ခင်ဗျားက ခွေးတစ်ကောင်နဲ့တောင် မယှဉ်နိုင်ဘူးပဲ
Vol. 26 Ch. 379
"ကျုပ်သိပါတယ်။ ၃၀၀ဘီလီယံကို ငွေသားနဲ့ထုတ်ဖို့ဆိုတာ ခင်ဗျားအတွက် ခက်ခဲနိုင်တယ်ဆိုပေမဲ့ ကျုပ်ကလည်း ငွေမက်တဲ့လူမဟုတ်ပါဘူး"
"ဒါဆို မင်းဘာလိုချင်တာလဲ"
တင်းမိသားစုဝင်များမှာ ကျန်းမုန့်လောင်ကို ငေးကြည့်နေကြသည်။
"အိမ်ခြံမြေတွေ၊ ဇိမ်ခံပစ္စည်းလုပ်ငန်းတွေ၊ ဉာဏလုပ်ငန်းပိုင်ဆိုင်ခွင့်၊ ကုမ္ပဏီရှယ်ယာတွေ.. ဘယ်ဟာပဲဖြစ်ဖြစ် လက်ခံတယ်။ ၃၀၀ဘီလီယံပြည့်ရင်ပြီးရော။ ဒီနေ့တင် ပြဿနာကို အပြတ်ဖြတ်လိုက်ကြတာပေါ့။ အဲဒီငတုံးကောင် တင်းမူယွင်ဆီက သေခြင်းရှင်ခြင်းအဆောင်ကိုလည်း ဖယ်ပေးမယ်။ ဘယ်လိုလဲ"
"သေစမ်း!"
ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များမှာ အံ့သြမှုကြောင့် ပင့်သက်ရှိုက်လိုက်မိကြသည်။ ကျန်းမုန့်လောင်က သူငွေမမက်ကြောင်း ပြောလာစဉ်က ကြီးကျယ်ခမ်းနားသော အကြောင်းပြချက်တစ်ခုခုကို ထုတ်ပြောလာတော့မည်ဟု သူတို့ ထင်ခဲ့မိသည်။ သို့သော် ထိုအရာများကိုတောင်းခြင်းနှင့် ပိုက်ဆံတောင်းခြင်းမှာ ဘာများကွာခြားသွားသလဲ။
လူချမ်းသာများက ငွေမမက်ဘူးဟု ပြောလာလျှင် ထိုစကားမှာ အရေးမပါသောစကားသာ ဖြစ်၏။
"ကျန်းမုန့်လောင် လွန်မလာနဲ့နော်။ ငါတို့ကိုချောင်ပိတ်ပြီး နှစ်ဖက်စလုံး အကျိုးမရှိတဲ့လုပ်ရပ်မျိုး မလုပ်နဲ့"
တင်းမိသားစု၏ အကြီးအကဲတချို့က စွန့်စားဖို့ အဆင်သင့်ပြင်ထားဟန်ပင်။
အစကတော့ တင်းမိသားစုတွင် အကြီးအကဲနှစ်ယောက်သာ ရှိပြီး နှစ်ယောက်စလုံးမှာ မဟာသခင်အဆင့်သိုင်းပညာရှင်များပင်။ သို့သော် ထိုအမွေအနှစ်ကို သူတို့ရပြီးကတည်းက မိသားစုခေါင်းဆောင်တင်းမော့ယီနှင့် အပြင်းအထန်ဒဏ်ရာရထားသော လက်ထောက်အကြီးအကဲကလွဲလျှင် ကျန်သိုင်းပညာရှင်သုံးဦးလည်း ဒဏ္ဍာရီလာအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ ယခုဆိုလျှင် တင်းမိသားစု၏ခွန်အားမှာ ထိပ်တန်းဂိုဏ်းများနှင့် ယှဉ်ပြိုင်နိုင်သော အရည်အချင်းမျိုးကို ရှိနေလေပြီ။
ကျန်းမုန့်လောင်က တင်းမော့ယီကို အနိုင်ယူလိုက်သည်မှာ မှန်သော်ငြား ကျန်းမုန့်လောင်၏အောင်ပွဲမှာ တစ်ဖက်လူ၏အတွင်းအားကို စုပ်ယူနိုင်သော ပေမင်နတ်ဘုရားသိုင်းကြောင့်ပင်။ သူတို့သုံးယောက်သာ စုပေါင်းတိုက်ခိုက်မည်ဆိုပါက ကျန်းမုန့်လောင်လည်း ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
