သူတို့တွေက ငတုံးတွေပဲဖြစ်မယ်
Vol. 25 Ch. 371
"ရှုန်းပါ့.. မင်း လွန်လာပြီနော်။ မင်းက ဌာနခေါင်းဆောင်ဆိုရင်တောင် ဒီလိုတရားလက်လွတ်လုပ်ခွင့်မရှိဘူး။ မနေ့ညတုန်းက ငါ့ခေါက်ဆွဲဘူးကိုစားလိုက်တာ မင်းမလား"
"ရှုန်းပါ့… မင်း ငါ့နို့လက်ဖက်ရည်သုံးဆလောက် သောက်ပြီးသွားပြီ။ ဒီနေ့မှ ငါ့ကို ဖြေရှင်းချက်မပေးဘူးဆိုရင် ငါ ကျောင်းအုပ်ကြီးကိုသွားတိုင်ပြီး မင်းကို အပြစ်ပေးခိုင်းတော့မှာ"
...
ရှုန်းပါ့ခမျာ လေထဲတွင် ပျံဝဲလျက် အမူအရာကလည်း ခန့်မှန်းရခက်စွာ ပြောင်းလဲနေပေသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ကျန်းမုန့်လောင် အစားအသောက်များ ယူလာပြီးကတည်းက ရှုန်းပါ့၏ အစားကြီးသော ချိပ်တံဆိပ်က ကျိုးပျက်သွားလေဟန် တူသည်။ ကမ္ဘာမြေ၏ စားကောင်းသောက်ဖွယ်များကို မရပ်တန့်နိုင်လောက်အောင် စားသောက်နေတော့သည်။
ထိပ်တန်းစားဖိုမှူး လျိုမောက်ရှင်း၏ အချက်အပြုတ်လက်ရာ တိုးတက်လာသည်နှင့်အမျှ ထူးရှယ်နတ်ဘုရားကျောင်းတော်လည်း ယခုအခါတွင် ကိုယ့်အားကိုယ်ကိုးနိုင်သော နေထိုင်မှုပုံစံကို ရရှိလာခဲ့သည်။
သို့သော် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ထူးခြားချက်မှာ ဆရာများသည် သေလည်းမသေနိုင်သလို အိုမင်းသွားခြင်းလည်း မရှိပေ။ မည်မျှစားစား ကိုယ်အလေးချိန်တက်မလာနိုင်သည့်အပြင် အလွန်အကျွံစားမိပါလျှင်လည်း ဗိုက်ပေါက်မထွက်နိုင်ပေ။
ရှုန်းပါ့သည် နက်နဲလှသော သူ့အစွမ်းကို အကြောင်းပြု၍ အခြားဆရာများအပေါ် လေးစားမှုမရှိပါဘဲ သူကြိုက်နှစ်သက်သော အစားအသောက်များကို ခိုးယူတတ်သဖြင့် တစ်ကျောင်းလုံးနီးပါးနှင့် ရန်သူဖြစ်လုမတတ်ပင်။
"ကောင်းပြီ!"
ရှုန်းပါ့လည်း သူ့နှုတ်ခမ်းထောင့်မှ ဆီများကို သုတ်ဖယ်လိုက်သည်။
"မင်းတို့ထဲက တစ်ယောက်က ခေါက်ဆွဲတစ်ပန်းကန်အတွက်နဲ့ ငါ့ကိုသတ်ချင်နေတယ်။ နောက်တစ်ယောက်က ငရုတ်သီးအမှုန့်ထုပ်လေးအတွက်နဲ့ သတ်ချင်တယ်။ နောက်တစ်ယောက်ကတော့ ခေါက်ဆွဲဘူးပေါ့။ ဒီနေ့ ငါ မင်းတို့အားလုံးကို အန္တိမသိုင်းပညာအစစ်ရဲ့တန်ခိုးကို မျက်ဝါးထင်ထင်မြင်အောင် ပြတော့မယ်!"
လျှပ်တစ်ပြက်အတွင်းမှာပင် မိုးမြေတစ်ခွင် အရောင်ပြောင်းသွားလေသည်။ အဆင့်မြင့်သိုင်းလောကတွင် ရှုန်းပါ့၏ ခွန်အားသည် သာမန်သိုင်းပညာရှင်များထက် သာလွန်ချေသည်။ နောက်တစ်ဆင့်သာ ထပ်တက်လျှင် သူသည် စိတ်ကူးယဉ်ဝတ္ထုများတွင် ဖော်ပြထားသော ဒဏ္ဍာရီလာအဆင့်၏ နဝမမြောက်အင်အားကိုပင် ရရှိနိုင်သည်။ ထိုသို့ဆိုပါက ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ဆရာများအားလုံး စုပေါင်းတိုက်ခိုက်လျှင်ပင် သူ့ကို အနိုင်တိုက်နိုင်မည်မဟုတ်ပေ။
"ဂျိန်း!"
