ဒီမှာရှိတဲ့လူတိုင်းက.. အမလေး
Vol. 26 Ch. 381
"ဟုန်းရီ အဲဒီကုမ္ပဏီတွေရဲ့ ရှယ်ယာလွှဲပြောင်းမှုတွေကို သေချာဂရုစိုက်လိုက်နော်။ စာချုပ်စာတမ်းတွေကို လက်မှတ်ထိုးဖို့ နောက်မှ လူတစ်ယောက်ရောက်လာလိမ့်မယ်"
"ဟုတ်ကဲ့ မစ္စတာကျန်း.. ကျွန်မ ဒီကိစ္စကို နေ့လယ်ကျရင် ဖြေရှင်းလိုက်ပါ့မယ်"
...
ဝမ်ချိုင်ထံမှ နှစ်ကြိမ်တိတိ အရှက်ခွဲခံရပြီးနောက် အဆုံးတွင်မူ တင်းမိသားစုလည်း စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားလေတော့သည်။ ရှေးဟောင်းသိုင်းလောကထဲတွင် တစ်ခါတလေ ဂုဏ်သိက္ခာက အသက်ထက် ပိုအရေးကြီးသည်။ ပိုင်ဆိုင်မှု၄၀၀ဘီလီယံဆုံးရှုံးလိုက်ရခြင်းမှာ ပြင်းထန်လှသော ထိုးနှက်ချက်တစ်ခုဖြစ်သော်လည်း တင်းမိသားစုကိုတော့ မပြိုလဲစေနိုင်ချေ။
ဝမ်ချိုင်၏အဖိုးတန်လက်ဖဝါးများကို ထပ်မမြှောက်လာစေရန်အတွက် သူတို့လည်း လုပ်ငန်းစုများ၊ အိမ်ခြေံမြေလုပ်ငန်းများ၊ အိမ်များနှင့် စတော့ရှယ်ယာများအပါအဝင် တင်းမိသားစု၏ပိုင်ဆိုင်မှုအမြောက်အများကို ထုတ်ပေးလိုက်ရသည်။ ဤသို့ဖြင့် စုစုပေါင်းလိုက်သော် ဟွာရှားယွမ်၄၀၀ဘီလီယံအထိ ရောက်သွားခဲ့သည်။
"စောစောကတည်းက ဒီပိုက်ဆံကိုပေးခဲ့ရင် အခုလိုတွေ လုံးဝဖြစ်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်လည်း စိတ်ကျေနပ်အားရစွာဖြင့် ဝမ်ချိုင်ကို ပြန်ခေါ်လိုက်ပြီးနောက် တင်းမူယွင်၏ အပ်စိုက်အမှတ်နေရာများကို အတွင်းအားဖြင့် ပစ်လိုက်လေသည်။
တင်းမူယွင်မှာ ကွဲကြေနေသောရေခဲများနှင့်အတူ သွေးတစ်ပွက်ကိုပါ အန်ထုတ်လိုက်သည်။ သေခြင်းရှင်ခြင်းအဆောင်လည်း မရှိတော့ပေ။
"မင်းကိုကြည့်စမ်း။ မင်းကြောင့်သာမဟုတ်ရင် မင်းမိသားစုလည်း အခုလိုကံဆိုးမှာမဟုတ်ဘူး။ သနားဖို့ကောင်းလိုက်တာ"
ကျန်းမုန့်လောင် ထိုစကားများကိုသာ ချန်ရစ်ထားခဲ့ပြီးနောက် လူနှစ်ယောက်၊ ခွေးတစ်ကောင်နှင့်အတူ ထွက်ခွာသွားလေတော့သည်။
ကျန်းမုန့်လောင်၏စကားများက သူ့အား အပြစ်ပုံချသွားသဖြင့် တင်းမူယွင်၏မျက်နှာလည်း ဖြူဖျော့သွားရလေသည်။
ပြန်စဉ်းစားကြည့်လိုက်လျှင် တင်းမူယွင်သာ ချန်ပင်းယွီကို လိုက်တွယ်ကပ်မနေဘူးဆိုပါက ကျန်းမုန့်လောင်ကိုလည်း ရန်စမိမည်မဟုတ်။ ကျန်းမုန့်လောင်ကို ရန်မစမိပါက တင်းမိသားစုလည်း ယခုလိုအခြေအနေမျိုးသို့ ဆိုက်ရောက်မည်မဟုတ်ပေ။
