← Chapters

ကျုပ် ခင်ဗျားကိုမသတ်ပါဘူး အရှက်ပဲခွဲမှာ

Vol. 26 Ch. 378

ကျုပ် ခင်ဗျားကိုမသတ်ပါဘူး အရှက်ပဲခွဲမှာ

Vol. 26 Ch. 378

"အဘိုး!"

"အကြီးအကဲ"

တင်းမိသားစုဝင်များမှာ အလျင်အမြန်ဝိုင်းအုံလာပြီး တင်းမော့ယီကို ထူမပေးလိုက်ကြသည်။

"အကြီးအကဲ... ခင်ဗျား..."

တင်းမိသားစု၏ အကြီးအကဲချုပ်ကလည်း ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောင်ဖြစ်၏။ တင်းမော့ယီ၏ အတွင်းအားကျင့်ကြံစဉ်က ဒဏ္ဍာရီလာအဆင့်သုံးမှ မဟာသခင်အဆင့်ရှစ်သို့ အံ့ဖွယ်ကောင်းအောင် ကျဆင်းသွားကြောင်း သူ ချက်ချင်းသတိထားလိုက်မိသည်။

ရှေးဟောင်းသိုင်းပညာကို ကျင့်ကြံခြင်းမှာ လူသားများ၏အလားအလာကို ကျော်လွန်ခြင်းလုပ်ငန်းစဉ်တစ်ခုပင်။ ဤလုပ်ငန်းစဉ်အတောအတွင်း လူသားဗီဇများက ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့ရပြီး ခွန်အားဆိုသည်မှာ ဤမျိုးရိုးဗီဇပြောင်းလဲမှုမှ ဆောင်ကြဉ်းလာသော တစ်ဆင့်ခံသက်ရောက်မှုတစ်ခုမျှသာ။

လူတစ်ယောက်အနေနှင့် ဒဏ္ဍာရီလာအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါက အနည်းဆုံး လူသားတစ်ယောက်၏သက်တမ်းမှာ နှစ်၁၅၀ကျော်မှ နှစ်၂၀၀ကျော်အထိ မြင့်တက်သွားနိုင်သည်။ ထို့ကြောင့် မဟာသခင်အဆင့် သိုင်းပညာရှင်များက သူတို့တစ်ဘဝလုံးကိုမြှုပ်နှံပြီး ဒဏ္ဍာရီလာအဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားကြခြင်းပင်။

ဒဏ္ဍာရီလာအဆင့်မှ မဟာသခင်အဆင့်သို့ ကျဆင်းခြင်းမှာ သိုင်းပညာရှင်တိုင်းအတွက်တော့ အိပ်မက်ဆိုးတစ်ခုထက်ပင် ပိုကြောက်ဖို့ကောင်းလှသည်။

"သူ ငါ့ခန္ဓာကိုယ်ထဲက အတွင်းအားတွေအကုန်လုံးကို စုပ်ယူသွားပြီ"

ထိုအချက်ကို သူ ဝန်မခံချင်ပါသော်ငြား အမှန်တရားကိုမူ တင်းမော့ယီ ရင်ဆိုင်မှဖြစ်ချေမည်။ လွန်ခဲ့သည့်နှစ်နှစ်ကျော်အတွင်း သူကြိုးစားထားရသမျှဟာ သဲထဲရေသွန်ဖြစ်ရလေပြီ။

"ဒါက ဘယ်လိုသိုင်းမျိုးလဲ။ သူများရဲ့အတွင်းအားကို စုပ်ယူနိုင်တဲ့သိုင်းမျိုး ငါ တစ်ခါမှမကြားဖူးဘူး"

အကြီးအကဲချုပ်က ကျန်းမုန့်လောင်အား ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်လိုက်မိသည်။ ဒဏ္ဍာရီလာအဆင့်သုံးရှိသော သူတို့၏မိသားစုအကြီးအကဲ၏ အတွင်းအားများကိုတောင် ကျန်းမုန့်လောင်က စုပ်ယူနိုင်ခဲ့ပါလျှင် သူ့ကံကြမ္မာမှာ ပို၍ပင် ဆိုးဝါးပေလိမ့်မည်။

"ဒီနည်းစနစ်က ပေမင်နတ်ဘုရားသိုင်းလို့ သူ ခုနကပြောလိုက်တယ်"

"ပေမင် နတ်ဘုရားသိုင်း? ဒါပေမဲ့ အဲဒါက ဝတ္ထုထဲက သိုင်းကွက်ကြီးမဟုတ်လား"

