အခန်း (၃၇၃)
Vol. 25 Ch. 373
သူတို့သာ သာမန်မိသားစုတစ်စုဆိုပါက ကျန်းမုန့်လောင်လည်း နှုတ်ဆက်မိမည်မဟုတ်ချေ။ သို့သော် သူ ဆိပ်ကမ်းသို့ ရောက်လာချိန်တွင် ကောထန်အား ဤနေရာတစ်ဝိုက် စစ်ဆေးကြည့်ခိုင်းလိုက်သောအခါ အလားအညွှန်ကိန်း၁၂မှတ်ရှိသော အလားအလာကောင်းသည့် လူငယ်လေးတစ်ယောက်ကို မထင်မှတ်ထားဘဲ တွေ့လိုက်ရသည်။ ထိုလူငယ်လေးမှာ ချန်ပင်းယွီထက်ပင် ပိုထူးချွန်နေသေးသည်။ သူသည် ဤလျိုမိသားစုဝင်တစ်ယောက်ပင်။
လျိုမိသားစုဝင်များမှာ စုစုပေါင်း လူရှစ်ယောက်ရှိပြီး အကြီးအကဲလျိုထုံနှင့် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဂိုဏ်းခေါင်းဆောင်အပြင် အခြားအကြီးအကဲတစ်ယောက်လည်း ပါဝင်ကာ ကျန်ငါးယောက်မှာမူ လူငယ်လေးများပင်။
ဤလူငယ်လေးများအကြား သုံးယောက်မှာမူ အသက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်မျှသာ ရှိဟန်တူသည်။ သူတို့၏အဆင့်ကလည်း အဆင့်နှစ်ပတ်ချာလည်တွင် ရှိပြီး ကျန်နှစ်ယောက်ကတော့ အသက်ပိုငယ်သော အဆင့်တစ်သိုင်းပညာရှင်များဖြစ်၏။ ကျန်လူများမှာမူ ကျန်းမုန့်လောင်၏ စစ်ဆေးအကဲဖြတ်ချက်အရ သာမန်လူတစ်ယောက်သာ ဖြစ်သည်။
သို့တိုင် ဤသာမန်လူငယ်လေးမှာ အလားအလာညွှန်ကိန်း၁၂မှတ် ရှိနေပြီး "လဲ့ယန်ကိုယ်ထည်"ဟူသော ပါရမီတစ်မျိုးကို ပိုင်ဆိုင်ထားသည်။ "လဲ့ယန်ကိုယ်ထည်"ဆိုသည်မှာ သဘာဝအလျောက်ပါရှိသော အထူးခန္ဓာတစ်မျိုးဖြစ်ကြောင်း ကောထန်က ရှင်းပြပေသည်။
ထိုကဲ့သို့သော လူတစ်ယောက်အနေနှင့် သိုင်းပညာကျင့်ကြံတော့မည်ဆိုလျှင် မိမိပိုင်ဆိုင်သော အတွင်းအားတွင် အစွမ်းထက်လှသော ပင်ကိုလက္ခဏာတစ်မျိုး ရှိသည်ဖြစ်ရာ ဤအတွင်းအားကပင် တိုက်ပွဲများတွင် မိမိအား သိသာသောအကျိုးကျေးဇူးတစ်ခုကို ပေးစွမ်းနိုင်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ထိုပုဂ္ဂိုလ်သည် ကျင့်ကြံမှုအဆင့် မြင့်မားနေသင့်သော်ငြား ယခုမူ သာမန်လူတစ်ယောက်သာ ဖြစ်နေဆဲပင်။ ထို့ပြင် အဖွဲ့ထဲတွင်လည်း ရာထူးခပ်နိမ့်နိမ့်သာ ရထားဟန်ပင်။
"ရီထျန်းဂိုဏ်းလား"