ကောင်းကင်တစ်ခုလုံး လျှပ်စီးလျှပ်နွယ်များကြောင့် လင်းထိန်သွားပြီး ရှုန်းပါ့၏ဘေးပတ်ပတ်လည်တွင်လည်း အပြာရောင်ခပ်ဖျော့ဖျော့ အတွင်းအားများက ဝိုင်းပတ်နေသည်။ ချန်ပင်းယွီအတွက်တော့ သူသည် နတ်ဘုရားတစ်ပါးအလားပင်။
...
"ဒီကျောင်းက တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"
ချန်ပင်းယွီအနေနှင့် ထူးရှယ်နတ်ဘုရားကျောင်းတော်အကြောင်း ဘာမှမသိသော်လည်း သူ(မ) ကျောင်းထဲသို့ ခြေချလိုက်သည်နှင့် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များမှာ ခေါက်ဆွဲခြောက်၊ ငရုတ်သီးအမှုန့်ထုပ်နှင့် နို့လက်ဖက်ရည်ကဲ့သို့သော အရာများအတွက်နှင့် ရန်ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
ဤအရာများမှာ ပြင်ပလောကတွင် တန်ဖိုးမရှိသလို ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များ၏ လောကတွင်လည်း တန်ဖိုးထားစရာ မဟုတ်နိုင်ပေ။ သာမန်လူများပင် ထိုအရာများကို စိတ်ဝင်စားမှုမရှိသော်ငြား ဤဆရာများကတော့ ထိုအရာများအတွက်နှင့် အကြိတ်အနယ် ရန်ဖြစ်နေကြလေသည်။
ဤကျောင်းက ဘာကြောင့်များ သိပ်မလေးနက်သလို ဖြစ်နေရသလဲ။
"နျဲ့ရှောင်ချန်း! ထွက်လာခဲ့စမ်း။ ငါ အိမ်သာတက်နေတုန်း ငါ့တစ်ရှူးကို ထပ်ခိုးသွားပြန်ပြီလား"
ယန်ချီရှားမှာ သူ့ဘောင်းဘီကို ဆုပ်ကိုင်ထားရင်း အော်ကာဟစ်ကာဖြင့် နျဲ့ရှောင်ချန်းကို လိုက်ရှာနေပေသည်။
"ဟီးဟီးဟီး ယန်ချီရှား ငါ့ကိုလိုက်ဖမ်းနိုင်ရင် ပေးမယ်လေ။ ဟက်ဟက်!"
နျဲ့ရှောင်ချန်း၏ အသံက ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ရင်ပြင်တစ်လျှောက် ပဲ့တင်ထပ်နေသော်လည်း လူကိုတော့ မမြင်ရပေ။
"ဟေ့ အလှလေး.. ဒီည မင်း ငါနဲ့အတူ ဒီမှာအိပ်မလား"
ချန်ပင်းယွီခမျာ ရုတ်တရက်ဆိုသလို ကြက်သီးတဖြန်းဖြန်းထသွားရသည်။ သူ(မ)၏တစ်ကိုယ်လုံးကို အေးစက်လှသော အရှိန်အဝါတစ်ခုက လွှမ်းခြုံထားပြီး နားထဲတွင်လည်း တစ္ဆေတစ်ကောင်နှင့်တူသော အသံများ ပဲ့တင်ထပ်နေသည်။
ချန်ပင်းယွီသည် သရဲတစ္ဆေများကို လုံးဝအယုံအကြည်မရှိခဲ့သော်လည်း ဤခံစားချက်မှာ သူ(မ)အား စစ်မှန်သော အကြောက်တရားတစ်ခုကို ပေါက်ဖွားလာစေခဲ့သည်။
ရုတ်တရက်ပင် ချန်ပင်းယွီ၏ မျက်နှာရှေ့တွင် ဖြူဖပ်ဖြူရော်မျက်နှာတစ်ခု ပေါ်လာသည်။ ထိုမျက်နှာမှာ အလွန်လှပသော်လည်း သွေးရောင်တစ်စက်မှမရှိဘဲ မြင်သူတိုင်းကို တုန်လှုပ်စေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
"ခင်ဗျားတို့တွေ သောက်ကျိုးနည်း... ဘာလုပ်နေကြတာလဲ?"
