← Chapters

အခွန်ကောက်ခြင်း

Vol. 25 Ch. 363

အခွန်ကောက်ခြင်း

Vol. 25 Ch. 363

"အစွမ်းထက်လိုက်တဲ့ အတွင်းအား!"

အက်ကွဲကြောင်းဖြစ်သွားသော မြေပြင်ကိုကြည့်ရင်း ချန်မိသာစုမှ လူငယ်သိုင်းပညာရှင်သုံးယောက်လည်း အတန်ငယ်အံ့အားသင့်သွားရချေသည်။ ဤကြမ်းပြင်ကား ဘိလပ်မြေနှင့် တည်ဆောက်ထားခြင်းမဟုတ်ပေ။ ခိုင်မာတောင့်တင်းလှသော အပြာရောင်ကျောက်ဖြင့် ဖွဲ့စည်းထားသော လူသွားလမ်းတစ်ခုဖြစ်၏။ သာမန်သိုင်းပညာရှင်များအနေနှင့် ခြေတစ်ချက်ဆောင့်လိုက်ရုံမျှဖြင့် အက်ကွဲသွားအောင် လုပ်နိုင်ဖို့ မဖြစ်နိုင်ချေ။ သာမန်လူများဆိုလျှင် ပိုဝေးသေးသည်။

ဤအကွက်တစ်ခုမျှဖြင့် သူတို့ရှေ့ရှိ လူငယ်မှာ သာမန်လူတစ်ယောက်မဟုတ်ကြောင်း သူတို့ အတည်ပြုလိုက်နိုင်၏။

"ဝိုင်းထားကြ"

သာမန်လူကိုမူ သူတို့ မတိုက်ခိုက်ရဲကြပေ။

နိုင်ငံတော်က သူတို့အား လွတ်လပ်မှုနှင့် အာဏာတို့ ပေးအပ်ထားသော်လည်း စည်းမျဉ်းတစ်ခုတော့ ရှိ၏။ ရှေးဟောင်းသိုင်းပညာရှင်များအား သာမန်လူများကို အန္တရာယ်ပေးခြင်းမှ တားမြစ်ထားသည်။ သို့သော် တစ်ဖက်လူကလည်း ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက် ဖြစ်နေပါက စိတ်ပူစရာမလိုတော့ချေ။

"ကျန်းဟူလောကထဲက ပြဿနာတွေကို ကျန်းဟူလောကထဲမှာပဲ ဖြေရှင်းရမယ်"ဟူသော ဆိုရိုးစကားလည်း ရှိထားပေသည်။ သူတို့သည် သိုင်းပညာရှင်များ ဖြစ်ကြသည့်အတွက် ပဋိပက္ခတစ်စုံတစ်ရာရှိလာပါလျှင် လက်သီးသုံး၍သာ ဖြေရှင်းကြမည်ဖြစ်၏။ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့လျှင်ပင် နှစ်ဦးနှစ်ဖက်ကြားတွင်သာ ရှိနေမည်ဖြစ်ပြီး အကယ်၍ တရားရုံးတော်သို့ သွားရောက်အမှုဖွင့်ခဲ့လျှင် ထိုအဖြစ်ကို ဂုဏ်သရေညှိုးနွမ်းစေသော ကိစ္စဟုသာ မှတ်ယူကြမည်ဖြစ်၏။

ဤလူငယ်လေးများမှာ ချန်မိသားစု၏ သာမန်မျိုးဆက်များသာဖြစ်သော်ငြား သူတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာမူ တိုက်ပွဲအတွေ့အကြုံရင့်သော အထူးတပ်ဖွဲ့စစ်သားတစ်ယောက်ထက်ပင် ပိုသာလေသည်။