လျိုထုံဟုခေါ်သော အကြီးအကဲမှာ အံ့သြမှင်တက်သွားလေသည်။ ရှေးဟောင်းသိုင်းပညာမိသားစုများနှင့် ဂိုဏ်းများမှာ အချင်းချင်းဆက်နွှယ်နေကြသည်သာ။
အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းတချို့က ပျက်သုဉ်းသွားပြီး တချို့က ထွက်ပေါ်လာတတ်သည်မှာ အဆန်းမဟုတ်ချေ။ သိုင်းလောကထဲတွင် ထိုကိစ္စများမှာ ဆက်တိုက်ဖြစ်ပျက်နေသည်သာ။
လွန်ခဲ့သည့်နှစ်နှစ်တုန်းက ရီထျန်းဂိုဏ်းဟူသည်မှာ လုံးဝမရှိခဲ့ပေ။ အရေးအကြီးဆုံးအချက်မှာ ဤဂိုဏ်းအမည်နှင့် လူငယ်လေး၏နာမည်မှာ လေးနက်မှုမရှိပေ။
မည်သူများ ကျန်းရီထျန်းဟု အမည်ပေးမည်နည်း။ မည်သည့်ဂိုဏ်းကများ ရီထျန်းဂိုဏ်းဟု အမည်ပေးသလဲ။ သူ့ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာရှိနေသောငြား ထုတ်မေးရန်လည်း ရှက်ဖို့ကောင်းပေသည်။
"မင်းတို့ရီထျန်းဂိုဏ်းရဲ့ခေါင်းဆောင်က ဘယ်မှာလဲ။ ကျုပ်တို့ သူ့ကို ကျေးဇူးတင်ချင်လို့ပါ"
ယုံကြည်ရန်ခက်ခဲသော်ငြား ရီထျန်းဂိုဏ်းသာ တကယ်ရှိခဲ့လျှင် ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တစ်ယောက် ရှိနေမည်မှာ ကျိန်းသေပင်။ သူတို့၏မိသားစုခေါင်းဆောင်မှာမူ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲဖြစ်ပြီး သူ့အဆင့်မှာ မဟာသခင်အဆင့်မျှသာ ရှိသေးသည်။
"ကျွန်တော်က ဂိုဏ်းခေါင်းဆောင်ပါ"
ကျန်းမုန့်လောင်လည်း ခပ်ပြုပြုံးသာ ဆိုလိုက်လေသည်။
"အကြီးအကဲလျို ယုံရတော့ခက်နေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ဂိုဏ်းမှာ အဖွဲ့ဝင်နှစ်ယောက်ပဲ ရှိသေးတယ်"
"ဝုတ် ဝုတ် ဝုတ်"
ကျန်းမုန့်လောင်၏ခြေထောက်နားရှိ ဝမ်ချိုက်ကက စိတ်မကျေနပ်ဟန်ဖြင့် ဟောင်လိုက်လေသည်။
"အိုး..ပြီးတော့ ကျွန်တော်တို့ရီထျန်းဂိုဏ်းရဲ့နတ်သားရဲလည်း ရှိတယ်။ အဲဒီတော့ နှစ်ယောက်နဲ့တစ်ဝက်ပေါ့"
ကျန်းမုန့်လောင်လည်း ထိုသို့ထပ်ဖြည့်ပြောလိုက်သည်။ ထိုအခါမှသာ ဝမ်ချိုက်လည်း စိတ်ကျေနပ်သွားဟန်ဖြင့် ငြိမ်ကျသွား၏။
