သူတို့တွေက ငတုံးတွေပဲဖြစ်မယ်
Vol. 25 Ch. 370
"ရှင် ကျွန်မကိုလာရှာတာ ဟို..ဟို.."
သူ(မ) ခပ်တိတ်တိတ်လေး စိတ်သက်သာရာရသွားသော်ငြား စိတ်ပျက်သလို ခံစားချက်တစ်ခုလည်း ခံစားလိုက်ရသည်။ မိန်းမများမှာ တစ်ခါတလေ ဤသို့နှယ် စိတ်နှစ်ခွဖြစ်တတ်ကြဟန်တူသည်။
"ဝိုး.. ငါ့ခေါင်းတော့ ပေါက်ကွဲတော့မယ်"
ကျန်းမုန့်လောင်ခမျာ သူ့နဖူးသူ ရိုက်ချလိုက်မိသည်။
"ငါ့မှာချစ်သူရှိတယ်။ ပြီးတော့ ငါ့ကောင်မလေးက လှလည်းလှတယ်။ အသံလည်းချိုတယ်။ စိတ်ထားကလည်း ကောင်းတယ်" မင်း ငါ့ရုပ်ရည်ကိုသာ စော်ကားလို့ရချင်ရမယ်။ ဒါပေမဲ့ ငါ့ဂုဏ်သိက္ခာကိုတော့ မထိပါးလေနဲ့"
ချန်ပင်းယွီ၏ပါးပြင်များမှာ နီရဲလာချေသည်။ နားလည်မှုလွဲခြင်းမှာ သူ(မ)၏အပြစ်မဟုတ်ပေ။ ကျန်းမုန့်လောင်က သူ(မ)ကို လူခြေတိတ်သောနေရာသို့ ခေါ်လာခဲ့ပြီး "စကြရအောင်"ဟု ပြောလာခဲ့သည်။ သူ(မ)အနေနှင့် ထိုကိစ္စကို မစဉ်းစားမိဘဲ နေလိမ့်မလား။
"ဒီတော့ ကျွန်မကိုလာရှာတာ ဘာအတွက်လဲ"
ချန်ပင်းယွီခမျာ ယခုမူ ပို၍ပင် နားမလည်နိုင်ဖြစ်ရတော့သည်။
"ကျွန်မတို့ အရင်က ဘာပတ်သက်ဆက်နွှယ်မှုမှမရှိခဲ့ဘူးမလား"
"ငါ မင်းကို ဒီနေ့မှ သတိထားမိတာ"
ကျန်းမုန့်လောင်က အပြုံးတစ်ပွင့်ဆင်မြန်းရင်း ပြောလိုက်လေသည်။
"မင်းမှာ ထူးခြားတဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားမျိုးရှိတယ်။ နှစ်တစ်ရာမှာ တစ်ခါပဲပေါ်လာတတ်တဲ့ ရှားပါးသိုင်းပညာတစ်မျိုးပေါ့။ အဲဒါကြောင့် ငါ မင်းကို ငါ့ရဲ့တပည့်အဖြစ် လက်ခံချင်တယ်"
"ကျွန်မကို ရှင့်တပည့်အဖြစ် လက်ခံမှာလား"
ချန်ပင်းယွီလည်း ကြက်သေသေသွားလေသည်။ သို့သော် ကျန်းမုန့်လောင်ထုတ်ပြခဲ့သော ဒဏ္ဍာရီလာစစ်သည်တစ်ဦး၏ ခွန်အားကို ရုတ်တရက်သတိရသွားသည်။
ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များမှာ ဒုတိယကမ္ဘာတွင် အထက်တန်းစားပုဂ္ဂိုလ်များပင်။ သူတို့ ဘယ်နိုင်ငံကိုသွားသွား အထူးလေးစားကြည်ညိုခံရသည်သာ။ သူတို့သာ တပည့်လက်ခံမည်ဆိုလျှင် တန်းစီ၍ စောင့်ဆိုင်းနေမည့်လူများမှာ ကမ္ဘာနှစ်ပတ်လောက်ပင် ပတ်လို့ရသည်။
သူ(မ)သာ ကျန်းမုန့်လောင်လက်အောက်တွင် ပညာသင်ရမည်ဆိုပါက ဤသည်မှာ သူ(မ)အတွက်တော့ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော ပိုင်မုန့်တစ်ခုအလားပင်။ ဒဏ္ဍာရီလာသိုင်းပညာရှင်တစ်ယောက်ထံတွင် တပည့်ခံဖို့ဆိုသည်မှာ သိုင်းပညာရှင်တိုင်း အိပ်မက်မက်နေရသော အခြေအနေတစ်ခုပင်။
"မစ္စတာကျန်း ကျွန်မ တစ်ခုလောက်မေးလို့ရမလား"
ချန်ပင်းယွီ မေးလိုက်မိသည်။
"ချစ်သူရှိတယ်။ ပိုက်ဆံရှိတယ်။ ဘာအဆက်အသွယ်မှမရှိဘူး။ အချိန်မရှိဘူး။ ၁၈၀စင်တီမီတာ ၁၈စင်တီမီတာ နှစ်နာရီ.."