"ခင်ဗျားတို့က ကျုပ်နဲ့ အသေအကျေတိုက်နိုင်မယ်လို့ ထင်နေတာလား"
ကျန်းမုန့်လောင် သရော်လိုက်လေသည်။ သူသည် ရှုန်းပါ့၏ဂန္ဒဝင်စကားကို ထပ်ဖြည့်ပြောလိုက်၏။
"ကိုင်း.. တကယ့်အထွတ်အထိပ်သိုင်းပညာဆိုတာ ဘာမှန်းသိအောင် ပြရသေးတာပေါ့"
"တိုက်ကြ! သူ့ကို တည်နေရာသုံးခုကနေ တစ်ပြိုင်တည်းတိုက်ကြ! ငါတို့သုံးယောက်စလုံးကို သူတစ်ပြိုင်တည်းခုခံနိုင်မယ်လို့ ငါမယုံဘူး"
ထိုအကြီးအကဲသုံးယောက်လည်း ကြမ်းတမ်းခက်ထန်လှသော ကျားများနှယ် ချီတက်လာပြီးနောက် ကျန်းမုန့်လောင်အား အရပ်မျက်နှာသုံးဖက်မှ ပိတ်ဝိုင်းထားလိုက်သည်။
"ယင်ဓာတ်တိုက်စားရေးလက်သီး!"
"ယင်ဓာတ်တိုက်စားရေးခြေသိုင်း!"
"ယင်တိုက်စားရေးလက်ဝါး!"
အတွင်းအားကျင့်ကြံရေးကျင့်စဉ်အပြင် ဤသိုင်းကျင့်စဉ်များမှာ ထိုအမွေအနှစ်ထဲမှ အစွမ်းအထက်ဆုံးကျင့်စဉ်များ ဖြစ်သည်။ ထိုကျင့်စဉ်သုံးမျိုးစလုံးကို ကျင့်ကြံထားသော တင်းမော့ယီကလွဲ၍ အကြီးအကဲသုံးယောက်ကတော့ တစ်ယောက်ကို တစ်မျိုးစီ ကျွမ်းကျင်တတ်မြောက်ထားကြ၏။ သူတို့၏အာရုံစူးစိုက်မှုကြောင့် တင်းမော့ယီထက်ပင် ပိုကျွမ်းကျင်ပိုင်နိုင်ကြသည်။
မီးခိုးရောင်ခပ်ဖျော့ဖျော့အတွင်းအားသုံးခုက လက်သီးပြင်းအား၊ လက်ဝါးပြင်းအားနှင့် ခြေစွမ်းပြင်းအားများအဖြစ် အသွင်ပြောင်းသွားပြီးနောက် ကျန်းမုန့်လောင်ကို တိုက်ခိုက်လေတော့သည်။ သူတို့၏အတွင်းအားများကို ပျက်ပြယ်စေမည့် ကျန်းမုန့်လောင်၏ ပေါက်တတ်ကရသိုင်းကွက်များကို ထုတ်မသုံးနိုင်စေရန်အလို့ငှာ သူတို့အနေနှင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုများကို ရှောင်နိုင်သမျှ ရှောင်ရှားကြသည်။ အတွင်းအားများကို ပြင်ပသို့ထုတ်လွှတ်ခြင်းမှာ ကုန်ခမ်းမှုများစွာဖြစ်စေသော်လည် ထိုအစွမ်းကမူ အဆပေါင်းများစွာ မြင့်တက်လာနိုင်သည်။
ကျန်းမုန့်လောင် မည်မျှအစွမ်းထက်သလဲဆိုသည်ကို သိထားသောကြောင့် သူတို့လည်း ဘာမှထိမ်ချန်မထားဘဲ သေစေနိုင်သောတိုက်ကွက်များကို အကုန်ထုတ်သုံးလိုက်တော့သည်။
"ကောထန်!"
