← Chapters

ပေမင်နတ်ဘုရားသိုင်းအကြောင်း မြည်းစမ်းခြင်း

Vol. 26 Ch. 377

ပေမင်နတ်ဘုရားသိုင်းအကြောင်း မြည်းစမ်းခြင်း

Vol. 26 Ch. 377

"မဖြစ်နိုင်တာ.. ဒါက လုံးဝမဖြစ်နိုင်ဘူး"

တင်းမော့ယီခမျာ ထိုအခိုက်အတန့်လေး၌ သူ့လောကအမြင် ပြိုလဲသွားသည့်ဟန်ဖြင့် တည်ငြိမ်အေးဆေးနေသော ကျန်းမုန့်လောင်၏မျက်နှာကို မော့ကြည့်လိုက်မိသည်။

သူ့လက်ဝါးသိုင်းမှာ အလွန်အမင်းပြင်းထန်လှရုံသာမက အစွမ်းထက်လှသော အဖျက်ဓာတ်လည်း ပါဝင်ပေသည်။ ထိုအရာမှာ သိုင်းပညာရှင်တစ်ယောက်၏ အတွင်းအားကိုပင် တိုက်စားပစ်နိုင်ပြီး ထိုအတွင်းအား၏ စွမ်းအင်ကို သိသိသာသာလျော့ကျသွားစေသည်။

ဒဏ္ဍာရီလာအဆင့်နှစ် သို့မဟုတ် အဆင့်သုံးသိုင်းပညာရှင်များပင် ဤမျှပြင်းထန်သောသိုင်းကွက်မျိုးကို ခံစားလိုက်ရပါက သေလျှင်သေ၊ မသေပါက အပြင်းအထန်ဒဏ်ရာရသွားမည်ဖြစ်၏။

သို့သော် သူ့လက်ဝါးသိုင်းက ဓားများနှင့် လှံတံများ မဖောက်ထွင်းနိုင်သော သတ္တုကိုယ်ထည်ကြီးတစ်ခုကို သွားထိမှန်သည့်အလားပင်။ သူ့လက်ဝါးသိုင်း၏ ခွန်အားက ကျန်းမုန့်လောင်၏ခန္ဓာကိုယ်ကို တုတ်တုတ်မျှပင် မလှုပ်စေနိုင်ခဲ့ပေ။

ထို့ပြင် သူ သိပ်ဂုဏ်ယူရပါသော အထူးအတွင်းအား၏ခွန်အားမှာ မမြင်ရသော အလွှာတစ်ခု၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသလို ကျန်းမုန့်လောင်၏ခန္ဓာကိုယ်ထဲသို့ ဖောက်ထွင်းသွားနိုင်ခြင်းမရှိချေ။

"နောက်နှစ်ချက်လောက် ထပ်ရိုက်ကြည့်စမ်းပါ"

ကျန်းမုန့်လောင်က တစ်ဖက်လှည့်၍ တင်းမော့ယီကို ကျောပေးလိုက်သည်။

"သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ?"

သိုင်းပညာရှင်များမှာမူ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေချေသည်။

တင်းမော့ယီမှာ တံခါးပိတ်သိုင်းကျင့်ကြံနေရာမှ ထွက်လာပြီးကတည်းက နာမည်ကြီးဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်များစွာကို စိန်ခေါ်ခဲ့ပြီး ဒဏ္ဍာရီလာအဆင့်လေးသိုင်းပညာရှင်တစ်ယောက်နှင့်ပင် သရေကျခဲ့သည်။ သူ၏ယင်တိုက်စားရေးလက်ဝါးသိုင်းက လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် သိုင်းလောကတစ်ခွင် သတင်းပျံ့သွားခဲ့သည်။