ချန်ပင်းယွီ : "..ကျွန်မ ရှင့်ကိုမေးချင်တာက.. ရှင်က တကယ်ပဲ အသက်နှစ်ဆယ်လားလို့ပါ"
ကျန်းမုန့်လောင်ပိုင်ဆိုင်ထားသော စည်းစိမ်များနှင့် အရင်းအမြစ်များအရဆိုလျှင် အိုင်ဒီအတုတစ်ခုလုပ်ရန် မခက်ခဲလှပေ။ ဤသရုပ်သကန်ဖြင့် သူ့သိုင်းပညာအဆင့်ကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်လောက်သည်။ သို့ဖြစ်လေရာ သူသည် နှစ်တစ်ရာသက်တမ်းရှိသော မကောင်းဆိုးဝါးအိုကြီးတစ်ယောက် ဖြစ်နေနိုင်သည်။
"အသိသာချည်းပဲမဟုတ်ဘူးလား။ မင်းကို ငါ မူလတန်းကျောင်းကနေ တက္ကသိုလ်အထိ ကျောင်းသားကတ်တွေပါ ထုတ်ပြရဦးမလား။ ငါ့သွေးအမျိုးအစားမှတ်တမ်းတွေနဲ့ ဖွားစာရင်းရော ပြရမလား"
ကျန်းမုန့်လောင် ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။
"မလိုပါဘူး။ ရှင့်အသက်အရွယ်လေးနဲ့ ဒီလောက်ခွန်အားကြီးနေတာ အံ့ဩဖို့ကောင်းလို့ပါ"
ကျန်းမုန့်လောင်၏အသက်ကို ချန်ပင်းယွီ ယုံလိုက်လေသည်။ အသက်တစ်ရာကျော်ရှိသော မကောင်းဆိုးဝါးအိုကြီးတစ်ယောက်က ဤသို့ စနောက်မည်မဟုတ်ချေ။
"ဒါဆို ကျွန်မ ရှင့်ဆီမှာ ပညာသင်ရတော့မှာပေါ့"
"ငါ့မှာ အဲဒီလောက်တော့ အချိန်မရှိဘူး"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ငါက ကျောင်းတော်တစ်ခုရဲ့ ကျောင်းအုပ်ကြီးလေ။ ငါ့ကျောင်းထဲမှာ အရည်အချင်းရှိတဲ့ဆရာတွေအများကြီးရှိတယ်။ သူတို့က သူတို့ရဲ့စွမ်းရည်တွေကို မင်းကိုလက်ဆင့်ကမ်းပေးချင်နေတာ။ မင်းသာ သင်ယူချင်စိတ်ရှိရင်ပေါ့"
"ကျောင်းလား"
ချန်ပင်းယွီ တအံ့တဩပြောလိုက်မိသည်။ ရှေးဟောင်းသိုင်းလောကတွင် ကျောင်းဆိုသည်မှာ ဂိုဏ်းများအနေနှင့်သာ ဖွဲ့စည်းထားတတ်ကြသည်။
"ရှင်က ဂိုဏ်းတစ်ခုခုရဲ့ ဂိုဏ်းခေါင်းဆောင်လား"
"မဟုတ်ဘူး။ မဟုတ်ဘူး။ ငါတို့ကျောင်းက ခေတ်မီကျောင်းတစ်ခုပါ"
ကျန်းမုန့်လောင် ရှင်းပြလိုက်လေသည်။
"ငါတို့က ရှေးဟောင်းသိုင်းပညာတွေကိုတင် သင်တာမဟုတ်ဘူး။ လက်ရေးလှစာပေနဲ့ စာပေအရေးအသားတွေ Esportsတွေရော ပြိုင်ကားမောင်းနည်းတွေရော အချက်အပြုတ်တွေရော အကုန်သင်တယ်။ မင်းသင်ချင်တာမှန်သမျှ ငါတို့ကျောင်းမှာရှိတယ်"
ချန်ပင်းယွီခမျာ ခနဲ့တဲ့တဲ့ရယ်လိုက်မိသည်။ ကျန်းမုန့်လောင်ကသာ ဂိုဏ်းတစ်ခု၏ ဂိုဏ်းခေါင်းဆောင်ဆိုလျှင် သူ(မ) အပျော်လုံးဆို့သွားမည်ဖြစ်၏။ ရှေးဟောင်းဂိုဏ်းများမှာ ရှေးဟောင်းသိုင်းပညာမိသားစုများထက် ပိုအစွမ်းထက်သည်ဖြစ်ရာ ကိုယ်စိတ်ရှိတိုင်း ထိုဂိုဏ်းများထဲသို့ မဝင်နိုင်ပေ။ သူတို့ဘက်ကသာ အရည်အချင်းရှိသူများကို ရွေးချယ်ကြခြင်းပင်။
