စိတ်ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးသင့်တယ်မဟုတ်လား
Vol. 25 Ch. 367
တင်းကွေ့၏လက်ဝါးမှာ အနည်းငယ်တုန်ယင်နေသည်။ ကျန်းမုန့်လောင်ထံမှ အတွင်းအားပေါက်ကွဲမှုမှာ အလွန်ပြင်းထန်ပြီး ကြမ်းတမ်းလှသည်။ ထူးခြားသောလက္ခဏာများ မပါရှိသော်လည်း ထိုအတွင်းအားသည် မယုံနိုင်လောက်အောင် သန့်စင်လှ၏။
သူ့တစ်သက် ရှေးဟောင်းသိုင်းပညာရှင်များစွာနှင့် လက်ရည်ယှဉ်ခဲ့ဖူးသည်။ သို့သော် ယခုလိုသန့်စင်သော အတွင်းအားပိုင်ရှင်မျိုးကိုတော့ လုံးဝမကြုံဖူးခဲ့ချေ။
ဟွာရှားနိုင်ငံထဲတွင် ရှေးဟောင်းသိုင်းပညာကား အလွန်ရှေးကျသော အမွေအနှစ်တစ်ခုဖြစ်ပြီး ဤရိုးရာတော်တော်များများမှာ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားပြီဖြစ်၏။ ဥပမာ ထိုက်ကျိနှင့် ယင်ကျင့်ကျင်ကဲ့သို့ ရှေးခေတ်တုန်းက ထိပ်တန်းရှေးဟောင်းသိုင်းပညာများပင်။
သို့သော် ဤရိုးရာများကို မျက်မှောက်ခေတ်အထိ လက်ဆင့်ကမ်းခဲ့ကြသည်။ သူတို့၏အနှစ်သာရတော်တော်များများလည်း ဆုံးရှုံးခဲ့ရပြီး စိတ်နှင့်ခန္ဓာကို ထိန်းသိမ်းပြီး ကျင့်ကြံသော အလားတူရှေးဟောင်းသိုင်းပညာများအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။
ထိုရှေးဟောင်းသိုင်းပညာမိသားစုများ ယနေ့အချိန်အထိ တည်တံ့နေရသည့် အကြောင်းအရင်းမှာ သူတို့တွင် ပြီးပြည့်စုံသော ကျင့်ကြံရေးနည်းလမ်းများ ပိုင်ဆိုင်ထားကြသောကြောင့်ပင်။ သို့သော် ဤကျင့်ကြံရေးနည်းလမ်းများ၏ အရည်အသွေးမှာမူ တစ်သမတ်တည်းမရှိပေ။ တချို့က သာမညောင်ညအဆင့်များဖြစ်ပြီး အချို့ကတော့ ကြိုးစားအားထုတ်မှုတစ်ဝက်၏ နှစ်ဆလောက် ရလဒ်ထွက်လေသည်။ တချို့ကမူ အစဉ်အလာအတိုင်းမဟုတ်သော ကျင့်စဉ်များ၏ အကူအညီကို လိုအပ်ပြီး တစ်ခါတလေ၌ ရလဒ်မှာ သိသာထင်ရှားသော ကွဲပြားမှုများ ရှိတတ်သည်။