"ဟုတ်တယ်။ သူက ကျန်းရီထျန်းနဲ့ ရီထျန်းဂိုဏ်းဆိုတဲ့ နာမည်တွေကိုတောင် လုပ်ကြံဖန်တီးသေးတာပဲ။ သိုင်းနာမည်ကို လုပ်ကြံဇာတ်ခင်းတာက ဘာထူးဆန်းလို့လဲ"

တင်းမော့ယွီခမျာ ပြင်းထန်လှစွာသော နာကျင်မှုကို အံတုရင်း ပြောလိုက်၏။

"ကြည့်ရတာတော့ ရှေးခေတ်တုန်းက အစွမ်းထက်ရှေးဟောင်းသိုင်းတစ်ခုခုကို မတော်တဆရခဲ့ပုံပဲ"

"တစ်ဖက်လူရဲ့အတွင်းအားကို စုပ်ယူနိုင်တဲ့ သိုင်းပညာဆိုတာ အရမ်းကြောက်ဖို့ကောင်းတာပဲ..."

ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များလည်း တင်းမော့ယွီ၏ကျင့်ကြံစဉ် ပြောင်းလဲသွားကြောင်း သတိထားမိလိုက်ကြသည်။ သူ့ကံဆိုးမှုမှတစ်ဆင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟူသော ဤလူငယ်လေးအကြောင်း သူတို့ သိလိုက်ရသည်။

"တင်းမော့ယီက တကယ်ရှုံးသွားတာပဲ..."

"အတွင်းအားကိုစုပ်ယူနိုင်တဲ့ နည်းစနစ်တစ်ခုတဲ့လား။ သူ ဘယ်လိုသိုင်းမျိုးကို ကျင့်ကြံတာပါလိမ့်"

"သူက အခုမှ အသက်နှစ်ဆယ်ပဲရှိသေးတယ်။ နောက်ထပ်နှစ်နည်းနည်းလောက်နေရင် သိုင်းနတ်ဘုရားတောင် သူ့ကို ဖိနှိပ်ထားနိုင်မှာမဟုတ်လောက်ဘူး"

"ရီထျန်းဂိုဏ်းက ဒီတစ်ခေါက် တပည့်လက်ခံမလားမသိဘူး"

"သေစမ်း! ဟုတ်သားပဲ! ရီထျန်းဂိုဏ်းကို ကျန်းမုန့်လောင်က အခုမှတည်ထောင်ထားတာဆိုတော့ ရှေးဟောင်းသိုင်းပညာအဖွဲ့အစည်းမှာတောင် စာရင်းမသွင်းရသေးဘူး။ ဂိုဏ်းသားတွေလည်း အများကြီးမရှိသေးဘူးဆိုတော့ အဲဒီဂိုဏ်းထဲကိုဝင်မဲ့လူတွေ တန်းစီနေတော့မှာပဲ"

...

ထျန်းရှန်ထုံလောင်၏အစွမ်းအာနိသင် ပျက်ပြယ်သွားချိန်တွင် ကျန်းမုန့်လောင်လည်း မူလအဆင့်သို့ ပြန်ရောက်လာသော်ငြား အစတုန်းက အဆင့်ခုနစ်သာရှိထားသော သူ့ခွန်အားက အဆင့်ရှစ်သို့ရောက်သွားကြောင်း သိလိုက်ရ၏။

တကယ်တမ်းတွင် တင်းမော့ယီထံမှ ကျန်းမုန့်လောင်စုပ်ယူလိုက်သော အတွင်းအားများမှာ သာမန်သိုင်းပညာရှင်တစ်ယောက်ကို အဆင့်ခုနစ်မှ အဆင့်ရှစ်သို့ အကြိမ်ပေါင်းများစွာ တက်လှမ်းသွားနိုင်စေရန် လုံလောက်နေပြီဖြစ်၏။ သို့သော် ကျန်းမုန့်လောင်၏အတွင်းအားက မည်မျှသန့်စင်လေသလဲ။

သူ့အတွက်တော့ တင်းမော့ယီ၏အတွင်းအားက အမှိုက်တစ်စလိုပင်။ အကြိမ်ပေါင်းများစွာသန့်စင်ပြီးမှသာ သူ့အတွင်းအား၏ သန့်စင်မှုနှင့် ကိုက်ညီတော့သည်။ ထိုအတွင်းအားကို သူ့ခန္ဓာကိုယ်ထဲတွင် အကြိမ်အနည်းငယ်ခန့် လည်ပတ်စေပြီးနောက်မှသာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။

