တစ်နှစ်ကို ၅၀၀ဘီလီယံပေးရမယ်
Vol. 25 Ch. 364
"အခွန်..အခွန်ငွေလား"
ထိုလူငယ်လေးသုံးယောက်မှာ တစ်ဖန်အံ့အားသင့်သွားပြန်သည်။ သူတို့မိသားစုသည် ဤနေရာတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဩဇာလွှမ်းမိုးခဲ့သည်ဖြစ်ရာ သူတို့အား အခွန်အကြောင်း လာပြောရဲသူမျိုးနှင့် ပထမဆုံးအကြိမ်ကြုံဖူးခြင်းပင်။
"ပေါက်ကရတွေ။ မင်းတို့က ငါ့နယ်မြေပေါ်မှာ နေနေတာလေ။ ဒီတော့ အခွန်ဆောင်ရမှာပေါ့"
ကျန်းမုန့်လောင်က မြေယာသဘောတူစာချုပ်ကို ပုတ်ပြလိုက်သည်။
"ငါ့ဆီမှာ မြေယာသဘောတူစာချုပ်ရှိတယ်။ ကျန်းနန်မြို့မြေယာဗျူရိုက ခွင့်ပြုပေးထားတာ။ အရှင်းကြီးနော်။ ကတိဖျက်ဖို့တော့ မစဉ်းစားလေနဲ့"
သိုင်းပညာရှင်လူငယ်သုံးဦးခမျာ မျက်ရည်ကျလုနီးပါးပင်။ ဤအကြီးအကဲက လူယုတ်မာတစ်ယောက်နှင့် တူနေသည်ဟု သူတို့ ဘာကြောင့် ခံစားမိနေသလဲ။ ပုံမှန်ဆိုလျှင် မဟာသခင်များမှာ သိမ်မွေ့နူးညံ့ပြီး သူတော်စင်တစ်ပါးအလား သန့်စင်မွန်မြတ်ပေသည်။ ငွေစကားမပြောတတ်ကြချေ။ သို့သော် သူတို့အနေနှင့် ပွင့်ပွင့်လင်းလင်းငြင်းဆိုရန်လည်း မရဲကြချေ။
"အကြီးအကဲ.. အခွန်ကို ဘယ်လိုကောက်ခံဖို့ စီစဉ်ထားလဲ။ ကျွန်တော်တို့ မိသားစုခေါင်းဆောင်ကို အကြောင်းကြားပေးပါ့မယ်။ ဈေးနှုန်းကသာ သင့်တင်တယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင် ပေးမှာပါ"
လူငယ်သိုင်းပညာရှင်တစ်ယောက်က သတိကြီးကြီးထားလျက် ဆိုလာသည်။
"ဟင်း.."
ကျန်းမုန့်လောင်ကမူ ခေါင်းကို လှုပ်ခါလိုက်သည်။
"ဒီနေရာက ဖုန်းရွှေကောင်းတဲ့နေရာတစ်ခုပဲ။ အရှေ့တောင်ထောင့်မှာ မြားနတ်မောင်ကြယ်စင်နဲ့ ဝန်းရံထားပြီး အနောက်မြောက်ထောင့်မှာ 'ပင်လယ်ထဲကိုစီးဝင်နေတဲ့ မြစ်တွေ'ဆိုတဲ့ အခြေအနေမျိုးရှိတယ်။ ဒီမှာနေတဲ့လူတိုင်း အချစ်ရေး၊ အလုပ်အကိုင်နဲ့ ငွေကြေးကံတွေ ကောင်းကြမှာ သေချာတယ်။ ဒီတော့ အခွန်ကလည်း သေချာပေါက်ဈေးနည်းလို့မရဘူးပေါ့"
"ပြောသာပြောပါ အကြီးအကဲ.. ကျွန်တော်တို့ချန်မိသားစုမှာ ပိုင်ဆိုင်မှုတချို့ရှိပါတယ်။ အခွန်အခနည်းနည်းလေးလောက်က ဘာမှမပြောပလောက်ပါဘူး"
သူတို့အနေနှင့် ဤနတ်ဘုရားကို ထွက်သွားစေချင်နေပြီး ပေးလိုက်ရမည့် ပိုက်ဆံကိုလည်း ဘေးကင်းရန်ကွာငွေအဖြစ်သာ သဘောထားလိုက်သည်။