ကျန်းမုန့်လောင်လည်း ရှုန်းပါ့၏အတွင်းအားများကို ရယူရန်အတွက် ခွန်အားအမှတ်သုံးဆယ်ကို ထပ်သုံးလိုက်ရသည်။ အံ့ဖွယ်ကောင်းလောက်အောင် ပြင်းထန်လှသော အရှိန်အဝါတစ်ခုကြောင့် ပတ်ပတ်လည်ရှိ သိုင်းပညာရှင်များလည်း ချက်ချင်းပင် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်လိုက်ကြရသည်။
"ခုနတုန်းက သူ အစွမ်းကုန်ထုတ်သုံးထားတာ မဟုတ်သေးဘူးပဲ"
"ဒီအရှိန်အဝါကို.. ငါ သိုင်းနတ်ဘုရားဆီကပဲ တွေ့ဖူးခဲ့တာ"
"ဟင့်အင်း.. သိုင်းနတ်ဘုရားတောင်မှ သူ့ထက် ပိုစွမ်းမယ်မထင်ဘူး"
တကယ်တမ်းတွင်မူ သူတို့ထဲကတစ်ယောက်မှ သိုင်းနတ်ဘုရား၏တိုက်ခိုက်မှုကို မမြင်ဖူးကြပေ။ သို့သော် ကျန်းမုန့်လောင်ထုတ်ဖော်ပြသနေသော စွမ်းအားမှာမူ သူတို့မြင်ဖူးသမျှထဲတွင် အားအကောင်းဆုံးပင်။
"ယွမ်တစ်ကျော့ပြန်သိုင်း!"
ကျန်းမုန့်လောင်မှာ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် မမြင်နိုင်သော အကာအကွယ်တံတိုင်းတစ်ခုကို ဖန်တီးရန်အတွက် သူ့အတွင်းအားကို ထုတ်သုံးလိုက်၏။ ပေါက်ကွဲထွက်လာသော အတွင်းအားသုံးခုမှာ ထိုတံတိုင်းကိုထိမှန်ပြီး ဘာလှိုင်းဂယက်မှ မထစေနိုင်ခဲ့ချေ။
"ပြိုင်ဘင်ကင်းသိုင်းပညာအစစ်က ဘာာလဲဆိုတာ သေချာကြည့်ပြီး သင်ယူထား"
စောင့်ကြည့်နေကြသည့် လူတိုင်း၏မျက်စိအောက်မှာပင် ကျန်းမုန့်လောင်၏ရုပ်သွင်က သုံးခုကွဲထွက်သွားပြီးနောက် ရုတ်ခြည်းပင် မိုးမြေတစ်ခွင်၌ လျှပ်စီးလျှပ်နွယ်များ ယှက်သန်းလျက် မည်းမှောင်သွားပြီး အပူချိန်လည်း ရုတ်တရက်ကျဆင်းသွားလေသည်။ သူ့ကျင့်ကြံရေးအဆင့်မှာ ရာသီဥတုအခြေအနေကိုပင် ပြောင်းလဲပစ်နိုင်သောအဆင့်အထိ ရောက်နေလေပြီ"
"ဒါက ဘာသိုင်းကျင့်စဉ်ကြီးလဲ?"
"ဟွာရှားမှာ သိုင်းနတ်ဘုရားနဲ့ လုံရှားအဖွဲ့ခေါင်းဆောင်ကလွဲရင် ဘယ်သူမှ သူ့ကိုယှဉ်နိုင်မှာမဟုတ်လောက်ဘူး"
"အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူက ဒီအဆင့်ကို ဘယ်လိုလုပ်ပြီးရောက်နိုင်ခဲ့တာလဲ"
သိုင်းပညာရှင်များအားလုံး ထိတ်လန့်တုန်လှုပ်နေချိန်မှာပင် ကျန်းမုန့်လောင်၏ပုံရိပ်ယောင်ခန္ဓာကိုယ်က လှုပ်ရှားလိုက်၏။
"လေနတ်ဘုရားခြေသိုင်း!"