အကြီးမားဆုံးကွာခြားမှုမှာ ကျင့်ကြံလိုက်သော အတွင်းအား၏ သန့်စင်မှုပင်။ ကျန်းမုန့်လောင် ပြသခဲ့သော အတွင်းအား၏ခွန်အားမှာ သူမြင်ဖူးသမျှထဲတွင် ပြိုင်ဘက်ကင်းလှပေသည်။
ကျန်းမုန့်လောင်၏အဆင့်က အဆင့်ခုနစ်ရှေးဟောင်းသိုင်းပညာရှင်ဖြစ်သော်ငြား အစောပိုင်းတုန်းက သူထုတ်သုံးခဲ့သော သိုင်းကွက်မှာမူ သာမန်အဆင့်ရှစ်သိုင်းပညာရှင်တစ်ယောက်ပင် ခံနိုင်ရည်မရှိလောက်ပေ။
သူ့ကိုယ်သူ ဤတောင်တန်း၏ပိုင်ရှင်ဟု ဆိုလျက် အစောပိုင်းက ကျန်းမုန့်လောင်ပြောခဲ့သည့် ပေါက်ကရစကားများမှတစ်ဆင့် သူ အလိုလိုနားလည်လိုက်သည့် အရာတစ်ခုရှိ၏။ သူသည် ချန်မိသားစုမှ သူတို့အတွက် ရပ်တည်ပေးရန် ဖိတ်ခေါ်ထားသူတစ်ယောက်ပင်။
"ကျုပ်က တင်းမိသားစုရဲ့ လက်ထောက်အကြီးအကဲ တင်းကွေ့ပါ။ လူကြီးမင်းရဲ့နာမည်ကို သိပါရစေ"
"ကျုပ်က ကျန်းမုန့်လောင်..ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ပေါ်လီမာကုန်ကြမ်းပစ္စည်းဌာနရဲ့ အတန်းခေါင်းဆောင်"
တင်းကွေ့ : "…"
"အဲဒီအသုံးအနှုန်းက မှားသွားလား။ ထပ်ကြိုးစားကြည့်မယ်လေ"
ကျန်းမုန့်လောင်လည်း သူ့မိတ်ဆက်ပုံကို ပြောင်းလဲလိုက်သည်။
"ကျုပ်နာမည်က ကျန်းမုန့်လောင်… League of Legendsဆာဗာနံပါတ်နှစ်က ကျုံးဆာဗာမှာ ထိပ်တန်းအဆင့်တစ်ကိုယ်တော်ကစားသမား"
"ကျန်းမုန့်လောင်လား။ မင်းက အဲဒီကျန်းမုန့်လောင်လား"
ကားထဲကိုဝင်တော့မည့် တင်းမူယွင်ပင် ခြေလှမ်းများ ရပ်တန့်ပြီး သူ ကပျာကယာလှည့်ကြည့်လိုက်သော လူငယ်လေး၏ အံ့မခန်းခွန်အားကို မယုံကြည်နိုင်ဖြစ်နေလေသည်။
"မဟုတ်ရင် ဘယ်ကျန်းမုန့်လောင် ဖြစ်ရဦးမှာလဲ"
"ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်က ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"
တင်းမူယွင်က အတန်ငယ်အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်လေသည်။
"သခင်လေး ကျန်းမုန့်လောင်က အဆင့်ခုနစ်သိုင်းပညာရှင်ပါ"
တင်းကွေ့က အသိပေးလိုက်လေသည်။
"ဘာ?"
