← Chapters

ရီထျန်းဂိုဏ်းက ကျန်းရီထျန်း

Vol. 25 Ch. 372

ရီထျန်းဂိုဏ်းက ကျန်းရီထျန်း

Vol. 25 Ch. 372

"နျဲ့ရှောင်ချန်း မင်း သူ့ကို အရင်စာရင်းသွင်းပေးလိုက်။ အခုလောလောဆယ်တော့ ပထမတန်းမှာပဲ စီစဉ်ထားလိုက်ဦး။ ကျောင်းရဲ့ ဖွဲ့စည်းပုံတွေကို ငါတို့ နောက်မှဖြည်းဖြည်းချင်း ပြင်ဆင်ကြမယ်"

ကျန်းမုန့်လောင်က နျဲ့ရှောင်ချန်းကို ပြောလိုက်လေသည်။

"ကောင်းပါပြီ ကျောင်းအုပ်ကြီး"

နျဲ့ရှောင်ချန်းက သွယ်လျလှသော လက်မောင်းများဖြင့် ချန်ပင်းယွီ၏ ခါးကို ရစ်ပတ်လိုက်သည်။

"လာ ညီမလေးရေ.. ငါ့ရုံးခန်းထဲမှာ သွားထိုင်ရအောင်။ ငါက ကျောင်းဝင်ခွင့်ညွှန်ကြားရေးမှူးဆိုပေမဲ့ ငါ့မှာလည်း ကိုယ်ပိုင်သင်တန်းတွေ ရှိတယ်။ ငါ မင်းကို ကိုယ်နေဟန်ထား၁၀၈မျိုး သင်ပေးမယ်။ ယောကျ်ားတိုင်း မင်းကိုကြွေသွားစေရမယ်လို့ အာမခံတယ်"

...

မိနစ်အနည်းငယ်အကြာတွင် ချန်ပင်းယွီခမျာ နျဲ့ရှောင်ချန်း၏ရုံးခန်းထဲမှ ပြေးထွက်လာခဲ့သည်။ နျဲ့ရှောင်ချန်း၏သဘာဝမှာ ကလူဤသို့မြှူ၏သို့လုပ်တတ်လေရာ ယခုလောလောဆယ် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မြင်မြင်သမျှလူတိုင်းကို အီစီကလီလိုက်လုပ်နေသဖြင့် ချန်ပင်းယွီလည်း အတော်လေး စိတ်မသက်မသာဖြစ်ရသည်။

"ဟားဟားဟား! ဘယ်လိုလဲ စုန်းအိုကြီး.. ခွန်အားအဆင့်ချင်းတူရင်တောင် မင်း ငါ့ကိုမနိုင်ပါဘူး။ အခု ငါ့ရဲ့ယွမ်တစ်ကျော့ပြန်သိုင်းက မင်းရဲ့အနိဋ္ဌာရှစ်ပါး၊ ပေါင်းစည်းခြင်းခြောက်သွယ်နဲ့ ပေမင်နတ်ဘုရားသိုင်းတို့ထက် ပိုသာတယ်ဆိုတာ ဝန်ခံပြီလား"

ထိုအချိန်တွင် ရှုန်းပါ့နှင့် ဝူရှင်းယွင်တို့က စီးချင်းထိုးပြီးသွပြီး ရှုန်းပါ့က တစ်ဖန်နိုင်သွားလေဟန်တူသည်။

ရှုန်းပါ့က ချန်ပင်းယွီထံသို့ ချဉ်းကပ်လာလေရာ လွှမ်းမိုးနိုင်စွမ်းကြီးသော သူ့အရှိန်အဝါကြောင့် ချန်ပင်းယွီ၏ဝင်သက်ထွက်သက်မှာ သိသိသာသာ နှေးကွေးသွားရသည်။

ရှုန်းပါ့က လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လျက် ချန်ပင်းယွီ၏ နဖူးကို ညင်သာစွာ တို့ထိလိုက်သည်။

"ဒါက ယွမ်တစ်ကျော့ပြန်သိုင်း အတွင်းအားကျင့်ကြံရေးနည်းလမ်းရဲ့ ဂါထာပဲ။ ကိုယ့်ဘာသာကိုယ် ကျင့်ကြံနေလိုက်။ ငါ့အတန်းက မနက်ဖြန်မနက်စမှာ။ မင်း သေချာပေါက်တက်ရမယ်နော်။ ကျန်တဲ့အချိန်တွေကိုတော့ မင်းစိတ်ကြိုက် စီစဉ်နိုင်တယ်။ ဟိုစုန်းအိုကြီးရဲ့ ပညာတွေက သိပ်တော့မကောင်းပေမဲ့ သူ့ဆီက သင်ယူစရာတွေတော့ ရှိပါသေးတယ်"

"ကျေးဇူးတင်ပါတယ် ဆရာ!"