မဟာသခင်အဆင့်ရှိ သိုင်းပညာရှင်များရှေ့တွင် သူတို့မိသားစုထဲရှိ မဟာသခင်သုံးပါးပင် သတိထားရသည်။ ဤမဟာသခင်တွင် မည်သို့သောနောက်ခံမျိုး ရှိနေမလဲဆိုသည်ကို မည်သူမှမသိနိုင်ပေ။ သူ့အား စော်ကားခြင်းမှာ ဉာဏ်ရှိသော လုပ်ရပ်တစ်ခု မဟုတ်ချေ။
"အများကြီးတော့မတောင်းပါဘူး။ တစ်နှစ်ကို ငါးရာဘီလီယံတည်းပဲ"
ကျန်းမုန့်လောင် ထုတ်ပြောလိုက်လေသည်။
"ငါးရာဘီလီယံ!?"
လူငယ်သိုင်းပညာရှင်သုံးယောက်ခမျာ မျက်လုံးအပြူးသားဖြစ်သွားကြသည်။
သူတို့ချန်မိသားစုတစ်ခုလုံးပင် တစ်နှစ်ကို ငါးရာဘီလီယံမရှာနိုင်ပေ။
ဟွာရှားနိုင်ငံရှိ လူချမ်းသာဟုခေါ်တွင်သူများမှာ အပေါ်ယံတွင်သာ ချမ်းသာနေခြင်းပင်။ သူတို့တွင် ပိုင်ဆိုင်မှုအမြောက်အများ ရှိကောင်းရှိနိုင်သော်ငြား တချို့မိသားစုများနှင့်ယှဉ်လိုက်လျှင် ကွာခြားမှု ကြီးမားလှပေသည်။
အထူးသဖြင့် ရှေးဟောင်းသိုင်းပညာမိသားစုများ၏ နောက်ခံအသိုင်းအဝိုင်းမှာ အံ့ဖွယ်ကောင်းလောက်အောင် ခိုင်မာလေသည်။
သဘောပေါက်ထားရမည့်အချက်မှာ ဤရှေးဟောင်းသိုင်းပညာမိသားစုများမှာ လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့ပြီး အနည်းဆုံး နှစ်ပေါင်းရာကျော်သော သမိုင်းကြောင်းမျိုး ရှိထားသည်။ သူတို့၏မိသားစုစည်းစိမ်များက ကျန်းမုန့်လောင်လို နှစ်ပေါင်းငါးထောင်သက်တမ်းရှိသည့် မိသားစုတစ်ခုကို မယှဉ်နိုင်သော်လည်း ထိပ်သီးလူချမ်းသာတစ်ယောက် လိုက်မမီနိုင်သော ပမာဏမျိုး ဖြစ်နေဆဲသာ။
နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် အခြားမည်သည့်နယ်ပယ်တွင်ဖြစ်စေ ဤရှေးဟောင်းသိုင်းပညာမိသားစုဝင်များ၏ အရိပ်များမှာ နေရာတိုင်းတွင် ရှိ၏။ သူတို့၏ငွေကြေးစုဆောင်းနိုင်စွမ်းကလည်း ကြောက်မက်ဖွယ်ကောင်းလှချေသည်။
သို့သော် ဤရှေးဟောင်းသိုင်းပညာရှင်မိသားစုများ၏ ကုန်ကျစရိတ်ကလည်း စင်စစ်ကြောက်မက်ဖွယ်ရာပင်။ မိသားစုထဲရှိ လူငယ်များအတွက် နေ့စဉ်လိုအပ်သော ကျင့်ကြံရေးအရင်းအမြစ်များက ငွေကုန်လွယ်သော အရာများဖြစ်ပြီး မိသားစု၏နှစ်စဉ်ဝင်ငွေအများစုကို စုဆောင်း၍ မရနိုင်ပေ။
"အကြီးအကဲက အရမ်းနောက်တတ်တာပဲ။ ကျွန်တော်တို့ချန်မိသားစုရဲ့ဝင်ငွေကတောင် တစ်နှစ်ကို ဟွာရှားယွမ်ငါးရာဘီလီယံမရှိပါဘူးဗျာ"
"ယွမ်ငွေလို့ ငါ ဘယ်တုန်းက ပြောမိလို့လဲ။ ငါက အမေရိကန်ဒေါ်လာနဲ့ ပြောနေတာ"
ကျန်းမုန့်လောင် လေးလေးနက်နက်ပြန်ပြောလိုက်၏။
"အမေရိကန်ဒေါ်လာ?!"