ဤသိုင်းကွက်မှာ ကျန်းမုန့်လောင်၏ခန္ဓာကိုယ်ကို လှုပ်ပင်မလှုပ်စေနိုင်ခဲ့သည့်အပြင် ကျန်းမုန့်လောင်က သူ့အားကျောပေး၍ နောက်နှစ်ချက်လောက် ထပ်ရိုက်ဖို့ပင် ပြောလာသည်။ ဤကဲ့သို့ပမာမခန့်နိုင်သော တောင်းဆိုချက်မျိုးကို ယခင်က တစ်ခါမှ မကြားဖူးပေ။

"ဘုရားရေ ဒါကသေစေနိုင်တဲ့အထိတော့ မဟုတ်ပေမဲ့ တော်တော်စော်ကားမော်ကားနိုင်တဲ့စကားပဲ။ ဒီဟာက ဒဏ္ဍာရီလာအဆင့်သုံးသိုင်းပညာရှင်ကိုတောင် တစ်ချက်တည်းနဲ့ သေစေနိုင်တဲ့ လက်ဝါးသိုင်းလေ။ သူက နှိပ်ပေးနေတယ်လို့များ ထင်နေတာလား"

"သူက တော်တော်မောက်မာတာပဲ။ ဒီလက်ဝါးသိုင်းက အတွင်းအားကိုတောင် တိုက်စားနိုင်တယ်လို့ ငါကြားထားတယ်။ ပထမရိုက်ချက်ကိုတော့ သူ ကာချင်ကာနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒုတိယတစ်ချက်ကိုတော့ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"

"လက်ဝါးသိုင်းကို သူ ခံနိုင်ရည်ရှိခဲ့ရင်တောင် အတွင်းအားတစ်စလေးပဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့ရင် ပွဲချင်းပြီးသေရမှာ"

...

"ကောင်လေး.. မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

သူ့ရိုက်ချက်ကို ခုခံနိုင်ခဲ့သည့်အတွက် ကျန်းမုန့်လောင်၏အတွင်းအားက အလွန်နက်နဲလိမ့်မည်ဖြစ်ကြောင်း တင်းမော့ယီ သိသော်လည်း ခုခံရေးအတွက် အတွင်းအားကို အတင်းထုတ်သုံးလိုက်ရသည်ဖြစ်ရာ နောက်ထပ်ခုခံမှုများကို သေချာပေါက်မလုပ်နိုင်တော့ပေ။

ဤသို့တွေးမိသောအခါ သူ့အတွင်းအားများကို ချက်ချင်းစုစည်းလိုက်၏။ အကယ်၍ ယခင်တစ်ခေါက် တိုက်ခိုက်မှုတုန်းက သူ့အစွမ်းရှစ်ဆယ်ရာခိုင်နှုန်းကိုသာ ထုတ်သုံးခဲ့လျှင် ယခုမူ ခွန်အားကုန်ထုတ်သုံးလိုက်ပါက ဒိုင်နိုဆောတစ်ကောင်ပင် တုံးခနဲလဲသေရပေလိမ့်မည်။

"အုန်း!"

"အုန်း!"

...

လက်ဝါးသိုင်းက လေထဲကိုဖြတ်သန်းသွားချိန်၌ ဖြစ်ပေါ်လာသော ပြင်းထန်လှသည့် ပွတ်တိုက်အားက အသံလှိုင်းများကိုပင် ဖြစ်ပေါ်လာစေသော်ငြား သူ့ရိုက်ချက်မှ ဝါဂွမ်းကို ရိုက်လိုက်သည့်နှယ် အချည်းနှီးဖြစ်နေဆဲပင်။

ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်ထဲတွင် အလွန်ထူးခြားသော အင်အားတစ်ရပ် စီးဆင်းနေပေသည်။ တင်းမော့ယီ၏လက်ဝါးသိုင်းနှင့် သေစေနိုင်လောက်အောင် ပြင်းထန်သော အတွင်းအားတို့က ကျန်းမုန့်လောင်၏ခန္ဓာကိုယ်ထဲသို့ စင်စစ်ဖောက်ဝင်သွားခဲ့သော်လည်း ဤခွန်အားက လက်ဝါးသိုင်း၏ခွန်အားအလုံးစုံကို ပြေပျောက်စေရုံသာမက ထိုအတွင်းအားများကို သန့်စင်ပစ်ပြီး သူ့ကိုယ်ပိုင်အတွင်းအားအဖြစ် ပြောင်းလဲလိုက်ခြင်းပင်။

