ထမင်းမစားရသေးဘူးလား
Vol. 26 Ch. 376
ကျန်းမုန့်လောင်၏အသံက ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များ၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။
ယခုအချိန်မှာ တင်းမိသားစု၏ အထွတ်အထိပ်ရောက်ချိန်ဖြစ်လေရာ မည်သူကများ ထိုကဲ့သို့သောလေသံနှင့် သူတို့အား စကားပြောရဲမည်နည်း။ သိုင်းလောကထဲတွင် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းမှာ အဖြစ်များသောအရာပင်။ အထူးသဖြင့် ထိပ်တန်းသိုင်းပညာရှင်များကြားမှာပင်။ တစ်စုံတစ်ယောက်က နေ့ခင်းကြောင်တောင်ကြီးမှာတငိ အခြားတစ်ယောက်ကို သတ်ပစ်လိုက်သည့်တိုင် မည်သူကမှ ကန့်ကွက်ကြမည်မဟုတ်ချေ။
"တင်းမိသားစုကို အခုလိုမျိုးပြောရဲတာ ဒီလူကဘယ်သူလဲ"
"ကြည့်ရတာတော့ တင်းမိသားစုက သူ့ဆီမှာ အကြွေးတင်နေပုံပဲ"
"ဟမ်? သူက သိုင်းပညာရှင်တစ်ယောက်မဟုတ်ဘူးလား။ သူက မိသားစုအမွေတွေကို စီမံခန့်ခွဲပေးနေရတဲ့ သာမန်မိသားစုဝင်တစ်ယောက်များလား။ သူ သေချင်နေတာလားမသိဘူး"
"ငါ ဒီလူ့ကို မြင်ဖူးသလိုပဲ။ ဆိပ်ကမ်းမှာရပ်ထားတဲ့ လေယာဉ်တင်သင်္ဘောက သူ့ဟာမဟုတ်လား"
"ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ ငါ ခုနကပဲ သူ့နားက ဖြတ်လျှောက်လာတာ။ သူ့နာမည်က ကျန်းရီထျန်းဆိုလားပဲ။ ရီထျန်းဂိုဏ်းသားတစ်ယောက်တဲ့"
"ဘဟ်က ရီထျန်းဂိုဏ်းလဲ။ ငါ အဲဒီလိုဂိုဏ်းမျိုး တစ်ခါမှမကြားဖူးပါဘူး။ ငါတို့ရဲ့ရှေးဟောင်းသိုင်းလောကထဲက စုဝေးပွဲကို ဘယ်သူမဆို တက်လို့ရနေပြီလား"
"ကြည့်လိုက်.. အဲဒီလူတွေက လျိုမိသားစုဝင်တွေမဟုတ်လား။ သူတို့က ရီထျန်းဂိုဏ်းနဲ့ ဘာလို့ ဒီလောက်တောင်ရင်းနှီးနေတာလဲ"
"သူတို့လည်း ကံဆိုးမိုးမှောင်ကျတော့မယ်ထင်တယ်"
...