"ဒါမှမဟုတ် မင်းတို့ ဇင်ဘာဘွေငွေကြေးလို့ထင်နေတာလား"
ကျန်းမုန့်လောင် မျက်ဆန်လည်လိုက်မိသည်။
"ငါးရာဘီလီယံလေးတောင် မထုတ်နိုင်ဘဲနဲ့ မင်းတို့က ဘာမဟုတ်တဲ့ပိုင်ဆိုင်မှုလေးကို ကြွားလုံးထုတ်နေတာလား"
ကျန်းမုန့်လောင် ပွစိပွစိရေရွတ်လိုက်၏။
"ငါးရာဘီလီယံတောင် မထုတ်နိုင်ဘူးတဲ့လား။ ကမ္ဘာပေါ်မှာ လူဘယ်နှယောက်ကများ ငါးရာဘီလီယံကို ငွေသားနဲ့ထုတ်ပေးနိုင်မလဲဆိုတာ သွားမေးကြည့်လိုက်ပါဦး"
လူငယ်လေးသုံးယောက်မှာ အုတ်ခဲတစ်လုံးကောက်ယူ၍ ကျန်းမုန့်လောင်၏ခေါင်းကို ရိုက်ဖွင့်ပစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။
"ထားလိုက်တော့။ မင်းတို့ကိုကြည့်ရတာ အဲဒီလောက်ပမာဏကို ပေးနိုင်ပုံမရဘူး။ မင်းတို့မိသားစုခေါင်းဆောင်ဆီကိုပဲ တိုက်ရိုက်သွားတော့မယ်"
ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်လည်း တစ်ဖက်သို့ လှည့်ထွက်သွားလိုက်တော့သည်။
"အကြီးအကဲ"
"အကြီးအကဲ မသွားပါနဲ့"
မဟာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်က သူတို့၏ချန်မိသားစုထဲသို့ အတင်းဝင်ရောက်သွားခြင်းမှာ သာမန်ကိစ္စလေးတစ်ခု မဟုတ်ပေ။ သို့သော် သူတို့တွင်လည်း သူ့အား တားဆီးနိုင်သည့် နည်းလမ်းမရှိချေ။
"ဘယ်လိုလုပ်မလဲ။ ကြည့်ရတာတော့ ဒီမဟာသခင်က အခွန်ကောက်ခံတဲ့ သာမန်ကိစ္စလောက်နဲ့ ရောက်လာတာမဟုတ်ဘူးထင်တယ်။ သူ့မှာ တခြားရည်ရွယ်ချက်တစ်ခုခုရှိနေပုံပဲ"
"ယုံကြည်မှုရှိစမ်းပါကွ။ "ကြည့်ရတာတော့"တို့ "ရှိနေပုံပဲ"တို့ကို ဖြုတ်လိုက်။ သူ့မှာ သေချာပေါက် တခြားရည်ရွယ်ချက်တွေရှိနေတာ"
"ငါတို့ သူ့ကို ရန်စခဲ့မိပေမဲ့ ငါတို့အသက်ကို ချမ်းသာပေးခဲ့တယ်။ သူ ဒီကို ပြဿနာရှာဖို့ လာတာမဟုတ်ဘူးထင်တယ်"
"ငါတို့ အကြီးအကဲကို မြန်မြန်သတင်းပို့မှဖြစ်မယ်။ ငါတို့မိသားစု ဘာမှမဖြစ်ဖို့ မျှော်လင့်မိတာပဲ"
...