သူတို့၏ကာယခွန်အားနှင့် စွမ်းအားတို့က အထူးတပ်ဖွဲ့စစ်သားတစ်ယောက်ကို မယှဉ်နိုင်သော်လည်း သိုင်းပညာရှင်များ၏ အားသာချက်မှာ သူတို့ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နိုင်သော "အတွင်းအား"တွင်သာ ရှိ၏။ ထိုအတွင်းအားဖြင့် သူတို့၏လှုပ်ရှားမှုတိုင်းတွင် ကြီးလှစွာသောခွန်အားကို ထုတ်သုံးနိုင်ပြီး ဤအတွင်းအားကို အပြင်သို့ထုတ်၍ သဘာဝခွန်အားတစ်ခုအလား တိုက်ခိုက်နိုင်ပေသည်။

အဆင့်တစ်သိုင်းပညာရှင်တစ်ယောက်ပင် အတွင်းအားကိုသာ သေချာကျင့်ကြံပါက ကတ်တီတစ်ထောင်အားရှိသော လက်သီးချက်ကို ဖန်တီးနိုင်သည်။ တိုက်ဆန်ကဲ့သို့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားတစ်ယောက်ကပင် ပေါင်လေးရာဝန်းကျင်ခွန်အားရှိသော လက်သီးချက်များကိုသာ ထုတ်လွှတ်နိုင်သည်။ ထိုပမာဏမှာ အဆင့်တစ်သိုင်းပညာရှင်တစ်ယောက်၏ အတွင်းအားတစ်ဝက်ကိုပင် မမီပေ။

ထိုသိုင်းပညာရှင်သုံးယောက်လည်း မတူညီသော အရပ်မျက်နှာသုံးဖက်မှ ကျန်းမုန့်လောင်ဆီသို့ အပြေးသွားလိုက်၏။ သူတို့၏အရှိန်ကား အတွင်းအားဖြင့် တိုးမြှင့်ထားလေရာ အံ့ဖွယ်ကောင်းအောင် လျင်မြန်လှသည်။

"လာလေ စကားများမနေနဲ့တော့"

ကျန်းမုန့်လောင်က ခြေလှမ်းတစ်ဝက်စာမျှ နောက်ပြန်ဆုတ်လိုက်ပြီး သူ့အတွင်းအားကို စုစည်းလိုက်သည်။

"ယွမ်တစ်ကျော့ပြန်ချီစွမ်းအင်! ဒြပ်စင်သုံးပါးပေါင်းစည်းရေး"

"အုန်း"

ဧရာမအတွင်းအားတစ်ရပ်က သူ့ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာပြီးနောက် အတွင်းအား၏ ပြင်းထန်မှုကို သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အနေအထားအထိ ပျံ့နှံ့သွားလေတော့သည်။

"ဒီအတွင်းအား! သူက မဟာသခင်တစ်ပါးပဲ!"

ပြင်းထန်လှသော ဤအတွင်းအားကို ခံစားလိုက်ရသောအခါ လူငယ်သိုင်းပညာရှင်သုံးယောက်ခမျာ အသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည်။

အတွင်းအားကို အကောင်အထည်ဖော်ပြနိုင်ခြင်းမှာ အဆင့်ခုနစ်နှင့်အထက် သိုင်းပညာရှင်တစ်ယောက်၏ အမှတ်သညာဖြစ်၏။ ထိုကဲ့သို့သော သိုင်းပညာရှင်အားလုံးနီးပါးကို မဟာသခင်ဟုခေါ်တွင်ပြီး ရှေးဟောင်းသိုင်းလောက၏ ပင်မမဏ္ဍိုင်များအဖြစ် မှတ်ယူထားကြသည်။

မဟာသခင်အဆင့် ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက်သည် မျိုးနွယ်တစ်ခု သို့မဟုတ် ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်စွမ်းရှိသည်ဖြစ်ရာ ယီးတီးယားတားသွားလုပ်၍မရချေ။