ထိုသို့ဆိုလျှင်ပင် ဤအမြတ်ကား အလွန်များပြားလှသည်ဖြစ်ရာ အနည်းဆုံး တစ်ပတ် သို့မဟုတ် နှစ်ပတ်စာကျင့်ကြံချိန်ကို ဖာထေးပေးနိုင်သည်။

"လာ ထပ်တိုက်ခိုက်လိုက်ရအောင်"

အကျိုးအမြတ်ကို ခံစားဖူးစရှိသွားပြီဖြစ်သော ကျန်းမုန့်လောင်လည်း သူ့အား သိပ်မကြာခင်မှာပင် ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်စစ်စစ်တစ်ယောက် ဖြစ်လာစေနိုင်မည့် အတွေ့အကြုံမျိုးကို ထပ်ခံစားချင်နေပေသည်။

ကျန်းမုန့်လောင်၏ခွန်အားကို မြင်လိုက်ရသောအခါ တင်းမိသားစုဝင်များလည်း မလှုပ်ရဲကြတော့ချေ။ သူတို့ဘက်က လှုပ်ရှားရဲလျှင် ရူးနေမှသာ ဖြစ်နိုင်ပေမည်။ ခက်ခက်ခဲခဲစုဆောင်းထားရသော မိမိ၏အတွင်းအားကို တခြားသူအား ပေးပစ်ဖို့ မည်သူကများ လိုလားမည်နည်း။

"လူတွေက တိုက်ခိုက်သတ်ဖြတ်ရတာကို ဘာလို့များ တအားသဘောကျနေကြတာလဲ။ အကြွေးပြန်ဆပ်ရုံလေးပဲ မဟုတ်ဘူးလား။ ခင်ဗျားရဲ့မြေးက ကျုပ်ဆီမှာ အကြွေးတင်ထားတဲ့အတွက် ပြန်ဆပ်ရမယ်။ တစ်လကျော်သွားပြီဆိုတော့ အတိုးလည်း သေချာပေါက်ပါရမှာပေါ့။ ကျုပ်ဘက်က အကျိုးသင့်အကြောင်းသင့်ပြောနေတာနော်။ ဒါပေမဲ့ ခင်ဗျားကတော့ ညစ်တီးညစ်ပတ်နည်းလမ်းနဲ့ ဖြေရှင်းချင်ခဲ့တာ"

ကျန်းမုန့်လောင်က တရားနည်းလမ်းတကျ ပြောလိုက်သည်။

"ကျန်းမုန့်လောင်.. ငါက မင်းကို အကြွေးတင်နေတယ်တဲ့လား။ ဒါ နေ့ခင်းကြောင်တောင်ဓားပြတိုက်နေတာပဲ"

တင်းမူယွင်က ကျန်းမုန့်လောင်အား ဒေါသတကြီးစိုက်ကြည့်လိုက်၏။

"အားလုံးပဲ..ကြည့်ကြပါဦး အားလုံးပဲ! ကြည့်ကြပါဦး"

ကျန်းမုန့်လောင် အသံမြှင့်လျက် ပြောလိုက်သည်။

"သူတို့က အခုထိ အကျိုးသင့်အကြောင်းသင့်မပြောကြသေးဘူး။ ခင်ဗျားတို့ပဲ ဆုံးဖြတ်ပေးကြတော့။ ကျုပ် ကျန်းနန်မြို့ရဲ့ဆင်ခြေဖုံးဘက်မှာ မြေတစ်ကွက်ဝယ်ထားတယ်။ မြေယာဗျူရိုကလည်း ကျုပ်ကို မြေယာပိုင်ဆိုင်ခွင့်နဲ့အသုံးပြုခွင့်ကို ခွင့်ပြုမိန့်ချပေးထားပြီးသား။ ဒီတော့ အဲဒီမြေကို ကျုပ်ပိုင်တယ်မလား"

လူအုပ်ကြီးကလည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြကြသည်။ အစိုးရက မြေယာပိုင်ဆိုင်ခွင့်နှင့် အသုံးပြုခွင့်ကို ခွင့်ပြုပေးထားသည့်အတွက် ထိုမြေယာ၏ပိုင်ဆိုင်မှုမှာ ငြင်း၍မရနိုင်ချေ။

"ဒီတော့ ကျုပ်ရဲ့မြေကွက်ပေါ်မှာ နေထိုင်ပြီး ကာကွယ်စောင့်ရှောက်ခပေးထားတဲ့လူတွေကို ကျုပ် ကာကွယ်ပေးရမယ်မဟုတ်လား"