သို့သော် ကျန်းမုန့်လောင်၏ကျောင်းက အမျိုးမျိုးအဖုံဖုံသော ပညာရပ်များကို သင်ကြားပေးနေသည်ဖြစ်ရာ အသုံးဝင်သည့်အရာတစ်ခုခုများ သင်ပေးနိုင်ပါ့မလား။
"မစ္စတာကျန်း ရှင့်ကျောင်းမှာ အခု လူဘယ်နှယောက်ရှိလဲ"
"အခုလောလောဆယ်တော့ ဆရာဆယ်ယောက်နဲ့ ငါအပြင် ကျောင်းသားတစ်ယောက်မှမရှိသေးဘူး။ မင်းသာ လာမယ်ဆိုရင် မင်းက ဆရာတူအစ်မဖြစ်မှာပဲ"
သူလည်း ပြန်ပြောလိုက်၏။
"မစ္စတာကျန်း.. အဲဒီလိုဆိုရင် ကျွန်မရဲ့အဖြေက ရှင့်ကို စိတ်ပျက်စေနိုင်လောက်တယ်"
ချန်ပင်းယွီ ပြောလိုက်လေသည်။ ဆရာဆယ်ယောက်နှင့် ကျောင်းသားတစ်ယောက်မှမရှိသော ကျောင်းတစ်ကျောင်းက အနည်းငယ်ခနော်ခနဲ့နိုင်လှချေသည်။
ထို့ပြင် ကျန်းမုန့်လောင်ကိုယ်တိုင် သင်ပေးမည်မဟုတ်ဟု ပြောထားပေသည်။ ထိုဆရာများတွင် မည်သို့သောအရည်အချင်းများ ရှိနေမလဲဆိုသည်ကို သူ(မ)မသိနိုင်ပေ။ အနည်းဆုံးတော့ သူ(မ)၏မိသားစုထဲတွင် သူ(မ)ကို လမ်းပြပေးနိုင်သော အကြီးအကဲများစွာ ရှိပေသည်။
"ဟုတ်သားပဲ။ မင်းကိုပြောပြဖို့မေ့နေတာ။ ငါ့ကျောင်းရဲ့ သိုင်းပညာကျောင်းမှာ ဆရာအများဆုံးပဲ။ သူတို့တွေအကုန်လုံးက ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တွေလေ"
"အကုန်လုံးက ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တွေလား"
ချန်ပင်းယွီခမျာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။
ယနေ့ခေတ် ရှေးဟောင်းသိုင်းပညာလောကတါင် ဒဏ္ဍာရီလာအဆင့်သိုင်ပညာရှင်များကသာ ကိုယ်ပိုင်ဂိုဏ်းများ တည်ထောင်နိုင်ကြသည်။ သို့သော် ထိုဒဏ္ဍာရီလာအဆင့်ပညာရှင်များမှာ သူတို့ဂိုဏ်းကို သူတို့ကိုယ်တိုင်သာ ကြီးကြပ်ကြသည်။ သင်ကြားရေးအပိုင်းကိုမူ အဆင့်လေးမှ အဆင့်ခြောက်အတွင်းရှိ သိုင်းပညာရှင်များထံတွင်သာ အပ်နှံထားတတ်သည်။
ထိုမဟာသခင်အဆင့်သိုင်းပညာရှင်များ၏ တပည့်ဖြစ်ရန် စင်စစ်ခက်ခဲလှချေသည်။ ရှေးဟောင်းသိုင်းပါရမီရှင်များထဲမှ အရှားပါးဆုံးပညာရှင်များကသာ ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်ထံတွင် မျက်စိကျခံရပြီး တပည့်ဖြစ်ခွင့်ရကြသည်။
ကျန်းမုန့်လောင်၏ကျောင်းရှိ ဆရာများအားလုံးမှာ ဒဏ္ဍာရီလာအဆင့်များဖြစ်ကြသည့်အပြင် သူတို့ကိုယ်တိုင် တပည့်များကို သင်ကြားပေးမည်တဲ့။
ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ သူ(မ)သာ ကျန်းမုန့်လောင်၏ကျောင်းကို တက်မည်ဆိုပါက ဒဏ္ဍာရီလာအဆင့်ရှိသော ဆရာအမြောက်အများကို ပိုင်ဆိုင်ရမည်ဖြစ်၏။ သိုင်းပညာရှင်များအတွက်မူ ဤသည်မှာ အိပ်မက်ပင်မမက်နိုင်သော အရာတစ်ခုပင်။
"ဘယ်လိုလဲ။ စိတ်ဝင်စားလား"
ကျန်းမုန့်လောင်က အပြုံးလေးတစ်ပွင့်နှင့် မေးလိုက်လေသည်။
"မစ္စတာကျန်း.. ကျွန်မကိုလာနောက်နေတာမလား"
ချန်ပင်းယွီခမျာ ယခုအထိ မယုံနိုင်သေးပေ။
"ငါ့ကျောင်းက လူတိုင်းတက်နိုင်တာမဟုတ်ဘူး။ မင်းက ငါ့ရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီလို့သာ ငါ မင်းဆီကို လာရှာတာ"
ထို့နောက် ကျန်းမုန့်လောင်က မျက်လှည့်ပြလိုက်သည့်အလား ရွှေပေလွှာတစ်ခုမှာ ရုတ်ခြည်းဆိုသလို သူ့လက်ထဲတွင် ပေါ်လာလေသည်။
"မင်း ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် ဒီပေါ်မှာ လက်မှတ်ထိုးလိုက်တော့"
"ဒါက…"
ကျန်းမုန့်လောင်၏လက်ထဲတွင် အစောပိုင်းတုန်းက ဘာမှမရှိခဲ့ကြောင်း ချန်ပင်းယွီ အတည်ပြုလိုက်လေသည်။ ဤတစ်ခုတည်းနှင့်ပင် အံ့ဩမှင်တက်ဖို့ ကောင်းနေလေပြီ။
ထိုအရာမှာ သားရေစာလိပ်တစ်ခု ဖြစ်ဟန်တူသည်။ ထိုအပေါ်တွင်လည်း ခရမ်းရောင်ရွှေစာလုံးများဖြင့် "ထူးရှယ်နတ်ဘုရားကျောင်းတော်"ဟူသော စာလုံးများကို ပုံနှိပ်ထားသေးသည်။
ချန်ပင်းယွီလည်း ထိုစာလိပ်ကို ဖြန့်ကြည့်လိုက်လေရာ အထဲတွင် ရိုးရှင်းလှသော စာတစ်စောင်သာ ပါသည်။
"ချန်ပင်းယွီ.. ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ သိုင်းပညာဌာနကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ပြုပါတယ်။ ဒီကျောင်ဝင်ခွင့်သတိပေးစာကို လက်ခံလိုပါက လက်မှတ်ထိုးပေးပါ"
"ဒါက ငါ့အခွင့်အရေးပဲ"
ချန်ပင်းယွီလည်း တွေဝေမနေတော့ဘဲ သူ(မ)၏နာမည်ကိုထည့်သွင်းကာ ချက်ချင်းလက်မှတ်ထိုးလိုက်သည်။
ယနေ့ ကျန်းမုန့်လောင်သာ ပေါ်မလာခဲ့လျှင် သူ(မ)၏မိသားစု မည်သို့သောကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမလဲဆိုသည်ကို မြင်ယောင်ကြည့်နိုင်လေသည်။ ယနေ့မှာပင် သူ(မ)လည်း ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တစ်ယောက်၏ အစွမ်းကို မျက်မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် တစ်နေ့နေ့တွင် သူ(မ)လည်း ထိုအဆင့်သို့ တက်လှမ်းနိုင်ဖို့ မျှော်လင့်မိသည်။ သို့ဖြစ်လေရာ ဤသည်မှာ ထိုအဆင့်သို့တက်လှမ်းခြင်း၏ အဓိကသော့ချက်တစ်ခုပင်။