သို့သော် မဟာသခင်အဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုပါက ပါရမီ၊ ကြိုးစားအားထုတ်မှုနှင့် အခွင့်အရေးတို့ကို မရှိမဖြစ်လိုအပ်သည်။ ပုံမှန်ဆိုလျှင် ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက်အနေနှင့် မဟာသခင်အဆင့်သို့ တက်လှမ်းနိုင်ရန် အနည်းဆုံးနှစ်ခြောက်ဆယ်မှ နှစ်ခုနစ်ဆယ်အထိ ကြာမြင့်နိုင်သည်။

အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးသော မဟာသခင်တစ်ပါးဆိုသည်မှာ သူတို့၏နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်၏။ အဆင့်နှစ်သိုင်းပညာရှင်အယောက်တစ်ရာပေါင်းလျှင်ပင် မဟာသခင်တစ်ပါး၏ လက်ဝါးသိုင်းတစ်ချက်ကို ခံနိုင်ရည်မရှိပေ။

ထို့နောက် ကျန်းမုန့်လောင်က ကိုယ်ပွားသုံးယောက်ကို ချက်ချင်းဖန်ဆင်းလိုက်ပြီးနောက် ထိုသုံးယောက်ဆီသို့ ရုတ်တရက်ချီတက်လိုက်၏။ ပြင်းထန်လှသော သူ့အရှိန်အဝါမှာ ဖိနှိပ်ချုပ်ချယ်နိုင်စွမ်းရှိလွန်းလှသဖြင့် သူတို့ခမျာ လှုပ်ပင်မလှုပ်နိုင်ခဲ့ပေ။

"ပိုင်ယွင်လက်ဝါးသိုင်း!"

"ကောင်းကင်ဘုံမြူခိုးလက်သီး!"

"လေနတ်ဘုရားခြေစွမ်း!"

ဧရာမအတွင်းအားတစ်ရပ် ပေါက်ကွဲထွက်လာပြီးနောက် ထိုလူငယ်သုံးယောက်လည်း လွင့်ထွက်သွားရလေတော့သည်။

ပြင်းထန်လှသော အတွင်းအားများက သူတို့ခန္ဓာကိုယ်ထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး နည်းပါးလှသော သူတို့အတွင်းအားများမှာလည်း လျှပ်တစ်ပြက်အတွင်း ပျက်စီးသွားရပြီးနောက် သူတို့၏ကြွက်သားများနှင့် အရိုးများကိုပါ စတင်ဖျက်ဆီးနေချေ၏။

ဤသိုင်းကွက်တွင် ကျန်းမုန့်လောင်သည် သူ့အတွင်းအားအနည်းငယ်ကိုပင် ထုတ်မသုံးရသေးပေ။ သူ့လက်ရှိအဆင့်ဖြင့်ဆိုလျှင် အားနည်းနည်းလောက် ထပ်ထည့်လိုက်ပါက ဤသုံးယောက်လည်း သေပွဲဝင်ရလိမ့်မည်သာ။

"ဘုန်း"

လူငယ်သိုင်းပညာရှင်သုံးယောက်ခမျာ ပုံခနဲလဲကျသွားပြီးနောက် သူတို့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည့်အပြင် သူတို့မျက်ဝန်းထဲ၌လည်း ကြောက်လန့်နေသော အရိပ်အယောင်များ ယှက်သန်းနေချေသည်။

မဟာသခင်တစ်ပါးကို သူတို့ ရန်စမိလိုက်လေပြီ။ ဤကဲ့သို့သော ပုဂ္ဂိုလ်ကို သူတို့၏ချန်မိသားစုခေါင်းဆောင်ပင် ယဉ်ယဉ်ကျေးကျေးဆက်ဆံရမည်ဖြစ်၏။ တစ်ဖက်လူသာ အနည်းငယ်ဒေါသကြီးသူတစ်ယောက်ဆိုပါက သူတို့ ယခုအချိန် သေနေလောက်ပြီ။

