လူယုတ်မာ အကြွေးပြန်ပေးစမ်း!
Vol. 25 Ch. 375
"ဂိုဏ်းခေါင်းဆောင်လျို ကျွန်တော် ခင်ဗျားရဲ့အကောင့်ထဲကို ငွေလွှဲပြီးသွားပါပြီ"
လျိုဝမ်ယွီလည်း ချက်ချင်းပင် မိသားစု၏ဘဏ်အကောင့်ကို စစ်ဆေးရန် တစ်စုံတစ်ယောက်အား အမိန့်ပေးလိုက်သည်။
"ဒေါ်လာ ၁၀ဘီလီယံလား?"
လျိုဝမ်ယွီ၏လက်က ဖုန်းကိုပင် ကိုင်မထားနိုင်တော့မတတ် ဖြစ်သွားရသည်။ တစ်နှစ်ကို ဒေါ်လာ၁ဘီလီယံဟု သဘောတူထားသည်မဟုတ်လော။ ဤဒေါ်လာ၁၀ဘီလီယံက ဘာသဘောလေလဲ။
"သြော် တစ်နှစ်ပြီးတစ်နှစ် ငွေလွှဲနေရမှာရှုပ်လို့ တစ်ခါတည်း အကုန်လွှဲလိုက်တာ။ အဲဒီလောက်ဆိုရင် လောက်မယ်ထင်တယ်။ ဟုတ်တယ်မဟုတ်လား"
ကျန်းမုန့်လောင် ပြုံးရယ်လျက် ပြောလိုက်ချေသည်။
"လောက်ပါတယ်! သေချာပေါက်လောက်တာပေါ့!"
လျိုဝမ်ယိ၏မျက်နှာထက်တွင် အပြုံးရိပ်များဖြင့် ပြည့်နှက်နေသည်။
လျိုဝမ်ယိသည် သိုင်းပညာကိုပင် မလေ့ကျင့်နိုင်သော မသန်စွမ်းသူတစ်ဦးဖြစ်၏။ သာမန်လူတစ်ယောက်၏ သက်တမ်းဖြင့် တွက်ကြည့်လျှင် နှစ်ပေါင်းတစ်ရာအထိ သူ အသက်ရှင်နိုင်မည်ဆိုလျှင်ပင် အံ့ဖွယ်ကောင်းနေပြီသာ။
ထို့ပြင် ငွေအားလုံးကို တစ်ချီတည်း ကြိုရလိုက်သောကြောင့် လျိုမိသားစုလည်း လုပ်စရာရှိသည့် ကိစ္စများကို လုပ်ဆောင်နိုင်မည်ဖြစ်၏။
"ယွင်ယိ အခုကစပြီး မင်း မစ္စတာကျန်းရဲ့နောက်ကို လိုက်ရမယ်။ ဒီအချိန်ကစပြီး မင်းက လျိုမိသားစုရဲ့မျိုးဆက်ဆိုပေမဲ့ ကိစ္စတိုင်းမှာ မစ္စတာကျန်းရဲ့ ရီထျန်းဂိုဏ်းကို ဦးစားပေးရမယ်။ နားလည်လား"
"အဘိုး ကျွန်တော်နားလည်ပါပြီ"
လျိုယွင်ယိခမျာ သူ့ကံကြမ္မာကို အလုံးစုံလက်ခံလိုက်သကဲ့သို့ ပြန်ဖြေလိုက်၏။
"ယွင်ယိ သူက ချန်ပင်းယွီတဲ့။ သူက ငါတို့ရီထျန်းဂိုဏ်းကို မင်းထက် တစ်လလောက်စောပြီး ဝင်လာတာ။ အခုကစပြီး မင်း သူ့ကို ဆရာတူအစ်မလို့ခေါ်ရမယ်"
လျိုယွင်ယိလည်း ပြုံးနေသော ကျန်းမုန့်လောင်ကို လှည့်ကြည့်လိုက်ပြီးနောက် လျိုမိသားစုနားမှ ထွက်ခွာလာပြီး ကျန်းမုန့်လောင်နှင့် ချန်ပင်းယွီတို့ဘေးသို့ သွားထိုင်နေလိုက်၏။
"မင်း တော်တော်လက်မခံနိုင်ဖြစ်နေတာလား"
ချန်ပင်းယွီက လျိုယွင်ယိကိုကြည့်ရင်း ပြုံးပြုံးလေး မေးခွန်းထုတ်လိုက်သည်။