ချန်မိသားစုနေအိမ်၏ အလယ်ဗဟိုအကျဆုံးနေရာတွင် ဆံဖြူအကြီးအကဲတစ်ယောက်က အိပ်ရာထက်တွင် လဲလျောင်းနေပေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် နက်နဲလှသော အတွင်းအားများ စီးဆင်းနေသည်။ သို့သော် သူ့မျက်နှာမှာ အမည်းရောင်သမ်းနေပြီး အသက်ရှူတိုင်း ခွန်အားကုန်ထုတ်သုံးနေရဟန်တူသည်။
ပြတင်းပေါ်ရှေ့တွင်မူ "ချန်ပင်းယွီ"ဟုခေါ်သော မိန်းကလေးက ဆေးခွက်တစ်လုံးကိုကိုင်ထားလေသည်။ ထိုဆေးက သာမန်လူများ တစ်ရှူတစ်ရှိုက်စာမျှ ရှူမိလျှင်ပင် နှာခေါင်းသွေးလျှံစေနိုင်သော အနံ့ပြင်းလှသည့် တရုတ်ရိုးရာဆေးအနံ့ကို ထုတ်လွှတ်နေ၏။
"အကြီးအကဲကျန်း.. ကျွန်မအဘိုးရဲ့အဆိပ်ကို ကုသနိုင်မဲ့နည်းလမ်းက တကယ်မရှိတော့ဘူးလား"
ဤဆေးခွက်ထဲတွင် နှစ်တစ်ထောင်သက်တမ်းရှိသော ဂျင်ဆင်းဖြင့် ပြုလုပ်ထားသော ဆေးရည်တစ်မျိုး ပါဝင်သည်။ ထိုပါဝင်ပစ္စည်းမှာ ပိုက်ဆံပေး၍ပင် ဝယ်မရနိုင်ပေ။ ချန်မိသားစုအနေနှင့် ထိုအရာကိုရရန် တိဘက်ဒေသမှ ခဲရာခဲဆစ်ရယူခဲ့ရသည်။
"ခက်ခဲတယ်"
အကြီးအကဲကျန်းက ခေါင်းခါပြလိုက်သည်။
"မင်းအဘိုးရဲ့ခန္ဓာကိုယ်ထဲက အဆိပ်က သာမန်အဆိပ်မဟုတ်ဘူး။ တင်းမိသားစုရဲ့ အဆိပ်လက်ဝါးသိုင်းရဲ့ အဆိပ်အတွင်းအားတွေပဲ။ သာမန်ဆေးနည်းတွေနဲ့ ဖယ်ရှားလို့မရဘူး။ မင်းအဘိုးရဲ့အတွင်းအားက ထူးခြားလေးနက်နေလို့သာ။ မဟုတ်ရင် ချက်ချင်း ကိုယ်တွင်းအင်္ဂါပျက်စီးပြီး သေရမှာ"
"နှစ်တစ်ထောင်ဂျင်ဆင်းနဲ့တောင်မှ သူ့ကို အများဆုံး တစ်လခွဲလောက်ပဲ ထိန်းထားနိုင်မယ်။ အဲဒီအချိန်အတွင်း အဆိပ်ဖြေဆေးမရှာနိုင်ခဲ့ရင် နှစ်တစ်ထောင်ဂျင်ဆင်းလည်း သူ့ကို မကယ်နိုင်ဘူး"
"ဒါတွေအကုန် ကျွန်မကြောင့်ဖြစ်တာ"
ချန်ပင်းယွီ ငိုမိလေတော့သည်။ သူ(မ)ကြောင့်သာ မဟုတ်လျှင် သူ(မ)၏အဘိုးလည်း ယခုလိုအသက်အန္တရာယ်များသော အခြေအနေသို့ ရောက်မည်မဟုတ်ချေ။