ချန်ပင်းယွီလည်း ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်သည်။

ယွမ်တစ်ကျော့ပြန်သိုင်း၏ အတွင်းအားကျင့်ကြံရေးနည်းလမ်းများမှာ နက်နဲသိမ်မွေ့လှသောကြောင့် ချန်ပင်းယွီအနေနှင့် နားလည်ရန် လုံးဝမဖြစ်နိုင်သလောက်ပင်။

သို့သော် ရှေးဟောင်းသိုင်းပညာမိသားစုမှ ဆင်းသက်လာသူဖြစ်သည့်အတွက် ဤနည်းလမ်းများမှာ ချန်မိသားစုအတွင်း ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော အတွင်းအားကျင့်ကြံရေးနည်းလမ်းများထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သူ(မ) ကောင်းကောင်းသိသည်။ ငါးနှစ်အတွင်း ဒဏ္ဍရီလာအဆင့်သို့ ရောက်ရှိမည်ဟူသော ရှုန်းပါ့၏စကားမှာ ကြွားဝါနေရုံသက်သက်မဟုတ်ပေ။

"ကောင်းပြီ။ မင်း လုပ်စရာရှိတာတွေ ဆက်လုပ်ချေ"

ကျန်းမုန့်လောင်က သူ့လက်ကိုဝေ့ယမ်းလိုက်ပြီးနောက် လက်ဖျောက်တစ်ချက်တီးလိုက်လေရာ အလင်းရောင်တစ်ဖြာက သူတို့အား ငှက်အော်သံများနှင့် ပန်းရနံ့တို့ဖြင့် ပြည့်နှက်နေသောနေရာသို့ ပြန်လည်ပို့ဆောင်ပေးလိုက်၏။

"ဒီနေရာက တကယ်အံ့သြဖို့ကောင်းတာပဲ"

ချန်ပင်းယွီခမျာ ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ အရာရာတိုင်းအပေါ် စိတ်ဝင်စားမှုအပြည့်ဖြင့် ပြောလာလေသည်။

"ဒါက ကျောင်းတော်ရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိသေးတာ"

ကျန်းမုန့်လောင် ပြုံးလိုက်မိသည်။

"ပြီးတော့ ဒီဆရာတွေက ကျောင်းထဲက သာမန်အဆန်ဆုံးအပိုင်းပဲရှိသေးတာ။ မင်း နောက်ကျရင် သိရပါလိမ့်မယ်"

ချန်ပင်းယွီက ထက်မြက်သူတစ်ယောက်ဖြစ်၏။ သူ(မ)ရှေ့ရှိ အရာအားလုံးက အိပ်မက်တစ်ခုနှင့် တူသော်လည်း မေးသင့်သည့်အရာနှင့် မမေးသင့်သည့်အရာကို သူ(မ) ကောင်းကောင်းသိသည်။ ဤကဲ့သို့သော အခွင့်အရေးတစ်ခုကို ရရှိလိုက်ခြင်းကပင် ကံကောင်းမှုတစ်ခုဖြစ်၏။

"ပင်းယွီ ငါ မင်းကိုမေးစရာတစ်ခုရှိတယ်"

ကျန်းမုန့်လောင် စကားစလိုက်သည်။

"ကျောင်းအုပ်ကြီး ပြောသာပြောပါ။ ကျွန်မ တတ်နိုင်သမျှ ကူညီပေးပါ့မယ်"

ချန်ပင်းယွီကလည်း ဆိုလာ၏။

"ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ဆရာတွေအများကြီးရှိပေမယ့် အခုလက်ရှိမှာ တပည့်ဆိုလို့ မင်းတစ်ယောက်တည်းပဲ ရှိသေးတာကို မင်းလည်းသိတာပဲ"

ကျန်းမုန့်လောင် စကားဦးသန်းလိုက်သည်။

"ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ လူတိုင်း ပညာသင်ခွင့်မရှိဘူး။ မင်းလိုပါရမီရှင်တွေကို ဘယ်လိုရှာဖွေမလဲဆိုတာနဲ့ပတ်သက်ပြီး မင်းမှာ အကြံပေးစရာရှိလား"

