ကြည့်ရတာတော့ အရှက်ခွဲတာက မလုံလောက်သေးပုံပဲ
Vol. 26 Ch. 380
"အဲဒီခွေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်ကြမ်းတမ်းရတာလဲ"
"အရမ်းရက်စက်ကြမ်းကြုတ်တာပဲ။ ဒါက ခွေးရောဟုတ်ရဲ့လား။ အဆင့်တစ်သိုင်းပညာရှင်တစ်ယောက်တောင်မှ ခွေးတစ်ကောင်ကြောင့်တော့ ဒဏ်ရာမရနိုင်ဘူးမလား"
"မဟာသခင်တစ်ယောက်က သူ့ခြေထောက်ကို လက်ဝါးနဲ့ ရိုက်လိုက်သေးတယ်။ ဒါပေမဲ့ ခွေးက ဘာဒဏ်ရာမှရမသွားဘူး။ သူ့ခန္ဓာကိုယ်က မကောင်းဆိုးဝါးတစ်ကောင်လိုပဲ"
...
မိနစ်အနည်းငယ်ကြာသောအခါ ဝမ်ချိုင်က ကျန်းမုန့်လောင်ဘေးသို့ ပျော်ပျော်ကြီးပြန်ရောက်လာပြီး နာနာခံခံဖြင့် လျှာတစ်လစ်လေး ထုတ်ထားလေသည်။
ဝမ်ချိုင်က အလားအလာညွှန်ကိန်း၁၀နှင့်အထက်ကို ပိုင်ဆိုင်ထားသောကြောင့် သူလည်း ထူးရှယ်နတ်ဘုရားကျောင်းတော်ကို ဝင်ရောက်နိုင်သည်။ သို့သော် ကျောင်းထဲတွင် ခွေးတစ်ကောင်ကို သင်ကြားပေးနိုင်သော ဆရာတစ်ယောက်မှ မရှိသောကြောင့် သူ့တိုးတက်မှုကား မသိသာပေ။
ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲရှိ စွမ်းအင်မှာ အလွန်သိပ်သည်းလှ၏။ သာမန်လူတစ်ယောက်ပင် ထိုနေရာတွင် ခဏမျှနေပြီးပါက ကျန်းမာရေးပိုကောင်းလာပြီး သက်တမ်းလည်း ရှည်သွားလိမ့်မည်။ ကျန်းမုန့်လောင် ကျောင်းတော်ထဲသို့ ဝင်သွားချိန်တိုင်း ဝမ်ချိုင်ကိုပါ သူနှင့်အတူ ခေါ်သွားတတ်သည်။ ထိုခွေးလေး၏ ထူးခြားလှသော ကာယခွန်အားဖြင့်ပေါင်းလိုက်ပါက သူ့ဘာသာ ဖြည်းဖြည်းချင်းတိုးတက်လာသည်။
ထို့ပြင် ကျန်းမုန့်လောင် ဝမ်ချိုင့်ကို တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံး ကျွေးလိုက်ပြီးနောက် ထိုခွေးလေးက မဟာသခင်တစ်ပါးသာ ခံနိုင်ရည်ရှိနိုင်လောက်သည့် အာနိသင်မျိုးကို ခံနိုင်ရည်ရှိကြောင်း သိလိုက်ရကတည်းက ဝမ်ချိုင်အား တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို ရက်နည်းနည်းကြာတိုင်း တစ်ခါစီကျွေးခဲ့သည်။
ဝမ်ချိုင့်တွင် အတွင်းအားရော နတ်ဆိုးစွမ်းအားပါ မရှိသော်ငြား သူ့ခန္ဓာကိုယ်ကတော့ ဤဆေးများကြောင့် အလွန်သန်မာလှ၏။ ဓားများနှင့် လှံတံများပင် မထိုးဖောက်နိုင်ဟု ဆိုလျှင်ပင် အကျယ်ချဲ့ပြောနေခြင်းမဟုတ်ပေ။
