← Chapters

အကြွေးဆပ်ဖို့ သူ့ကိုခေါ်သွားရမယ်ဆိုရင်လည်း ရပါတယ်

Vol. 25 Ch. 365

အကြွေးဆပ်ဖို့ သူ့ကိုခေါ်သွားရမယ်ဆိုရင်လည်း ရပါတယ်

Vol. 25 Ch. 365

"ငါတို့ချန်မိသားစုကို အခွန်လာကောက်တယ်ပေါ့လေ"

အကြီးအကဲကျန်းက ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်သည်။

"အခု လူတိုင်းက ငါတို့ကို စော်ကားရဲနေကြပြီ"

ဤရှေးဟောင်းသိုင်းပညာရှင်မိသားစုများမှာ လောကီကမ္ဘာတွင် အတန်အသင့်သြဇာလွှမ်းမိုးမှုရှိကြလေသည်။ သူတို့၏မျိုးဆက်အမြောက်အများက သိုင်းပညာသင်တန်းကျောင်းများ သို့မဟုတ် အလားတူအဖွဲ့အစည်းများ တည်ထောင်ထားပြီး မကောင်းသောလုပ်ငန်းများတွင်လည်း ပါဝင်နေကြပေသည်။

ပုံမှန်ဆိုလျှင် သူတို့ကသာ အခွန်ကောက်ခံရသူများဖြစ်၏။ သို့ဖြစ်လေရာ သူတို့အား အခွန်လာကောက်သူဟူ၍ ဘယ်တုန်းကများ ရှိဖူးခဲ့လေသလဲ။

"တစ်ဖက်လူက ဘယ်သူလဲဆိုတာ သိလား"

"မသိရသေးပါဘူး"

ချန်မိသားစုသိုင်းပညာရှင်တစ်ယောက်က ခေါင်းခါယမ်းပြလေသည်။

"ဒါပေမဲ့ သိရသလောက်တော့ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးတစ်ယောက်ပါပဲ။ တောင်ပိုင်းနယ်မြေအတွက် ကျန်းနန်မြို့မြေယာဖွံ့ဖြိုးတိုးတက်ရေးဗျူရိုကနေ မြေယာပိုင်ဆိုင်ခွင့်နဲ့ အသုံးပြုခွင့်စာချုပ်တွေကို ယူလာပါတယ်"

"အသက်နှစ်ဆယ်အရွယ် လူငယ်လေးတဲ့လား။ သူက မဟာသခင်အဆင့် သိုင်းပညာရှင်ပေါ့?"

အကြီးအကဲချန်ခမျာ အံ့သြသွားရလေသည်။

"သူက အံ့ဖွယ်ပြဒါးရှင်လုံးကိုစားထားတဲ့ လူအိုကြီးတစ်ယောက်များလား"

ဟွာရှားနိုင်ငံထဲရှိ သိုင်းနတ်ဘုရားမှာ အသက်၁၅၀ကျော်သွားပြီ ဖြစ်သော်လည်း သူ့ရုပ်ရည်ကို အသက်သုံးဆယ်လေးဆယ်ခန့်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်အလား ထိန်းသိမ်းထားသည်။

"ဟမ့်! မြောက်ပိုင်းတောင်တန်းနယ်မြေက ငါတို့ချန်မိသားစုရဲ့ပိုင်နက်မှန်း သူမသိဘူးလား"

အကြီးအကဲကျန်းမှာ ပို၍ပင် ဒေါသထွက်သွားပေသည်။

ချန်မိသားစုက ရှေးဟောင်းသိုင်းလောကတွင် ထိပ်တန်းအဆင့်မဟုတ်သော်လည်း နာမည်ကြီးမိသားစုကြီးတစ်ခုပင်။ အခြားမိသားစုများမှာလည်း သူတို့အား တလေးတစားဆက်ဆံကြရသည်။

သိုင်းလောကထဲမှ ဖြစ်ဟန်တူသော ဤပုဂ္ဂိုလ်၏လုပ်ရပ်မှာ သူတို့်ချန်မိသားစုအား ရန်စနေခြင်းသာ ဖြစ်၏။

"အကြီးအကဲကျန်း.. သူ့ကို တင်းမိသားစုက လွှတ်လိုက်တာများလား"

ချန်ပင်းယွီ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်လေဟန် အမူအရာများ ယှက်သန်းသွား၏။