"ကျွန်တော်တို့က ဒီသိုင်းပညာရှင်တွေ့ဆုံပွဲမှာ ပါရမီရှင်တချို့ကိုရှာဖွေပြီး ဂိုဏ်းထဲကို ခေါ်သွင်းမလို့လေ"
"မင်းက ဂိုဏ်းခေါင်းဆောင်လား"
လျိုထုံခမျာ မျက်လုံးအပြူးသားဖြစ်သွားချေသည်။ ထို့နောက် ကျန်းမုန့်လောင်နှင့် ချန်ပင်းယွီတို့၏ ကျင့်ကြံရေးအဆင့်များကို စစ်ဆေးကြည့်လိုက်သည်။ ချန်ပင်းယွီက အဆင့်လေးသိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ပင်မမိသားစုကြီးများနှင့် ဂိုဏ်းများထဲရှိ သက်တူရွယ်တူများအကြား ရှားပါးလှသော ပါရမီရှင်တစ်ဦးဖြစ်၏။
သို့သော် ကျန်းရီထျန်းဟုခေါ်သော လူငယ်လေး၏ ကျင့်ကြံရေးအဆင့်ကိုမူ မမြင်ရပေ။ ခွေးလေးကိုတော့ သူ လုံးဝလျစ်လျူရှုထားလိုက်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် အကြောင်းအရင်းနှစ်ခုကြောင့်သာ ယခုလိုဖြစ်တတ်သည်။ ကျန်းရီထျန်းက သာမန်လူတစ်ယောက်ဖြစ်သောကြောင့် မဟုတ်လျှင် သူ့အဆင့်က သူ့ထက် များစွာပိုသာနေသောကြောင့်ပင်။
သူတို့လျိုမိသားစု၏ သိုင်းပညာက ထူးထူးခြားခြားအစွမ်းမထက်သော်ငြား သိုင်းပညာရှင်များ၏ အမြုတေကို အာရုံခံနိုင်သော ထူးခြားစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် လူတစ်ယောက်၏အသက်၊ ကျန်းမာရေးနှင့် အစရှိသော အချက်အလက်များကို သိရှိနိုင်သည်။
ဤလူငယ်လေး၏အမြုတေအရ သူသည် အသက်နှစ်ဆယ်စွန်းစွန်းမျှသာ ရှိသေးကြောင်း သိရသည်။ လျိုထုံက မဟာသခင်အဆင့်ဖြစ်၏။ ဤအသက်နှစ်ဆယ်အရွယ် လူငယ်လေးက မဟာသခင်တစ်ပါး ဖြစ်နိုင်လေသလား။ သိုင်းနတ်ဘုရားပင် ထိုအသက်အရွယ်တုန်းက ဤကဲ့သို့သော ကျင့်ကြံရေးအဆင့်မျိုး မရှိခဲ့ပေ။
"ကြည့်ရတာ သူက သာမန်လူတစ်ယောက်ပဲထင်တယ်"
လျိုထုံလည်း စိတ်ထဲမှာပင် ခပ်မြန်မြန်တွက်ချက်လိုက်သည်။
"ဒါက လူမိုက်ဂိုဏ်းတစ်ခုများလား"
လျိုထုံ ထိုသို့တွေးလိုက်မိသည်။
သိုင်းလောကထဲရှိ အသိအမှတ်ပြုခံထားရသော ဂိုဏ်းနှစ်ဆယ်ကျော်တွင် ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တစ်ဦးတော့ ရှိကြသည်။ ထိုဂိုဏ်းများကိုလည်း သိုင်းလောကတစ်ခွင်လုံး သိကြလေသည်။