"ပိုင်ယွင်လက်ဝါးသိုင်း!"
"ကောင်းကင်ဘုံဆီးနှင်းလက်သီး!"
"မြန်လိုက်တဲ့ခြေသိုင်း!"
ပုံရိပ်ယောင်တစ်ခုက လေဟာနယ်ထဲတွင် သွားလာနေသည့်အလား လျှပ်တပြက်လွှားခုန်လိုက်ပြီး တစ်စက္ကန့်အတွင်း ကန်ချက်ပေါင်းဒါဇင်ခန့်ကို ထုတ်လွှတ်နေလေရာ တင်းမိသားစုအကြီးအကဲများခမျာ သူ့အားမတားဆီးနိုင်ဘဲ နောက်ဆုတ်ကြရလေသည်။ သူတို့ခမျာ ပထမဆံးကန်ချက်တစ်ချက်တည်းကိုသာ ပိတ်ဆို့နိုင်ခဲ့ပြီး နောက်ထပ်ဆက်တိုက်ကျရောက်လာသော ကန်ချက်များမှာ မိုးရေစက်များအလားပင်။
"ဒီလက်ဝါးသိုင်းက အရမ်းအစွမ်းထက်တာပဲ"
"ပြီးတော့ အဲဒီလက်သီးချက်က အပူချိန်ကိုပါ ရုတ်တရက်ကျဆင်းစေနိုင်တာလား။ ဒါက ဒဏ္ဍာရီလာအတွင်းအားဂုဏ်သတ္တိများလား"
ခဏအတွင်းမှာပင် ကျန်းမုန့်လောင်ကို ဝိုင်းထားသော တင်းမိသားစု၏ သိုင်းပညာရှင်သုံးယောက်မှာ အရပ်မျက်နှာသုံးဖက်သို့ လွင့်စင်သွားပြီး မြေကြီးပေါ်ကို ပြုတ်ကျလာပြီးနောက် သွေးအန်လေတော့သည်။
"ဟစ်!"
မလှမ်းမကမ်းရှိ လူအုပ်ကြီးထဲတွင် ချန်မိသားစု၏ သိုင်းပညာရှင်များ ရှိနေပေသည်။ ထိုနေ့တုန်းက ဝင်ပေါက်တွင် စောင့်ကြပ်ခဲ့သော လူငယ်လေးလည်း အပါအဝင်ပင်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လွန်ခဲ့သည့်တစ်လတုန်းက သူခံစားခဲ့ရသော အကြောက်တရားကို ရုတ်တရက်ပြန်အမှတ်ရလိုက်၏။ ယခုအထိပင် သူ့ရင်ဘတ်က ခပ်ဖျော့ဖျော့နာကျင်မှုကို ခံစားနေရဆဲပင်။
"အစကတည်းကသာ သူ ဒီစွမ်းအားကို ထုတ်သုံးခဲ့ရင် အခုလောက်ဆိုရင် ငါတို့တစ်မိသားစုလုံး သုတ်သင်ခံနေရလောက်ပြီ"
...
"တောင်တန်းနတ်ဘုရားမရဲ့အစွမ်းကို ပြောင်းမယ်"
ထိုအချိန် ကျန်းမုန့်လောင်၏ခွန်အားအမှတ်များမှာ နှစ်ဆယ်ကျော် လျော့သွားလေပြီ။
သို့သော် ယခုလိုကြွားဝါဝင့်ကြွားပြလိုက်သည်ဖြစ်ရာ အပြန်အလှန်အနေနှင့် ခွန်အားအမှတ်ရာပေါင်းများစွာကို ကျန်းမုန့်လောင် ရထားပြီးဖြစ်၏။ သို့ဖြစ်လေရာ အနှုတ်ခံလိုက်ရသော ထိုအမှတ်ငါးဆယ်ကို သူ နည်းနည်းမှဂရုမစိုက်ချေ။
"ပေမင်နတ်ဘုရားသိုင်း စုပ်ယူပေတော့!"