ကျန်းမုန့်လောင် ဒေါသတကြီးအော်ဟစ်လိုက်မိသည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူ တပည့်တစ်ယောက်ကို ခေါ်ဆောင်လာခြင်းဖြစ်သဖြင့် ဤဆရာများက သူ့အား မျက်နှာသာပေးကြလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဤလူတစ်စုကတော့ ကျောင်းတော်ထဲ၌ ဗရုတ်ကျသော အပြုအမူအမျိုးမျိုးကို လုပ်နေကြသည်။
"ကျောင်းအုပ်ကြီးရောက်လာပြီ! ကျောင်းအုပ်ကြီး ရောက်လာပြီ!"
"မြန်မြန်ဆင်းလာပြီး တန်းစီကြဟေ့!"
"သေစမ်း..ယန်ချီရှား မင်း ဘာလို့ ချေးစော်နံနေတာလဲ"
"ငါ့အိမ်သာသုံးတစ်ရှူးကို နျဲ့ရှောင်ချန်းခိုးသွားလို့လေ"
"ဟားဟားဟား ငါပြောမယ်။ မင်းတို့နှစ်ယောက်က အရမ်းလိုက်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာ နင်းချိုက်ချန်လည်း မရှိဘူးလေ"
"ဟုတ်တယ်။ ဟုတ်တယ်။ ငါ မင်းတို့ရဲ့မင်္ဂလာဆောင်ကားကို မောင်းပေးနိုင်တယ်။ သေချာပေါက်ခမ်းနားပြီး မိမိုက်နေစေရမယ်"
"ငါ့သံချပ်ဝတ်ကနေ မင်းတို့အတွက် စူပါဆိုဒ်လွန်မီးရှူးမီးပန်းတွေကို ဖန်တီးပေးနိုင်တယ်"
...
"မစ္စတာကျန်း.. ဒီလူတွေက တကယ်ပဲ..."
သူ(မ)သည် ရှေးဟောင်းသိုင်းပညာမိသားစုမှ ဆင်းသက်လာပြီး မြို့ပြထဲတွင် ကြီးပြင်းလာခဲ့သော်ငြား ဤဇာတ်ကောင်များကို သေချာပေါက်သိသည်။
ရှုန်းပါ့က ဖုန်းယွင်လောက၏ အာဏာရှင်တစ်ပါးဖြစ်ပြီး မျက်တောင်တစ်ချက်ပင်မခတ်ဘဲ လူသတ်နိုင်သော မဟာဗီလိန်ကြီးတစ်ယောက်ဖြစ်သော်ငြား ယခုတော့ ခေါက်ဆွဲထုပ်နှင့် နို့လက်ဖက်ရည်များကို ခိုးယူနေပေသည်။
နတ်ဘုရားတစ်ပိုင်း မိစ္ဆာတစ်ပိုင်းဝတ္ထုထဲမှ ထျန်းရှန်အမျိုးသမီးသည် ငရုတ်သီးအမှုန့်ထုပ်များကို စွဲလမ်းနေပေသည်။
ယန်ချီရှားနှင့် နျဲ့ရှောင်ချင်းတို့မှာ တရုတ်သရဲဇာတ်လမ်းများထဲမှ ရန်သူများဖြစ်ကြပြီး သူတို့၏ဘုံရန်သူ အနက်ရောင်တောင်တန်းနတ်ဆိုးကြောင့်သာ မဟုတ်ပါက တစ်ဦးကိုတစ်ဦး သတ်ဖြတ်ပစ်ကြပေလိမ့်မည်။ သို့သော် ဤနေရာတွင်မူ သူတို့နှစ်ယောက်က အီစီကလီလုပ်နေကြချေသည်။ နင်းခိုင်ချန်၏ခေါင်းမှာ မြက်ခင်းပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေပြီလား။
အရေးအကြီးဆုံးအချက်မှာ ဤဇာတ်ကောင်များသည် စိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ ဇာတ်ကောင်များဖြစ်သည့်တိုင် ယခုမူ သူတို့ဟာ သူ(မ)ရှေ့၌ သက်ရှိထင်ရှား ရှိနေကြသည်။ သူ(မ) ဤအရာကို မည်သို့လက်ခံနိုင်မည်နည်း။
"ဟုတ်တယ်။ သူတို့က ကာတွန်း၊ ရုပ်ရှင်နဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေပါ"
ကျန်းမုန့်လောင် ပြန်ဖြေလိုက်သည်။
"ဒါက တကယ်ကို မယုံနိုင်စရာပဲ"
ချန်ပင်းယွီခမျာ ထပ်တလဲလဲခေါင်းခါယမ်းလိုက်မိသည်။
"ကျွန်မ အိပ်မက်မက်နေတာလား။ ဒါမှမဟုတ် ရူးသွားတာလား"