တင်းမိသားစုကလည်း ရှေးဟောင်းသိုင်းပညာရှင်မိသားစုများထဲမှ တစ်ခုဖြစ်သော်ငြား သူတို့သည် မှန်ကန်သင့်တော်သော လမ်းစဉ်ကို မလျှောက်လှမ်းကြပေ။ တင်းမိသားစုဝင်များမှာ ငယ်စဉ်ကတည်းက သူတို့ခန္ဓာကိုယ်ကို အဆိပ်ဆေးဝါးများဖြင့် မွမ်းမံကြပြီး သူတို့ကျင့်ကြံထားသော အတွင်းအားများကို ပြင်းထန်လှသောအဆိပ်များအဖြစ် ဖြည်းဖြည်းချင်းပြောင်းလဲပစ်လိုက်ကြသည်။
သို့သော် သေစေနိုင်သော ထိုအဆိပ်က သူတို့ခန္ဓာကိုယ်ထဲသို့ ဝင်မသွားဘဲ တိုက်ခိုက်မှုပြုချိန်မျိုးတွင် ရန်သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ တင်းမိသားစု၏ လျှို့ဝှက်အဆိပ်ဖြေဆေးသာ မရပါက သေချာပေါက်သေဆုံးရမည်ဖြစ်၏။
အစကမူ ချန်မိသားစုက တင်းမိသားစုနှင့် လုံးဝအဆက်အဆံမရှိခဲ့ပေ။ သို့သော် ရှေးဟောင်းသိုင်းပညာရှင်ဂိုဏ်းများ၏ ညီလာခံတစ်ခုတွင် တင်းမိသားစု၏ တတိယမျိုးဆက်တင်းမူယွင်က ချန်ပင်းယွီကို မြင်မြင်ချင်းသဘောကျသွားခဲ့ပြီး နောက်ပိုင်းတွင် အသည်းအသန်လိုက်ပိုးလေတော့သည်။
သို့သော် ကျင့်ကြံရေးကိုသာ နှစ်ပေါင်းများစွာကြာအောင် အာရုံစိုက်ခဲ့ပြီး သိုင်းလောကအတွင်းရှိ တင်းမိသားစု၏ မကောင်းသောဂုဏ်သတင်းကို သိထားပြီးဖြစ်သော ချန်ပင်းယွီကမူ မိန်းမပွေရှုပ်သူတင်းမူယွင်ကို သဘောမကျခဲ့ပေ။
မျှော်လင့်မထားသည့်ကိစ္စမှာ လွန်ခဲ့သည့်တစ်လခန့်က တင်းမူယွင်သည် ချန်မိသားစုနေအိမ်သို့ သူ့အကြီးအကဲကိုခေါ်၍ ရောက်ချလာပြီး လက်ထပ်ရန် တောင်းဆိုလာခဲ့သည်။ ချန်မိသားစုအနေနှင့် ချန်ပင်းယွီအား သူနှင့်လက်ထပ်ပေးရမည်ဟုလည်း ပြောင်ပြောင်တင်းတင်းပြောခဲ့သေးသည်။
ဤကဲ့သို့သောလုပ်ရပ်ကြောင့် ချန်မိသားစုကလည်း သဘာဝကျကျပင် ငြင်းဆန်ခဲ့လေသည်။
သို့သော် တင်းမိသားစု၏ အကြီးအကဲတင်းဝေ့မင်က ချန်မိသားစုကို ထိုနေရာမှာပင် ရင်ဆိုင်တိုက်ခိုက်လာလိမ့်မည်ဟု သူတို့ ထင်မထားပေ။
ချန်မိသားစု၏အင်အားမှာ တင်းမိသားစုထက် မနိမ့်ပေ။ ဖီလာအားဖြင့်ဆိုလျှင် ချန်မိသားစုတွင် မဟာသခင်အဆင့်သိုင်းပညာရှင်သုံးယောက်ရှိပြီး တင်းမိသားစုတွင်မူ နှစ်ယောက်သာ ရှိသည်။ တစ်ယောက်က ဤအကြီးအကဲဖြစ်ပြီး ကျန်တစ်ယောက်ကတော့ တင်းမူယွင်၏အဘိုးပင်။