"တင်းမိသားစုက လွှတ်လိုက်တာဆိုရင် ပိုတောင်ကောင်းသေးတယ်။ ငါတို့ သူ့ကို ဖြေဆေးထုတ်ပေးဖို့ ဖိအားပေးလို့ရတာပေါ့"

အကြီးအကဲကျန်း၏စကားက ကြမ်းတမ်းခက်ထန်သော်ငြား သူ့အမူအရာကမူ လေးနက်မှုများ အပြည့်ပင်။

ချန်ပင်းယွီ၏အဘိုးနှင့် သူသည် အဆင့်ခုနစ်သိုင်းပညာရှင်များဖြစ်သော်လည်း ခွန်အားအရာတွင်မူ သူ(မ)အဘိုးက ပိုအစွမ်းထက်၏။ သို့သော် ယခုမူ သူ့ခမျာ အိပ်ရာထဲတွင် မသေရုံတစ်မည် ရှင်သန်နေရသောကြောင့် တင်းမိသားစု၏ ကျွမ်းကျင်သူကို အဘယ်မှာ ရင်ဆိုင်နိုင်မည်နည်း။

ထိုလူမှာ ချန်မိသားစုခေါင်းဆောင်ကို အပြင်းအထန်ဒဏ်ရာရစေခဲ့သော မဟာသခင်မဟုတ်သော်လည်း တင်းမိသားစုဝင်များမှာ စစ်မှန်လှသော အတွင်းအားများကို ပိုင်ဆိုင်ထားကြသည်။ ခွန်အားအတူတူချင်း တိုက်ခိုက်ကြပါလျှင် သူသာ အရေးနိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။

သို့သော် အခြေအနေက သေရေးရှင်ရေးတမျှ ဖြစ်နေသည့်အတွက် ချန်မိသားစု၏ အကြီးအကဲတစ်ယောက်အနေနှင့် သူ ရှေ့ထွက်ရပေလိမ့်မည်။

"လက်ထောက်အကြီးအကဲကို သွားခေါ်ချေ"

အကြီးအကဲကျန်းက အမိန့်ပေးလိုက်၏။

ချန်ပင်းယွီကို တင်းမိသားစုသခင်လေးနှင့် လက်ထပ်ခွင့်ပြုရန် မဖြစ်နိုင်ပေ။ သို့သော် တင်းမိသားစုက မာန်မာနနှင့် ရန်လိုစိတ်တို့ မြင့်တက်လာသည်ဖြစ်ရာ ပြင်းထန်သော တိုက်ပွဲတစ်ခုကတော့ မလွဲမသွေဖြစ်ရမည်သာ။ ဤသည်မှာ ချန်မိသားစု၏ သေရေးရှင်ရေးနှင့်ဆိုင်သော အရေးကြီးကိစ္စတစ်ခုပင်။

"အကြီးအကဲကျန်း ကျွန်မ.. ကျွန်မ သူတို့ရဲ့တောင်းဆိုမှုကို လက်ခံလိုက်သင့်တယ်ထင်တယ်.."

ချန်ပင်းယွီက ဝေဒနာခံစားနေရသော သူ(မ)၏အဘိုးကို လှမ်းကြည့်လိုက်ပြီးနောက် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန်ပြင်ဆင်နေကြသော ချန်မိသားစုသိုင်းပညာရှင်များကို ကြည့်လိုက်၏။ သူ(မ)၏စိတ်အစဉ် ချက်ချင်းပြိုလဲရလေတော့သည်။

"မင်း ဘာပြောနေတာလဲ"

အကြီးအကဲကျန်းသည် ချန်ပင်းယွီ ကြီးပြင်းလာသည်ကို စောင့်ကြည့်လာခဲ့သူဖြစ်၏။ သူ့တွင် သားသမီးများမရှိသည့်အတွက် သူ(မ)ကိုသာ သူ့သမီးအရင်းလို သဘောထားခဲ့သည်။

"ငါ့အသက်ကိုပေးရမယ်ဆိုရင်တောင် မင်းကို တင်းမိသားစုလက်ထဲ မထည့်နိုင်ဘူး"

"ဟုတ်တယ်။ တင်းမိသားစုက တော်တော်တရားလွန်နေပြီ။ ငါတို့တွေ သူတို့နဲ့ ဘယ်တော့မှညှိနှိုင်းမှာမဟုတ်ဘူး"

ချန်ပင်းယွီ၏ ဆွေမျိုးများကလည်း အခိုင်အမာပြောလာကြသည်။

"သွားကြရအောင်"

...