ရုတ်ခြည်းဆိုသလို သူတို့အနားမှ တီးတိုးသံများ ထွက်ပေါ်လာလေသည်။ လျိုမိသားစုဝင်များလည်း အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။ ကျန်းမုန့်လောင်က တင်းမိသားစုကို ရုတ်တရက်ကြီးပြဿနာထရှာလိမ့်မည်ဟု သူတို့ လုံးဝထင်မထားပေ။
လက်ရှိအချိန်တွင် တင်းမိသားစုမှာ ယခင်ကလို မဟုတ်တော့ပေ။ ဒဏ္ဍာရီလာအဆင့် သိုင်းနတ်ဘုရားတစ်ယောက်က နောက်ခံအင်အားအဖြစ် ရှိနေသည်ဖြစ်ရာ လျိုမိသားစုအနေနှင့် သူတို့အား မယှဉ်နိုင်ပေ။
တင်းမိသားစုမှာ အနိုင်ကျင့်ရမ်းကားတတ်သော သူတို့၏အပြုအမူကြောင့် နာမည်ကြီးနေပေသည်။ ကျန်းမုန့်လောင်တွင် တောင့်တင်းသော နောက်ခံအင်အားမျိုး ရှိလျှင်ပင် သူသည် သာမန်လူတစ်ယောက်မျှသာ ဖြစ်၏။ ထို့ပြင် သူနှင့်အတူရှိနေသော သိုင်းပညာရှင်ကလည်း အဆင့်လေးသာ ရှိသည်။ တင်းမိသားစုသာ ဒေါသထွက်သွားခဲ့လျှင် သူတို့အနေနှင့် သူ့အား တစ်ချက်တည်းဖြင့် အသက်နှုတ်ပစ်နိုင်ခြေရှိသည်။
ကျန်းမုန့်လောင်နှင့် အလွန်ရင်းနှီးနေသော လျိုမိသားစုလည်း မိသားစုလိုက်ပျက်စီးကြရလိမ့်မည်။ သူတို့ကိုယ်တိုင် ခပ်မြန်မြန် မထောက်ခံကြောင်းပြမှ ဖြစ်ပေမည်။
"မစ္စတာကျန်း.. ကျုပ်တို့ မိတ်ဆွေဟောင်းတချို့နဲ့ သွားတွေ့ရဦးမှာမို့ သွားလိုက်ပါဦးမယ်"
လျိုမိသားစု၏အကြီးအကဲက ကပျာကယာပြောလိုက်လေသည်။
"အိုး..ရတာပေါ့။ သွားပါ"
ဤပါရမီရှင်လေး လျိုယွင်ယိကို ရလိုက်ပြီဖြစ်သောကြောင့် လျိုမိသားစုမှာ ကျန်းမုန့်လောင်အတွက် ဘာတန်ဖိုးမှ မရှိတော့ချေ။
"ဟေး မင်းနာမည်ကဘာပါလိမ့်။ တင်းမူယွင် ဟုတ်တယ်မလား။ မင်း ငါ့ကိုပေးရမဲ့ ဒေါ်လာ၁၀၀ဘီလီယံကို ဘယ်တော့ပေးမှာလဲ။ ငါ ပြောလိုက်မယ်။ သေခြင်းရှင်ခြင်းအဆောင် ပြန်အလုပ်မလုပ်ခင် မင်းမှာ နှစ်ရက်သုံးရက်လောက်ပဲ အချိန်ကျန်တော့တယ်နော်။ အဲဒီအချိန်ကျမှ ဖြေဆေးမရဘူးဆိုရင် မင်းတော့ သေပြီပဲ"
ဤလမှာ တင်းမူယွင်မွေးဖွားလာပြီးကတည်းက ကြုံခဲ့ဖူးသမျှထဲ အနာကျင်ရဆုံး လတစ်လပင်။
ကျန်းမုန့်လောင်ဘက်က သေခြင်းရှင်ခြင်းအဆောင်အကြောင်း ပြောပြခဲ့သည့်အချိန်တုန်းက ထိုအစွမ်းများမှာ လုံးဝပျောက်ကွယ်သွားမည်ဟု ဆိုထားသော်လည်း ပုံမှန်အတိုင်း အသက်ဝင်လာလိမ့်မည်ဟုတော့ ပြောမထားပေ။