"ဒါကို ရှင်းပြဖို့တော့ တော်တော်လေးခက်တယ်"
ကျန်းမုန့်လောင်လည်း ရယ်လိုက်မိလေတော့သည်။
"ဒါပေမဲ့ မင်း သိထားရမှာတစ်ခုက ဒီလူတွေအားလုံးက ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ဆရာတွေပဲ။ ငါကတော့ ဒီကျောင်းရဲ့ ကျောင်းအုပ်ပေါ့"
"ရှုန်းပါ့ ဒီကိုလာခဲ့"
"အမ် ကျောင်းအုပ်ကြီး ကျွန်တော် ဘာလုပ်ပေးရမလဲ"
မောက်မာထောင်လွှားနေသော ရှုန်းပါ့သည် ယခုမူ ကျန်းမုန့်လောင်၏ ဘေးနားသို့ ကြက်ပေါက်လေးတစ်ကောင်အလား တကုပ်ကုပ်ရောက်လာသည်။
"ဒါက ကျွန်တော့်ရဲ့ ပထမဆုံးကျောင်းသူပဲ။ သူ့နာမည်က ချန်ပင်းယွီတဲ့။ သူ့ကို ခင်ဗျားလက်ထဲ အပ်ထားခဲ့လိုက်ပြီနော်"
ကျန်းမုန့်လောင် ထိုသို့ပြောလိုက်၏။
"စိတ်ချပါ ကျောင်းအုပ်ကြီး။ ကျွန်တော်တို့ သူ့ကို ကောင်းကောင်းသင်ကြားပေးမှာပါ!"
ရှုန်းပါ့က သူ့ရင်ဘတ်ကို ရိုက်ပုတ်လျက် အာမခံလိုက်သည်။
"ပြီးတော့ နျဲ့ရှောင်ချန်း.. ကျောင်းသားအသစ်တွေကို ထပ်မခြောက်နဲ့တော့"
ကျန်းမုန့်လောင် သူ့အား ဆူပူလိုက်သည်။
"ဒီလိုဆက်လုပ်နေမယ်ဆိုရင် ခင်ဗျားကို အပြစ်ပေးရလိမ့်မယ်!"
"သိပါပြီ သိပါပြီ!"
နျဲ့ရှောင်ချန်းကိုကြည့်ရသည်မှာ အလွန်အမင်း စိတ်ထိခိုက်နေပုံပင်။
"လိုအပ်လာရင် နောက်မှ လူသူရှင်းတဲ့တစ်နေရာရာကိုရှာပြီး နှစ်ကိုယ်ကြားအပြစ်ပေးလို့ရပါတယ်"
"ဘုရားရေ!"
နျဲ့ရှောင်ချန်းအား ကျောင်းဝင်ခွင့်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်မိခြင်းမှာ မှားသွားပြီလားဟုပင် ကျန်းမုန့်လောင် ရုတ်တရက်တွေးမိသည်။ အကယ်၍ ယောကျ်ားလေးများ ကျောင်းလာတက်ပါက သွေးဆာနေသော ဤသရဲမက သူတို့အားလုံးကို ဖမ်းစားသွားနိုင်သည်။
"ချန်ပင်းယွီ သူတို့တွေအားလုံးက သိုင်းပညာကျောင်းတော်ရဲ့ ဆရာတွေပဲ"
ကျန်းမုန့်လောင် မိတ်ဆက်ပေးလိုက်၏။
"ရှုန်းပါ့က ဌာနခွဲရဲ့ကျောင်းအုပ်ဖြစ်ပြီး ဆရာဝူရှင်းယွင်က သင်ကြားရေးဌာနမှူး။ ကျန်တဲ့လူတွေကတော့ သင်ကြားရေးဆရာတွေပဲ။ အခုကစပြီး သူတို့တွေက မင်းကို သင်ပေးလိမ့်မယ်"
"မင်္ဂလာပါ ဆရာတို့"
ချန်ပင်းယွီလည်း သူတို့အား ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။ ဤဆရာများက ယုံကြည်စိတ်ချရပုံမပေါ်သော်လည်း သူတို့တစ်ဦးချင်းစီတိုင်းမှာ ရှေးဟောင်းသိုင်းပညာလောကတွင် အထင်ကရဆရာသခင်များပင်။
"မိန်းကလေး.. မင်းဆီမှာ မွေးရာပါပါရမီကောင်းတွေ ပါလာတာကို ငါမြင်နေရတယ်။ မင်း ငါ့ရဲ့ ယွမ်တစ်ကျော့ပြန်သိုင်းကွက်ကို သင်ယူသင့်တယ်။ ငါ မင်းကို ဒြပ်စင်သုံးပါးပေါင်းစည်းရေး အတွင်းအားနည်းစနစ်ကိုလည်း သင်ပေးမယ်။ အဲဒီလိုဆိုရင် ငါးနှစ်အတွင်း မင်း ဒဏ္ဍာရီလာအဆင့်ကို ရောက်သွားမှာ သေချာတယ်"
"ငါးနှစ်!?"
