← Chapters

ငါ ဒီတောင်ကုန်းကို ဝယ်လိုက်ပြီ 

Vol. 25 Ch. 362

ငါ ဒီတောင်ကုန်းကို ဝယ်လိုက်ပြီ 

Vol. 25 Ch. 362

"ဟေး..ဒီမြောက်ပိုင်းတောင်ကုန်းက အများပိုင်နေရာပဲ။ ငါက ဘာလို့တက်လို့မရရမှာလဲ"

ကျန်းမုန့်လောင်က မကျေနပ်ဟန်ဖြင့် ပြောလိုက်လေသည်။

"ဒီနေရာက မင်းလာလို့ရတဲ့နေရာမဟုတ်ဘူး။ မေးခွန်းထုတ်လို့လည်းမရဘူး"

ခေါင်းဆောင်ဖြစ်သူက အေးစက်စက်လေသံဖြင့် ပြောနေဆဲပင်။

"မင်းတို့ ငါ့ကိုမမှတ်မိဘူးလား"

ကျန်းမုန့်လောင် အတန်ငယ် အံ့အားသင့်သွားရသည်။ သူ့ကိုယ်သူ မြှောက်ပင့်နေခြင်းမဟုတ်သော်ငြား ဟွာရှားနိုင်ငံမဆိုထားနှင့်။ ကမ္ဘာတစ်ဝှမ်းမှာပင် သူ့ကို မသိသူဟူ၍ နည်းပါးပေလိမ့်မည်။ သို့သော် ဤလူငယ်ကတော့ သူ့ကို

ယခင်က မြင်ဖူးဟန်မတူချေ။

"မင်းဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး။ အခုချက်ချင်းထွက်သွား။ ဒါ နောက်ဆုံးအကြိမ်သတိပေးတာနော်"

"ဝိုး အရမ်းမောက်မာတာပဲ"

"မစ္စတာကျန်း"

ယဲ့ရင်၏အသံ ရုတ်တရက်ထွက်ပေါ်လာလေသည်။

"ဒီရှေးဟောင်းသိုင်းပညာမိသားစုက လူမှုအဖွဲ့အစည်းမှာ ထူးခြားတဲ့ အဆင့်အတန်းတစ်ခုရှိပါတယ်။ သူတို့က လူသူကင်းပြီး တခြားလူတွေမလာတတ်တဲ့ နေရာတွေမှာ နေလေ့ရှိပြီး မိသားစုအတွက် စည်းစိမ်ဥစ္စာရှာဖွေနေရတဲ့ မိသားစုဝင်တွေကလွဲရင် တခြားလူတွေက အပြင်လောကနဲ့ သိပ်မဆက်ဆံကြဘူး။ လူကြီးမင်း ဒီတောင်ပေါ်ကို တက်ချင်ရင် သိပ်တော့လွယ်မှာမဟုတ်ဘူး"

"သူတို့က ဒီတောင်ကို ဝယ်ထားတာလား"

ကျန်းမုန့်လောင်က ယဲ့ရင်နှင့် စိတ်ချင်းဆက်သွယ်လိုက်လေသည်။

"ဒါက..."

ယဲ့ရင်လည်း ခဏမျှတွေဝေတုံ့ဆိုင်းသွားရပြီးနောက် ပြောလာလေသည်။

"မစ္စတာကျန်း ဒီရှေးဟောင်းသိုင်းပညာမိသားစုတွေက နိုင်ငံတော်က တိုက်ရိုက်ထိန်းချုပ်တဲ့ လုံရှားလိုမျိုးမဟုတ်ပေမဲ့ သူတို့က ဒုတိယကမ္ဘာသားတွေရဲ့ ကျူးကျော်မှုတွေကို တိုင်းပြည်အတွက် ကူညီဖြေရှင်းပေးခဲ့ဖူးတာမို့ အထူးအခွင့်အရေးတချို့ ရထားပါတယ်။ လူမနေတဲ့နေရာတစ်ခုဖြစ်နေသရွေ့ သူတို့လည်း အခြေချနေထိုင်နိုင်ပြီး အဲဒီနယ်မြေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာရှိတယ်"

"ဒါဆို ဒီနေရာကို သူတို့ဝယ်ထားတာမဟုတ်ဘူးမလား"