တင်းမူယွင်၏ မျက်ဆန်များမှာ ချက်ချင်းပင် အဆပေါင်းများစွာ ပြူးကျယ်သွားရသည်။ ပျမ်းမျှအရည်အချင်းရှိသော တင်းမူယွင်သည် ကံကောင်းထောက်မသော အခွင့်အရေးတစ်ခုကို ရလိုက်ပြီးနောက်မှသာ ခွန်အားများ အလျင်အမြန်တိုးတက်လာခဲ့ခြင်းဖြစ်၏။ သို့တိုင် သူဟာ အဆင့်လေးသိုင်းပညာရှင်မျှသာ ဖြစ်သည်။
ကျန်းမုန့်လောင်က သူ့ထက် အနည်းဆုံးငါးနှစ်လောက် ငယ်သေးသည်ဖြစ်ရာ အဆင့်ခုနစ်သိုင်းပညာရှင်ဖြစ်နေလေပြီ။ ဤသည်မှာ မဟာသခင်အဆင့်ပင်။ ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
"မစ္စတာကျန်းရဲ့အစွမ်းအစက အထင်ကြီးလောက်စရာပဲ။ ဒီလိုအတွင်းအားမျိုးကို အသက်ငယ်ငယ်လေးနဲ့ ပိုင်ဆိုင်ထားတာ လေးစားမိပါတယ်ဗျာ"
"ကျုပ်လည်း မလိုချင်ပါဘူး"
ကျန်းမုန့်လောင်ကမူ သက်ပြင်းတချချလုပ်လိုက်သည်။
"အတွင်းအားဆိုတာမျိုးကို နည်းနည်းတောင်သဘောကျတာမဟုတ်ဘူး။ စိတ်လည်းမဝင်စားဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ခွန်အားက ခွင့်မပြုဘူးလေ"
တင်းမူယွင်၏နှုတ်ခမ်း အနည်းငယ်တွန့်ကွေးသွားချေသည်။ ကျန်းမုန့်လောင်၏ ဟန်ဆောင်ပန်ဆောင်နှိမ့်ချမှုက တစ်စုံတစ်ယောက်ကို သူ့အား ရိုက်ချင်လာအောင် ရန်စနေသလိုပင်။ ကျန်းမုန့်လောင်ပိုင်ဆိုင်ထားသော ခွန်အားအဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် သိုင်းပညာရှင်အမြောက်အများမှာ တစ်သက်လုံးကြိုးစားနေကြရသည်။
သူ ကျန်းမုန့်လောင်အကြောင်း အနည်းငယ်သိထားသည်။ ကျန်းမုန့်လောင်မှာ မှန်းဆ၍မရနိုင်လောက်အောင် ချမ်းသာပြီး ယနေ့အချိန်အထိ သူပိုင်ဆိုင်သောငွေကြေးပမာဏကို မည်သူမှ တိတိကျကျမသိပေ။ သူ့နောက်ခံအသိုင်းအဝိုင်းမှာ ချမ်းသာရုံသက်သက်မျှ မဟုတ်လောက်ပေ။
အသက်၂၂နှစ်အရွယ် မဟာသခင်တစ်ပါးဟူသော အောင်မြင်မှုမှာ သိုင်းနတ်ဘုရားထက်ပင် ပိုကြောက်ဖို့ကောင်းလှသည်။ ကျန်းမုန့်လောင် မည်သို့များ အောင်မြင်ခဲ့လေသလဲ။ ရှေးဟောင်းသိုင်းပညာကျင့်ကြံခြင်းမှာ ငွေကြေးတစ်ခုတည်းဖြင့် အောင်မြင်နိုင်သောအရာတစ်ခု မဟုတ်ချေ။