ချန်ပင်းယွီ၏ မျက်ဝန်းများမှာ ရုတ်တရက်ဆိုသလို လင်းလက်တောက်ပသွားရသည်။ သူ(မ)၏ လက်ရှိကျင့်ကြံရေးအဆင့်အရဆိုပါက ငါးနှစ်အတွင်း စတုတ္ထအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်လာလျှင်ပင် တော်လှချေပြီ။ ဒဏ္ဍာရီလာအဆင့်သို့ ငါးနှစ်အတွင်း တက်လှမ်းနိုင်ပါက သူ(မ)လည်း ရှေးဟောင်းသိုင်းပညာလောကတွင် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်သွားမည်မှာ ကျိန်းသေပင်။
"ရှူး!"
ဝူရှင်းယွင်ကမူ မကျေမနပ်ဟန်ဖြင့် ချက်ချင်းကန့်ကွက်လိုက်သည်။
"ဒြပ်စင်သုံးပါးပေါင်းစည်းခြင်းဆိုတာ ဘာများကြီးကျယ်လို့လဲ။ သူက ငါ့ရဲ့ အနိဋ္ဌာရှစ်ပါးနဲ့ ဖွဲ့စည်းခြင်းခြောက်သွယ်ကို သင်ယူသင့်တာ။ ပြီးတော့ ငါ သူ့ကို ပေမင်နတ်ဘုရားသိုင်းလည်း သင်ပေးနိုင်တယ်။ သူသာ တခြားသူတွေရဲ့ အတွင်းအားတွေကို ခပ်များများစုပ်ယူနိုင်ရင် သုံးနှစ်အတွင်း ဒဏ္ဍာရီလာအဆင့်ကို ရောက်နိုင်တယ်"
"စုန်းအိုကြီး..မင်းကများ ငါ့ကျောင်းသားကို လာလုရဲတယ်ပေါ့။ မင်းရဲ့ နတ်ဘုရားအဆင့်သိုင်းပညာဆိုတာ လှည့်စားမှုတွေချည်းပဲ။ သင်ရလောက်အောင် တန်ဖိုးမရှိဘူး"
"အဓိပ္ပါယ်မရှိတာ။ မင်းရဲ့ ယွမ်တစ်ကျော့ပြန်သိုင်းက တအားကြမ်းတမ်းလို့ မိန်းကလေးတစ်ယောက်အတွက် မသင့်တော်ဘူး။ သူသာ အဲဒါကိုသင်လိုက်ရင် ယောကျ်ားတစ်ပိုင်း ဖြစ်သွားလိမ့်မယ်"
"ဟမ့်! အစွမ်းထက်တဲ့လက်သီးကမှ တကယ့်ခွန်အားအစစ်ပဲ။ မင်း ငါ့ကိုအနိုင်တိုက်နိုင်လား"
"အဆင့်ခုနစ်ဒဏ္ဍာရီလာအတွင်းအားနဲ့ပဲ တိုက်ကြမယ်။ သတ္တိရှိလား"
"ချကြတာပေါ့။ ငါ မင်းကိုမကြောက်ဘူး"
"သွားမယ်"
...
"အာ..."
ရှုန်းပါ့နှင့် ဝူရှင်းယွင်တို့က သဘောထားမတိုက်ဆိုင်မှုများ ပေါ်ပေါက်လာသဖြင့် ချန်ပင်းယွီကို တစ်ယောက်တည်းထားခဲ့လေရာ သူ(မ)လည်း ပြောစရာစကားများ ကင်းမဲ့သွားရသည်။
"ဒါက တကယ့်ကို သာမန်ကျောင်းတစ်ခုနဲ့ မတူဘူးပဲ..."
***********