လျိုယွင်ယိကမူ တိတ်ဆိတ်နေဆဲသာ။
သူ ဘယ်လက်ခံနိုင်ပါ့မလဲ။ အကြိမ်တစ်ထောင်တစ်သောင်းမက လက်မခံနိုင်ပေ။
"ဟီးဟီးဟီး"
ချန်ပင်းယွီလည်း ခပ်လွင်လွင်ရယ်မောလိုက်မိသည်။
"မင်း မကြာခင် စိတ်ပြောင်းသွားမှာပါ"
လျိုယွင်ယိခမျာ ခဏမျှကြက်သေသေသွားရသည်။ ထို့နောက် ချန်ပင်းယွီအား နားမလည်နိုင်လေဟန်အမူအရာဖြင့် ကြည့်လိုက်မိသည်။
"မစ္စတာကျန်းရဲ့အစွမ်းက မင်းမြင်တာထက် ပိုအားကောင်းတယ်။ သူ မင်းကို မျက်စိကျတာက မင်းအတွက်တော့ ကံကောင်းတာပဲ"
ချန်ပင်းယွီ ဆက်ပြောလိုက်ပြန်သည်။
"ဒီနေ့ကစပြီး မင်းရဲ့ဘဝက အရင်ကနဲ့ လုံးဝကွာခြားသွားလိမ့်မယ်"
"ဆရာတူအစ်မ မစ္စတာကျန်းက တကယ်ပဲ အဲဒီလောက်တောင်အံ့သြဖို့ကောင်းတာလား"
လျိုယွင်ယိ ပြန်မေးလိုက်မိသည်။ သူ့အမြင်ကား ယုံကြည်မှုပြည့်ဝနေသော ချန်ပင်းယွီ၏အကြည့်ကြောင့် အနည်းငယ်ယိုင်နဲ့သွားရသည်။
"မင်းရဲ့ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုက သာမန်လူတွေအတွက်တော့ ကုသလို့မရနိုင်တော့ပုံပေါက်ပေမဲ့ မစ္စတာကျန်းအတွက်တော့ လွယ်လွယ်လေးပဲ"
ထူးရှယ်နတ်ဘုရားကျောင်းတော်၌ တစ်လလောက် ပညာသင်ကြားပြီးနောက် ဤကျောင်းတစ်ခုလုံးအကြောင်း ချန်ပင်းယွီ အခြေခံအားဖြင့် နားလည်နေပြီဖြစ်၏။ ထို့ပြင် သူ(မ) သင်ယူလေ့လာလေလေ ဤနေရာက မည်မျှမှော်ဆန်ပြီး အစွမ်းထက်လှကြောင်း ပိုသိလာရလေလေပင်။
ဤကျောင်းထဲတွင် ကမ္ဘာအမျိုးမျိုးမှ ဆရာပေါင်းရာဂဏန်းမျှရှိပြီး တစ်ယောက်ချင်းစီကလည်း ကိုယ်ပိုင်အစွမ်းအစများ ရှိကြသည်။ ဤကျောင်းတော်ထဲက မထွက်သရွေ့ သူတို့ မလုပ်နိုင်သည့်အရာဟူ၍ မရှိပေ။
ရှုန်းပါ့က သူ(မ)အား ငါးနှစ်အတွင်း ဒဏ္ဍာရီလာအဆင့်သို့ရောက်အောင် လုပ်ပေးမည်ဟု ကတိပေးထားသည်။ ထိုကတိမှာလည်း အပိုပြောနေခြင်းမဟုတ်ချေ။ အခြားအရာများကို အသာထားလိုက်လျှင်ပင် ကျောင်းမှ ဖွင့်ပေးထားသော အစီအရင်ဆရာများ သို့မဟုတ် အဂ္ဂိရတ်ဆရာများက သူတို့၏ကျင့်ကြံရေးအရှိန်ကို အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်သည်။
"ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အခြေအနေကို တကယ်ပြုပြင်ပေးနိုင်တာလား"