ယခုမူ တင်းမိသားစုထဲရှိ အသန်မာဆုံးလူမှာ မဟာသခင်အဆင့်ရှစ်သိုင်းပညာရှင်ပင်။
သူတို့တွင် အတွင်းအားကျင့်ကြံရေးနည်းလမ်းနဲ့ သိုင်းပညာလျှို့ဝှက်ချက်များ ရှိနေသေးသော်လည်း သူတို့၏ယခင်အဆင့်ကို ပြန်ရယူနိုင်ရန်မှာ အနည်းဆုံးတော့ သုံးနှစ်မှ ငါးနှစ်အတွင်း ကြာနိုင်ပေသည်။ မိသားစုပိုင်ဆိုင်မှုများ ဆုံးရှုံးလိုက်ရသောကြောင့် ထိုထက်လည်း ပိုကြာနိုင်သည်။
မကြာသေးခင်ကပင် တင်းမိသားစု၏ အဆင်အခြင်မဲ့သောလုပ်ရပ်များက မိသားစုနှင့် ဂိုဏ်းတော်တော်များများကို သူတို့နှင့် ရန်သူဖြစ်အောင် ဖန်တီးထားပြီးဖြစ်၏။
မိသားစုကို ရင်ဆိုင်နိုင်သော်ငြား ထိုဂိုဏ်းများတွင်မူ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များရှိ၏။ တင်းမိသားစု၏လက်ရှိအခြေအနေအရ ဒဏ္ဍာရီလာအဆင့်တစ်သိုင်းပညာရှင်တစ်ယောက်ကပင် သူတို့အား သုတ်သင်ပစ်နိုင်သည်။ တင်းမိသားစုဘက်က ဘာမှလုပ်လိုက်နိုင်မည်မဟုတ်ပေ။
ဤအခမ်းအနားကြီး ပြီးသွားလျှင် တင်းမိသားစု၏အဆင့်အတန်းမှာ လုံးဝနင်းခြေခံရနိုင်သည်။
...
"အမြတ်များလိုက်တဲ့အပေးအယူပဲ!"
တင်းမိသားစုက စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း ကျန်းမုန့်လောင်၏စိတ်အခြေအနေကတော့ သကြားထည့််ထားသော ပျားရည်အလား ချိုမြနေချေသည်။ သူ ၁၀၀ဘီလီယံသုံးထားသော်ငြား ယခုမူ ၄၀၀ဘီလီယံနှင့်အတူ ခွန်အားအမှတ်ရာဂဏန်းလောက်ကိုပါ ရလိုက်သည်။ သူ့အတွင်းအားများပင် မဟာသခင်အဆင့်ရှစ်သို့ တက်လှမ်းသွားနိုင်ခဲ့သည်။
"တင်းမိသားစုက ငါ့ရဲ့ကံကောင်းခြင်းကြယ်လေးပဲ"
ကျန်းမုန့်လောင်တို့အဖွဲ့က အတော်နောက်ကျမှ ရောက်လာခဲ့သည်ဖြစ်ရာ ကျွန်း၏ ဝင်ပေါက်နားရှိ လူနည်းစုကသာ ဤအဖြစ်ကို မြင်တွေ့လိုက်ရသည်။
သို့သော် ကျန်းမုန့်လောင်၏ ယွမ်တစ်ကျော့ပြန်သိုင်းကြောင့် ရာသီဥတုပြောင်းလဲသွားခဲ့ရခြင်းမှာမူ လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး သူနှင့်ပတ်သက်သော သတင်းစကားများလည်း ပျံ့နှံ့သွားခဲ့သည်။
"ဘာ? တင်းမိသားစုထဲက ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တွေ အကြီးအကျယ်ထိခိုက်ဒဏ်ရာရကုန်တယ်တဲ့လား?"