သို့သော် မဟာသခင်တစ်ပါးမှာ အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိနေသေးသည်ဖြစ်ရာ မည်သည့်အင်အားကြီးပုဂ္ဂိုလ်ကများ သူ့အား ပျိုးထောင်ပေးခဲ့လေသလဲ။

ယခုလက်ရှိအချိန်တွင် ရှေးဟောင်းသိုင်းလောကတစ်ခုလုံး၌ အငယ်ဆုံးသော မဟာသခင်မှာ အသက်၃၇နှစ်ဖြင့် မဟာသခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူပင်။ သူသည် မဟာသခင်အဆင့်ကို ကျော်ဖြတ်ပြီး ဒဏ္ဍာရီလာအဆင့်ကို ရောက်ရှိခဲ့ပြီး ဟွာရှားသိုင်းလောကတစ်ခွင်တွင် အသန်မာဆုံး ဖြစ်လာခဲ့သည်။

ခွန်အားအရာ၌ "လုံရှား"ခေါင်းဆောင်ပင်လျှင် သူ့ကို မကျော်နိုင်ချေ။ သူတို့ခမျာ သူနှင့် တွေ့သည့်အချိန်တိုင်း သိုင်းနတ်ဘုရားဟု တလေးတစားခေါ်ကြရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုတုန်းကမူ "လုံရှား"ခေါင်းဆောင်နှင့် သိုင်းနတ်ဘုရားတို့ကြားတွင် ကြီးကျယ်ခမ်းနားလှသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲမှာ ရလဒ်မသဲကွဲလိုက်ဟု သိရသည်။ သူတို့၏တိုက်ခိုက်မှုကြောင့် ဟိမဝန္တာနယ်မြေအတွင်း မြေမျက်နှာအနေအထားပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

"လုံရှား"ခေါင်းဆောင်၊ အမေရိကမှ သန္ဓေပြောင်းလူသားခေါင်းဆောင်၊ ဇာဘုရင်ဘွဲ့ခံရရှားနှင့် ကိုင်ဘွန်ဒုတိယကမ္ဘာသားများကို အစွမ်းအထက်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။ ဤအချက်မှာ သိုင်းနတ်ဘုရား၏ ပြင်းထန်လှစွာသော ခွန်အားကို သက်သေပြနေပေသည်။

သို့သော် လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်ခန့်က သိုင်းနတ်ဘုရားလို ပုဂ္ဂိုလ်တစ်ယောက်မှ ထွက်ပေါ်မလာခဲ့သလို မဟာသခင်အဆင့်သို့ အသက်၄၀အောက်ဖြင့် တက်လှမ်းနိုင်ခဲ့သူဟူ၍လည်း မရှိခဲ့ပေ။

ဤလူငယ်လေးသာ သိုင်းနတ်ဘုရား၏အသက်အရွယ်ကိုရောက်လျှင် သူ့ခွန်အားမှာ…

"မဖြစ်နိုင်ဘူး။ ဒီလောက်ငယ်ငယ်လေးနဲ့ မဟာသခင်တစ်ပါးဖြစ်နိုင်စရာ အကြောင်းမရှိဘူး"

သူတို့သုံးယောက်လည်း ထိုအတွေးကို သူတို့စိတ်ထဲမှ ဖယ်ထုတ်လိုက်သည်။

ဟွာရှားနိုင်ငံ၏ ရှေးဟောင်းသိုင်းပညာမှာ အလွန်မှော်ဆန်လှသည်ဟု နာမည်ကြီးလေသည်။ အများစုမှာ ထာဝရအသက်ကို ပိုင်ဆိုင်စေနိုင်သော အစွမ်းရှိ၏။ ဟွာရှားနိုင်ငံတွင် အဂ္ဂိရတ်ပညာကိုလည်း လက်ဆင့်ကမ်းခဲ့ကြသည်။ ဤရှေးဟောင်းသိုင်းပညာနှင့် အဂ္ဂိရတ်ပညာတို့မှာ လူတစ်ယောက်ကို လူငယ်တစ်ယောက်အလား နုပျိုနေအောင် လုပ်ပေးနိုင်သည်။