သူ့အသွေးအသားများကို မှီခိုအားထားရုံမျှဖြင့် ဝမ်ချိုင်က မဟာသခင်အဆင့်ခုနှစ် သိုင်းပညာရှင်တစ်ယောက်ကိုပင် သတ်ပစ်နိုင်သည်။ အိုမင်းပြီး အားနည်းကာ မသန်စွမ်း ဖြစ်နေသူများကို ကိုက်ရခြင်းမှာ ဝမ်ချိုင်အတွက်တော့ ကလေးကစားနေရသလိုပင်။
သို့သော် ဤမြင်ကွင်းမှာ အခြားပွဲကြည့်သူများ၏ လောကအမြင်ကိုတော့ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေခဲ့သည်။ သိုင်းပညာရှင်တစ်စုမှာ ခွေးကိုက်ခံနေရပြီး ခွေးမစင်နှင့် ဆီးများဖြင့်လည်း သူတို့မျက်နှာပေါ်သို့ အပန်းခံနေရသည်။ ဤသတင်းသာ ပြန့်သွားပါက သူတို့လည်း သိုင်းလောကတစ်ခွင်၌ လူရယ်စရာဖြစ်ရပေလိမ့်မည်။
ယခုပင် လူတချို့က မရယ်ဘဲ မနေနိုင်ကြပေ။ ယခုလက်ရှိတွင် တင်းမိသားစု၌ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောက်မှ မရှိတော့ပေ။ သူတို့ထဲရှိ ခွန်အားအကြီးမားဆုံးမှာ အပြင်းအထန်ဒဏ်ရာရထားသော အဆင့်ရှစ် သိုင်းပညာရှင်တစ်ယောက်ပင်။ သူတို့အနေနှင့် ဘာများ ကြောက်ဖို့လိုသလဲ။
"ဝုတ် ဝုတ် ဝုတ်!"
ဝမ်ချိုင်က ကျန်းမုန့်လောင်ကို နှစ်ကြိမ်မျှဟောင်လိုက်ပြီး သူ့လုပ်ဆောင်ချက်ကောင်းမကောင်း မေးမြန်းနေသည့် ဟန်ပင်။
"မဆိုးဘူး"
ကျန်းမုန့်လောင်ကလည်း ကိုယ်ကိုငုံ့ကိုင်း၍ ဝမ်ချိုင်၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် သူ့အဝတ်အစားထဲမှ ဆေးတစ်လုံးကို ထုတ်ယူလိုက်၏။
တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးရနံ့ကား ချက်ချင်း သင်းပျံ့သွားလေရာ မြောက်များလှစွာသော သိုင်းပညာရှင်များကို အံ့သြသွားစေသည်။
သိုင်းပညာရှင်များအတွက် အရေးအကြီးဆုံးမှာ အတွင်းအားကျင့်ကြံရေးနည်းလမ်းများနှင့် သိုင်းပညာဖြစ်၏။ သို့သော် ဒုတိယအရေးကြီးဆုံးမှာ အံ့ဖွယ်ပြဒါးရှင်လုံးပင် ဖြစ်ချေသည်။ အဆင့်မြင့်ပြဒါးရှင်လုံးများမှာ အတွင်းအား ကျင့်ကြံရေးနည်းလမ်းများနှင့် သိုင်းပညာများထက်ပင် ပိုတန်ဖိုးရှိသည်။
"ဒါ..ဒါက ပြဒါးရှင်လုံးတစ်လုံးပဲ!"
"ဒီလောက်တောင်မွှေးကြိုင်နေတာဆိုတော့ ဒီပြဒါးရှင်လုံးက အဆင့်ဘယ်လောက်ပါလိမ့်"
"အကြီးအကဲရွှီ ခင်ဗျားက အဂ္ဂိရတ်ပညာရှင်တစ်ယောက်ပဲ။ ခင်ဗျား ဒီဆေးကို အကဲဖြတ်ပေးနိုင်လား"
"ဒါက..."