ချန်ပင်းယွီ ခဏမျှ တွေးတောကြည့်လိုက်သည်။

"ရှင်က ရှေးဟောင်းသိုင်းပညာပါရမီရှင်တွေကို စုဆောင်းချင်တာလား"

"အမှန်ပဲ"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြသည်။

"နာမည်ကြီးသိုင်းပညာပါရမီရှင်တွေရှိတဲ့ ရှေးဟောင်းသိုင်းပညာမိသားစုတွေကိုများ မင်းသိလား။ သိတယ်ဆိုရင် ငါ အဲဒီကိုသွားပြီး နည်းနည်းပါးပါးလှည့်ဖြားသွေးဆောင်လိုက်ဖို့ သိပ်မခက်ဘူး"

ချန်ပင်းယွီလည်း မရယ်ဘဲ မနေနိုင်တော့ပေ။ ထိုပါရမီရှင်များသာ ထူးရှယ်နတ်ဘုရားကျောင်းတော်လိုနေရာမျိုး ရှိကြောင်းကိုသာ သိပါက အသည်းအသန်လာတက်ချင်ကြပေလိမ့်မည်။ ထို့ပြင် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များထံမှ လမ်းညွှန်သင်ပြမှုတို့ကို ငတုံးများကသာ ငြင်းဆန်ပေလိမ့်မည်။

ထို့ပြင် ကျန်းမုန့်လောင်၏ ခွန်အားဖြင့်ဆိုလျှင် သူသာ တစ်စုံတစ်ယောက်ကို အတင်းအကျပ်ခေါ်ယူလိုပါက မည်သူမျှ သူ့ကိုတားဆီးနိုင်မည်မဟုတ်ပေ။

"ကျောင်းအုပ်ကြီး တကယ်တော့ ဒီလောက်ရှုပ်ထွေးအောင်လုပ်စရာမလိုပါဘူး"

ချန်ပင်းယွီက ပြောလိုက်သည်။

"တကယ်တော့ မကြာခင် အခွင့်အရေးကောင်းတစ်ခု ရောက်လာဖို့ရှိတယ်"

"အိုး?"

"ကျွန်မတို့သိုင်းလောကထဲမှာ ဂိုဏ်းအသေးအကြီးပေါင်းစုံရှိတယ်လေ။ အပြင်က တက္ကသိုလ်တွေလိုမျိုးပေါ့။ ဇွန်လတိုင်းမှာ အဲဒီသိုင်းပညာဂိုဏ်းတွေက တပည့်လက်ခံကြတယ်"

"ဘုရားရေ.. ဒီတော့ မင်းတို့မှာလည်း ဝင်ခွင့်စာမေးပွဲတွေ ရှိတယ်ပေါ့"

ကျန်းမုန့်လောင် ရယ်မောလိုက်ချေသည်။

"ဒီရှေးဟောင်းဂိုဏ်းတွေရဲ့ စံနှုန်းသတ်မှတ်ချက်က အရမ်းမြင့်တယ်။ စစ်မှန်တဲ့အရည်အချင်းတွေသာ မရှိဘူးဆိုရင် နာမည်ကြီးသိုင်းပညာမိသားစုက ဆင်းသက်လာတယ်ဆိုရင်တောင် မျက်နှာသာပေးခံရမှာမဟုတ်ဘူး"

ချန်ပင်းယွီက ထိုသို့ပြောပြလိုက်သည်။

"ပြောရမယ်ဆိုရင် ရှေးဟောင်းသိုင်းပညာဂိုဏ်းတစ်ခုထဲကို ဝင်ဖို့ အရည်အချင်းရှိတဲ့လူတွေဆိုတာ အဓိကမိသားစုကြီးတွေထဲက ထိပ်တန်းအဆင့်လူငယ်လေးတွေပဲ"

"စိတ်ဝင်စားစရာပဲ"

ကျန်းမုန့်လောင်က တွေးတွေးဆဆဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လူအများကြီးထဲက အလားအလာညွှန်ကိန်း၁၀နှင့်အထက်ရှိသော လူများကို လိုက်ရှာနေမည့်အစား အထက်တန်းလွှာအုပ်စုတစ်စုမှ ရွေးချယ်လိုက်ခြင်းကား ပိုလွယ်ကူလှပေသည်။