သေခြင်းရှင်ခြင်းအဆောင်မှာ ယင်ဓာတ်ကြီးစိုးသောအရာတစ်ခုဖြစ်သောကြောင့် အပူချိန်ပြောင်းလဲတိုင်း အသက်ဝင်လာတတ်သည်။ အထူးသဖြင့် နေ့လယ်ပိုင်း အပူပြင်းဆုံးအချိန်မျိုးပင်။ လစဉ်ပေါက်ကွဲမှုများလောက် မပြင်းထန်သော်ငြား သည်းခံ၍မရနိုင်လောက်အောင် နာကျင်ရဆဲပင်။
ဤလထဲတွင် တင်းမူယွင်ခမျာ နေ့တိုင်းနေ့တိုင်း သေခြင်းရှင်ခြင်းအဆောင်၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံစားခဲ့ရသည်။ တင်းမိသားစုကလည်း နာမည်ကြီးသမားတော်များကို ရှာဖွေပြီး သူ့ခန္ဓာကိုယ်အား ဓာတ်မှန်ရိုက်ခဲ့သည့်တိုင် ဘာမှရှာမတွေ့ခဲ့ချေ။
အကြီးအကဲတင်းကွေ့က ပို၍ပင် အဖြစ်ဆိုးသေးသည်။ ထိုနေ့တုန်းက ကျန်းမုန့်လောင်၏ စွမ်းအင်ပေါက်ကွဲမှုကြောင့် သူ့ရင်ညွန့်ရိုး ကျိုးသွားရသည့်အပြင် အမြုတေလည်းပျက်စီးသွားခဲ့ရသည်။ သို့ဖြစ်လေရာ သူခွန်အားမှာ မဟာသခင်အဆင့်ကိုးမှ အဆင့်ခုနစ်သို့ ကျဆင်းသွားရလေ၏။
ဤအခြေအနေအထိ ဆုတ်ယုတ်သွားရသည်ဖြစ်ရာ တင်းမိသားစုဘက်ကလည်း သေချာပေါက် ငြိမ်နေမည်မဟုတ်ပေ။ တင်းမူယွင်သည် တင်းမိသားစု၏ ဤမျိုးဆက်အတွက် တစ်ဦးတည်းသောယောကျ်ားလေး ဖြစ်၏။ သူသာ တစ်ခုခုဖြစ်သွားလျှင် မိသားစုမျိုးဆက်လည်း ပြတ်ရချေပြီ။
တင်းမိသားစုက ငွေရေးကြေးရေးပိုင်းဆိုင်ရာအရ တောင့်တင်းသော်လည်း ၁၀၀ဘီလီယံကို ငွေသားဖြင့် ထုတ်နိုင်ရန်မှာမူ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤပြဿနာကို ခွန်အားသုံး၍ဖြေရှင်းခြင်းကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်၏။
ထိုအချိန်တုန်းက တင်းမိသားစုထဲရှိ အသန်မာဆုံးမိသားစုဝင်ဖြစ်သော တင်းမူယွင်၏အဘိုး တင်းမော့ယီက သိုင်းကျင့်ကြံနေခဲ့ပြီး ဤအခမ်းအနားမစခင်အထိ သူ့အား လာမနှောင့်ယှက်ကြရန် ညွှန်ကြားထားသဖြင့် ဤပြဿနာက ယခုအချိန်အထိ ကြန့်ကြာနေရခြင်းပင်။
တစ်ကိုယ်တည်းကျင့်ကြံနေရာမှ ထွက်လာသောအခါ တင်းမော့ယီသည် ထိပ်တန်းသိုင်းနတ်ဘုရားအဆင့်သုံးသို့ တက်လှမ်းနိုင်ခဲ့ပြီး သိုင်းကျင့်ကြံရာတွင်လည်း ကြီးမားသောအောင်မြင်မှုကို ရရှိခဲ့သည်။ ထို့နောက် ဒေါသူပုန်ထ၍ ပြိုင်ဘက်မိသားစုနှစ်ခုကို ချေမှုန်းကာ သိုင်းနတ်ဘုရားတစ်ပါးကိုပင် သတ်ပစ်ခဲ့သေးသည်။