အကြီးအကဲရွှီဟု အခေါ်ခံရသော တိုအကြီးအကဲခမျာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားချေသည်။
"ဒီ.. ဒီဆေးရနံ့က...ကျုပ် ဒီပြဒါးရှင်လုံးအကြောင်း ရှေးဟောင်းကျမ်းတွေထဲမှာ ဖတ်ဖူးတယ်ထင်တာပဲ"
"ဒါပဲ! ဒါက အမတနတ်ဆေးပဲ!"
"ဘာ? အမတနတ်ဆေးလို့ ပြောလိုက်တာလား"
ဤသည်ကို ကြားလိုက်ရသောအခါ သိုင်းပညာရှင်များအားလုံးလည်း စိတ်လှုပ်ရှားမှုကြောင့် တက်ကြွကုန်ကြလေ၏။
ဧကရာဇ်ချင်းရှီဟွမ်းက တစ်ခါတုန်းက ထာဝရအသက်ရှင်ခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေရန်အတွက် ရွှီဖုကို ပင်လယ်ဘက်သို့ စေလွှတ်ခဲ့သည်ဟု ဒဏ္ဍာရီထဲတွင် ဖော်ပြထားခဲ့သည်။ ရွှီဖုကလည်း အမတတစ်ပါးကို ရှာတွေ့ခဲ့ပြီး ထိုအမတက သူ့အား အမတနတ်ဆေးသုံးလုံးကို ပေးလိုက်လေသည်။ ဤဆေးများမှာ အလွန်အစွမ်းထက်လှသည်ဖြစ်ရာ မဟာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို အချိန်တိုအတွင်း ဒဏ္ဍာရီလာအဆင့်သို့ ရောက်သွားစေနိုင်သည်။
လွန်ခဲ့သည့်လအနည်းငယ်ခန့်က ဥရောပရှိ လေလံပွဲတစ်ခုတွင် ထိုကဲ့သို့သော အမတနတ်ဆေးတစ်လုံး ပေါ်ပေါက်လာခဲ့သည်ဟု ဆိုကြ၏။ ထိုအရာကို အရယူရန်အတွက် နိုင်ငံအသီးသီးမှ ရန်ပုံငွေအမြောက်အများဖြင့် ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ကြသည်။ သို့သော် အဆုံးတွင်မူ ထိုအရာကို မည်သူရသွားသလဲဆိုသည်ကို မသိရပေ။
ယခုတော့ ထိုအမတနတ်ဆေး ပြန်ပေါ်လာခဲ့လေပြီ။ ထို့ပြင် ကျန်းမုန့်လောင်က ထိုအရာကို ချွေးကျွေးရန် သုံးနေပေသည်။
သိုင်းပညာရှင်များ ဝင်တားရန် အချိန်မရလိုက်ခင်မှာပင် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို ဝမ်ချိုင်က မျိုချလိုက်ပြီဖြစ်၏။ ထို့နောက် သူသည် ကမ်းခြေနားသို့ ပြေးသွားပြီး စိတ်ကျေနပ်အားရစွာဖြင့် ကစားနေလေတော့သည်။
"ဒါက..ဒါက တကယ်ပဲ အမတနတ်ဆေးလား"
"မဟာသခင်တစ်ပါးကိုတောင် ဒဏ္ဍာရီလာအဆင့်ကို တက်လှမ်းစေနိုင်တဲ့ အမတနတ်ဆေးတစ်လုံးကို သူက ခွေးကျွေးပစ်လိုက်တာလား"
"ငါ...ငါ သွေးတက်နေပြီ"
ကျန်းမုန့်လောင်က ပထမတစ်ခုနှင့် ဆင်တူသော နောက်ထပ်အမတနတ်ဆေးတစ်လုံးကို ထုတ်ယူ၍ သူ့ပါးစပ်ထဲသို့ ထည့်လိုက်ချိန်ဝယ် သူတို့လည်း ထပ်ဆဲဖို့ပင် အချိန်မရလိုက်ချေ။