ကျန်းမုန့်လောင် စိတ်ဝင်စားကြောင်း မြင်ရသောအခါ ချန်ပင်းယွီလည်း ဆက်ပြောလိုက်သည်။

"အခုလက်ရှိ ဟွာရှားနိုင်ငံမှာ အရွယ်အစားအမျိုးမျိုးရှိတဲ့ ဂိုဏ်းတွေ ၂၇ဂိုဏ်းရှိတယ်။ ဇွန်လရောက်တိုင်း သူတို့တွေက တောင်ပိုင်းက ကျွန်းငယ်လေးတစ်ခုမှာ စုဝေးပြီး တွေ့ဆုံပွဲတစ်ခု ကျင်းပကြတယ်"

"ဂိုဏ်းတစ်ခုချင်းစီအတွက် ထိပ်တန်းတပည့်တွေက ကိုယ်စားပြုပြီး လက်ရည်ချင်းယှဉ်ကြတယ်။ ပြီးတော့ သူတို့အဖွဲ့ရဲ့အင်အားကို တိုးမြှင့်ဖို့အတွက် မိသားစုအမွေဆက်ခံသူကိုလည်း ခန့်အပ်ကြတယ်။ အဲဒီပါရမီရှင်တွေကလည်း လက်ရည်ယှဉ်ပွဲရဲ့ ရလဒ်အပေါ်မူတည်ပြီး သူတို့ဝင်ချင်တဲ့ဂိုဏ်းကို ရွေးချယ်ကြတယ်။ အဲဒါက နှစ်ရက်ကြာကျင်းပတဲ့ ရွေးချယ်ပွဲကြီးလေ"

"လူဘယ်နှယောက်ရှိလဲ"

"မနှစ်တုန်းကတော့ မိသားစုအသီးသီးက လူငယ်သိုင်းပညာရှင်အယောက်၁၂၇၀ လာကြတယ်။ ဒါပေမဲ့ အယောက်ငါးရာပဲ အရွေးခံခဲ့ရတာ"

"အယောက်တစ်ထောင်ထဲက ဆယ်ယောက်လောက်ရှာဖို့တော့ မခက်လောက်ပါဘူး"

ကျန်းမုန့်လောင် ရေရွတ်လိုက်မိသည်။

"ကောင်းပြီ။ ဒါဆို ငါတို့ အဲဒီကိုသွားကြည့်ကြတာပေါ့"

ကျန်းမုန့်လောင်လည်း ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။

...

အချိန်ကား မေလအလယ်ဖြစ်သဖြင့် ထိုပြိုင်ပွဲကြီးစဖို့ လဝက်သာ လိုတော့သည်။ ကျန်းမုန့်လောင်ကမူ အိမ်မှာသာ ဂိမ်းကစားရင်း အချိန်ဖြုန်းနေချေသည်။ တစ်ခါတစ်ရံ လုရီယောင်နှင့်အတူ ဈေးဝယ်ထွက်ပြီး အေးချမ်းသာယာသောနေ့ရက်များကို ဖြတ်သန်းနေပေသည်။

ချန်ပင်းယွီကမူ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲတွင်သာ တစ်ချိန်လုံး အချိန်ဖြုန်းနေတော့သည်။ ဆရာများကလည်း သူ(မ)အား နှံ့နှံ့စပ်စပ်သင်ကြားပြသပေးကြသည်။ သူ(မ)၏ခွန်အားလည်း သိသိသာသာတိုးတက်လာခဲ့ပြီး အဆင့်နှစ်သိုင်းပညာရှင်အဆင့်မှ အဆင့်လေးသိုင်းပညာရှင်အဖြစ်သို့ လဝက်အတွင်း တက်လှမ်းနိုင်ခဲ့၏။

ရှုန်းပါ့၏ ယွမ်တစ်ကျော့ပြန်သိုင်း၊ ချောင်ဖုန်း၏ နဂါးဆယ့်ရှစ်ကောင်နှိမ်နင်းရေးလက်ဝါးသိုင်း၊ ထျန်ရှန်း၏ "သဏ္ဍာန်မဲ့ခွန်အား"နှင့် ဖုန်းချင်းယန်၏ တုကောကိုးသွယ်ဓားသိုင်းတို့ကို သူ(မ) နည်းနည်းစီ သင်ယူထားလေရာ သာမန်အဆင့်လေးသိုင်းပညာရှင်များပင် မယှဉ်နိုင်သော ပြိုင်ဘက်တစ်ယောက် ဖြစ်လာခဲ့သည်။