အစကမူ ဤအခမ်းအနားပြီးသွားပါက တင်းမူယွင်အစား ဖြေရှင်းချက်တောင်းရန် ကျန်းမုန့်လောင်ကိုသွားရှာဖို့ စီစဉ်ထားခဲ့သည်။ သို့သော် ထင်မှတ်မထားပါဘဲ သူ့အကုသိုလ်ကောင်ကို ထင်ထားသည်ထက်စောပြီး တွေ့လိုက်ရသည်။
"အဘိုး.. သူပါပဲ။ ကျွန်တော်နဲ့ လက်ထောက်အကြီးအကဲကို ဒဏ်ရာရအောင်လုပ်ခဲ့တာ သူပဲ"
တင်းမူယွင် ရုတ်တရက်သတိရလိုက်သည်။ ဤတစ်ခေါက်တွင်တော့ သူတစ်ယောက်တည်းမဟုတ်တော့ပေ။ သူ့အဘိုးကလည်း ဒဏ္ဍာရီလာအဆင့်ရှိသော အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်ပင်။ သူကတော့ဖြင့် ကျန်းမုန့်လောင်ကို မရှုံးနိုင်လောက်ပေ။
ထို့ပြင် သူ့အဘိုးက သိုင်းပညာအဆင့်ချင်းတူသော ဒဏ္ဍာရီအဆင့်သိုင်းပညာရှင်တစ်ယောက်ကို လက်ဝါးသိုင်းတစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့သည့်အဖြစ်ကို သူကိုယ်တိုင် မြင်ထားသည်။ သူ့စိတ်ထဲတွင်မူ သိုင်းနတ်ဘုရားကလွဲလျှင် သူ့အဘိုးက ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ဦးပင် ဖြစ်ချေသည်။
"သြော် ခင်ဗျားက သူ့အဘိုးလား"
ကျန်းမုန့်လောင်၏အကြည့်က ခက်ထန်ပုံပေါ်သော ထိုအဘိုးကြီးဆီသို့ ကျရောက်သွားသည်။
ကျန်းမုန့်လောင်မှာ ထိုလူ၏အတွင်းအားနှင့်ပတ်သက်ပြီး စိတ်မသသက်မသာဖြစ်ပြီး ရွံရှာသောခံစားချက်တစ်မျိုးကို ခံစားမိ၏။ ထိုခံစားချက်က တင်းမိသားစုထဲတွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိစေသည်။
"ခင်ဗျားက သူ့အဘိုးဆိုတော့ ဆုံးဖြတ်ချက်ချတဲ့အလုပ်တွေကို ခင်ဗျားပဲ လုပ်ရတာမလား။ ခင်ဗျားရဲ့မြေးက ကျုပ်နယ်မြေထဲမှာ ပြဿနာလာရှာသွားတယ်။ အခု သူ ကျုပ်ကို ၁၀၀ဘီလီယံ အကြွေးတင်နေပြီ.. မဟုတ်သေးဘူး။ တစ်လစာအတိုးနဲ့ပါပေါင်းလိုက်ရင် ကျုပ် အများကြီးမတောင်းတော့ပါဘူး။ ၁၂၀ဘီလီယံပဲပေးပါ"
"ဒါက မများလွန်းဘူးလား။ ဘယ်အတိုးကများ တစ်လကို ၂၀ရာခိုင်နှုန်းတက်လို့လဲ။ ငွေတိုးချေးစားတဲ့လူတွေတောင် အဲဒီလောက်ငွေမညှစ်ဘူး"
ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များခမျာ ကြက်သေသေကုန်ကြသည်။
ဤလူငယ်လေးသည် တင်းမိသားစုထဲတွင် ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တစ်ယောက်ရှိကြောင်း တကယ်မသိလေဘူးလား။