"သူ့မှာ ထပ်ရှိသေးတာလား။ သူ့မှာ အမတနတ်ဆေးတွေ ရှိသေးတာလား"
"သူ့မှာ အမတနတ်ဆေးနှစ်လုံးရှိတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အဲဒါက တစ်လုံးပဲ ကျန်တော့တာမလား"
"ငါနားလည်ပြီ။ သူ အမွေအနှစ်တစ်ခုခုကို ရှာတွေ့ထားတာများလား။ သူက တန်ခိုးရှင်အဆင့်အတွင်းအားနဲ့ သိုင်းပညာတွေကို အမွေဆက်ခံထားရုံတင်မကဘဲ အမတနတ်ဆေးတွေအများကြီးကိုပါ ပိုင်ဆိုင်ထားတာလား"
"သောက်ကျိုးနည်း ဒါက ဘယ်လိုကံမျိုးလဲ"
"အစ်ကိုရေ.. မင်း ဘာလို့ လက်သီးတင်းတင်းဆုပ်ထားတာလဲ။ ဧကန္တ...ဧကန္တ... သူ့ပစ္စည်းကို မင်း ခိုးမလို့ကြံနေတယ်လို့တော့ မပြောနဲ့နော်"
"ဘရို.. မင်းရဲ့ယောကျ်ားစစ်မှန်တဲ့စိတ်ဓာတ်အတွက် ငါ လေးစားပါတယ်။ ဒါပေမဲ့ မင်းကိုနှိမ်နင်းဖို့ ကျန်းမုန့်လောင်က လက်လေးတစ်ချောင်းတောင် လှုပ်စရာမလိုလောက်ဘူး"
"ဟားဟားဟား ငါ့လက်က တအားတောင့်တင်းနေလို့ လေ့ကျင့်ခန်းနည်းနည်းလုပ်ချင်ရုံပါကွာ။ မင်း အတွေးလွန်နေပြီ"
...
"သောက်ကျိုးနည်း အရသာက ဘာလို့နည်းနည်းထူးဆန်းနေတာလဲ။ မကောင်းတော့လို့လား"
ကျန်းမုန့်လောင်က တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို မြေကြီးပေါ်သို့ ထွေးချလိုက်ပြီး နောက်တစ်လုံး ထပ်ထုတ်လိုက်၏။
"တ..တတိယတစ်လုံးလား"
"သူ့မှာ ဘယ်နှလုံးတောင်ရှိတာလဲ!"
"သူ အဲဒါကို တကယ်ထွေးထုတ်ပစ်လိုက်တာလား။ အဲဒါက အမတနတ်ဆေးနော်။ တခြားလူတွေဆိုရင် အဲဒါမျိုးတစ်လုံးရနိုင်ဖို့ အိပ်မက်မက်နေကြရတာ"
"မကောင်းတော့ဘူးဆိုရင်တောင် အမတနတ်ဆေးဖြစ်နေတုန်းပဲလေ။ အဲဒီဆေးနဲ့ အဆင့်ကိုးသိုင်းပညာရှင်အဆင့်ကို တက်လှမ်းဖို့ မျှော်လင့်လို့မရဘူးလား။ အဲဒါမှမဟုတ်ရင်လည်း ဒဏ္ဍာရီလာအဆင့်လောက်ပဲဖြစ်ဖြစ်ပေါ့"
"ဟမ့်! အရှက်မရှိတဲ့လူတစ်သိုက်! သူများထွေးထုတ်ထားတဲ့ဟာကိုတောင် အလွတ်မပေးကြဘူး"
"သောက်ကျိုးနည်း! မင်းက ဘယ်သူ့ကို အရှက်မရှိဘူးလို့ ပြောနေတာလဲ။ မင်းကမှ အရှက်မရှိတာ"
"နေနှင့်ဦး။ မင်းတို့တွေ ယုန်နှစ်မှာမွေးတာလား။ ဘာတုန်း"
"အဲဒီအမတနတ်ဆေးကို ချထားလိုက်စမ်း။ ငါ အရင်မြင်တာကွ"
"ဟားဟားဟား ငါရပြီ။ ငါရပြီ"
"မြန်မြန်ပေးစမ်း။ မဟုတ်လို့ကတော့ မင်းတို့တစ်မိသားစုလုံးကို ရှင်းထုတ်ပစ်မှာ"
"မင်း သတ္တိရှိရင် လာယူလေ။ ငါ မျိုချပစ်လိုက်ပြီ"
...