ချန်ပင်းယွီ၏ အံ့ဖွယ်ကောင်းသော တိုးတက်မှုကို မြင်ရသောအခါ ကျန်းမုန့်လောင်အပေါ်ထားသော ချန်မိသားစု၏ လေးစားကြည်ညိုမှုကလည်း ပိုမိုလေးနက်လာချေသည်။ ဤတစ်ခေါက် ချန်မိသားစုလည်း ရှေးဟောင်းသိုင်းလောက၏ စုဝေးပွဲသို့ တက်ရောက်မည်ဖြစ်၏။ ချန်ပင်းယွီကမူ ကျန်းမုန့်လောင်၏တပည့်ဟူသော ခေါင်းစဉ်အောက်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်သာ။

ရှေးဟောင်းသိုင်းပညာဂိုဏ်းများ၏ တပည့်ရွေးချယ်ရေးအခမ်းအနားကို ကောင်းကင်ယံကျွန်းဟုခေါ်သော လူသူမဲ့ကျွန်းတစ်ခုပေါ်တွင် ကျင်းပမည်ဖြစ်၏။ ထိုကျွန်းမှာ ဟွာရှားနိုင်ငံ၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ထိုနေရာသို့ အရှေ့ပင်လယ်မြို့နှင့် အနီးဆုံးဆိပ်ကမ်းကသာ သွားလာနိုင်ပေသည်။

လတ်တလော၌ ဤဆိပ်ကမ်းတွင် အထူးဧည့်သည်များဖြင့် ပြည့်နှက်နေသည်။ သူတို့ဟာ အုပ်စုလိုက်ရောက်လာကြပြီး တစ်ယောက်ကိုတစ်ယောက် ညီအစ်ကို၊ ဂိုဏ်းခေါင်းဆောင် စသဖြင့် ခေါ်နေကြသည့်အပြင် ခေတ်သစ်အဝတ်အစားများနှင့် လားလားမှမအပ်စပ်သော ဝတ်စုံများ ဝတ်ဆင်ထားကြသည်မှာ နန်းတွင်းကားတစ်ကား ရိုက်ကူးတော့မည့်အလားပင်။

သို့သော် အရှေ့ပင်လယ်မြို့ကား ရှေးဟောင်းသိုင်းပညာအကျော်အမော်တစ်ဦးဖြစ်သော ကျင်းယုံ၏ ဇာတိမြေဖြစ်၏။ ထို့ကြောင့် ရုပ်ရှင်နှင့် တီဗီရိုက်ကူးရေးအဖွဲ့သားများက ဤနေရာတွင် ရုပ်ရှင်လာရိုက်ကြသည်မှာ မထူးဆန်းလှပေ။ ထို့ကြောင့်လည်း ဒေသခံများအနေနှင့် အထူးတဆန်းဖြစ်မနေကြချေ။

သို့သော် ဤနှစ်ရက်အတွင်း အရှေ့ပင်လယ်မြို့ထဲရှိ လှေငှားရမ်းရေးလုပ်ငန်းက အလွန်ကောင်းနေပေသည်။ ထို့ပြင် ဤဧည့်သည်များမှာ အလွန်ရက်ရောကြ၏။ ဤလူတစ်သိုက်ကား ပင်လယ်ထဲသို့ ရွက်လွှင့်ရန် အလွန်စိတ်ဝင်စားကြဟန်တူပြီး လှေငှားရမ်းခတွင်ပိုသည့် ပြန်အမ်းငွေကိုပင် သူတို့အား ပေးခဲ့သေးသည်။

ဇွန်လ၆ရက်နေ့၌ လူကြီးလူငယ်မရွေးပါဝင်သော ဂိုဏ်းပေါင်းများစွာက ဆိပ်ကမ်းတွင် ပေါ်လာလေသည်။ တချို့ဆိုလျှင် အချင်းချင်းသိကျွမ်းကြပြီး တစ်ယောက်ကိုတစ်ယောက် ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်နေကြလေသည်။

"ဒါပဲ ငှားလို့ရတာလား"