ယဲ့ရင်ခမျာ မျက်ဆန်မလည်ဘဲ မနေနိုင်တော့ချေ။ သူက ရှေးဟောင်းသိုင်းပညာမိသားစုများ၏ အထူးခံစားခွင့်အခြေအနေအကြောင်း ရှင်းပြနေသော်ငြား ကျန်းမုန့်လောင်ကတော့ ဤတောင်ကို သူတို့ဝယ်ထားသလားဆိုသည်ကိုသာ အာရုံစိုက်နေပေသည်။

"ဒီနေရာကို သူတို့မဝယ်ထားဘူးဆိုရင် ငါက ဘာလို့တက်လို့မရရမှာလဲ"

"လူကြီးမင်း.. သူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ကျယ်ပြန့်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းကအထိ လူတောင်သတ်လို့ရတယ်။ သာမန်လူတစ်ယောက်ကသာ ရှေးဟောင်းသိုင်းပညာရှင်တွေရဲ့နယ်မြေထဲကို အတင်းဝင်မယ်ဆိုရင် အဆုံးသတ်လှမှာမဟုတ်ပါဘူး"

"ငါတက်သွားမှဖြစ်မယ်ဆိုရင်ရော"

"ဒါဆို တိုက်ခိုက်ပြီးမှပဲ တက်သွားရလိမ့်မယ်"

ယဲ့ရင် ထိုသို့ပြန်ဖြေလိုက်သည်။

"မစ္စတာကျန်း.. ဟိုမိန်းကလေးအတွက် ဒီကိုရောက်လာတာမလား"

"လာနောက်မနေနဲ့။ အဲလိုမှမဟုတ်ရင် ငါက ဒီကိုဘာလာလုပ်မှာလဲ။ ကားပြိုင်ဖို့လား"

ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်၏။

"ကျွန်တော် မစ္စတာကျန်းအတွက် ဒီမိန်းကလေးရဲ့ အသေးစိတ်အချက်အလက်တွေကို စစ်ဆေးထားပြီးပါပြီ။ မစ္စဟုန်းရီက ကျွန်တော့်ကို ပို့ထားပါတယ်"

"ဪ ပြောပြလေ"

ကျန်းမုန့်လောင်သိထားသည်မှာ သူ(မ)၏နာမည်က ချန်ပင်းယွီဖြစ်ကြောင်းနှင့် အလားအလာညွှန်ကိန်း၁၁မှတ်ရှိကြောင်းပင်။ ကျန်အချက်အလက်များမှာ အရေးမပါသောအချက်များပင်။

"ဒီချန်ပင်းယွီက ချန်မိသားစုရဲ့ လက်ရှိမျိုးဆက်မှာ အထူးချွန်ဆုံးလူလေ။ မစ္စတာကျန်းကတော့ သိချင်မှသိလိမ့်မယ်။ ရှေးဟောင်းသိုင်းပညာကျင့်ကြံတယ်ဆိုတာက သဘာဝလွန်စွမ်းအားရှိတာနဲ့ မတူပါဘူး။ သဘာဝလွန်စွမ်းအားပိုင်ရှင်တွေက သက်လတ်ပိုင်းအရွယ်မှာ အသန်မာဆုံးပဲ။ သူတို့အသက်ကြီးလာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်ရဲ့လုပ်ဆောင်မှုတွေကလည်း ကျဆင်းသွားပြီး သဘာဝလွန်စွမ်းအားတွေကပါ အားနည်းသွားရော"

"ဒါပေမဲ့ ရှေးဟောင်းသိုင်းပညာရှင်တွေကတော့ များများလေ့ကျင့်လေလေ ပိုသန်မာလေလေပါ။ ဒါပေမဲ့ သူတို့ရဲ့တိုးတက်မှုနှုန်းက အရမ်းနှေးပါတယ်။ ပုံမှန်ဆိုရင် မိသားစုတစ်ခုက မိသားစုဝင်တစ်ယောက်ကို အပြည့်အဝပံ့ပိုးပေးရင် အသက်၂၀မှာ အဆင့်တစ်ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ချန်ပင်းယွီကတော့ အသက်၁၈နှစ်မှာ အဆင့်နှစ်သိုင်းပညာရှင်ဖြစ်လာခဲ့ပါတယ်။ အခု၂၁နှစ်မှာတော့ အဆင့်သုံးသိုင်းပညာရှင်ဖြစ်လာဖို့ စိန်ခေါ်နိုင်တဲ့ အခွင့်အရေးတစ်ခုတောင် ရထားပါပြီ"

"ဪ ဒီတော့ ဘာဖြစ်လဲ"

"ဘာရယ်တော့မဟုတ်ပါဘူး.."