အပြင်လူများကတော့ ထျန်ရှန်းထုံလောင်၏ အမှတ်သညာသိုင်း၊ အနိဋ္ဌာရှစ်မျိုးနဲ့ ပေါင်းစည်းခြင်းခြောက်သွယ်၊ ကိုယ်ပိုင်ဩဇာသိုင်း၊ သေခြင်းရှင်ခြင်းအဆောင်နှင့် ထျန်ရှန်းလက်ဝါးသိုင်း၊ ပန်းခြွေလက်ဝါးသိုင်းနှင့် ရှောင်ဝူရှန်းသိုင်းတို့ကိုသာ သိကြသည်။

သို့သော် ဤသိုင်းဝတ္ထုများ၏ နောက်ခံဖြစ်ရပ်တွင် ထျန်းရှန်ထုံလောင်ကလည်း ရှောင်ယွင်ဂိုဏ်းသားတစ်ယောက်ပင်။ ဝါအရဆိုလျှင် သူသည် ဂိုဏ်းခေါင်းဆောင်ရှောင်ယောင်ဇီ၏ အစ်မပင်။ ရှောင်ယွင်ဂိုဏ်း၏ နာမည်အကြီးဆုံးသိုင်းက ပေမင်နတ်ဘုရားသိုင်းဖြစ်သည်။ ထိုသိုင်းမှာ ကမ္ဘာပေါ်ရှိ သိုင်းအားလုံးကို နှိမ်နင်းနိုင်ပြီး တစ်ဖက်လူ၏အတွင်းအားကို မိမိအတွင်းအားဖြစ်အောင် စုပ်ယူနိုင်သည်ဟု နာမည်ကြီးသည်။

"တိုက်ကွက်တွေအကုန်လုံးကို သူ တကယ်ခုခံနိုင်တာပဲ"

"သူ့လက်ကိုတောင် ထုတ်မသုံးထားဘူးနော်။ အဲဒီတိုက်ကွက်တွေကို သူ့အတွင်းအားနဲ့ပဲ ပိတ်ဆို့ထားတာ။ သူက ဒဏ္ဍာရီလာအဆင့်ငါးနဲ့အထက်ရှိတဲ့ သိုင်းပညာရှင်များလား"

"ရီထျန်းဂိုဏ်းက ကျန်းရီထျန်းပေါ့။ ငါ အခုမှတ်မိပြီ"

"ဘာကိုကျန်းရီထျန်းလဲ။ သူက ကျန်းမုန့်လောင်ပဲ! ကမ္ဘာ့အချမ်းသာဆုံးလူ.. သူ့မှာ ဘာညီမှမရှိဘူး။ မင်းတို့တွေက ငတုံးတွေလား"

"ဘာ? သူ ဒီလောက်ချမ်းသာနေတာ မအံ့ဩတော့ပါဘူး။ လေယာဉ်တင်သင်္ဘောကိုတောင် ထုတ်လာနိုင်တာ.."

"ဒါပေမဲ့ သူက အသက်နှစ်ဆယ်ဝန်းကျင်ပဲရှိသေးတာမဟုတ်ဘူးလား။ ချမ်းသာကြွယ်ဝမှုက ဒဏ္ဍာရီလာအဆင့်ကိုရောက်အောင် လုပ်ပေးနိုင်တာပဲလား"

"သူ့မိသားစုရဲ့နောက်ခံအင်အားက မှန်းဆလို့မရအောင် ကြောက်ဖို့ကောင်းတာပဲဖြစ်မယ်"

"ဟမ့်! ဘယ်လောက်ပဲအစွမ်းထက်ထက် သိုင်းနတ်ဘုရားနဲ့တော့ ယှဉ်နိုင်မှာလား"

...