ကျန်းမုန့်လောင်သည် ပြဒါးရှင်လုံးတစ်မျိုးကို စားသုံးထားသော လူအိုကြီးတစ်ယောက် သို့မဟုတ် မှော်သိုင်းပညာများကို ကျင့်ကြံထားသော လူအိုကြီးတစ်ယောက်ဖြစ်ရမည်ဟု သူတို့ ယုံကြည်ထားသည်။

ထိုအချိန်တွင် ကျန်းမုန့်လောင်က သူတို့နားသို့ လျှောက်လာချေသည်။ သူ့မျက်နှာထက်တွင် နတ်ဆိုးဆန်သောအပြုံးတစ်ပွင့်လည်း ရှိနေ၏။

"အကြီးအကဲ.. ကျွန်တော်တို့သုံးယောက်က ထိုက်ရှန်းကြောင့် စုံလုံးကန်းသွားလို့ အကြီးအကဲက မဟာသခင်သိုင်းပညာရှင်တစ်ပါးဆိုတာကို သတိမထားမိလိုက်တာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ထိုလူငယ်သုံးယောက်ခမျာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ချက်ချင်းအသနားခံကြလေတော့သည်။

သာမန်လူများနှင့် ရင်ဆိုင်ကြချိန်မျိုးတွင် ရှေးဟောင်းသိုင်းပညာရှင်များမှာ အထက်စီးဆန်တတ်ကြသော်ငြား မဟာသခင်တစ်ပါးရှေ့တွင်မူ သူတို့အနေနှင့် ဦးညွှတ်ပြီး ခယရုံသာ တတ်နိုင်ပေသည်။

"ခုနတုန်းက မင်းတို့သုံးယောက် တအားမာန်တက်နေခဲ့တာမဟုတ်ဘူးလား။ ငါ့ခြေထောက်တွေကိုတောင် ချိုးပစ်မယ်လို့ ပြောနေတာမလား"

ကျန်းမုန့်လောင်လည်း သူတို့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် ပြောလိုက်၏။

ထိုသုံးယောက်ခမျာ ရုတ်ခြည်းဆွံ့အသွားရှာလေသည်။

လူကြီးမင်းက မဟာသခင်တစ်ပါးမှန်း ဘယ်သူကသိမှာလဲ..

သူတို့ မဟာသခင်တစ်ပါးကို ခြေထောက်ချိုးပစ်ဖို့ ကြံစည်ခဲ့ကြောင်း သူတို့အကြီးအကဲများသာ သိသွားလျှင် သူတို့ခြေထောက်များသာ အချိုးခံရနိုင်သည်။

ရှေးဟောင်းသိုင်းလောကထဲတွင် ချန်မိသားစုဆိုသည်မှာ အရွယ်အစားကြီးမားလှသော မျိုးနွယ်တစ်ခုဖြစ်သော်လည်း သူတို့မိသားစုထဲတွင် မဟာသခင်သုံးပါးသာရှိ၏။

ဒဏ္ဍာရီလာအဆင့် စွမ်းအားရှင်များမှာမူ ဒဏ္ဍာရီလာအကျော်အမော်များပင် ဖြစ်ကြသည်။ သူတို့လို လူများမှာ ဒဏ္ဍာရီလာသိုင်းပညာရှင်တစ်ယောက်နှင့် ဆက်သွယ်နိုင်စွမ်းပင် မရှိကြပေ။ ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်များမှာ အချိန်အများစုတွင် ဂူအောင်း၍ သူတို့၏အကန့်အသတ်များကို ကျော်လွှားဖောက်ထွက်နိုင်ရန် ကျင့်ကြံနေတတ်ကြသည်။ သိုင်းလောကကြီး သို့မဟုတ် တစ်နိုင်ငံလုံး အန္တရာယ်ကျရောက်ချိန်မှသာ ထွက်လာကြသည်။