"ကျစ် ကျစ် ကျစ် တောသားတွေပဲ"
ကျန်းမုန့်လောင်ကတော့ ခေါင်းတခါခါလုပ်နေလေသည်။ ဤတိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးမှာ စင်စစ် ပစ္စည်းကောင်းတစ်ခုပင်။ သို့သော် သူ့အတွက်တော့ သူလိုချင်သလောက် ရနိုင်ပေသည်။ ကုန်ကျစရိတ်ကလည်း မပြောပလောက်ချေ။
"ကောင်းပြီ။ ကျုပ် ခင်ဗျားတို့ကို အရှက်ခွဲရဦးမလား"
ကျန်းမုန့်လောင်လည်း တင်းမိသားစုဝင်များကို ကြည့်လိုက်မိသည်။
"ကောင်းပြီ။ မင်းနိုင်ပါတယ်"
တင်းမော့ယီခမျာ သူ့မျက်နှာထက်ရှိ ခွေးမစင်များကို သုတ်ဖယ်လိုက်၏။
"ဒါပေမဲ့ ငါတို့တင်းမိသားစုအနေနဲ့ ၃၀၀ဘီလီယံတော့ မတတ်နိုင်ဘူး။ ငါတို့လုပ်ငန်းစုရဲ့ပိုင်ဆိုင်မှုတွေက စုစုပေါင်း ၁၂၀ဘီလီယံလောက်ပဲရှိတာ။ မင်းလိုချင်သလောက် အကုန်ယူလိုက်"
"ခင်ဗျား ကျုပ်ကို ဟာသလာလုပ်နေတာလား"
ကျန်းမုန့်လောင် သရော်လိုက်ချေသည်။
"ရီယူနည်းပညာက ခင်ဗျားရဲ့ကုမ္ပဏီမလား။ ဒီကုမ္ပဏီတစ်ခုတည်းနဲ့တင် ဒေါ်လာ၂၀ဘီလီယံတန်တယ်။ ပြီးတော့ ဈေးကွက်တန်ဖိုး ဒေါ်လာ၁၈ဘီလီယံရှိတဲ့ ဟန်ရီရေနံဓာတုပစ္စည်းကုမ္ပဏီရယ် ဒေါ်လာ၈ဘီလီယံရှိတဲ့ ဝမ်ထင်ဆေးဝါးဆိုင်ရာကိရိယာကုမ္ပဏီရယ် ယွမ်၃၀ဘီလီယံတန်ဖိုးရှိတဲ့ တခြားလုပ်ငန်းစုကြီးတွေအများကြီးကိုလည်း ခင်ဗျားပိုင်တယ်လေ"
တင်းမော့ယီ၏မျက်နှာကား တစ်စက္ကန့်အတွင်း ရုပ်ဆိုးအကျည်းတန်သွားရသည်။ သူတို့မိသားစု၏ပိုင်ဆိုင်မှုမှာ အမှန်တကယ်ပင် ၁၂၀ဘီလီယံကျော်သည်။ ထိုထက်ပင် ပိုသေးသည်။ သို့သော် ပိုင်ဆိုင်မှုတော်တော်များများက အလွန်လျှို့ဝှက်လှသောကြောင့် သူ့မိသားစုဝင်များပင် မသိကြချေ။ သို့တိုင် ကျန်းမုန့်လောင်ကတော့ ထိုအရာအားလုံးကို နာမည်တပ်ပြီး ပြောပြနိုင်သည်။
သူ တင်းမိသားစုအကြောင်း ဘယ်အချိန်ကများ စုံစမ်းစစ်ဆေးခဲ့လေသလဲ။
"ကြည့်ရတာ အရှက်ခွဲတာက မလုံလောက်သေးပုံပဲ"
ကျန်းမုန့်လောင်လည်း အော်ဟစ်လိုက်လေတော့သည်။
"ဝမ်ချိုင်!"