"ဆရာ.. ကျုပ်မှာ Net Easeအနှိပ်ခန်းတစ်ခုရှိတယ်။ အနှိပ်သည်တချို့နဲ့ ဝန်ဆောင်မှုတချို့ ထပ်ဖြည့်ဖို့စီစဉ်နေတာလေ။ ခင်ဗျားက နှိပ်နယ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တာပဲ။ ကျုပ်ဆီမှာ ဒါရိုက်တာလာလုပ်မလား။ ခင်ဗျားရဲ့နှိပ်နယ်နည်းတွေကို သင်တန်းပို့ချပေးမယ်ဆိုရင် ခင်ဗျားကို တစ်နှစ်ကိုသန်း၂၀ပေးမယ်လေ။ ဘယ်လိုသဘောရလဲ"

တင်းမော့ယီ ဟောဟဲလိုက်နေသည်ကိုမြင်သောအခါ ကျန်းမုန့်လောင်လည်း တွေဝေတွန့်ဆုတ်သွားရသည်။ အဘိုးကြီးတစ်ယောက်အနေနှင့် ဤမျှများပြားသောတိုက်ခိုက်မှုများကို ပြုလုပ်ရန်မှာ မလွယ်ကူလှပေ။

"မင်းကများ ငါ့ကိုစော်ကားရဲတယ်ပေါ့"

တင်းမော့ယွီသည် ဘယ်တုန်းကများ ဤသို့စော်ကားခံရဖူးခဲ့သလဲ။ သိုင်းလောကတစ်ခွင်ရှိ နာမည်ကြီးဒဏ္ဍာရီလာအရှင်သခင်များပင် သူနှင့် လက်ချင်းဆွဲ၍ နှုတ်ဆက်ပြီးသွားပါက သက်ပြင်းတချချလုပ်ရန်သာ တတ်နိုင်ပေသည်။

အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်က သူ့လက်ဝါးသိုင်းကို နှိပ်နယ်နည်းတစ်ခုဟု သမုတ်နေခြင်းထက် ပိုစိတ်တိုဖို့ကောင်းသောအရာ ရှိပါဦးမလား။

"ကဲ မစ္စတာကျန်းရဲ့ခွန်အားကို မင်း အခုမြင်ပြီလား"

မလှမ်းမကမ်းတွင် ချန်ပင်းယွီက လျိုယွင်ယိကို ပြုံးပြုံးလေး စကားဆိုလိုက်၏။ လျိုယွင်ယိခမျာ ယခုမူ ထိတ်လန့်အံ့ဩနေချေသည်။

တင်းမိသားစုနှင့်ပတ်သက်သော ကိစ္စများအကြောင်း လျိုယွင်ယိလည်း ကြားမိသည်။

တကယ်တမ်းတွင် ဟွာရှားနိုင်ငံရှိ သိုင်းလောကသမိုင်းမှာ အလွန်ရှေးကျသောခေတ်ကတည်းက စတင်ခဲ့သည်။ ထိုအချိန်တုန်းက သိုင်းပညာအကျော်အမော်အမြောက်အများ မွေးဖွားခဲ့ကြသည်။ အကျယ်ချဲ့ပြီးပြောရပါလျှင် ဒဏ္ဍာရီလာလူသားများ နေရာအနှံ့ လျှောက်သွားနေသလိုပင်။ သိုင်းပညာရှင်အရေအတွက်ကား ခွေးများထက်ပင် ပိုများလေသည်။ ဒဏ္ဍာရီလာအဆင့်ကို တက်လှမ်းနိုင်သော သိုင်းပညာရှင်များကလည်း မနည်းမနောပင်။

သို့သော် အမည်မသိအကြောင်းပြချက်တချို့ကြောင့် ရှေးဟောင်းသိုင်းလောကမှာ တဖြည်းဖြည်းယိုယွင်းလာခဲ့သည်။ သိုင်းပညာရှင်များ၏ အမွေအနှစ်အမြောက်အများလည်း အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားရလေသည်။