"ဒီရှေးဟောင်းသိုင်းပညာမိသားစုတွေက ငါထင်ထားသလောက်လည်း ရှေးရိုးမဆန်ဘူးထင်တယ်"

ကျန်းမုန့်လောင်က ပတ်ပတ်လည်ရှိ အဆောက်အအုံများကို စစ်ဆေးကြည့်ရှုနေပေသည်။ ဗီလာအသေးတစ်လုံးချင်းစီတိုင်းမှာ ခေတ်မီဗိသုကာလက်ရာများ ကိန်းအောင်းနေပြီး ဇိမ်ခံကားအမြောက်အများကိုပင် အနီးအနားတွင် ရပ်ထားလေရာ လူကုံထံရပ်ကွက်တစ်ခုနှင့်ပင် တူသည်။

"မစ္စတာကျန်း ဒီရှေးဟောင်းသိုင်းပညာရှင်မိသားစုတွေက ခေတ်နဲ့အညီ ပြောင်းလဲနေတာပါ။ ဒီလိုရှေးရိုးစွဲနေထိုင်မှုပုံစံတွေက အခုခေတ်မှာ မြင်ရခဲပါတယ်။ သူတိုက အဆင့်မြင့်စက်ကိရိယာတွေကိုသုံးပြီး သူတို့ရဲ့မျိုးဆက်တွေကို လေ့ကျင့်ပေးကြတယ်။ ကျင့်ကြံရေးအရှိန်ကို မြှင့်တင်ဖို့အတွက်လည်း ဆန်းသစ်တဲ့ဆေးဝါးတွေကို အသုံးပြုကြတယ်လေ။ တော်တော်ခေတ်မီပါတယ်"

ယဲ့ရင်က ဆိုလာလေသည်။

"ဪ သူတို့ရောက်လာပြီပဲ"

အလျင်အမြန်လှမ်းလာသော ခြေသံများကို ကျန်းမုန့်လောင် ကြားလိုက်ရသဖြင့် သူ့နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်က အထက်သို့ ကော့တက်သွားရသည်။

ချန်မိသားစုက လူအယောက်နှစ်ဆယ်ကျော်ကို ခေါ်ဆောင်လာခဲ့သည်။ ထိုလူများထဲတွင် အကြီးအကဲကျန်းမှလွဲ၍ အဘိုးကြီးနောက်တစ်ယောက်ပါပြီး ကျန်သူများမှာ အဆင့်ခုနစ်အောက်သာရှိသော သိုင်းပညာရှင်များပင်။

ချန်ပင်းယွီ၏အကြည့်က ကျန်းမုန့်လောင်ထံသို့ ဆိုက်ရောက်သွားသည်။ ဤမျက်နှာကို သူ(မ) တစ်နေရာရာတွင် တွေ့ဖူးသလို ခံစားမိသော်ငြား တိတိကျကျမမှတ်မိချေ။

"တော်တော်ငယ်သေးတာပဲ"

ကျန်းမုန့်လောင်ကို မြင်လိုက်သောအခါ လူတိုင်း တစ်ခဏမျှ အံ့အားသင့်သွားကြရသည်။ စိတ်ကို ကြိုတင်ပြင်ဆင်လာခဲ့သော်လည်း မဟာသခင်အဆင့်သိုင်းပညာရှင်လူငယ်လေးကို မြင်လိုက်ရချိန်တွင် ထိတ်လန့်သွားရဆဲပင်။ ငယ်ရွယ်နုပျိုသော ဤရုပ်ရည်အောက်၌ မည်မျှဆိုးဝါးရက်စက်သော မကောင်းဆိုးဝါးအိုကြီးတစ်ယောက် ရှိနေသလဲဆိုသည်ကို မသိရပေ။

"ခင်ဗျားက မဟာသခင်အဆင့်သိုင်းပညာရှင်လား"

အကြီးအကဲကျန်းက ကျန်းမုန့်လောင်ကို အနည်းငယ်ဦးညွှတ်၍ မေးလိုက်လေသည်။

"ခင်ဗျား ချန်မိသားစုကိုရောက်လာတာကို မသိလိုက်တဲ့အတွက် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

"တအားယဉ်ကျေးမနေကြပါနဲ့။ အားလုံးပဲ..ကိုယ့်အိမ်ကိုယ်ယာလို သဘောထားကြပါ ဟားဟား"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလိုက်၏။

အကြီးအကဲ၏ နဖူးထက်ရှိ အပြာရောင်သွေးကြောများမှာ တင်းခနဲဖြစ်သွားရပေသည်။

ဒါက သူတို့အိမ်ပဲလေ!