ဤစကားများကို ကြားရသောအခါ လျိုယွင်ယိ၏အသက်ရှူသံများ မြန်ဆန်လာသည်။ ထိုအရာမှာ သူ့အတွက် အမြဲတမ်း နာကျင်စရာတစ်ခု ဖြစ်ခဲ့သည်။ အကယ်၍ သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုသာ ပြောင်းလဲပေးနိုင်ပါက ရီထျန်းဂိုဏ်းထဲသို့ ဝင်ရရုံသာမက အခြားမည်သည့်အရာကိုမဆို သူလုပ်နိုင်သည်။
"မင်း ယုံချင်မှယုံလိမ့်မယ်။ လွန်ခဲ့တဲ့တစ်လတုန်းက ငါက အဆင့်နှစ်သိုင်းပညာရှင်အဆင့်ပဲ ရှိသေးတာ"
ချန်ပင်းယွီက ပြောပြလိုက်လေသည်။
"ဒါပေမဲ့ မစ္စတာကျန်းဆီမှာ တပည့်ခံပြီးတဲ့နောက် အဆင့်လေးသိုင်းပညာရှင်တစ်ယောက် ဖြစ်လာပြီ"
"တစ်လအတွင်း အဆင့်နှစ်သိုင်းပညာရှင်ကနေ အဆင့်လေးသိုင်းပညာရှင်ဖြစ်သွားတာလား"
လျိုယွင်ယိခမျာ ထိတ်လန့်အံ့သြသွားရလေသည်။
သူကိုယ်တိုင် သိုင်းပညာကို မကျင့်ကြံနိုင်ခဲ့သော်လည်း သူနှင့်သက်တူရွယ်တူများအားလုံးက သိုင်းပညာရှင်များဖြစ်ကြသည်။ သူတို့နှင့်အတူ ကြီးပြင်းလာသည့်အတွက် သူလည်း ထိုအရာများကို နားမလည်ဘဲမနေပေ။
အဆင့်နှစ်သိုင်းပညာရှင်အဆင့်မှ အဆင့်လေးသိုင်းပညာရှင်အဖြစ် တက်လှမ်းခြင်းမှာ အဆင့်သိပ်မြင့်လှသည်တော့မဟုတ်ပေ။ အဆင့်သုံးသိုင်းပညာရှင်အဆင့်မှ အဆင့်လေးသိုင်းပညာရှင်အဆင့်သို့ တက်လှမ်းခြင်းမှာ အငယ်တန်းအဆင့်မှ အကြီးတန်းသိုင်းပညာရှင်အဆင့်သို့ ကျော်လွှားခြင်းဖြစ်၏။ သာမန်သိုင်းပညာရှင်တစ်ယောက်အနေနှင့် ဤကွာဟချက်ကို ကျော်လွှားနိုင်ဖို့ နှစ်နှစ်သုံးနှစ်မျှ အချိန်ယူရသည်။
တစ်လအတွင်း အဆင့်နှစ်သိုင်းပညာရှင်အဆင့်မှ အဆင့်လေးသိုင်းပညာရှငိအဆင့်သို့ တက်လှမ်းနိုင်ခြင်းကား သိုင်းလောကတစ်ခွင် မကြုံဖူးသေးသော ဖြစ်ရပ်ဆန်းတစ်ခုပင်။
ခဏအတွင်းမှာပင် ကျန်းမုန့်လောင်အပေါ်ထားသော လျိုယွင်ယိ၏သဘောထားမှာ သိသိသာသာပြောင်းလဲသွားသည်။ ချန်ပင်းယွီပြောသည့်စကားများသာ အမှန်ဆိုလျှင် ဤလူမှာ စင်စစ်ဆန်းကြယ်လှပေသည်။
နှစ်နာရီအကြာတွင် အတန်အသင့်ကျယ်ဝန်းသော ကျွန်းတစ်ကျွန်းက သူတို့မြင်ကွင်းထဲ၌ ပေါ်လာခဲ့သည်။ ထိုကျွန်းမှာ ၃စတုရန်းကီလိုမီတာမျှသာ ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် တစ်ရာမီတာအမြင့်မှာ တည်ရှိ၏။ ဆယ်ကီလိုမီတာအတွင်း အခြားဘယ်ကျွန်းကြီးမှလည်း မရှိပေ။