ယဲ့ရင်ခမျာ ပြောစရာစကားကင်းမဲ့သွားရလေသည်။ ရှေးဟောင်းသိုင်းပညာအသိုင်းအဝိုင်းတွင် ချန်ပင်းယွီလို လူတစ်ယောက်ကို ရတနာတစ်ပါးအဖြစ် မှတ်ယူထားကြသော်ငြား ကျန်းမုန့်လောင်ရှေ့တွင်မူ….

ကျန်းမုန့်လောင်သည် ဒြပ်စင်သုံးပါးပေါင်းစည်းရေးသိုင်းကို လေ့ကျင့်နေသည်မှာ လအနည်းငယ်ခန့်သာ ရှိသေးသည်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးကို အဆက်မပြတ်သောက်သုံးမှုကြောင့် သူ့ခွန်အားမှာ အဆင့်ခုနစ်သိုင်းပညာရှင်တစ်ယောက်ထက်ပင် ပိုအားကောင်းနေလေပြီ။ ပုံမှန်ဆိုလျှင် အဆင့်ခုနစ်သိုင်းပညာရှင်များမှာ အနည်းဆုံး အသက်ခြောက်ဆယ်ရှိကြလေသည်။

"မင်း မပြန်သေးဘူးလား"

"မစ္စတာကျန်း သူတို့က အရမ်းမိုက်ရိုင်းတာပဲ။ ကျွန်တော် သူတို့ကို သင်ခန်းစာပေးပါရစေ"

ယဲ့ရင်၏ လူသတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာလေသည်။ သူ့အတွက်မူ ကျန်းမုန့်လောင်ကို စော်ကားခြင်းကား ခွင့်လွှတ်၍မရနိုင်သော ပြစ်မှုတစ်ခုပင်။

"ရတော့ရပေမဲ့ မလိုပါဘူးကွာ"

ကျန်းမုန့်လောင် တခစ်ခစ်ရယ်လိုက်မိသည်။

"ငါသာ သူတို့ကိုရိုက်နှက်ပြီး တောင်ပေါ်ကို တက်သွားရင် တအားဗိုလ်ကျသလို ဖြစ်သွားမှာမဟုတ်ဘူးလား။ ငါတို့က နိုင်ငံကြီးသားပီသတဲ့လူတွေလေ။ နိုင်ငံကြီးသားပီသတဲ့လူတွေက အရင်စကားပြောကြည့်ရတယ်"

"ကောင်းပြီ။ အခု ငါပြန်လိုက်ဦးမယ်။ နောက်မှ ပြန်လာခဲ့မယ်"

ကျန်းမုန့်လောင်လည်း ချက်ချင်းပင် ကားမောင်းထွက်သွားလေသည်။

"သူ ဘာပြောသွားတာလဲ"

ချန်မိသားစုရှိ အစောင့်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

"နောက်မှပြန်လာခဲ့မယ်လို့ ပြောသွားသလိုပဲ"

"ငါတို့သခင်မလေးနောက်ကို ခိုးကြောင်ခိုးဝှက်နဲ့ နောက်ယောင်ခံလိုက်နေတာ။ သူတော့ သေချင်နေတာပဲ။ သူသာ နောက်တစ်ခါပြန်လာရဲရင် ငါတို့ကိုလည်း ရိုင်းတယ်ဆိုပြီး အပြစ်မတင်လေနဲ့"

...

"ဟုန်းရီ.. ငါ မြေတစ်ကွက်ဝယ်ချင်လို့။ တစ်နာရီအတွင်း မြေယာဖွံ့ဖြိုးတိုးတက်ရေးသဘောတူစာချုပ်ကို မြင်ချင်တယ်"

"ကောင်းပါပြီ မစ္စတာကျန်း"

...