လူ၁၂ယောက်ပါသော အဖွဲ့တစ်ဖွဲ့တွင် ဆံဖြူအဘိုးအိုတစ်ယောက်က အတန်ငယ်မကျေမနပ်ဖြစ်နေဟန်တူသည်။ သူတို့ခမျာ ပျက်စီးယိုယွင်းနေသော လှေအသေးတစ်စီးနှင့် ကြုံနေရသည်။ ထိုလှေကား သူတို့၏ တန်ဖိုးကြီးလှသောအဝတ်အစားများနှင့် လုံးဝမလိုက်ဖက်ပေ။

"ဆရာ တောင်းပန်ပါတယ်။ ဂိုဏ်းနှစ်ဆယ်ကျော်နဲ့ ရှေးဟောင်းသိုင်းပညာမိသားစု၁၃၀လောက်ရှိတဲ့အပြင် ကျွန်တော်တို့ကလည်း တအားနောက်ကျနေတော့ အဆင်ပြေတဲ့လှေတစ်စီးကို ငှားလို့မရတော့လို့ပါ"

လူငယ်လေးတစ်ယောက်က အကျပ်ရိုက်နေယန်ဖြင့် ပြောလိုက်ချေသည်။

"ထားလိုက်တော့"

အဖွဲ့၏အနောက်နားရှိ အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က တည်ငြိမ်လှသောအသံဖြင့် ဆိုလာလေသည်။

"ငါတို့ ဒီတစ်ခေါက်လာတာ တပည့်စုဆောင်းဖို့.. ယှဉ်ပြိုင်ဖို့လာတာမဟုတ်ဘူး။ ဒီလှေက နည်းနည်းစုတ်ပြတ်နေပေမဲ့ စီးလို့တော့ရပါတယ်"

"ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင်"

အကြီးအကဲတစ်ယောက်က ထိုလူငယ်လေးကို စူးစူးရဲရဲစိုက်ကြည့်လိုက်သော်လည်း ထိုလှေဆီကိုတော့ သွားနေပေသည်။

"မိတ်ဆွေတို့"

သူတို့အဖွဲ့ လှေပေါ်သို့ တက်တော့မည့်အချိန်မှာပင် လူငယ်လေးတစ်ယောက်က သူတို့အား လှမ်းခေါ်လိုက်သည်။

သူတို့တစ်သိုက်လည်း တစ်ဖက်လှည့်ကြည့်လိုက်လေရာ သာမန်အဝတ်အစားဝတ်ထားသော လူငယ်လေးတစ်ယောက်က တုံးအအဟက်စကီးခွေးတစ်ကောင်ကို ခွေးလည်ပတ်ကြိုးနှင့်ဆွဲ၍ အနားသို့ ချဉ်းကပ်လာသည်။ သက်တူရွယ်တူမိန်းကလေးတစ်ယောက်ကလည်း သူ့အနောက်မှ လိုက်လာ၏

"ခင်ဗျားတို့လှေက အိုဟောင်းပြီး စိတ်မချရတဲ့ပုံပဲ။ ကျုပ်တို့နဲ့ အတူလိုက်ခဲ့ပါ့လား။ ကျုပ်ရဲ့လှေက ပိုကြီးပြီး ပိုစိတ်ချရတယ်"

ထိုလူငယ်လေးက နွေးနွေထွေးထွေးဖိတ်ခေါ်လိုက်၏။

"အိုး?"

အကြီးအကဲကလည်း ပြုံးလိုက်လေသည်။

"ဒီလိုဆိုရင် ကောင်းတာပေါ့။ ကျုပ်က အနောက်တောင်ပိုင်း လျိုမိသားစုရဲ့ တတိယအကြီးအကဲ လျိုထုံပါ။ ဒီလူငယ်လေးရဲ့နာမည်ကို မေးလို့ရမလား"

ထိုလူငယ်လေးက အငယ်ဖြစ်သော်ငြား သူ့ဘက်က တက်တက်ကြွကြွဖိတ်ခေါ်လာသည့် အပြုအမူမှာ သူတို့၏လျိုမိသားစုကို သိသိသာသာ မျက်နှာသာပေးလိုက်ခြင်းဖြစ်သည့်အပြင် တစ်ဖက်လူသည် ကောင်းမွန်စွာဝတ်စားထားသဖြင့် လျိုထုံ၏လေသံက ပိုယဉ်ကျေးသွားခြင်းပင်။

"အကြီးအကဲလျိုကတော့ တအားယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်က ရီထျန်းဂိုဏ်းက ကျန်းရီထျန်းပါ"

***********

All Chapters