သို့သော် ယနေ့မှာတော့ ငါးဖမ်းလှေနှင့် ရွက်လှေအမျိုးအစားပေါင်းများစွာက ပုံမှန်ဆိုလျှင် တိတ်ဆိတ်နေတတ်သော ဤလူသူမဲ့ကျွန်းဆီသို့ ရောက်ချလာသဖြင့် ရုတ်တရက်ကြီး အယောက်တစ်ထောင်ကျော်သွားသည်။
လေယာဉ်တင်သင်္ဘောပေါ်မှ ရွက်လှေသေးသေးလေးကို စီးလာခဲ့ပြီးနောက် ကျန်းမုန့်လောင်တို့တစ်သိုက် ကျွန်းပေါ်သို့ ရောက်လာခဲ့သည်။
"ဖန့်ယွင်လက်ဝါးသိုင်း အဆင့်တစ်သိုင်းပညာနည်းစနစ်ကို ရောင်းတယ်နော်။ အလားတူသိုင်းတစ်ခုခုနဲ့ လဲမယ်ဆိုရင်လည်း လက်ခံပါတယ်"
"ချန်းလန်ချီကျင့်ကြံရေးဂိုဏ်းက မဟာသခင်ကျင်းဖန်တီးထားတဲ့ ပထမတန်းစားပြဒါရှင်လုံးကို ရောင်းပေးနေတယ်နော်။ သိုင်းပညာရှင်တွေရဲ့ ခန္ဓာကိုယ်ကို မွမ်းမံပေးရာမှာ အထောက်အကူဖြစ်တယ်။ ပါရမီရှင်အငယ်လေးတွေကို ပျိုးထောင်ပေးတဲ့နေရာမှာသုံးရင် အကောင်းဆုံးပဲ။ သုံးလုံးပဲကျန်တော့တယ်နော်။ ဈေးနှုန်းကတော့ ငါးသန်းပါ။ စစ်မှန်ကြောင်း ထောက်ခံစာလည်း ပါပါတယ်"
"ယွင်ဖုန်းဓားဂိုဏ်းရဲ့ လက်နက်ဖန်တီးသူဆီက နောက်ဆုံးဖန်တီးမှုနော်။ ရေအောက်ကြမ်းပြင်ထဲက ဆန်းကြယ်သံမဏိနဲ့လုပ်ထားတာ။ အရမ်းခိုင်ခံ့တယ်။ အဆင့်နှစ်လက်နက်ရဲ့စံနှုန်းအတိုင်းပဲ။ ဈေးနှုန်းကိုတော့ ညှိနှိုင်းနိုင်ပါတယ်။ တစ်ခုပဲရှိတာပါ။ စမ်းသပ်ကြည့်လို့လည်းရပါတယ်"
"အမေရိကန်ထုတ်လက်ရည်ယှဉ်စက်နော်။ အဆင့်ခြောက်အောက်က သိုင်းပညာရှင်တွေဆီက လက်သီးချက်တွေကို ခံနိုင်ရည်ရှိတယ်။ ဒေတာအမျိုးမျိုးအပေါ် မူတည်ပြီး ကျင့်ကြံရေးနည်းလမ်းတွေလည်း ထောက်ပံ့ပေးနိုင်တယ်။ ဈေးနှုန်းကတော့ တစ်ခုကို ဒေါ်လာသန်းနှစ်ဆယ်ပါ။ ပမာဏများများဝယ်ရင် ဈေးပိုလျှော့ပေးမယ်"
"ထျန်ချုံးဂိုဏ်းက အနည်းဆုံး အဆင့်တစ်သိုင်းပညာရှင်အဆင့်ကိုရောက်ထားတဲ့ အသက်နှစ်ဆယ်အောက် လူငယ်လေးတွေကို အပြင်စည်းတပည့်အဖြစ် လက်ခံမယ်နော်။ မနှစ်တုန်းက ငါတို့ဂိုဏ်းက လက်ရည်လုပွဲမှာ အဆင့်ကိုးနေရာကို ရခဲ့တာ။ အတွင်းစည်းတပည့်ဖြစ်နိုင်တဲ့အခွင့်အရေးလည်း ရှိတယ်။ အရေအတွက်အနေနဲ့ ၁၀ယောက်ပဲ ကန့်သတ်ထားတယ်"
...