"မစ္စတာကျန်း.. ဒီနေ့ကိစ္စက ကျုပ်နဲ့ ချန်မိသားစုကြားက ပြဿနာပါ။ မစ္စတာကျန်း ဘေးဖယ်နေပေးဖို့ မျှော်လင့်ပါတယ်။ မစ္စတာကျန်းသာ တစ်နေ့နေ့တစ်ချိန်ချိန် ကျုပ်ရဲ့တင်းမိသားစုကို အလည်လာခဲ့မယ်ဆိုရင် လေးစားရတဲ့ဧည့်သည်တော်အဖြစ် တလေးတစားဆက်ဆံပေးမှာပါ"
ကျန်းမုန့်လောင်၏နောက်ခံမှာ ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းလှသည်ဖြစ်ရာ တင်းမူယွင်ကလည်း ငတုံးမဟုတ်ပေ။ သူနှင့် ရန်ငြိုးမဖွဲ့မိအောင်နေခြင်းမှာ အကောင်းဆုံးလုပ်ရပ်ပင်။
"မဖြစ်နိုင်ဘူး"
ကျန်းမုန့်လောင်ကမူ တစ်ချက်မျှတွေဝေမနေဘဲ ချက်ချင်းငြင်းပစ်လိုက်သည်။
"ကျုပ် ရှင်းရှင်းလင်းလင်းပြောပြီးပြီလေ။ ကျုပ်က ဒီတောင်တန်းရဲ့ပိုင်ရှင်ပဲ။ ဒီတောင်ပေါ်မှာရှိတဲ့အရာတိုင်းက ကျုပ်ရဲ့ကာကွယ်မှုအောက်မှာရှိတယ်။ ချန်မိသားစုကလည်း ဒီနေရာမှာနေနေတဲ့အတွက် ကျုပ် သူတို့ကို စောင့်ရှောက်ပေးမှဖြစ်မယ်။ ခင်ဗျားပြောတဲ့အတိုင်း လူသတ်ဆိုရင် သတ်လိုက်ပြီး မိန်းမတစ်ယောက်ကို ပြန်ပေးဆွဲဆိုရင် ပြန်ပေးဆွဲပစ်မယ်ဆိုရင် ကျုပ်က ဘာဖြစ်သွားမလဲ"
ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်ကလည်း မြေယာပိုင်ဆိုင်မှုစာချုပ်ကို ထုတ်ပြလိုက်ပြန်သည်။
"ဒါကိုတွေ့လား။ ကျုပ်မှာ သက်သေရှိတယ်။ ခင်ဗျားတို့ အခုချက်ချင်းထွက်သွားမယ်ဆိုရင် ကျုပ်လည်း ဘာမှမဖြစ်ခဲ့သလို သဘောထားပေးနိုင်တယ်။ မသိနားမလည်တာက အပြစ်မှမဟုတ်တာ ဟုတ်တယ်မလား"
"ဒီမြေယာပိုင်ဆိုင်မှုစာချုပ်အကြောင်း ထပ်မပြောပါနဲ့တော့.."
ချန်မိသားစုဝင်များမှာ စိတ်ဓာတ်ကျကုန်ကြသည်။ မြေယာပိုင်ဆိုင်မှုစာချုပ်မှာ ရှေးဟောင်းသိုင်းပညာရှင်မိသားစုများရှေ့တွင် အသုံးမဝင်ကြောင်း ကျန်းမုန့်လောင် မသိဘူးလား။ သာမန်လောကထဲတွင် ငွေရှိသူက အာဏာကြီးသော်ငြား သိုင်းလောကထဲတွင်မူ အစွမ်းကြီးသူကသာ အနိုင်ရပေသည်။
ကျန်းမုန့်လောင်၏ခွန်အားမှာ စင်စစ်ကောင်းမွန်လှသည်။ အစောပိုင်းက သူထုတ်သုံးခဲ့သော သိုင်းကွက်မှာ ချန်မိသားစု၏ အကြီးအကဲနှစ်ယောက်စလုံးကို ဖြုံသွားစေခဲ့သည်။ သို့သော် တင်းကွေ့ကမူ ဒဏ္ဍာရီလာအဆင့်သို့ ရောက်လုနီးနီး အဆင့်ကိုးသိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။
