သိုင်းလောကထဲရှိ 'Produce 101'
Vol. 25 Ch. 374
ပင်လယ်လေပြည်အောက်ရှိ လေယာဉ်တင်သင်္ဘောထိပ်၌ ကျန်းမုန့်လောင်တို့တစ်သိုက် ဝိုင်နီသောက်ရင်း ရှုခင်းကို ခံစားကြည့်ရှုနေကြသည်။ မသိလျှင် လှိုင်းပုတ်ခြင်းလုံးဝမရှိသော ကျွန်းတစ်ကျွန်းပေါ်ရှိ ဟိုတယ်ကို ရောက်နေသည့်အလားပင်။
လေယာဉ်တင်သင်္ဘောက လွန်ခဲ့သည့်လပိုင်းအတွင်း အပြင်းနှင်လာခဲ့ရသော်လည်း ထိုသင်္ဘောကို ကမ်းခြေအပန်းဖြေစခန်းတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲရန်အတွက် ကျန်းမုန့်လောင်က အတော်ဆုံးဒီဇိုင်နာများနှင့် လက်ရာအမြောက်ဆုံးလက်မှုပညာရှင်များကို ကြိုတင်စီစဉ်ထားခဲ့သည်။
၎င်း၏ရွက်လွှင့်နှုန်းမှာ ဤနေရာရှိ အကြီးဆုံးရွက်လှေထက် ၂၀ရာခိုင်နှုန်းမျှ ပိုမြန်လေသည်။ လေယာဉ်တင်သင်္ဘောပေါ်တွင် ဟိုတယ်များ၊ အပန်းဖြေဥယျာဉ်များ၊ လမ်းမများနှင့် လူလုပ်တောင်ကုန်းအတုနှင့် ရေတံခွန်အတုများပင် ပါရှိသည်။ ဤပြုပြင်ပြောင်းလဲမှု၏ ကုန်ကျစရိတ်မှာ မုလသင်္ဘော၏ ဆောက်လုပ်ရေးကုန်ကျစရိတ်ထက်ပင် ပိုများပေသည်။
"နွေးနွေးထွေးထွေးဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်းကျန်းရေ.."
အမြဲတိတ်ဆိတ်နေသော ဂိုဏ်းခေါင်းဆောင်လျိုကပင် နှုတ်ဟလာသည်။
"ကျုပ်က လျိုဝမ်ယွီပါ။ လျိုမိသားစုရဲ့ လက်ရှ်ဂိုဏ်းခေါင်းဆောင်ပေါ့။ ဒါကတော့ လက်ထောက်အကြီးအကဲလျိုမော့နဲ့ တတိယအကြီးအကဲ လျိုထုံ"
လျိုဝမ်ယွီက ဆက်ပြောလိုက်၏။
"ဒီလေးယောက်ကတော့ ကျုပ်တို့လျိုမိသားစုရဲ့ ထူးချွန်လူငယ်မျိုးဆက်လေးတွေပေါ့။ ဒီခရီးမှာ သူတို့ကို ရှေးဟောင်းသိုင်းပညာဂိုဏ်းတစ်ခုက တပည့်အဖြစ် ခေါ်ယူပါစေလို့ မျှော်လင့်မိတယ်။ ဒီလိုဆိုရင် ကျုပ်တို့ခရီးလည်း အလဟဿမဖြစ်တော့ဘူးပေါ့"
လျိုဝမ်ယိပြောသည့် လေးယောက်ထဲတွင် အလားအလာညွှန်ကိန်း၁၂ရှိသော လူငယ်လေးကတော့ မပါချေ။ ကျန်းမုန့်လောင်လည်း နားမလည်နိုင်ဖြစ်မိသည်။ ဤလူများက ဦးနှောက်မကောင်းကြဘူးလား။ ယခုလိုပါရမီရှင်တစ်ယောက်ကိုပင် သတိမထားမိကြပေ။
"သူကရော ဘယ်သူလဲ"
ကျန်းမုန့်လောင်လည်း ထိုလူငယ်လေးကို လက်ညှိုးထိုးပြ၍ မေးလိုက်လေသည်။
"သြော် ဒါက ကျုပ်ရဲ့မြေး လျိုယွင်ယိလေ"
လျိူဝမ်ယွီခမျာ သက်ပြင်းချလိုက်ချေသည်။
"သူက ငယ်ငယ်လေးကတည်းက ချို့ယွင်းချက်ရှိနေတာ။ ကျုပ်တို့တွေ ဝက်တစ်ကောင်ကိုတောင် အတွင်းအားရလာလောက်အောင် လုပ်ပေးနိုင်တဲ့ အရင်းအမြစ်တွေအများကြီးသုံးခဲ့ပေမဲ့ သူကတော့ တိုးတက်မှုရှိမလာဘူး။ အဆင့်တစ်သိုင်းပညာရှင်တောင် မဖြစ်သေးဘူး"
"ချို့ယွင်းချက်လား"