သို့သော် သိုင်းလောကထဲတွင် အရည်အသွေးပေါင်းစုံရောနေသော လူမိုက်ဂိုဏ်းများလည်း ရှိနေသေးသည်။ သိုင်းပညာရှင်အနည်းငယ်က သူတို့ကိုယ်သူတို့ ဂိုဏ်းတစ်ဂိုဏ်းဟု ကြွေးကြော်ထားကြသော်ငြား တကယ်တမ်းတွင် လူမိုက်ဂိုဏ်းများနှင့် ဘာမှမကွာပေ။ သိုင်းလောကတွင်လည်း အသိအမှတ်ပြုမခံရသော်ငြား လူမှုအသိုင်းအဝိုင်းထဲတွင် သူတို့၏ သိုင်းပညာစွမ်းရည်ဖြင့် မကောင်းသောအလုပ်များကို လုပ်ကိုင်၍ ရှင်သန်ကြီးထွားလာသည်။
ရီထျန်းဂိုဏ်းကလည်း ထိုကဲ့သို့သောဂိုဏ်းတစ်ခုဖြစ်နိုင်သည်ဟု လျိုထုံ ထင်ကြေးပေးလိုက်သည်။
ထိုသို့တွေးလိုက်မိသောအခါ လျိုထုံလည်း ကျန်းရီထျန်းနှင့် ခပ်ခွာခွာသူ နေချင်တော့သည်။ သူ၏လျိုမိသားစုမှာ ထိပ်တန်းမိသားစုတစ်ခု မဟုတ်သော်လည်း ထိုကဲ့သို့သော လူမိုက်ဂိုဏ်းများကို အလွန်ရွံရှာမုန်းတီးလေသည်။
"အာ သွားကြစို့။ ကျွန်တော့်လှေ ရောက်လာပြီ"
ကျန်းမုန့်လောင်က ဆိပ်ကမ်းတစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။
"ဒါက..."
ကျန်းမုန့်လောင်၏အနောက်ရှိ ချန်ပင်းယွီခမျာ ရုတ်ခြည်း မျက်လုံးအပြူးသားဖြစ်သွားရသည်။
"ကျောင်းအုပ်ကြီး.. ရှင်ပြောတဲ့လှေဆိုတာ ဒါလား"
"ဟုတ်တယ်လေ။ ဘယ်လိုသဘောရလဲ။ တော်တော်ကြီးတယ်မလား"
ကျန်းမုန့်လောင်က ပြုံးပြုံးလေး ပြန်ပြောလိုက်၏။
မလှမ်းမကမ်းရှိ ပင်လယ်ပြင်ထဲမှ ဧရာမအရာကြီးတစ်ခုက လူတိုင်း၏မျက်စိရှေ့သို့ ရုတ်တရက် ရောက်ချလာသည်။ ထိုအရာကြီးမှာ အလျားသုံးရာမီတာရှိပြီး အနံလေးဆယ်မီတာရှိသည်။ ပင်လယ်ထဲတွင် ရွေ့လျားနေသော ခံတပ်ကြီးတစ်ခုအလားပင်။
ဤသည်မှာ တရုတ်နှစ်သစ်ကူးမတိုင်ခင်တုန်းက ကျန်းမုန့်လောင် ဥရောပက ဝယ်လာခဲ့သော အငြိမ်းစားလေယာဉ်တင်သင်္ဘောကြီးပင်။ လပေါင်းများစွာ ခရီးနှင်လာပြီးနောက် အဆုံးတွင်မူ ဥရောပမှ ဟွာရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး အရှေ့ပင်လယ်ဒေသထဲတွင် ကျန်းမုန့်လောင်၏အမိန့်ကို စောင့်မျှော်နေခဲ့သည်။
"ဒါက ကြီးတာထက်တောင် ပိုတယ်"
ချန်ပင်းယွီခမျာ ဆွံ့အသွားရလေသည်။