တစ်နာရီကြာပြီးနောက် ကျန်းမုန့်လောင်၏ကားက တောင်ခြေသို့ ပြန်ရောက်လာပြန်လေသည်။ ကျန်းမုန့်လောင်ကို လမ်းပိတ်ခဲ့ကြသော လူငယ်တစ်စုလည်း ပေါ်လာပြန်၏။ ဤတစ်ခေါက်တွင်မူ သူတို့၏အမူအရာများမှာ အလွန်သုန်မှုန်နေချေသည်။

"မင်းက ပြန်လာရဲတယ်ပေါ့"

"ဘာလို့မလာရဲရမှာလဲ"

ကျန်းမုန့်‌လောင်ကလည်း ပြန်ပက်ချေသည်။

"ဒါက ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းလေ။ ဒီတောင်ကို မင်းတို့အပိုင်လို့ ပြောမလို့တော့မဟုတ်ဘူးမလား။ မသိရင် ဒီနေရာကို မင်းတို့ပဲ ဝယ်ထားသလိုလိုနဲ့"

"ငါတို့ ဒီနေရာကို မဝယ်ထားဘူးဆိုရင်တောင် ငါတို့ချန်မိသားစုက ဒီနေရာကိုသဘောကျရင် ဒါက ငါတို့နယ်မြေပဲ။ မင်းလို သာမန်လူတွေက ဒီတောင်ပေါ်ကိုတက်ဖို့ အရည်အချင်းမပြည့်မီဘူး"

ထိုလူငယ်လေးက ရုတ်ခြည်းဆိုသလို ဘေးဘက်သို့ လွှဲရိုက်လိုက်လေသည်။ ထိုအခါ သန်မာသော အတွင်းအားတစ်ရပ် ထွက်ပေါ်လာပြီး သစ်ပင်တစ်ပင်၏ ပင်စည်ပေါ်တွင် တစ်လက်မနက်သော လက်ဝါးရာကြီးတစ်ခု ကျန်ရစ်နေခဲ့ပေသည်။

သူသည် ထိုသစ်ပင်နှင့် ငါးမီတာကျော်အကွာတွင် ရှိနေခြင်းဖြစ်၏။ ထိုရိုက်ချက်ကသာ လူတစ်ယောက်ကို ထိမှန်ခဲ့ပါက အရိုးကျိုးပြီး အတွင်းအင်္ဂါများ ထိခိုက်ပျက်စီးရမည်မှာ အသေအချာပင်။

"ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း"

ထိုလူငယ်များ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ကျန်းမုန့်လောင်က လက်ခုပ်ဩဘာတီး၍ အားပေးလိုက်၏။

"မဆိုးဘူး။ မဆိုးဘူး။ ထပ်လုပ်ပြစမ်းပါဦး"

"သူ.. သူ လုံးဝမကြောက်ဘူးလား"

"သူက ငတုံးလား"

...

"ချာတိတ်.. မင်းဘာသာ တကယ်တုံးအနေတာပဲဖြစ်ဖြစ် ဟန်ဆောင်နေတာပဲဖြစ်ဖြစ် ဒီနေရာက ချန်မိသားစုပိုင်နေရာပဲ။ မင်း ဒီကနေ မြန်မြန်ထွက်သွားလိုက်တာ ပိုကောင်းမယ်။ မဟုတ်လို့ကတော့ နောက်လာမဲ့ လက်ဝါးရိုက်ချက်က မင်းဆီကို ရောက်လာလိမ့်မယ်"

"အိုး ဆောရီး.. ဒီတောင်ကို ငါ ဝယ်လိုက်ပြီ"

ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။

"နောက်တစ်မျိုးပြောရရင်တော့ ဒီနေရာက ငါ့အပိုင်ဖြစ်သွားပြီ။ ငါက ဒီနေရာမှာ သခင်ပဲ။ မင်းတို့တွေအကုန် သွားလို့ရပြီ"

"မင်း ဘာပြောလိုက်တယ်"

ထိုအမျိုးသားခမျာ ကြက်သေသေသွားရလေသည်။

"ဘာလဲ။ မယုံဘူးလား"

ကျန်းမုန့်လောင်လည်း အရှေ့တိုးသွားလိုက်ပြီးနောက် စာရွက်စာတမ်းအထပ်လိုက်ကို သူတို့လက်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။

"ဒီမြေကွက်ရဲ့ ပိုင်ဆိုင်ခွင့်ကို ဝယ်ဖို့အတွက် ငါ ၁၂သန်းသုံးပြီးသွားပြီ။ အခု ငါ အပေါ်တက်ကြည့်တော့မယ်။ ကန့်ကွက်စရာရှိသေးလား"