"ချန်မိသားစုဆီကို အလည်ရောက်လာတာဆိုတော့ ဘာကိစ္စရှိလို့လဲလို့ မေးလို့ရမလား"

အကြီးအကဲကျန်းခမျာ ဒေါသကိုမျိုသိပ်လျက် မေးလိုက်လေသည်။

"ဒီနေရာမှာ ဖုန်းတွေမရှိဘူးလား။ အောက်ဘက်က ဂိတ်စောင့်တွေက ခင်ဗျားတို့ကို အကြောင်းကြားပြီးလောက်ရောပေါ့"

ကျန်းမုန့်လောင်လည်း ယုံရခက်နေဟန်ဖြင့် ပြောလိုက်သည်။

"ကျုပ်က ဒီကို အခွန်လာကောက်တာ"

"ဒီလိုပြောရင် မသင့်တော်ရာကျတယ်"

ကျန်းမုန့်လောင်ကား ခေါင်းတကုတ်ကုတ်။

"စကားကိုပြန်ပြင်ပါရစေ။ ကျုပ် ဒီကို အိမ်ငှားခလာတောင်းတာပါ"

"လူကြီးမင်း.. ချန်မိသားစုက ဒီနေရာမှာ အခြေချလာတာ ဆယ်စုနှစ်ပေါင်းများစွာရှိပါပြီ။ ခင်ဗျားရဲ့တောင်းဆိုမှုက နည်းနည်းလွန်နေတယ်လို့ မထင်ဘူးလား"

"သောက်ကျိုးနည်း..ကျုပ် ဒီကမ္ဘာပေါ်မှာနေတာ နှစ်နှစ်ဆယ်ရှိသွားပြီ။ ဒါဆို ဒီကမ္ဘာကြီးက ကျုပ်အပိုင်ဖြစ်သွားပြီလား"

ကျန်းမုန့်လောင် မျက်ဆန်လည်လိုက်မိသည်။

"ကောင်းကင်အောက်က မြေတွေအကုန်လုံးကို နိုင်ငံဦးသျှောင်က ပိုင်တာ။ ဒီမြေကို နိုင်ငံတော်ကပိုင်တာလေ။ ခင်ဗျားတို့မှာ ပိုင်ဆိုင်ကြောင်းစာချုပ်စာတမ်းရှိလား။ ငှားရမ်းခွင့်စာချုပ်ရှိလား"

"ဒါက…"

အကြီးအကဲကျန်းခမျာ ဆွံ့အသွားရရှာသည်။ ရှေးဟောင်းသိုင်းပညာရှင်မိသားစုများနှင့် ကျောင်းတော်များမှာ မြေကွက်များကို အင်အားသုံး၍ သိမ်းယူခဲ့ခြင်းသာဖြစ်၏။ မြေယာပိုင်ဆိုင်မှုစာချုပ်ကို မည်သူကမျှ မတောင်းခဲ့ဖူးပေ။

"ခင်ဗျားတို့မှာ မရှိပေမဲ့ ကျုပ်မှာတော့ ရှိတယ်"

ကျန်းမုန့်လောင် မြေယာပိုင်ဆိုင်မှုနှင့် အသုံးပြုခွင့်စာချုပ်ကို ထုတ်ပြလိုက်သည်။

"တွေ့လား။ မြေယာဗျူရိုက အတည်ပြုပေးထားတာ။ နောက်သုံးနှစ်အတွင်း ဒီတောင်တန်းက ကျုပ်အပိုင်ပဲ။ ခင်ဗျားတို့ ဒီနေရာမှာ နေချင်တယ်ဆိုရင် ကျုပ်ကို ငှားရမ်းခပေးသင့်တယ်မဟုတ်ဘူးလား"

"ကျုပ်က အများကြီးတောင်းနေတာလည်း မဟုတ်ပါဘူး။ တစ်နှစ်ကို ၅၀၀ဘီလီယံတည်းပါ။ ရေ မီတာခနဲ့ ဂတ်စ်ဖိုးကတော့ ခင်ဗျားတို့ဘာသာ ကြည့်ရှင်းလိုက်ပေါ့။ ဘယ်လိုလဲ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်၏။

