အမည် : ချန်ပင်းယွီ
မျိုးနွယ် : လူသား
သရုပ်သကန် : ပင်းယွီမီဒီယာ၏ဥက္ကဋ္ဌ
အလားအလာညွှန်ကိန်း : ၁၁
ပါရမီ : ရှေးဟောင်းသိုင်းပညာ
စွမ်းရည် : အခြေခံအတွင်းအား (G) အမည်မဲ့လက်ဝှေ့နည်းပညာ(G)
"ရှေးဟောင်းသိုင်းပညာလား"
ကျန်းမုန့်လောင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။ ယဲ့ရင်ထံမှတစ်ဆင့် ရှေးဟောင်းသိုင်းပညာရှင်များအကြောင်း သူ အနည်းငယ်သိထားသည်။ ထိုကဲ့သို့သော သိုင်းပညာရှင်တစ်ယောက်ကို ယနေ့ တွေ့ရလိမ့်မည်ဟု သူ ထင်မထားပေ။
ကျန်းမုန့်လောင်လည်း တွေဝေတုံ့ဆိုင်းမနေပါဘဲ သူ(မ)၏အနောက်သို့ လိုက်သွားလိုက်သည်။
Maseratiကားက ကျန်းနန်မြို့၏ မြောက်ပိုင်းဆင်ခြေဖုံးဒေသသို့ မောင်းသွားလေသည်။ ထိုနေရာမှာ ဖွံ့ဖြိုးမှုနောက်ကျနေသဖြင့် မြေရိုင်းများနှင့် လယ်ယာမြေများ အလွန်ပေါများလှ၏။ ထိုကားမှာ မြောက်ပိုင်းတောင်ကုန်းဟု လူသိများသော တောင်တန်းတစ်ခုဆီသို့ ဦးတည်သွားချေသည်။
"ဒီတောင်ပေါ်မှာ ဒီလိုအိမ်တော်သေးသေးလေးတစ်လုံးလည်းရှိတာပဲလား"
ကျန်းမုန့်လောင် အနည်းငယ်အံ့အားသင့်သွားလေသည်။ တောင်စောင်းအလယ်တွင် တစ်မူထူးခြားပြီး ခမ်းနားလှသော ဗီလာသေးသေးလေးများမှာ အစုလိုက်တည်ရှိနေပေသည်။
"မစ္စတာကျန်း… ဒီနားတစ်ဝိုက်မှာ အဆင့်လေးအထက် လူဆယ်ယောက်လောက်နဲ့ အဆင့်ခုနစ်အထက်လူသုံးယောက်ကို စွမ်းအင်အာရုံခံမိပါတယ်"
ယွဲ့ရင်၏အသံက ကျန်းမုန့်လောင်၏နားထဲ မြည်ဟည်းလာလေသည်။
"ဒီနေရာက ရှေးဟောင်းသိုင်းပညာမိသားစုကြီးတစ်ခုရဲ့ အသိုက်အဝန်းတစ်ခုဖြစ်နိုင်ပါတယ်"
"ကျန်းနန်မြို့မှာ အဲဒီလိုမိသားစုမျိုးတွေရှိလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင် လီဗာကိုဖိနင်းလိုက်ပြီးနောက် ဆက်လိုက်သွားရန် ကြံလိုက်ချိန်တွင် ပတ်ပတ်လည်ရှိ သစ်ပင်များပေါ်မှ လူအနည်းငယ်ခုန်ဆင်းလာပြီး ကျန်းမုန့်လောင်ရှေ့သို့ သက်ဆင်းလိုက်ကြသည်။
ဤလူများမှာ ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင်လည်း မောက်မာလေဟန် အမူအရာများကို ချိတ်ဆွဲထားလေသည်။ မသိလျှင် လူတိုင်းက သူတို့အား အကြွေးနှစ်သန်းတင်ထားသည့်အလားပင်။
"ဒီနယ်မြေက အပြင်လူတွေကို ဝင်ခွင့်မပေးဘူး။ ကျေးဇူးပြုပြီး အခုချက်ချင်းထွက်သွားပါ။ မဟုတ်လို့ကတော့ အကျိုးဆက်ကို ခံစားရလိမ့်မယ်"
*************