ကျန်းမုန့်လောင်က ထိုအကြီးအကဲသုံးယောက်အား ဆွဲခေါ်နိုင်သည့် ခွန်အားတစ်ရပ်ကို ထုတ်လွှတ်လိုက်လေရာ သူတို့သုံးယောက်ခမျာလည်း တစ်ဖန်လွင့်ထွက်သွားရပြန်သည်။ ထို့နောက် သူတို့ ခက်ခက်ခဲခဲကျင့်ကြံထားရသော အတွင်းအားများကို သူ့အာဟာရအဖြစ် အကုန်စုပ်ယူပစ်လိုက်၏။
တစ်မိနစ်မပြည့်သေးခင်မှာပင် ထိုသုံးယောက်၏ လက်ကျန်အတွင်းအားများမှာ မဟာသခင်အဆင့်မှာပင် မရှိတော့ချေ။
"ဒီလောက်အစွမ်းအစလေးနဲ့ လေလာကျယ်နေတာပဲ"
ကျန်းမုန့်လောင်က နှုတ်ခမ်းတွန့်လျက် ပြုံးလိုက်မိသည်။ သူတို့သုံးယောက်၏ အတွင်းအားစုစုပေါင်းမှာ တင်းမော့ယွင်၏တစ်ဝက်ပင် မရှိပေ။ ထိုအတွင်းအားများကို သူ့ခန္ဓာကိုယ်ထဲ စီးဆင်းခွင့်ပေးလိုက်ချိန်မှာ လှိုင်းတစ်ခုပင် ရမသွားခဲ့ပေ။
"ထွက်သွားစမ်း!"
ကျန်းမုန့်လောင်က သူ့လက်ကို ပေါ့ပေါ့ပါးပါးလှုပ်ယမ်းလိုက်လေရာ ခွန်အားကုန်ခမ်းလုနီးပါးဖြစ်နေသော အကြီးအကဲသုံးယောက်လည်း တင်းမိသားစုဝင်များရှိရာသို့ ပြန်လွင့်ထွက်သွားပေသည်။
ရက်စက်ကြမ်းကြုတ်လှသော ကျန်းမုန့်လောင်၏နည်းလမ်းများကို စောင့်ကြည့်နေကြသည့် သိုင်းပညာရှင်များခမျာ အရိုးထဲအထိ ကြက်သီးတဖြန်းဖြန်းထသွားချေသည်။ သို့သော် ချန်ပင်းယွီနှင့် လျိုယွင်ယိ၏ မျက်လုံးထဲမှာတော့ လေးစားအားကျမှုများဖြင့် တောက်ပနေတော့သည်။ ဤသည်မှာ သူတို့အလိုရှိသော စွမ်းအားမျိုးပင်။
"နောက်တစ်ခေါက် အခွင့်အရေးထပ်ပေးမယ်။ ပိုကိဆံပေးမှာလား။ မပေးဘူးလား"
"ဟမ့်!"
တင်းမိသားစုဝင်များမှာ တစ်ဖက်သို့ ခေါင်းလှည့်သွားကြသည်။ သူတို့၏မျက်နှာထက်တွင် သေခြင်းတရားကို အံတုလိုသောအရိပ်အယောင်တစ်မျိုး ရှိနေလေသည်။
"ကောင်းပြီ။ ဒီလိုဆိုရင် ကျုပ် ခင်ဗျားတို့ကို အရှက်ခွဲတော့မယ်"
ကျန်းမုန့်လောင်လည်း အေးတိအေးစက်သရော်လိုက်၏။ ထို့နောက် အစွမ်းထက်လှသော အတွင်းအားတစ်ခုကို မမြင်နိုင်သောလှိုင်းလုံးတစ်ခုအဖြစ် အသွင်ပြောင်း၍ တင်းမိသားစုဝင်များဆီသို့ ပစ်လွှတ်လိုက်ချေသည်။
ဒဏ္ဍာရီလာအဆင့်စွမ်းအားများ ကိန်းအောင်းနေသော အတွင်းအားကို သိမ်သိမ်မွေ့မွေ့ထိန်းချုပ်ပြခဲ့ခြင်းပင်။ တင်းမိသားစု၏ သိုင်းပညာရှင်များမှာ ခွန်အားအဆင့်အမျိုးမျိုးရှိကြသော်ငြား ထိုအတွင်းအားလှိုင်းလုံးကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် မည်သူတစ်ဦးတစ်ယောက်မှ မတ်တတ်မရပ်နိုင်တော့ပေ။ သို့သော် မည်သူကမှလည်း သေရမည်ကို ကြောက်မနေကြပေ။
ထို့နောက် သူ လေချွန်လိုက်သည်။
"ဝမ်ချိုင် သူတို့ကိုကိုက်ပစ်လိုက်"
လေချွန်သံပေးပြီး သိပ်မကြာခင်မှာပင် အရွယ်ရောက်ဟက်စကီးခွေးတစ်ကောင်က အနီးအနားရှိ ချုံပုတ်ထဲမှ လျှာတစ်လစ်ဖြင့် ပြေးထွက်လာ၏။
"ဒါက..."