ကျန်းမုန့်လောင် တဒင်္ဂမျှ အံ့အားသင့်သွားရသည်။
"ကျောင်းအုပ်ကြီး..ချို့ယွင်းချက်ဆိုတာ အမြုတေအမှတ်တချို့မှာ အပြစ်အနာအဆာပါနေတာကို ပြောတာပါ။ အဲဒါမျိုးက အတွင်းအားကျင့်ကြံခဲ့ရင်တောင် ခပ်မြန်မြန်ကုန်ခန်းသွားမှာ။ ဒီလိုလူမျိုးက အရင်းအမြစ်တွေ ဘယ်လောက်သုံးသုံး တစ်သက်လုံး သိုင်းပညာရှင်တစ်ယောက် မဖြစ်နိုင်တော့ဘူး"
ချန်ပင်းယွီက ကျန်းမုန့်လောင်အား ခပ်တိုးတိုးကပ်ပြောလိုက်သည်။
"အဲလိုကိုး။ မထူးဆန်းတော့ပါဘူး"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။ ဤကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို လျိုမိသားစုက လျစ်လျူရှုထားသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
"ဒုတိယနှစ်ဝက်ကစပြီး မိသားစုလုပ်ငန်းတချို့ကို သူ စီမံရတော့မယ်လေ။ ဒီတော့ ကျုပ်တို့လည်း သူ့ကို အိမ်မှာပဲနေခိုင်းပြီ အရင်းအမြစ်တွေကို ဖြုန်းတီးခိုင်းလို့ မဖြစ်တော့ဘူး"
လျိုဝမ်ယိမှာ သူ့မြေးအပေါ်ထားသော စိတ်ပျက်မှုကို မဖုံးကွယ်ထားနိုင်ပေ။
သိုင်းလောကထဲတွင် အရည်အချင်းမရှိသော မျိုးဆက်တစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းမှာ ရှက်ဖွယ်လိလိပင်။ သို့တိုင် ဤအခြေအနေမှာ လျိုယွင်ယိ ထိန်းချုပ်နိုင်သော အရာလည်း မဟုတ်ပေ။
"ယွင်ယိ နောက်လကစပြီး မင်း ခယ်ယွီကော်ပိုရေးရှင်းကို စီမံခန့်ခွဲရမယ်။ အခုကစပြီး ကျင့်ကြံရေးလုပ်ရင်း မင်းရဲ့ခွန်အားတွေကို ဖြုန်းတီးပစ်စရာမလိုတော့ဘူး"
လျိုဝမ်ယွီက ပြောလိုက်လေသည်။
"နားလည်ပါပြီ အဘိုး"
လျိုယွင်ယိ၏မျက်ဝန်းထဲတွင် စိတ်ပျက်မှုများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ငယ်စဉ်ကတည်းက သူ့အိပ်မက်မှာ သူ့အဖေလို ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ယောက် ဖြစ်ရန်ပင်။ ထို့ကြောင့် အခြားသူများထက် အမြဲပိုကြိုးစားခဲ့သည်။
မိသားစု၏ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲရခြင်းမှာ ကောင်းပုံပေါ်သော်လည်း ဤသည်မှာ မိသားစု၏ဗဟိုချက်မှ ခွဲထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သူတို့အားလုံး ရှင်းရှင်းလင်းလင်းနားလည်ထားကြသည်။
ယခုကစပြီး အစားအသောက်နှင့် အဝတ်အထည်အတွက် သူ စိတ်ပူစရာမလိုတော့သည့်အပြင် ချမ်းသာသွားပြီဟုပါ သတ်မှတ်နိုင်သော်လည်း တကယ်တမ်းတွင်မူ သူသည် မိသားစုအတွက် ငွေထုတ်စက်တစ်ခုမျှသာ ဖြစ်လာလိမ့်မည်။
"နှမြောစရာပဲ"
ကျန်းမုန့်လောင်လည်း ခေါင်းခါယမ်းလိုက်မိသည်။
"ဒါဆို သူ့ကို ကျွန်တော့်ရဲ့ရီထျန်းဂိုဏ်းထဲကို ဝင်ခိုင်းလိုက်ပါ့လား"
"ဒါက..."