ဤကျွန်းပေါ်သို့ ခြေချလိုက်သည်နှင့် ရင်းနှီးနေသော သိုင်းပညာအရှိန်အဝါများကို မြင်ရလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်ထားသော်လည်း မြင်လိုက်ရသည့် မြင်ကွင်းမှာမူ သူထင်ထားသည်နှင့် အကွာကြီးကွာနေပေသည်။
ယာယီတည်ဆောက်ထားသော ဆိပ်ကမ်းနယ်မြေအတွင်း၌ စျေးတစ်ခု ရှိနေပြီး ထိုနေရာတွင် ဂိုဏ်းများနှင့် မိသားစုများက ဈေးဆိုင်ငယ်များကို ဖွင့်လှစ်ထားကြသည်။ အချို့က သိုင်းပညာနှင့် စိတ်ပိုင်းဆိုင်ရာနည်းစနစ်များကို ရောင်းနေကြပြီး အချို့ကတော့ ကျင့်ကြံရေးအရင်းအမြစ်များကို ရောင်းနေကြသည်။ အခြားသူများက လက်နက်များကို ရောင်းချကြပြီး တချို့ကမူ တပည့်များ စုဆောင်းနေကြသည်။
"သောက်ကျိုးနည်း..သူတို့မှာ ဆိုင်းဘုတ်တွေတောင်ရှိတယ်ဟ.. ဒါကြီးက တအားလက်တွေ့မဆန်လွန်းဘူးလား"
ကျန်းမုန့်လောင်ခမျာ တက္ကသိုလ်တတိယနှစ် နွေရာသီအတွင်း တက်ရောက်ခဲ့သော အလုပ်အကိုင်ပြပွဲများကို ရုတ်တရက်သတိရမိသည်။
ထို့ပြင် ဤလူ့အဖွဲ့အစည်း၏ သိုင်းလောကမှာ ရုပ်ရှင်နှင့် တီဗွီဇာတ်လမ်းတွဲများတွင် သရုပ်ဖော်ထားသည့်အတိုင်း လုံးဝမဟုတ်ဘဲ အချက်အလက်ကန့်သတ်ထားခြင်းမှလွဲလျှင် တော်တော်များများက ခေတ်မီကြပြီး ကျင့်ကြံရေးကို အထောက်အကူပြုရန်အတွက်လည်း နည်းပညာမြင့်ပစ္စည်းများကို အသုံးပြုကြသည်။ ဤသည်မှာ အလွန်မျက်စိပွင့်နားပွင့်ဖြစ်ရသည်။
အလောတကြီး စုစည်းထားရသော်လည်း စျေးသည် စနစ်တကျ စီစဉ်ထားပြီး ယာယီဆိုင်များထက် ကော်ပိုရေးရှင်းပြပွဲနှင့်ပင် ပိုတူသည်။ ၎င်းမှာ ပွဲစီစဉ်သူသူများ၏ အားထုတ်မှုနှင့် အရင်းအမြစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားကြောင်း သက်သေပြနေလေသည်။
"ဒီပွဲကို ဘယ်သူတွေက စီစဉ်တာလဲ"
ကျန်းမုန့်လောင်က စူးစမ်းလိုဟန်ဖြင့် မေးလိုက်လေသည်။
"ရှေးဟောင်းသိုင်းပညာအဖွဲ့အစည်းကလေ"
အကြီးအကဲလျိုထုံက သူ့အား ပြန်ဖြေပေးသည်။
"ရှေးဟောင်းသိုင်းလောကထဲမှာလည်း အဖွဲ့အစည်းတစ်ခုရှိတယ်ပေါ့"
"သိုင်းနတ်ဘုရားက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး နှစ်တိုင်း ထိပ်ဆုံးကိုးနေရာကိုရတဲ့ ဂိုဏ်းတွေနှင့် မိသားစုတွေက ကိုယ်စားလှယ်တစ်ယောက်စီကို ကောင်စီဝင်အဖြစ် စေလွှတ်ပြီး အခမ်းအနားကို စီစဉ်ပေးရတယ်။ အဓိကအားဖြင့်တော့ သိုင်းလောကထဲက အဓိကဖြစ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ပေါ့"
"အဲ့လိုကိုး"
ကျန်းမုန့်လောင် ခေါင်းတညိတ်ညိတ်လုပ်လိုက်လေသည်။
"အဲဒါ တင်းမိသားစုပဲ"
"အဲဒီလူယုတ်မာတွေ! သူတို့က ဒီကိုတောင်လာရဲတယ်ပေါ့!"