ချန်ပင်းယွီ ဤခွေးကိုမှတ်မိသေးသည်။ ဤခွေးမှာ ကျန်းမုန့်လောင် ခေါ်လာခဲ့သော ခွေးမဟုတ်လား။
"ကျောင်းအုပ်ကြီး.. သူတို့က ဒဏ်ရာရထားတယ်ဆိုပေမဲ့လည်း သိုင်းပညာရှင်တွေ ဖြစ်နေတုန်းပါပဲ။ ပြီးတော့..."
ချန်ပင်းယွီ စိုးရိမ်မိ၏။ ဒဏ်ရာရထားသော ဤအကြီးအကဲများအဖို့ "ဆင်သေလျှင် မြင်းလောက်တော့" ကျန်ပါသေးသည်။ ခွေးတစ်ကောင်ကို လက်ဝါးသိုင်းတစ်ချက်တည်းနှင့် သတ်ပစ်ရန်မှာ သူတိူ့အတွက် မခက်ခဲချေ။
သို့သော် နောက်စက္ကန့်ပိုင်းအတွင်းမှာပင် လူတိုင်း၏ထင်မြင်ချက်များ ပြောင်းပြန်လှန်ခံလိုက်ရသည်။ ဟက်စကီးခွေးလေး၏ လှုပ်ရှားမှုများမှာ အလွန်လျင်မြန်လှပြီး ခွန်အားကလည်း အလွန်ကောင်း၏။ ၎င်းမှာ မဟာသခင်တစ်ပါးထက် မလျော့ပေ။
ဤသည်မှာ ဟက်စကီးခွေးမဟုတ်ချေ။ ဒဏ္ဍာရီလာကျားတစ်ကောင်ပင်။
"အား! မကိုက်ပါနဲ့! မကိုက်ပါနဲ့!"
"ဒီခွေးက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ? ငါ့အတွင်းအားက သူ့ကို ရန်တောင်မပြုနိုင်ဘူး"
"သားရဲကောင်.. မင်းကများ ငါ့ခေါင်းပေါ် ဆီးစွန့်ရဲတယ်ပေါ့လေ!"
"သားရဲကောင် မင်း...အား!"
အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်သိုင်းပညာရှင်များဖြင့် ယှဉ်နိုင်သော ကျန်းမုန့်လောင်၏အတွင်းအားကြောင့် ဒဏ်ရာအပြင်းအထန်ရထားသူများထဲမှ ဒဏ္ဍာရီလာအဆင့်ကျွမ်းကျင်သူတချို့ခမျာ ဟက်စကီးခွေးတစ်ကောင်ထံမှ သွေးထွက်သည်အထိ အကိုက်ခံနေရသည့်အပြင် ထိုခွေးက သူတို့မျက်နှာပေါ်သို့ အပေါ့အလေးများလည်း စွန့်နေချေသည်။
"ကျစ် ကျစ် ကျစ်..."
ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်မိသည်။
"ခင်ဗျားတို့က ဘယ်လိုလုပ်ပြီးတော့များ ခွေးတစ်ကောင်ကိုတောင် မယှဉ်နိုင်ရတာလဲ"
************