ထိုလူငယ်လေးခမျာ စာရွက်စာတမ်းများကို လှန်လှောကြည့်လိုက်သောအခါ ကျန်းနန်မြေယာဗျူရိုမှ မြေယာစာချုပ်ဖြစ်ကြောင်းသိလိုက်ရပြီး မြောက်ပိုင်းတောင်တန်းနယ်မြေတစ်ဝက်ကို သူတို့ရှေ့ရှိ ဤလူငယ်လေးအား ၁၂သန်းဖြင့် သုံးနှစ်တိတိရောင်းချထားပေသည်။

"မင်း မြန်မြန်လစ်လိုက်တာ ပိုကောင်းမယ်နော်။ မဟုတ်လို့ကတော့ ငါ ရဲခေါ်လိုက်တော့မှာ။ ပိုင်နက်ကျူးကျော်မှုနဲ့ မင်း တရားစွဲခံရလိမ့်မယ်"

ကျန်းမုန့်လောင်လည်း တောင်ပေါ်သို့ ဆောင့်ကြွားဆောင့်ကြွား တက်သွားလေတော့သည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ"

"ငါတို့ ဘယ်လိုလုပ်ကြမလဲဟုတ်လား။ ငါတို့က ရှေးဟောင်းသိုင်းပညာရှင်မိသားစုလေ။ ငါတို့မှာ အထူးခံစားခွင့်တွေရှိတယ်။ သူ ဒီနေရာကို ဝယ်လိုက်တယ်ဆိုရင်တောင် ငါတို့ချန်မိသားစုဘက်က သဘောမတူသရွေ့ မြေယာဗျူရိုက စာရွက်စာတမ်းတွေကတောင်မှ ငါတို့ကို လာတားလို့မရဘူး"

"ဒါဆို သူ.."

"သူ့ခြေထောက်ကို ရိုက်ချိုးပြီး မောင်းထုတ်လိုက်"

"ရပ်စမ်း"

ရှေ့ဆုံးမှ ဦးဆောင်နေသော လူငယ်က ကျန်းမုန့်လောင်ကို အော်လိုက်လေသည်။

"ဘာပြောစရာရှိသေးလို့လဲ"

ကျန်းမုန့်လောင် နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။

"မင်း တက်သွားလို့မရသေးဘူး။ မင်း မပြန်ဘူးဆိုရင် ငါတို့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"

"ဪ ကြမ်းကြရမ်းကြတော့မယ်ပေါ့"

ကျန်းမုန့်လောင် လှောင်ရယ်လိုက်လေသည်။

"ငါက ကျိုးကြောင်းသင့်တဲ့လူတစ်ယောက်ပါ။ အဲဒါကြောင့်လည်း အလောတကြီးမပြုမူခဲ့တာပေါ့။ အခု ဒီတောင်တန်းကို ငါဝယ်လိုက်တာတောင် မင်းတို့က ငါ့ကို အပေါ်တက်ခွင့်မပေးဘူးပေါ့လေ။ ငါက အကျိုးသင့်အကြောင့်သင့်လုပ်ပေမဲ့ မင်းတို့ကတော့ လူရမ်းကားတွေလို လာပြုမူနေတာပဲ"

"သူ့ကို လေကုန်ခံပြီး ပြောမနေနဲ့တော့။ သူက ငါတို့ကို ပြဿနာရှာဖို့အတွက် ဂိုဏ်းတစ်ခုခုကလွှတ်လိုက်တဲ့ နယ်ရုပ်တစ်ရုပ်ပဲဖြစ်မယ်"

"သွားတော့"

"ဘုန်း"

ကျန်းမုန့်လောင်ကလည်း သူ့အတွင်းအားကို အကုန်ထုတ်လွှတ်လိုက်ပြီး ခြေဆောင့်နင်းလိုက်လေရာ အစွမ်းထက်လှသော အင်အားတစ်ရပ်က လမ်းမျက်နှာပြင်ကို အက်ကွဲသွားစေကာ ထိုအက်ကွဲကြောင်းများက ပင့်ကူအိမ်တစ်ခုအလား ပျံ့နှံ့သွားလေတော့သည်။

ထို့နောက် ကျန်းမုန့်လောင်လည်း သူ့ညာလက်ကို ဆန့်ထုတ်၍ လက်ညှိုးနှင့်လက်ခလယ်ကို ကွေးလိုက်လေ၏။

"လာလေ"

************

All Chapters