လျိုဝမ်ယွီ တွေဝေသွားရသည်။
သူ့တွေဝေမှုမှာ မလိုလားခြင်းမဟုတ်ပေ။ လျိုယွင်ယိသာ အိမ်မှာရှိနေလျှင် အနည်းဆုံးတော့ သူတို့အတွက် မိသားစုလုပ်ငန်းများကို စီမံခန့်ခွဲပေးနိုင်သေးသည်။ သို့သော် သူ့ဆီကို လက်လွှဲပေးလိုက်ပါက သူတို့အတွက် ဘာအကျိုးအမြတ်မှမရှိပေ။
"ဂိုဏ်းခေါင်းဆောင်လျို.. ခယ်ယွီကော်ပိုရေးရှင်းက တစ်နှစ်ကို ဘယ်လောက်ဝင်လဲဆိုတာ မေးလို့ရမလား"
ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။
"ဖုံးကွယ်ထားစရာလည်း မလိုပါဘူး"
လျိုဝမ်ယွီက ဘွင်းဘွင်းရှင်းရှင်းပင် ပြောလိုက်ချေသည်။
"စာရင်းဝင်နည်းပညာကုမ္ပဏီသေးသေးလေးတစ်ခုပါ။ နှစ်စဉ်အမြတ်ငွေ သန်းငါးဆယ်ခြောက်ဆယ်လောက် ရှိပါတယ်"
"ဒီလိုလုပ်ရင်ရော? လျိုယွင်ယိကို ကျွန်တော့်ရီထျန်းဂိုဏ်းမှာ ကျင့်ကြံခွင့်ပေးလိုက်ပါ။ ဒီလိုဆိုရင် ကျွန်တော့်ဘက်က လျိုမိသားစုကို လျော်ကြေးသန်းတစ်ရာပေးမယ်။ ဘယ်လိုသဘောရလဲ"
"သန်းတစ်ရာလား"
လျိုဝမ်ယွီ၏မျက်နှာထက်တွင် အံ့သြရိပ်တို့ အထင်းသားပေါ်ပေါက်လာသည်။
"ယွမ်ငွေနဲ့လား"
လျိုယွင်ယိကမူ စီးပွားရေးအကြောင်း မသင်ယူခဲ့ရပေ။ သူ့ကို ထိုလုပ်ငန်းဦးစီးခိုင်းခြင်းမှာ မျိုးရိုးအရင်းအချာဖြစ်သောကြောင့် ယုံကြည်ရသောကြောင့်ပင်။ သူသည် ကုမ္ပဏီ၏အမြတ်ငွေကို တိုးလာအောင် မလုပ်နိုင်သော်လည်း သူတို့၏လုပ်ငန်းစုက နှစ်တိုင်း ပုံမှန်အမြတ်ငွေဝင်နေလိမ့်မည်သာ။
လျိုယွင်ယိကို မလွှတ်လျှင်ပင် ဤကုမ္ပဏီက နှစ်တိုင်း ငွေရှာနိုင်သည်။ ထို့ကြောင့် ဤသန်းတစ်ရာမှာ အလကားသက်သက် ရလိုက်ခြင်းပင်။
အသုံးမကျသော လူတစ်ယောက်ကို သန်းတစ်ရာဖြင့် လဲလှယ်ရမည်တဲ့။ ဤကမ်းလှမ်းချက်ကို ငတုံးငအသာ ငြင်းလိမ့်မည်။
"မကျေနပ်သေးဘူးလား"
ကျန်းမုန့်လောင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါဆို ဒေါ်လာသန်းတစ်ရာလို့ ထားလိုက်ကြတာပေါ့"
"လက်ခံတယ်။ သေချာပေါက် လက်ခံတယ်"
လျိုဝမ်ယွီ၏အပြုံးမှာ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည်။ ကျန်းမုန့်လောင်အနေနှင့် အသုံးမကျသော လူတစ်ယောက်ကို စိတ်ဝင်တစားရှိနေခြင်းမှာ ရူးများရူးနေသလားဟု သူ ထင်မိသော်လည်း ချို့ယွင်းချက်ရှိသူတစ်ယောက်ကို ပေးလိုက်ရခြင်းမှာ ဘာနစ်နာစရာမှ မရှိသည့်အတွက် ပိုက်ဆံကိုမယူမှသာ ရူးမိုက်ရာကျပေလိမ့်မည်။
"ယွင်ယိ.. မင်းကြားလား။ မစ္စတာကျန်းက မင်းကိုသဘောကျတာ မင်းကံကောင်းတာပဲ။ အခုကစပြီး မင်း မစ္စတာကျန်းရဲ့ ရီထျန်းဂိုဏ်းမှာ လေ့ကျင့်ရမယ်"
လျိုဝမ်ယွီက သူ့မြေးအရင်းကို ရောင်းစားရန် ချက်ချင်းဆုံးဖြတ်ချက်ချလိုက်လေသည်။
"အဘိုး ကျွန်တော်..."