"ဝုတ် ဝုတ် ဝုတ်!"
ကျန်းမုန့်လောင်၏ခေါ်သံကို ကြားသောအခါ ဝမ်ချိုင်ကလည်း သူ့ဆီသို့ တစ်ဖန် အပြေးရောက်လာခဲ့သည်။
ဝမ်ချိုင်ကိုမြင်သောအခါ တင်းမိသားစုဝင်များခမျာ အမြီးကုပ်သွားကြပြန်လေသည်။ ဤခွေးက အလွန်ကြောက်ဖို့ကောင်းသည်။ သူသယ်ဆောင်လာနိုင်သော အပျက်အစီးကလည်း အလွန်မြင့်မားလှသည်။ ထို့ပြင် သူ့ကြောင့်ဖြစ်ပေါ်လာသော အရှက်ကွဲမှုမှာ သည်းမခံနိုင်စရာပင်။ လူတစ်ယောက်ထံမှ အရှက်ခွဲခံရခြင်းမှာ တစ်ကဏ္ဍပင်။ သို့သော် သူတို့ ခွေးတစ်ကောင်ကြောင့် ထပ်အရှက်မကွဲချင်တော့ပေ။
"ပေးမယ်။ ငါတို့ မင်းကို ၃၀၀ဘီလီယံပေးမယ်။ ဟုတ်ပြီလား။ ပေးမယ်လို့!"
တင်းမော့ယီလည်း အဆုံးမှာတော့ တစ်စတစ်စ ပြိုလဲရလေတော့သည်။
"ဘာကို၃၀၀ဘီလီယံလဲ။ ၄၀၀ဘီလီယံဖြစ်သွားပြီ!"
"မင်း!"
ဒေါသထန်နေသောအမူအရာတစ်ခုက တင်းမော့ယီရဲ့မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။
"ခုနကပဲ ခင်ဗျားကြောင့် ကျုပ်အချစ်တော်ခွေးလေး ဒဏ်ရာရသွားတာ။ ဒီတော့ ၁၀၀ဘီလီယံကို ဆေးကုသစရိတ်အနေနဲ့ သတ်မှတ်လို့ရတယ်"
"မင်း ရန်စနေတာလား။ ဒီခွေးက ဒဏ်ရာရသွားတဲ့ပံညပေါ်နေလို့လား"
တင်းမိသားစု၏ မျိုးဆက်သစ်များမှာ စိတ်ထဲတွင် သံကုန်ဟစ်လျက် အော်ဟစ်နေမိသည်။ အစောက ဒဏ်ရာရလိုက်သူမှာ သူတို့ပင်မဟုတ်လော။
"ဘာလဲ။ မပေးချင်ဘူးလား"
ကျန်းမုန့်လောင်လည်း ပခုံးတွန့်ပြလိုက်၏။
"ဒါဆို ကျုပ်ကိုအပြစ်လာမတင်နဲ့နော်"
"ဝမ်ချိုင် ဆက်လုပ်!"
"ဝုတ် ဝုတ် ဝုတ်"
"အား! ငါ့ဘောကိုမကိုက်နဲ့! အား!"
**********