လျှပ်တစ်ပြက်အတွင်းမှာပင် အလင်းတန်းတစ်ခုက ဖြတ်သန်းသွားပြီး လေထဲတွင် မျောလွင့်နေသော စာလိပ်ကလည်း မီးလျှံများအဖြစ် ပေါက်ကွဲထွက်သွားပြီးနောက် ချန်ပင်းယွီ၏မျက်ခုံးကြားထဲသို့ တိုးဝင်ကာ ခြေရာလက်ရာပင်မကျန်ဘဲ ပျောက်ကွယ်သွားလေသည်။
ချန်ပင်းယွီ လန့်ဖျပ်သွားရသည်။ သို့သော် သူ(မ)၏စိတ်အာရုံထဲသို့ တစ်စုံတစ်ခုဝင်ရောက်လာကြောင်း ရုတ်တရက်သိလိုက်ရသည်။ ထိုအရာမှာ ဆန်းကြယ်ပြီး တောက်ပြောင်းလှသော တံခါးတစ်ချပ်၏ ပုံရိပ်နှင့် တူလှသည်။
ချန်ပင်းယွီလည်း ထိုတံခါးနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သောအခါ သူ(မ)၏စိတ်ထဲရှိ တံခါးချပ်က အရှေ့တည့်တည့်တွင် ပေါ်ပေါက်လာခဲ့သည်။
သူ(မ) မယုံကြည်နိုင်သော အမူအရာဖြင့် ကျန်းမုန့်လောင်ကို ကြည့်လိုက်မိသည်။
"ဂုဏ်ယူပါတယ်။ အခု မင်းက ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ တပည့်တစ်ယောက်ဖြစ်သွားပါပြီ။ ငါတို့ အထဲဝင်ကြည့်ကြမလား"
ကျန်းမုန့်လောင်က အရှေ့က အရင်လျှောက်သွားလိုက်၏။
ချန်ပင်းယွီခမျာ အသက်ပြင်းပြင်းရှိုက်ရှူ၍ ကျန်းမုန့်လောင်၏အနောက်က လိုက်သွားလိုက်သည်။
...
"ဒါ… ဒါ မယုံနိုင်စရာပဲ"
သူ(မ)ရှေ့ရှိ အရာအားလုံးကို လိုက်ကြည့်ရင်း ချန်ပင်းယွီတစ်ယောက် တအံ့တဩဖြစ်နေမိသည်။ ဤကဲ့သို့သောမြင်ကွင်းမျိုးကို အိပ်မက်ထဲမှာပင် မမြင်ဖူးပေ။
ရုတ်ခြည်းဆိုသလိုပင် ပုံရိပ်နှစ်ခုက ကောင်းကင်ထက်မှ ဖြတ်သန်းသွားချေသည်။ သူတို့၏ အတွင်းအားများက အထက်ရှိ တိမ်များကိုပင် ပြိုကွဲသွားစေသည်။ ဤကဲ့သို့သော ခွန်အားမျိုးမှာ ကျန်းမုန့်လောင်ပြသခဲ့သော ခွန်အားထက်ပင် ပိုကြောက်ဖို့ကောင်းသေးသည်။
ကျန်းမုန့်လောင် ပြောထားသည့်အတိုင်းပင် သူတို့အားလုံးက ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များပင်။
"ရှုန်းပါ့… လူယုတ်မာ မင်း ငါ့ခေါက်ဆွဲတွေကို ခိုးပြန်ပြီလား။ မင်းတော့ သေချင်နေတာပဲ"
"စုန်းအိုကြီး! မင်းက ခေါက်ဆွဲလေးတစ်ပန်းကန်အတွက်နဲ့ ငါ့နောက်ကို သုံးနာရီလောက် လိုက်နေတာပေါ့"
"မင်းကများ ပြောရဲသေးတယ်ပေါ့။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါပျောက်သွားတဲ့ ငရုတ်သီးထုပ်တွေကို မင်းရဲ့ရုံးခန်းထဲမှာ တွေ့ခဲ့တယ်ကွ"
...
ချန်ပင်းယွီ၏နှုတ်ခမ်းမှာ အနည်းငယ်တွန့်သွားရသည်။ ဤလူနှစ်ယောက်မှာ ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်များ ဟုတ်ရဲ့လား။ သူတို့က သည်အတိုင်း အရူးနှစ်ကောင် မဟုတ်ဘူးလား?
************