လျိုယွင်ယိ၏မျက်နှာကား နီရဲသွားလေတော့သည်။ သူ့တွင် ငြင်းပယ်စရာ အကြောင်းပြချက်ထောင်ချီရှိသည်။ ရီထျန်းဂိုဏ်း၏ခေါင်းဆောင်က အလွန်ချမ်းသာသော်ငြား ထိုလူသည် သူ့လို သာမန်လူတစ်ယောက်ပင်။ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာချင်သည့် သူ့အိပ်မက်ကား ပြည့်ဝရန် မဖြစ်နိုင်တော့ချေ
"မင်းက ငါ့ဆုံးဖြတ်ချက်ကို ဖီဆန်မလို့လား"
လျိုဝမ်ယွီ၏မျက်နှာကား ချက်ချင်းပျက်ယွင်းသွားရ၏။
"ငါပြောတာနာခံ။ မဟုတ်လို့ကတော့ မင်းကို လျိုမိသားစုထဲက ထုတ်ပစ်မယ်"
လျိုယွင်ယိ၏ နှလုံးသားထဲ ရုတ်ခြည်းအေးစိမ့်သွားရ၏။ သူသည် မွေးရာပါအားနည်းချက်ရှိကြောင်း သိလိုက်ရချိန်ကတည်းက သူ့မိသားစုက သူ့အား အရင်းအမြစ်များ လုံးဝမထောက်ပံ့ပေးချင်ခဲ့ကြပေ။ သူ့အဖေ၊ သူ့အမေနှင့် ကျန်လူအားလုံးက သူ့အား အေးတိအေးစက်သာ ဆက်ဆံခဲ့ကြသည်။ ယခုမူ သူ့အဘိုးက သူ့အား အမည်မသိဂိုဏ်းတစ်ခုသို့ ရောင်းစားပစ်ချင်နေချေပြီ။
သို့သော် သူ ဘာများတတ်နိုင်မည်နည်း။
"ကျွန်တော် နားလည်ပါပြီ"
လျိုယွင်ယိခမျာ ခဏအတွင်းမှာပင် အထီးကျန်သလို ခံစားလိုက်ရသည်။
"ဟားဟားဟား! သူ့စိတ်ထဲမှာတော့ ငါ့ကို အရူးလို့ထင်နေမှာပဲ။ ဒါပေမဲ့ ငါက ဒီတစ်ကွက်တည်းနဲ့ အချီကြီးရိုက်ချလိုက်တယ်ဆိုတာတော့ သူမသိဘူး"
ကျန်းမုန့်လောင်ခမျာ စိတ်ထဲတွင်ကျိတ်၍ အပျော်လုံးစို့နေပေသည်။
ဤချို့ယွင်းချက်မှာ အသေးစားဇီဝကမ္မအားနည်းချက်တစ်ခုသာဖြစ်ကြောင်း ယဲ့ရင်က ကျန်းမုန့်လောင်အား ပြောပြလေသည်။ ဒဏ္ဍာရီလာအဆင့်ငါးနှင့်အထက်ရှိသော သိုင်းပညာရှင်တစ်ယောက်ကသာ သူ့လမ်းကြောင်းများကို ကူညီ၍ ရှင်းလင်းပေးပါက ထိုပြဿနာကို အလွယ်တကူဖြေရှင်းနိုင်ပြီး ထို့နောက်တွင်မူ သူလည်း ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်လာလိမ့်မည်ဟုပါ ပြောပြခဲ့သည်။
"ခင်ဗျားက ကျန်းမုန့်လောင်ပဲ"
ထိုအချိန်တွင် လျိုမိသားစုမှ လူငယ်တစ်ဦးက ကျန်းမုန့်လောင်ကို မှတ်မိသွားသည်။ ဤမျက်နှာကို သူ ရင်းနှီးနေသည်ဟု တစ်ချိန်လုံးခံစားမိသော်လည်း မည်သူဖြစ်ကြောင်း မမှတ်မိခဲ့ပေ။ ယခုမှသာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်ဖြစ်ကြောင်း သတိရလိုက်သည်။
"မင်းက ငါ့ညီကိုသိတာလား"
ကျန်းမုန့်လောင်လည်း ပေါ့ပေါ့ပါးပါး မေးခွန်းပြန်ထုတ်လိုက်၏။
"ညီ? ခင်ဗျားက..."