သိုင်းပညာရှင်များကလည်း တစ်ဖန်ခေါင်းညိတ်ပြလိုက်ပြန်သည်။ ဤအချက်မှာ တရားဝင်ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း ကာကွယ်စောင့်ရှောက်ခ ကောက်ခံခြင်းမှာ သိုင်းလောကထဲတွင် သာမန်ပင်ဖြစ်၏။ တစ်ဖက်လူက ကိုယ့်နယ်မြေထဲ၌ ကာကွယ်စောင့်ရှောက်ခပေးထားလျှင် ကိုယ်ကလည်း သူ့ကို ကာကွယ်ပေးမည်သာ။ ဤသည်မှာ ဧကန်မုချပင်။

"ဒါဆို ကျုပ်ရဲ့ပိုင်နက်ထဲကို သူ့လူတွေနဲ့အတူ ကျူးကျော်ဝင်ရောက်ပြီး ကျုပ်လူတွေကို အနိုင်ကျင့်တဲ့အပြင် ကျုပ်နယ်မြေထဲက ပန်းတွေကိုပါ ဖျက်ဆီးခဲ့တဲ့ ဒီတင်းမူယွင်ကို အဲဒီကိစ္စတွေအတွက် ကျုပ် လျော်ကြေးမတောင်းသင့်ဘူးလား"

"ဒါက အမှန်ပဲလေ"

ဤသဘောတရားမှာ နားထောင်ကြည့်လိုက်တော့လည်း ကျိုးကြောင်းသင့်ပြီး ပြစ်ချက်ကင်းပေသည်။

"သူပြောတဲ့ပေါက်ကရတွေကို နားမယောင်ကြနဲ့"

တင်းမူယွင် ပြောလိုက်လေသည်။

"ငါတို့ဘက်က မှားခဲ့တယ်ဆိုတာတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ စိတ်ထိခိုက်နစ်နာမှု၊ ဆေးကုသစရိတ်နဲ့ ကားပါကင်ကြေးတွေအတွက် တစ်ရာဘီလီယံတောင်းတယ်ဆိုတာ ကြားဖူးကြလား"

"၁၀၀ဘီလီယံ?"

"သေစမ်း! ဒါက နေ့ခင်းကြောင်တောင်ဓားပြတိုက်နေတာပဲ"

"သိပ်မိုက်တယ်ဟေ့"

"ကြည့်ရတာတော့ ဒါက တော်တော်များသလိုပဲ..."

"ယုံကြည်မှုရှိစမ်းပါ။ "ကြည့်ရတာတော့"ကိုဖြုတ်လိုက်"

"ဒါပေမဲ့ ငါသာဆိုရင် တစ်ယောက်ယောက်က ငါ့နယ်မြေထဲမှာ ငါ့လူတွေကို လာအနိုင်ကျင့်ရင် ဒီထက်ပိုပြီးတောင်းမိမယ်ထင်တယ်"

...

"ဘာဖြစ်တာလဲ။ ခုနတုန်းကပဲ ခင်ဗျားတို့တွေ သိပ်မာန်တက်နေကြတာမဟုတ်ဘူးလား။ ဇာတ်ကြမ်းခင်းလို့မရတော့ အခု ကျိုးကြောင်းဆီလျော်မှုနဲ့ တိုက်ခိုက်မယ်ပေါ့"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"ကျုပ်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပါ။ ခင်ဗျားတို့ ကြိုက်တဲ့လူ သွားမေး။ ကျုပ်အတွက်တော့ အမေရိကန်ဒေါ်လာကိုမှ ပိုက်ဆံလို့မြင်တာ။ အခုတောင်းထားတာက ယွမ်တစ်ရာဘီလီယံပဲ ရှိသေးတာ။ ဒါ တော်တော်လျှော့ပေးထားတာနော်"

"ဒါတော့ အမှန်ပဲ"

ချန်ပင်းယွီက လျိုယွင်ယိကို တီးတိုးကပ်ပြောလိုက်သည်။

"မင်းကတော့မသိလောက်ဘူး။ တစ်ခါတုန်းက နိုင်ငံခြားပြိုင်ကားသမားတွေ မစ္စတာကျန်းကို လာစိန်ခေါ်တုန်းက သူက လောင်းကြေးကို ဒေါ်လာ၁၀ဘီလီယံလို့ သတ်မှတ်ခဲ့တာ။ အဲဒီထက်နည်းရင် လှည့်တောင်မကြည့်ဘူး"

"ဒါပေမဲ့ ဆရာတူအစ်မ မစ္စတာကျန်း အခုလုပ်နေတာက ပြဿနာမဖြစ်လာနိုင်ဘူးလား"