သို့သော် တင်းမိသားစု၏အကြီးအကဲက နှစ်အနည်းငယ်အတွင်း အဆင့်ခုနစ်သိုင်းပညာရှင်မှ အဆင့်ကိုးသို့ တက်သွားလိမ့်မည်ဟု မည်သူမျှထင်မထားခဲ့ချေ။ သူ့အတွင်းအား၏ အဆိပ်ပြင်းထန်မှုကပင် ယခင်ကထက် ပိုအားကောင်းလာခဲ့သည်။
လက်ဝါးတစ်ချက်စာမျှဖြင့် သူသည် ချန်ပင်းယွီ၏အဘိုးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ပြင်းထန်လှသော အဆိပ်အတွင်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး ထိုမဟာသခင်ကို သေခြင်းတရားထက် ပိုဆိုးဝါးသော အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။
ဆိုးဝါးသော ဂုဏ်သတင်းမျိုးပိုင်ဆိုင်ထားသည့် တင်းမိသားစုသည် ရှေးဟောင်းသိုင်းလောကထဲတွင် ခပ်လျှိုလျှိုသာ နေထိုင်ခဲ့သော်ငြား ဤတစ်ခေါက်တွင်မူ သူတို့၏ရပ်တည်ချက်ကိုပြောင်းလဲ၍ အလွန်မောက်မာစွာ ပြုမူလာခဲ့သည်။
သူတို့က ပြန်မသွားခင် တင်းမိသားစုလိုချင်သောအရာများကို မည်သူမှမငြင်းဆန်နိုင်ဟုလည်း ပြောသွားခဲ့သေးသည်။ သူတို့ နောက်တစ်ခါရောက်လာလျှင် ချန်ပင်းယွီအနေနှင့် တင်းမိသားစုနှင့်အတူ လိုလိုလားလားလိုက်ခဲ့ရန် မျှော်လင့်ကြောင်းလည်း အမှာပါးခဲ့လေသည်။
"အကြီးအကဲ ပြဿနာတက်ပါပြီ"
ထိုအချိန်မှာပင် ချန်မိသားစု၏သာမန်တပည့်တစ်ဦးက အကြီးအကဲကျန်းဆီသို့ ချဉ်းကပ်လာလေသည်။
"ဘာဖြစ်လာတာလဲ"
အကြီးအကဲကျန်း၏မျက်နှာလည်း ချက်ချင်းသုန်မှုန်သွားလေတော့သည်။
"သူတို့ ထပ်ရောက်လာပြန်ပြီလား"
"မဟုတ်ပါဘူး"
လူငယ်တပည့်လေးက ပြောလိုက်၏။
"တောင်တန်းကိုစောင့်ကြပ်နေတဲ့ ကျွန်တော်တို့တပည့်တွေက သတင်းပို့လာပါတယ်။ မဟာသခင်အဆင့်သိုင်းပညာရှင်တစ်ယောက် အိမ်တော်ထဲကို အတင်းဝင်ရောက်လာပါတယ်တဲ့"
"မဟာသခင်အဆင့်သိုင်းပညာရှင်လား? ဘယ်လိုဖြစ်တာလဲ"
"သူ..သူက ဒီတောင်တန်းကိုငှားလိုက်ပြီမို့ ကျွန်တော်တို့ဆီက တစ်နှစ်ကို ငါးရာဘီလီယံ အခွန်ကောက်ချင်တယ်လို့ ပြောနေပါတယ်"
************