"ဟုတ်တယ်"
ကျန်းမုန့်လောင် ရယ်လိုက်လေသည်။
"ငါ့နာမည်က ကျန်းရီထျန်း။ ကျန်းမုန့်လောင်က ငါ့အမြွှာညီလေ။ ငါတို့ရုပ်ချင်းဆင်တာတော့ မထူးဆန်းတော့ဘူးမလား"
ချန်ပင်းယွီခမျာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ကျန်းမုန့်လောင်၏အတွေးများကို သူ(မ) လိုက်မမီတော့ချေ။
"ကျန်းရီထျန်း ကျန်းမုန့်လောင်..."
ထိုလူငယ်လေးက သူ့အား ယုံမယုံ သေချာမသိပေ။ သို့သော် ထိုနာမည်နှစ်ခုကို ခပ်တိုးတိုးရေရွတ်နေချေသည်။
"ဒါနဲ့ ဂိုဏ်းခေါင်းဆောင်လျို.."
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"ဒီပွဲအခမ်းအနားကို ကျွန်တော် အခုမှ ပထမဆုံးအကြိမ်တက်တာဆိုတော့ တပည့်လက်ခံဖို့ ဘာစည်းမျဉ်းတွေရှိလဲဆိုတာ မသိသေးဘူး"
"ဟားဟားဟား"
ငွေအမြောက်အများရထားသဖြင့် လျိုဝမ်ယွီမှာ စိတ်အခြေအနေကောင်းနေသည်။
"ရှင်းရှင်းလေးပါ။ ပွဲတစ်ပွဲကို အဆင့်နှစ်ဆင့် ခွဲထားတယ်။ ပထမအဆင့်မှာ မိသားစုတစ်ခုချင်းစီက လူငယ်လေးတွေကို စွမ်းရည်ပြခွင့်ပေးမယ်။ မိသားစုတစ်ခုက ကျပန်းတစ်ကိုယ်တော်သိုင်းပြိုင်ပွဲအတွက် အဖွဲ့ဝင်ငါးယောက်ထက်ပိုပြီး လွှတ်လို့မရဘူး။ နောက်ဆုံးလူတစ်စုကိုပဲ စစ်ထုတ်ပြီး အဆင့်မြင့်ပါရမီရှင်စာရင်းမှာ ထည့်ထားလိုက်တယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်လေ၏။ ဤပြိုင်ပွဲစည်းမျဉ်းများမှာ ပုံမှန်အတိုင်းပင်။ ထူးခြားနေတာမျိုး မရှိ။
"နောက်တစ်ဆင့်ကရော"
"အဲဒီအဆင့်မှာ ပင်မမိသားစုကြီးတွေနဲ့ ဂိုဏ်းတွေယှဉ်ပြိုင်ကြတာ
လျိုဝမ်ယွီက စိတ်လှုပ်ရှားစွာဖြင့် ပြောလာလေသည်။
"ပွဲစီစဉ်သူတွေက နေရာကိုးနေရာကို စီစဉ်ပေးလိမ့်မယ်။ မိသားစုကြီးတွေနဲ့ ဂိုဏ်းတွေက အဲဒီနေရာကို အရယူဖို့အတွက် သူတို့လူတွေကို စေလွှတ်ကြမယ်။ အဲဒါကို မကျေနပ်တဲ့လူတွေကလည်း သူတို့ကိုစိန်ခေါ်ကြမယ်။ အင်အားအကြီးဆုံးနောက်ဆုံးကိုးယောက်ပဲ ကျန်တော့တဲ့အထိပေါ့"
"ပြီးရင် ဒီဂိုဏ်းတွေနဲ့ ပါရမီရှင်တွေကြားမှာ အပြန်အလှန်ရွေးချယ်မှုတွေလုပ်ကြတယ်။ ပုံမှန်ဆိုရင် ပါရမီရှင်စာရင်းမှာ အဆင့်မြင့်မြင့်ရထားတဲ့လူတွေနဲ့ ဒီထိပ်ဆုံးကိုးနေရာကို ရောက်ရှိလာတဲ့ ဂိုဏ်းတွေက နှစ်ဖက်စလုံးရဲ့ ထိပ်တန်းရွေးချယ်မှုတွေဖြစ်လာမှာပဲ"
"ဂိုဏ်းပေါင်းများစွာထဲက ကိုးယောက်ကိုပဲရွေးရမှာလား"
ဤစည်းမျဉ်းကို ကျန်းမုန့်လောင် ရင်းနှီးသလိုလိုရှိ၏။
"ဘုရားရေ.. ဒါက သိုင်းလောကရဲ့'Produce 101'ပဲ"
***********