လက်ကျန်သိုင်းမိသားစုများနှင့် ဂိုဏ်းများမှာမူ ခေတ်ကာလအပိုင်းအခြားအလိုက် ထိုခေတ်တုန်းက အမွေအနှစ်များ၏ အစအနလေးများကိုသာ အမွေဆက်ခံနိုင်ခဲ့သည်။ အခြားသူများကမူ ထိုခေတ်တုန်းက စွမ်းအားရှင်များ ချန်ရစ်ခဲ့သော အမွေအနှစ်များကို မတော်တဆရှာဖွေတွေ့ရှိခဲ့ကြ၏။

လွန်ခဲ့သည့်နှစ်နှစ်တုန်းက တင်းမိသားစုသည် ထိုခေတ်တုန်းက ကျင့်ကြံသူတစ်ယောက် ချန်ထားရစ်ခဲ့သော အမွေအနှစ်တချို့ကို တည်နေရာတစ်ခု၌ ရှာဖွေတွေ့ရှိခဲ့သည်။ အမွေအနှစ်ထဲမှ တွေ့ရှိခဲ့သော ဤစိတ်စွမ်းအင်သိုင်းများမှာ သူတို့မိသားစုကျင့်ကြံနေသော အတွင်းအားသိုင်းများနှင့် ကိုက်ညီလှပေသည်။ ထို့ကြောင့် ဤအမွေအနှစ်များကို ကျင့်ကြံပြီး တင်းမိသားစု တိုးတက်လာခဲ့ခြင်းပင်။

ယခုမူ သိုင်းလောကထဲရှိ ဒဏ္ဍာရီလာအဆင့် ဆရာသခင်များအကြား တင်းမော့ယီက အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလေပြီ။ သို့သော် ဤမျှအစွမ်းထက်လှသူတစ်ယောက်က အစွမ်းကုန်ထုတ်သုံးထားပါသည့်တိုင်း ကျန်းမုန့်လောင်ကို တုတ်တုတ်လှုပ်အောင်ပင် မလုပ်နိုင်သည်မှာ မယုံကြည်နိုင်စရာပင်။

"မစ္စတာကျန်းက ဘယ်အဆင့်အထိများ ရောက်နေပြီလဲ"

ကျန်းမုန့်လောင်အပေါ်ထားသော လျိုယွင်ယိ၏အမြင်ကား လုံးဝပြောင်းလဲသွားလေပြီ။

လက်ဝါးသိုင်းပေါင်းများစွာဖြင့် ဆက်တိုက်ပစ်ခတ်ခံရပြီးလျှင် ဒဏ္ဍာရီလာအဆင့်ငါးရှိသော သိုင်းပညာရှင်များပင် ခံနိုင်ရည်ရှိမည်မဟုတ်။ သို့သော် သူကတော့ဖြင့် ဘာမှမဖြစ်သည့်အလား မရိုမသေမှတ်ချက်များသာ ပေးနေချေသည်။ ဤသည်မှာ သူ၏နားလည်နိုင်စွမ်းကို ကျော်လွန်သွားလေပြီ။

"အခု မစ္စတာကျန်းထုတ်ပြလိုက်တာက အကင်းပဲရှိသေးတယ်"

ချန်ပင်းယွီ ထိုသို့ဆိုလိုက်၏။

"ဒါပေမဲ့ မစ္စတာကျန်းက ခံစစ်ပဲလုပ်ပြီး တိုက်စစ်မဆင်တတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ တင်းမော့ယီတော့ ကံဆိုးတာပဲ"

...