"ဒါက သင်္ဘောတောင်မဟုတ်ဘူး။ လေယာဉ်တင်သင်္ဘောကြီးပဲ။ လေယာဉ်တင်သင်္ဘောကို မြစ်ထဲမှာစီးရတာ နည်းနည်းဟိတ်ဟန်မများလွန်းဘူးလား"
"သောက်ကျိုးနည်း! အဲဒါက ဘာကြီးတုန်း။ လေယာဉ်တင်သင်္ဘောကြီးလား"
"ဟွာရှားနိုင်ငံမှာ လေယာဉ်တင်သင်္ဘောတစ်စင်း စခန်းချနေတာကို ငါ ဘယ်လိုလုပ်ပြီးမသိရတာလဲ"
"မဟုတ်သေးပါဘူး.. ဒါက ကုန်တင်ဆိပ်ကမ်းလေ။ လေယာဉ်တင်သင်္ဘောတစ်စီး ရှိတယ်ဆိုရင်တောင် ဒီနေရာမှာ ဘာလုပ်နေတာလဲ"
ဆိပ်ကမ်းတွင် ထွက်ခွာရန်ပြင်နေကြသော သိုင်းပညာရှင်များအားလုံး ကြောင်အသွားလေသည်။ ဤမြင်ကွင်းမှာ စင်စစ်ထိတ်လန့်ဖွယ်ကောင်းလှသည်။ သူတို့ထဲမှ တော်တော်များများသည် ငွေကြေးအမြောက်အများသုံးကာ လှေအမျိုးအစားပေါင်းစုံကို ငှားရမ်းထားကြသည်။ မိသားစုတော်တော်များများဆိုလျှင် အရှေ့ပင်လယ်မြို့ထဲတွင် ပိုင်ဆိုင်မှုအမြောက်အများ ရှိကြ၏။ ဇိမ်ခံရွက်လှေများလည်း အပါအဝင်ပင်။
သို့သော် တန်ဖိုးအကြီးဆုံးရွက်လှေများပင် ဤလေယာဉ်တင်သင်္ဘောကြီးနှင့် ယှဉ်လိုက်သောအခါ မှိန်ဖျော့သွားရချေသည်။
"ခဏနေဦး။ သေချာကြည့်ကြည့်လိုက်"
သိုင်းပညာရှင်တစ်ယောက်က ရုတ်တရက်ပြောလိုက်သည်။
"သင်္ဘောပေါ်မှာ ဘာလက်နက်မှမရှိဘူး။ ဟယ်လီကော်ပတာတွေရယ် ဟယ်လီကော်ပတာဆင်းဖို့ကွင်းတစ်ကွင်းရယ် ဂေါက်ကွင်းရယ် ရေကူးကန်ရယ်..."
"ဒါ.. ဒါက လေယာဉ်တင်သင်္ဘောကနေ အသွင်ပြောင်းထားတဲ့ အထူးကိုယ်ပိုင်အပျော်စီးသင်္ဘောတစ်စီးပဲ"
"ဘယ်သူကများ ဒီလောက်တောင်ချမ်းသာတာပါလိမ့်"
"ဒါက ပိုက်ဆံပေးပြီးဝယ်လို့ရလို့လား။ လေယာဉ်တင်သင်္ဘောတစ်စီးကို ဘယ်လိုဝယ်ရလဲဆိုတာ ပြောပြကြပါဦး။ ဝယ်နိုင်တယ်ဆိုရင်တောင် ဘယ်သူကများ မောင်းနှင်ခွင့်ပေးမှာလဲ"
"အဓိပ္ပာယ်မရှိတာ။ ဒီလေယာဉ်တင်သင်္ဘောကို ဂိုဏ်းတစ်ဂိုဏ်းက ပိုင်တာလား"
"မဟုတ်သေးဘူးနော်။ ကျန်းကျယ်တစ်ဝိုက်က အကြီးဆုံးဂိုဏ်းတွေတောင်မှ တတိယအဆင့်ပဲရှိတာ။ သူတို့က ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်စွမ်းရှိမှာလဲ"
"သင်္ဘောပေါ်မှာ စာတွေရေးထားတယ်"
"ရီ..ရီထျန်း?"