"ကြည့်ရတာတော့ ခင်ဗျားက အခွန်တို့ ငှားရမ်းခတို့ လာကောက်တာမဟုတ်ဘဲ ပြဿနာလာရှာနေသလိုပဲ"

အကြီးအကဲကျန်း၏လေသံမှာ ရုတ်တရက်ကြီး အေးစက်စက်နိုင်သွားချေသည်။

"ခင်ဗျားတို့တွေ ဘာလို့များ အကျိုးသင့်အကြောင်းသင့်မပြောဆိုတတ်ရတာလဲ"

ကျန်းမုန့်လောင် ရေရွတ်လိုက်မိသည်။

"ကျုပ်က ငှားရမ်းခလာတောင်းနေတာ အသိသာကြီးကို ခင်ဗျားကတော့ ကျုပ်ကို ပြဿနာလာရှာတယ်လို့‌ ပြောနေတယ်။ တောင်အောက်ကလူတွေတောင်မှ ကျုပ်ကို ရိုက်နှက်ချင်ကြသေးတယ်။ ကျုပ်ကဖြင် စိတ်ပိုင်းဆိုင်ရာနစ်နာကြေးတောင် မတောင်းရသေးဘူးနော်"

"ခင်ဗျားမှာ မြေယာအသုံးပြုခွင့်စာချုပ်ရှိနေမှာတော့ ကျုပ်တို့ချန်မိသားစုအနေနဲ့လည်း ဒီနေရာမှာနေသရွေ့ ငှားရမ်းခပေးရမှာ ကျိန်းသေပါပဲ။ ဒါပေမဲ့ ၅၀၀ဘီလီယံကတော့ မများလွန်းဘူးလား"

"တကယ်တော့ ကျုပ်က ပြောရဆိုရခက်တဲ့လူတစ်ယောက် မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်လေသည်။

"ခင်ဗျားတို့ မပေးနိုင်ဘူးဆိုရင်လည်း လူနဲ့လဲလို့ရတာပဲ"

ကျန်းမုန့်လောင်က အကြီးအကဲနှစ်ယောက်၏ အနောက်နားတွင် ရပ်နေသော ချန်ပင်းယွီကို လက်ညှိုးထိုးပြလိုက်သည်။

"သူသာ ကျုပ်နဲ့လိုက်ခဲ့မယ်ဆိုရင် ငှားရမ်းခကို လျှော့ပေးနိုင်ပါတယ်"

ချန်ပင်းယွီ၏မျက်နှာထက်တွင် ထိတ်လန့်မှုနှင့် အံ့ဩမှုအရိပ်အယောင်တို့ ယှက်သန်းသွားလေသည်။ သူ(မ)ခမျာ အနောက်သို့ ခြေနှစ်လှမ်းလောက် ဆုတ်လိုက်မိတော့သည်။

"ခင်ဗျားကို တင်းမိသားစုကလွှတ်လိုက်တာလား"

ကျန်းမုန့်လောင်ဘက်က ချန်ပင်းယွီကို တောင်းလိုက်သည်နှင့် သူတို့ကလည်း သူ့အား တင်းမိသားစုထဲက မဟာသခင်တစ်ပါးဟု ယူဆလိုက်ကြလေသည်။

သို့သော် တင်းမိသားစုထဲတွင် မဟာသခင်နှစ်ယောက်သာ ရှိပြီး ထိုနှစ်ယောက်စလုံးကိုလည်း သူတို့ ယခင်က မြင်ဖူးသည်။ တင်းမိသားစုထဲတွင် လျှို့ဝှက်ထားသည့် မဟာသခင်တစ်ပါး ထပ်ရှိသေးသလား။

"မဟာသခင်တစ်ပါးဖြစ်နေတာတောင် ခင်ဗျား ဘာလို့ ဒီလောက်ခိုးကြောင်ခိုးဝှက်ကြံစည်နေရတာလဲ"

ချန်မိသားစု၏ အကြီးအကဲနှစ်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ခင်ဗျားတို့တင်းမိသားစုက ပင်းယွီကို ခေါ်သွားချင်တယ်ဆိုရင် ကျုပ်တို့သေမှပဲ ရမယ်"

"တင်းမိသားစုလား"

ကျန်းမုန့်လောင်ခမျာ တုံ့ခနဲဖြစ်သွားရသည်။

"ဘယ်က တင်းမိသားစုလဲ"

************

All Chapters