ဟွာရှားနိုင်ငံတွင် သိုင်းပညာရှင်အရေအတွက်က သိပ်မများလှသော်လည်း သိန်းပေါင်းများစွာ သို့မဟုတ် သန်းဂဏန်းနီးနီး ရှိပေသည်။
သို့သော် ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်အရေအတွက်မှာမူ တစ်ရာပင်မကျော်ပေ။
ကျန်းမုန့်လောင်မှာ တင်းကွေ့ကိုပင် တွန်းလှန်နိုင်ခဲ့သည်ဖြစ်ရာ အလွန်အံ့ဩဖွယ်ကောင်းလှသည်။ သို့သော် ၎င်းမှာ လျှပ်တစ်ပြက်တိုက်ခိုက်မှုတစ်ခုသာ။ သူတို့နှစ်ယောက်သာ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပါလျှင် ကျန်းမုန့်လောင်သည် တင်းကွေ့ကို ယှဉ်နိုင်မည်မဟုတ်။
"မစ္စတာကျန်း.. ခင်ဗျားက ကျုပ်ရဲ့တင်းမိသားစုကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားတာလား"
တင်းမူယွင်၏အမူအရာမှာ ရုတ်ခြည်းအေးစက်သွားလေသည်။
"တကယ်ပါပဲ။ ခင်ဗျားကလည်း ကျုပ်နယ်မြေထဲမှာ ကျုပ်လူတွေကို အနိုင်ကျင့်သေးတယ်။ ကျုပ်က ခင်ဗျားကိုဆန့်ကျင်တယ်လို့ပါ ပြောရဲသေးတယ်ပေါ့။ ဒီအယူအဆကြီးကတော့ တော်တော်ဆန်းကြယ်ပါတယ်"
"မစ္စတာကျန်း.. ခင်ဗျားက လောကီကမ္ဘာမှာ ဩဇာအာဏာရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့က အခု သိုင်းလောကထဲက နည်းလမ်းနဲ့ ပြဿနာကို ဖြေရှင်းတော့မှာနော်။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင်မလုပ်ပါနဲ့"
တင်းမူယွင်က ပြောလိုက်၏။
"ကျုပ် ယဉ်ကျေးနေတာက ခင်ဗျားကိုကြောက်လို့မဟုတ်ဘူး။ ခင်ဗျားအတွက် ဘယ်အရာကကောင်းလဲဆိုတာကို မသိဘူးဆိုရင် နောင်အနာဂတ်မှာ ခင်ဗျား အဲဒီပိုက်ဆံတွေကို သုံးနိုင်တော့မှာမဟုတ်ဘူး"
"ခင်ဗျား ကျုပ်ကို လာခြိမ်းခြောက်နေတာလား"
"မစ္စတာကျန်း အဲဒီလိုလည်း ထင်လို့ရပါတယ်"
တင်းမူယွင်က ဆိုလိုက်လေသည်။
"သိုင်းလောကထဲက ပြဿနာတွေကို သာမန်ရဲတွေက ဝင်စွက်ဖက်မှာမဟုတ်ဘူး။ ကျုပ် ခင်ဗျားကို ဒီနေ့သတ်လိုက်ရင်တောင် ဘယ်သူမှ ကျုပ်ကို ပြဿနာလာမရှာရဲဘူး"
"ခင်ဗျား အခုပြောလိုက်တဲ့စကားကြောင့် ကျုပ် ထွက်သွားတာမထွက်သွားတာက ပြဿနာမဟုတ်တော့ဘူး"
ကျန်းမုန့်လောင်၏အမူအရာကား အလွန်အန္တရာယ်များလာလေသည်။
"ကျုပ် ခင်ဗျားကို အခွင့်အရေးပေးပြီးပြီနော်။ ဒီနေ့ ခင်ဗျားအိမ်ပြန်ဖို့တော့ သိပ်လွယ်မှာမဟုတ်တော့ဘူး"
"ဪ?"