"ရှူး တိုးတိုးနေ။ သူတို့က ပင်မမိသားစုတွေ အသေးစားမိသားစုတွေနဲ့ ဂိုဏ်းတွေကို စုစုပေါင်းခြောက်ခုတောင် ဖျက်ဆီးပြီးသွားပြီ။ မင်းပြောတာ သူတို့မကြားစေနဲ့"
"တင်းမိသားစုက ဘယ်လိုအခွင့်အရေးမျိုး ရလိုက်လို့များ ထိပ်တန်းမိသားစုတွေနဲ့ ဂိုဏ်းတွေကို ရုတ်တရက်ကြီးယှဉ်နိုင်သွားရတာလဲ"
"တင်းမိသားစုရဲ့အဘိုးက သိပ်မကြာခင်ကပဲ ဒဏ္ဍာရီလာအဆင့်ကို ကျော်လွှားသွားနိုင်ခဲ့တယ်လို့ ငါကြားထားတယ်။ လွန်ခဲ့တဲ့နှစ်နှစ် ငါ သူ့ကိုတွေ့တုန်းကတော့ မဟာသခင်အဆင့်ခုနစ်ပဲ ရှိသေးတာ"
"ငါတို့ သူတို့ကို ရန်သွားစလို့မရဘူးဆိုရင်လည်း ဒီအတိုင်းဝေးဝေးနေလို့မရဘူးလား။ သူတို့ကို ပြဿနာသွားမရှာနဲ့။ ဒါဆို အဆင်ပြေသွားလိမ့်မယ်"
အသံလာရာဆီဝယ် လူအယောက်နှစ်ဆယ်ကျော်က တန်ဖိုးကြီးရွက်လှေတစ်စီးပေါ်က ယုံကြည်မှုအပြည့်ဖြင့် ဆင်းလာလေသည်။ သူတို့၏အမူအရာမှာ မောက်မာလွန်းလှပြီး ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များကိုလည်း အရေးမလုပ်ပေ။
ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များကလည်း သူတို့ကို ရှောင်နေကြသည်။ ဤမိသားစုမှာ နာမည်ဆိုးနှင့်ကျော်ကြားသူများပင်။ သူတို့ ရုတ်တရက်ပေါ်ထွက်လာခြင်းမှာ မိသားစုတော်တော်များများကို ရတက်မအေးဖြစ်စေသည်။
"သေစမ်း သူတို့ပဲ!"
ကျန်းမုန့်လောင်လည်း လူအုပ်ထဲရှိ တင်းမိသားစု၏သခင်လေး တင်းမူယွင်နှင့် လက်ထောက်အကြီးအကဲတင်းကွေ့ကို ချက်ချင်းသတိထားမိလိုက်သည်။
သူတို့မိသားစု၏ ထူးခြားလှသော အတွင်းအားနည်းစနစ်ကြောင့် တင်းမိသားစုဝင်များမှာ အခြားလူများထံမှ ထူးထူးဆန်းဆန်းအကြည့်များကို ကျင့်သားရနေပြီးဖြစ်၏။ ထို့ပြင် ထိုလူများ၏မျက်ဝန်းထဲမှ ကြောက်ရွံ့မှုနှင့် လေးစားမှုတို့ကိုလည်း သဘောတွေ့နေပေသည်။ ဤသည်မှာ သြဇာအာဏာက ယူဆောင်လာပေးသော ယုံကြည်မှုပင်။
"လူယုတ်မာ! အကြွေးပြန်ဆပ်စမ်း!"
ရုတ်ခြည်းပင် အသံတစ်သံက တင်းမူယွင်၏နားထဲ ပဲ့တင်ထပ်သွားလေသည်။ တင်းမူယွင်၏အပြုံးလည်း ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။ ထိုအစား နတ်ဆိုးတစ်ကောင်နှင့် တွေ့လိုက်ရသည့်အလား အကြောက်တရားတို့က ချဉ်းနင်းဝင်ရောက်လာသည်။
သူ့အကြည့်က တင်းကွေ့ဆီသို့ ကျရောက်သွားချိန်ဝယ် တစ်ဖက်လူလည်း အလားတူခံစားနေရသည်။
"သူ..သူလည်း ဒီကိုရောက်နေတယ်!"
*************