"ဒီသိုင်းက တကယ်ပဲ ဘာသိုင်းပါလိမ့်"

တင်းမော့ယီ၏နဖူးထက်တွင် ချွေးစေးများ ပြန်လာချေသည်။

"အပူအပင်ကင်းတဲ့ဂိုဏ်းက ပေမင်နတ်ဘုရားသိုင်းလေ။ ထပ်သိချင်သေးလား"

"ငါ့ကို ငတုံးများမှတ်နေလား။ ဒီလိုလုပ်ကြံဇာတ်လမ်း‌မျိုးက သုံးနှစ်သားကလေးကိုတောင် လှည့်စားလို့မရဘူး"

"ဪ အဲဒီလိုလား"

ကျန်းမုန့်လောင် လှောင်ပြုံးပြုံးလိုက်လေသည်။

ကျန်းမုန့်လောင်၏အမူအရာကို တင်းမော့ယီ မြင်သောအခါ ချောက်ချားဖွယ်ကောင်းသော ခံစားချက်တစ်ခုက သူ့နှလုံးသားထဲမှ ရုတ်ခြည်းလှိုက်တက်လာသည်။ သူ့လက်ဝါးသိုင်းကို ကျန်းမုန့်လောင်ထံမှ ပြန်ရုပ်သိမ်းရန် ကြိုးစားလိုက်သောအခါ ကျန်းမုန့်လောင်၏ခန္ဓာကိုယ်မှထ ထုတ်လွှတ်နေသည့် ခုခံ၍မရနိုင်သော ဆွဲငင်အားတစ်ခုကို အံ့အားသင့်ဖွယ် ခံစားလိုက်မိသည်။

"ငါ့..ငါ့အတွင်းအားတွေ!"

ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်က ရေစုပ်စက်တစ်ခုအလား သူ့ခန္ဓာကိုယ်ထဲမှ အတွင်းအားများကို အသည်းအသန်စုပ်ယူနေကြောင်း သိလိုက်ရသောအခါ တင်းမော့ယီ လန့်ဖျပ်သွားချေသည်။ ထိုဆွဲငင်အားကြောင့် သူ့မျက်နှာကလည်း တွန့်ရှုံ့သွားရလေတော့သည်။

ဒဏ္ဍာရီလာအဆင့်သုံး၊ ဒဏ္ဍာရီလာအဆင့်နှစ်၊ ဒဏ္ဍာရီလာအဆင့်တစ်…

အသက်တစ်ရှူတစ်ရှိုက်စာအတွင်းမှာပင် တင်းမော့ယီ၏အဆင့်မှာ ဒဏ္ဍာရီလာအဆင့်မှ သာမန်မဟာသခင်အဆင့် သိုင်းပညာရှင်အဖြစ်သို့ ကျဆင်းသွားရလေသည်။

"သေလိုက်ပါတော့။ ဒီအတွင်းအားက ရွံဖို့ကောင်းလိုက်တာ။ အော်ဂလီဆန်လိုက်တာ"

ကျန်းမုန့်လောင်လည်း ပေမင်နတ်ဘုရားသိုင်းကို အသုံးပြုနေခြင်းအား ရပ်တန့်လိုက်သည်။ တင်းမော့ယီခမျာလည်း ဓာတ်လိုက်သွားသည့်အလား လွင့်ထွက်သွားရသည်။ ထိုအချိန်တွင် သူ့သိုင်းပညာအဆင့်က မဟာသခင်အဆင့်ရှစ်သိုင်းပညာရှင်မျှသာ ဖြစ်သွားရှာသည်။

"မင်း..မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"

ဤသည်မှာ သူ နှစ်နှစ်လောက်ကျင့်ကြံထားရသော အတွင်းအားများပင်။ မရေမတွက်နိုင်သော စွမ်းအင်များနှင့် စည်းစိမ်များကိုလည်း သုံးစွဲထားရသည်။

"ပေမင်နတ်ဘုရားသိုင်းကို ခင်ဗျား အယုံအကြည်မရှိဘူးလို့‌ ခုနကပြောလိုက်တာမဟုတ်ဘူးလား"

ကျန်းမုန့်လောင်ကလည်း ပခုံးတွန့်လျက် အမှုမထားဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ကိုင်း အခုယုံပြီလား"

*************

All Chapters