"တခြားတစ်ဖက်မှာလည်း စာတွေပါတယ်။ လိုဂိုတစ်ခုရောပဲ။ ရီထျန်းဂိုဏ်းတဲ့လား။ ဒါက ရီထျန်းဂိုဏ်းရဲ့ လေယာဉ်တင်သင်္ဘောပဲ"
"ရီထျန်းဂိုဏ်းလား။ အဲဒါက ဘယ်ဂိုဏ်းလဲ။ ဟွာရှားမှာ အဲဒီဂိုဏ်းကို ငါ ဘာလို့မကြားဖူးရတာလဲ။ လတ်တလောကမှ တည်ထောင်ထားတာလား"
"ဒီလိုလုပ်နိုင်စွမ်းရှိဖို့ဆိုရင် ရီထျန်းဂိုဏ်းက ဘယ်လောက်အာဏာရှိလဲဆိုတာကို ဘေးဖယ်ထားရင်တောင်မှ သူ့ရဲ့ပိုင်ဆိုင်မှုကတော့ ထိပ်တန်းဂိုဏ်းတစ်ခုရဲ့အဆင့်မှာ ရှိတာ သေချာတယ်"
ရုတ်ခြည်းပင် လူတိုင်းဟာ ရီထျန်းဂိုဏ်းအကြောင်း စတင်မေးမြန်းကြလေတော့သည်။ ခဏအတွင်းမှာပင် ဤနာမည်က သိုင်းပညာရှင်များနှင့် ဂိုဏ်းများအကြား နာမည်ကြီးသွားလေတော့သည်။
"ဒါက..ဂိုဏ်းခေါင်းဆောင်ကျန်း.. ဒါက မင်းတို့ရီထျန်းဂိုဏ်းက ပိုင်တာလား"
အကြီးအကဲလျိုထုံခမျာ ကျန်းမုန့်လောင်အား ခေါ်ပုံဆိုပုံ ပြောင်းလိုက်ချေသည်။
မည်သည့်ဂိုဏ်းကများ လေယာဉ်တင်သင်္ဘောတစ်စီးကို ပိုင်ဆိုင်လေသလဲ။ ဤရီထျန်းဂိုဏ်းမှာ နယ်နယ်ရရတော့ မဟုတ်ချေ။
ရှေးဟောင်းသိုင်းလောကထဲတွင် ခွန်အားကသာ အရာရာပင်။ ဒုတိယအရေးကြီးဆုံးမှာ ငွေကြေးအင်အားဖြစ်သည်။ ငွေရှိလျှင် အရင်းအမြစ်ပေါသည်။ အရင်းအမြစ်ပေါမှသာ အရည်အချင်းရှိသော သိုင်းပညာရှင်ကောင်းများစွာ မွေးဖွားပေးနိုင်သောကြောင့် သိုင်းပညာမိသားစုများနှင့် ဂိုဏ်းများမှာ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များနှင့် ရေရှည်ဆက်ဆံရေးတစ်ခု တည်ဆောက်ကြသည်။
ထိုအချိန်တွင် လျိုထုံလည်း ကျန်းရီထျန်းနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။ ဘယ်လိုဂိုဏ်းမျိုးပင် ဖြစ်စေ ငွေရှိပါက ဘာမဟုတ်သည့်လူတစ်ယောက်ကိုပင် ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲပေးနိုင်သည်။
"ဟုတ်တယ်။ ကျွန်တော်တို့ဂိုဏ်းက တည်ထောင်ထားတာ သိပ်မကြာသေးဘူးလေ။ ဒီတော့ ပိုင်ဆိုင်မှုတွေလည်း အများကြီးမရှိသေးဘူး။ အဲဒါကြောင့် အခုလောလောဆယ်တော့ ဒီလောက်ပဲတတ်နိုင်တယ်"
"ဒီလောက်ပဲတတ်နိုင်တယ်တဲ့လား..."
လျိုထုံခမျာ သူတို့ငှားရမ်းထားသော လှေအစုတ်လေးကိုတစ်လှည့်၊ လေယာဉ်တင်သင်္ဘောကြီးကိုတစ်လှည့် ကြည့်လိုက်ပြီးနောက် တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။
"ငါလည်း အဲဒီလောက်လေးပဲတတ်နိုင်ချင်လိုက်တာ"
**************