လျိုယွင်ယိ အနည်းငယ်စိတ်ပူမိသည်။

"စိတ်မပူနဲ့။ တင်းမိသားစုဆိုတာက မစ္စတာကျန်းရဲ့ရေဒါပေါ်ကိုတောင် မရောက်တဲ့ မိသားစုသေးသေးလေးတစ်ခုပါ"

သိုင်းပညာကျောင်းတော်၏ ဆရာရှုန်းပါ့က ဒဏ္ဍာရီလာအထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားကြောင်း ချန်ပင်းယွီ သိသည်။ ထိုကဲ့သို့သော ခွန်အားမျိုးနှင့်ဆိုပါက သိုင်းနတ်ဘုရားတစ်ပါးပင် ကျန်းမုန့်လောင်ကို ခြောက်လှန့်နိုင်မည်မဟုတ်ချေ။ ဤဆရာများက ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲမှ ထွက်ခွာ၍မရကြောင်းကိုမူ သူ(မ)မသိပေ။ သို့မဟုတ်ပါက သူ(မ) ဤမျှအထိ ယုံကြည်မှုပြည့်ဝနေမည်မဟုတ်ပေ။

ကျန်းမုန့်လောင်က တင်းမိသားစုဝင်များကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ဝေ့ကြည့်လိုက်သည်။

"ဒါပေမဲ့ ကျုပ်ကတော့ အခု ခင်ဗျားတို့နဲ့ အကျိုးသင့်အကြောင်းသင့်မပြောချင်တော့ဘူး။ လူမိုက်လုပ်တမ်းပဲ ကစားချင်တော့တယ်။ ခုနတုန်းက ခင်ဗျား ကျုပ်ကို လက်ဝါးရိုက်ချက်၁၇ချက် ပစ်ခဲ့တယ်။ တစ်ချက်ချင်းစီအတွက် ၁၀ဘီလီယံဆိုရင် စုစုပေါင်း၁၇၀ဘီလီယံရမယ်။ မူရင်းအကြွေးနဲ့ပေါင်းရင် ၁.၂ထရီလီယံ.. အနီးစပ်ဆုံးယူရင် ၃ထရီလီယံ!"

"အဟွတ် အဟွတ် အဟွတ်"

ထိုကိန်းဂဏန်းကိုကြားလိုက်ရချိန်ဝယ် လူတော်တော်များများ ဆို့နင့်သွားရသည်။ အနီးစပ်ဆုံးယူလိုက်သည့် ပမာဏကပင် ၁၀၀ဘီလီယံထပ်ဖြည့်လိုက်ပေသည်။ ဤသည်မှာ အနိုင်ကျင့်ရမ်းကားနေခြင်းပင်။

"ကျန်းမုန့်လောင် ငါတို့က မင်းလောက် အစွမ်းမထက်ပါဘူး။ မင်းသတ်ချင်ရင်လည်း သတ်လိုက်။ တင်းမိသားစုဝင်တွေက ငကြောက်တွေမဟုတ်ဘူး"

အသက်ခုနစ်ဆယ်ကျော်ပြီဖြစ်သော တင်းမော့ယီမှာ အခက်အခဲပေါင်းများစွာကို ကြုံတွေ့ဖြတ်သန်းဖူးသည်ဖြစ်ရာ အလွန်စိတ်ခိုင်လှသည်။

"အဆုံးကျရင် သူတို့အဆုံးသတ်မလား။ ငါတို့အဆုံးသတ်မလားဆိုတာပဲကွာတာ"

တင်းမိသားစုအကြီးအကဲများမှာ ကျန်းမုန့်လောင်ရှေ့တွင် မားမားမတ်မတ်ရပ်ကာ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေကြသည်။

"ခင်ဗျားတို့ကိုသတ်ရမှာလား"

ကျန်းမုန့်လောင်လည်း ကစားစရာဗုံလေးတစ်လုံးအလား ခေါင်းတခါခါလုပ်လိုက်သည်။

"ကျုပ်က အဲဒီလိုလူစားမျိုးမဟုတ်ဘူး။ ဥပဒေကို လေးစားလိုက်နာတဲ့ လူတစ်ယောက်ပဲ။ ကျုပ်က ဘယ်လိုလုပ်ပြီး လူသတ်နိုင်မှာတဲ့လဲ"

"မင်း သောက်ကျိုးနည်း ဘာလိုချင်တာတုန်း"

"ခင်ဗျားကိုသတ်မှာတော့ မဟုတ်ဘူး။ ပိုက်ဆံမပေးဘူးဆိုရင် ကျုပ် ခင်ဗျားကို အရှက်ခွဲပစ်မှာ"

**************

All Chapters