ဒဏ္ဍာရီလာစွမ်းအားရှင်များသာ ပေါ်မလာခဲ့လျှင် မဟာသခင်သိုင်းပညာရှင်များမှာ နတ်ဘုရားများအဖြစ် ထာဝရလေးစားကြည်ညိုခံရမည်ဟုပင် ဆိုနိုင်လေသည်။

"အကြီးအကဲ..ခုနတုန်းက ကျွန်တော်တို့ မစဉ်းစားမဆင်ခြင်ဘဲ လုပ်ခဲ့မိပါတယ်။ ကျွန်တော်တို့ အကြီးအကဲကို တောင်းပန်ပါတယ်"

သူတို့သုံးယောက်ခမျာ ကျန်းမုန့်လောင်ကို အဆက်မပြတ်ဦးညွှတ်နေချေသည်။

"ကောင်းပြီလေ။ ငါ မင်းတို့ကို ခွင့်လွှတ်တယ်"

"ကျေးဇူးကြီးလှပါတယ် အကြီးအကဲ..ကျေးဇူးကြီးလှပါတယ်"

ထိုသုံးယောက်မှာ အပျော်လုံးစို့သွားရသဖြင့် ကျန်းမုန့်လောင်ကို အကြိမ်ပေါင်းများစွာ ဦးချနေကြပြန်သည်။

"ငါ့ကို အကြီးအကဲလို့မခေါ်နဲ့။ ငါက အခုမှ အသက်နှစ်ဆယ်ပဲရှိသေးတာ။ မသိရင် တအားရှေးဆန်သွားသလိုကြီး ခံစားရတယ်"

ကျန်းမုန့်လောင်လည်း စိတ်ကျေနပ်မှုမရှိဟန်ဖြင့်‌ ပြောလိုက်လေသည်။

"ဒါဆို..ကျွန်တော်တို့ ဘယ်လိုခေါ်ရမလဲ"

ကျန်းမုန့်လောင်က အသက်နှစ်ဆယ်သာရှိသေးသည်ဆိုသည့်အချက်ကို သူတို့ မယုံသော်လည်း ထုတ်မပြရဲကြသဖြင့် သူတို့ကိုယ်သူတို့ နှိမ့်နှိမ့်ချချသာ ဆက်ဆံလိုက်သည်။

"ငါ့ကို ခန့်ချောကြီးလို့သာ ခေါ်ကြ"

"ခန့်..ခန့်ချောကြီး.."

ထိုသုံးယောက်ခမျာ ချက်ချင်း ပြောစရာစကားကင်းမဲ့သွားရလေသည်။ ဤအကြီးအကဲ၏ အကြိုက်ကား အနည်းငယ်…တစ်မူထူးလှပေသည်။

"အကြီးအကဲ.. ဒီကို ဘယ်လိုဖြစ်လို့ရောက်လာတာလဲလို့‌ မေးလို့ရမလား။ ကျွန်တော်တို့ခေါင်းဆောင်ကို ချက်ချင်းအကြောင်းကြားပေးပါ့မယ်။ သူကလည်း ခင်ဗျားကို တက်တက်ကြွကြွကြိုဆိုမှာပါ"

ခေါင်းဆောင်ဖြစ်သော သိုင်းပညာရှင်လူငယ်လေးက မေးခွန်းထုတ်လာလေသည်။

"ငါက ဒီအတိုင်းလျှောက်ပတ်ကြည့်နေရုံပဲ"

ကျန်းမုန့်လောင် ပြောလိုက်၏။

"ဒါပေမဲ့ ဒီမြေကွက်ကို အခု ငါဝယ်လိုက်ပြီဆိုတော့ မင်းတို့က ငါ့မြေပေါ်မှာ နေနေကြတာလေ။ ဒီတော့ အခွန်ကောက်ဖို့ အချိန်ကျပြီထင်တာပဲ"

**************

All Chapters