တင်းမူယွင်က ရုတ်တရက် လှောင်ပြောင်သရော်လေတော့သည်။
"မစ္စတာကျန်းအနေနဲ့ ကျုပ်တို့ကို အိမ်ပြန်လွှတ်ဖို့အတွက် ဘာတွေများလိုအပ်မလဲဆိုတာ သိချင်မိပါရဲ့"
တင်းမူယွင်၏စကားထဲတွင် လှောင်ပြောင်ထေ့ငေါ့လေဟန် အပြည့်ပင်။
ကျန်းမုန့်လောင်က စင်စစ်သန်မာပြီး သူ့နောက်ခံအသိုင်းအဝိုင်းမှာ ပို၍ပင် အင်အားတောင့်တင်းနေနိုင်သည်။ ဒဏ္ဍာရီလာအဆင့်သိုင်းနတ်ဘုရားတစ်ပါးက သူ့အား ပံပိုးကူညီပေးနေခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယနေ့တွင်မူ သူသည် တစ်ယောက်တည်းဖြစ်နေသည့်အပြင် တင်းကွေ့မှာ အဆင့်ကိုးသိုင်းပညာရှင်တစ်ယောက် ဖြစ်၏။ မည်သူက သာပြီး မည်သူက အရေးနိမ့်နေသလဲဆိုသည်မှာ အသိသာချည်းပင်။ သာမန်အဆင့်ခုနစ်သိုင်းပညာရှင်လေးက အဆင့်ကိုးသိုင်းပညာရှင်တစ်ယောက်ကို အနိုင်ရလိမ့်မည်ဟု သူ ထင်နေလေသလား။
"သုညကနေ ပြန်စလိုက်မယ်"
ကျန်းမုန့်လောင်က သူ့ဖုန်းထဲရှိ ဂဏန်းပေါင်းစက်Appကို ဖွင့်လိုက်၏။
"ငါတွက်လိုက်ဦးမယ်။ ခင်ဗျားတို့က ကျုပ်လူတွေကို ရိုက်နှက်ထားတာဆိုတော့ ဆေးကုသစရိတ်တော့ ပေးရမယ်လေ။ ဟုတ်တယ်မလား။ တစ်ရာဘီလီယံကနေ စလိုက်ရအောင်"
"ပြီးတော့ ခင်ဗျားက ကျုပ်လူတွေကို လန့်ဖျပ်စေခဲ့တယ်။ ဒီတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုအတွက်လည်း လျော်ကြေးပေးသင့်တယ်။ နောက်ထပ်တစ်ရာဘီလီယံ ထပ်ဖြည့်လိုက်မယ်"
"ဒီကြမ်းပြင်ကိုကြည့်လိုက်ဦး။ အကုန်ပျက်စီးသွားပြီ။ ကျုပ်လုပ်ခဲ့တာဆိုပေမဲ့ ခင်ဗျားတို့မှာ တာဝန်ရှိတဲ့အတွက် ဒီအပျက်အစီးတွေအတွက် ကုန်ကျစရိတ်ကိုလည်း ခင်ဗျားတို့ပဲ ပေးရမယ်။ ဟုတ်တယ်မလား။ ဒီတော့ နောက်ထပ်တစ်ရာဘီလီယံထပ်ပေါင်းမယ်"
"ပြီးတော့ ကျုပ်က ငယ်ငယ်ကတည်းက ကြောက်လန့်တတ်တဲ့လူတစ်ယောက်။ ခုနတုန်းက ခင်ဗျားတို့ရဲ့ခြိမ်းခြောက်မှုက ကျုပ်ကို စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်စေတယ်။ ဆေးကုစရိတ်ရယ် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် လျော်ကြေးရယ် စားသောက်စရိတ်ရယ် အလုပ်ပျက်ကွက်မှုအတွက် လျော်ကြေးရယ်… ဒါတွေကိုလည်း ချန်ထားလို့မဖြစ်ဘူးလေ။ ငါးရာဘီလီယံလို့ပဲ အကြမ်းဖျင်းထားလိုက်တာပေါ့"
"အိုး..စကားမစပ် ခင်ဗျားတို့က ကျုပ်နယ်မြေထဲကို ခွင့်ပြုချက်မရဘဲ ဝင်လာတာဆိုတော့ ဝင်ကြေးနဲ့ ကားရပ်နားခအတွက်ပါ နောက်ထပ်တစ်ရာဘီလီယံစီ ထပ်ပေါင်းလိုက်မယ်"
"ဒီလိုဆိုတော့ စုစုပေါင်းတစ်ထောင်ဘီလီယံဖြစ်သွားပြီ။ ခင်ဗျား ငွေသားနဲ့ရှင်းမလား။ ဒါမှမဟုတ် ကတ်နဲ့ရှင်းမလား။ တိုက်ရိုက်ပဲငွေလွှဲမလား။ ပြေစာမယူဘူးဆိုရင်တော့ ကျုပ် ခင်ဗျားကို လျှော့ဈေးပေးလို့ရပါတယ်"
*************