ဤပိုက်ဆံကို ပြန်ရဖို့မဆိုထားနှင့်။ တင်းမိသားစုထဲရှိ လူနှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ထားခဲ့သည့်လုပ်ရပ်ကြောင့် သူတို့၏စရိုက်အရဆိုလျှင် အသေအကြေတိုက်ပွဲတစ်ခု ဖြစ်ခဲ့ပြီးလောက်ပြီသာ။ သူက အဘယ်ကြောင့််များ အတိုးတောင်းရဲသေးတာလဲ။
"မင်းက အဲဒီလူလား"
တင်းမော့ယီကတော့ ကျန်းမုန့်လောင်ကို ခေါင်းအစ ခြေအဆုံး အကဲခတ်စစ်ဆေးလိုက်သည်။
လက်ထောက်အကြီးအကဲကို သူ့အရှိန်အဝါတစ်ခုတည်းဖြင့် ဒဏ်ရာရအောင် လုပ်နိုင်သည်မှာ ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူတစ်ယောက်မှသာ ဖြစ်မြောက်နိုင်ပေသည်။ သို့သော် ကျန်းမုန့်လောင်က အလွန်ငယ်လွန်းလှ၏။ သူက ဒဏ္ဍာရီလာအဆင့်သို့ မည်သို့ရောက်နိုင်ဦးမည်နည်း။
"သူ့အသက်နဲ့ သိုင်းပညာအဆင့်ကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခုခုများ သုံးထားတာလား"
တင်းမော့ယီ တွေးလိုက်မိသည်။
သို့သော် တွေးကြည့်လေလေ ဤကဲ့သို့သောလူများနှင့် ရင်ဆိုင်ရာတွင် သတိကြီးကြီးထားမှဖြစ်မည်ဟု ထင်လေလေပင်။ တင်းမော့ယီကိုယ်တိုင်လည်း သူ့ကိုယ်သူ သူတော်ကောင်းတစ်ယောက်မဟုတ်ကြောင်း ဝန်ခံပါသည်။ သို့သော် သူ ယနေ့အချိန်အထိ ရှင်သန်ရပ်တည်နိုင်လာသည့် အကြောင်းအရင်းမှာ ကံကောင်းခြင်းကလွဲလျှင် သတိကြီးကြီးထားတတ်သော သူ့အကျင့်ကြောင့်ပင်။
"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ ငါ့မြေးရဲ့ဒဏ်ရာကိုချက်ချင်းကုသပေး။ မဟုတ်လို့ကတော့ မင်းရဲ့ခြေတွေလက်တွေကို ငါ ဖြတ်ပစ်မယ်။ အဲဒါမှ မင်းမသေသေးဘူးဆိုရင်တော့ ငါတို့ ဒီကိစ္စကို မေ့ထားပေးမယ်"
တင်းမော့ယီက သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်၍ ပြင်းထန်လှသော အရှိန်အဝါတစ်မျိုးကို ဖြန့်ကြက်လိုက်သည်။
"ကျုပ်က ခင်ဗျားကို အကျိုးသင့်အကြောင်းသင့်ပြောနေတာလေ။ ခင်ဗျားက ဘာလို့ ညစ်ညစ်ပတ်ပတ်ကစားချင်နေတာလဲ"
ကျန်းမုန့်လောင်ခမျာ ကူကယ်ရာမဲ့စွာဖြင့် သူ့နဖူးသူ ထိလိုက်မိသည်။
"ကောင်းပြီ။ ကျုပ်နားလည်ပြီ။ ခင်ဗျားက တိုက်ခိုက်ချင်တာမလား။ လာလေ"
ကျန်းမုန့်လောင်လည်း လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်၍ တင်းမော့ယီအား လက်ဟန်ပြလိုက်၏။
"ငနာလေး.. မင်းတော့ သေချင်နေတာပဲ"
လူငယ်လေးတစ်ယောက်ဆီက ဤသို့ရန်စခံရသည်မှာ သာမန်သိုင်းပညာရှင်များအတွက်ပင် ခံရခက်လှသည်။ သူ့လို ဒဏ္ဍာရီလာအဆင့် အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်အတွက်ဆိုလျှင် ပို၍ပင်ဆိုးပေလိမ့်မည်။
ကျန်းမုန့်လောင်က ဒဏ္ဍာရီလာအဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်နေခဲ့လျှင်ပင် ထူးခြားလှသည့် သူ့အတွင်းအားနှင့် နည်းစနစ်များကိုတော့ ယှဉ်နိုင်မည်မဟုတ်ပေ။
တင်းမူယွင် ရုတ်တရက်စိတ်လှုပ်ရှားသွားရ၏။ နောက်ဆက်တွဲအလင်းတန်း ခပ်ဖျော့ဖျော့တစ်ခုကို လူတိုင်း မြင်လိုက်ကြရသည်။ ထို့နောက် သူ့ပုံရိပ်က ကျန်းမုန့်လောင်ရှေ့၌ ပေါ်ပေါက်လာသည်။ ထို့ပြင် အနက်ရောင်အတွင်းအားများဖြင့် တောက်ပနေသော သူ့လက်က ယခုတော့ဖြင့် ကျန်းမုန့်လောင်၏ရင်ဘတ်နှင့် တစ်လက်မအကွာသို့ ရောက်နေလေပြီ။
ကျန်းမုန့်လောင်ကတော့ ခပ်ဖွဖွသာပြုံးနေသည်။
"ကောထန်...ငါ့ကို တောင်တန်းနတ်ဘုရားမယ်တော်ရဲ့အစွမ်းကို ထည့်ပေး"
"အုန်း!"
တောင်ထွတ်ကိုပင် ကြေမွစေနိုင်သော လက်ဝါးအတွင်းအားက အဆိပ်ပြင်းသော အတွင်းအားနှင့် ပေါင်းစပ်ပြီး ကျန်းမုန့်လောင်၏ရင်ဘတ်ကို တိုက်ရိုက်ထိမှန်ချိန်မှာ လက်ဝါးသိုင်း၏ လေပြင်းဒဏ်က သူတို့ပတ်ပတ်လည်ရှိ မြေပြင်ကိုပင် အက်ကွဲသွားစေခဲ့သည်။
"ဒီကောင်လေးတော့ ပွဲပြတ်ပြီပဲ!"
"ဒါက.. လွန်ခဲ့တဲ့သုံးရက်တုန်းက လော့ယွင်ဂိုဏ်းခေါင်းဆောင်လည်း ဒီလက်ဝါးသိုင်းကြောင့် သေခဲ့ရတာပဲ။ ဒီရိုက်ချက်တစ်ချက်တည်းနဲ့ သူ့အရိုးတွေအကုန် ကျိုးကြေပြီး ခန္ဓာကိုယ်တစ်ခုလုံး အဆိပ်သင့်သွားလို့ ချက်ချင်းသင်္ဂြိုလ်လိုက်ရတာတဲ့"
"ပြဿနာများတဲ့ ဒီလူတွေနဲ့ လျှောက်ပတ်သက်နေမဲ့အစား ပိုက်ဆံတွေသုံးဖြုန်းနေပြီးတော့ ဘဝကိုပျော်ပါးနေလိုက်တာက ပိုမကောင်းဘူးလား"
ဤလက်ဝါးသိုင်းက ကျန်းမုန့်လောင်၏ရင်ဘတ်ကို တည့်တည့်ထိမှန်သွားလေရာ လူတိုင်းကလည်း သူ့အား မုချသေပြီဟုသာ မှတ်ယူထားကြသည်။
သို့သော် ထိုအချိန်မှာပင် ကျန်းမုန့်လောင်က အိတ်ကပ်ထဲမှ လက်ကို ဆွဲထုတ်၍ ပီကေတစ်တောင့်ကို သူ့ပါးစပ်ထဲသို့ သာမန်ကာလျှံကာ ထိုးထည့်လိုက်၏။
"ခင်ဗျားရဲ့ခွန်အားက ဒီလောက်ပဲရှိတာလား။ ထမင်းမစားထားဘူးလား"
**************