"ကျန်းမုန့်လောင်ရဲ့လက်ချက်တဲ့လား။ ကမ္ဘာ့အချမ်းသာဆုံးလူလေ? သူက အသက်နှစ်ဆယ်ပဲရှိသေးတဲ့ ကျောင်းသားတစ်ယောက်မဟုတ်ဘူးလား"
"ဒဏ္ဍာရီလာအဆင့်ကျင့်ကြံသူတစ်ယောက်ကို လှုပ်ရှားမှုတစ်ခုတည်းနဲ့ သတ်နိုင်တယ်ဆိုတာ... သူက ဘယ်လောက်တောင်အစွမ်းထက်တာလဲ။ အနည်းဆုံးတော့ ဒဏ္ဍာရီလာအဆင့်ငါးလောက်တော့ ရှိမှာပဲ။ ဟုတ်တယ်မလား"
"ရီထျန်းဂိုဏ်း..ကျန်းမုန့်လောင်ရဲ့ခွန်အားနဲ့ဆိုရင် အဲဒီဂိုဏ်းထဲမှာ သူတစ်ယောက်တည်းပဲ ရှိတယ်ဆိုရင်တောင် ဘယ်သူမှ သူ့ကို ရန်သွားစရဲမှာမဟုတ်ဘူး"
"အခုကစပြီး သိုင်းလောကထဲမှာ နောက်ထပ်ထိပ်သီးဂိုဏ်းတစ်ခု ထပ်ပေါ်လာပြီပဲ"
...
ပင်မဂိုဏ်းများက ရီထျန်းဂိုဏ်းအကြောင်း စတင်စုံစမ်းမေးမြန်းကြလေတော့သည်။ ဤဂိုဏ်းနှင့် ဆက်ဆံရေးကောင်းရှိထားလျှင် ခွန်အားကြီးသောနောက်ခံတစ်ခုကို ရလိုက်သလိုပင်။
ကျန်းမုန့်လောင်နှင့် အဆက်အသွယ်ရှိထားသော ချန်မိသားစုနှင့် လျိုမိသားစုကတော့ အပျော်လုံးစို့နေချေသည်။ ရီထျန်းဂိုဏ်းထဲတွင် သူတို့၏မိသားစုဝင်များ ရှိကြ၏။ နောင်အနာဂတ်တွင် သူတို့မိသားစု ပြဿနာတစ်စုံတစ်ရာ ကြုံခဲ့ရပါလျှင် ချန်ပင်းယွီနှင့် လျိုယွင်ယိတို့၏မျက်နှာကို ထောက်ထား၍ ကျန်းမုန့်လောင်က သူတို့အား ကူညီပေးနိုင်သည်မဟုတ်လား။
လျိုမိသားစုခေါင်းဆောင်လည်း ရုတ်ခြည်းဆိုသလို အတွေးနက်သွားရလေသည်။ အစတုန်းကတော့ သူ့အနေနှင့် ရီထျန်းဂိုဏ်းကို ဝါနုသောယာယီဂိုဏ်းတစ်ခုဟုသာ ထင်ခဲ့မိသည်။ သို့သော် ယခုတော့ဖြင့် ထိုသို့မဟုတ်ကြောင်း ရှင်းလင်းသွားလေပြီ။
ကျန်းမုန့်လောင်မှာ မတွေးတတ်လောက်အောင် အစွမ်းထက်သော ဒဏ္ဍာရီလာအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ခွေးကလည်း ဒဏ္ဍာရီလာ"အမတနတ်ဆေး"ကို စားထားသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက အရေးမပါသောအရာတစ်ခုအတွက်နှင့် ဤမျှငွေအများကြီးကို ရင်းနှီးမြှုပ်နှံမည်နည်း။
သေချာတွေးကြည့်လိုက်ပါက သူ့မြေး လျိုယွင်ယိတွင် ကျန်းမုန့်လောင်ကို ဆွဲဆောင်နိုင်သော အရာတစ်ခု ရှိကိုရှိရပေမည်။
ဤသို့တွေးမိသောအခါ နောင်တရိပ်တစ်စွန်းတစ်စက သူ့နှလုံးသားထဲဝယ် ပေါက်ဖွားလာခဲ့သည်။ သူ ၁၀၀ဘီလီယံရလိုက်ပုံပေါ်သော်ငြား အမှန်တရားထွက်ပေါ်လာပြီးနောက်မှာမူ သူ့မိသားစုတစ်ခုလုံး အထင်သေးခဲ့သော ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းပင်။
ထိုအချိန်တွင် ကျန်းမုန့်လောင်တို့တစ်သိုက်လည်း ကျွန်း၏အလယ်ဗဟိုသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာတွင် သိုင်းပညာရှင်ထောင်ပေါင်းများစွာ စုဝေးနေကြသဖြင့် စည်ကားသိုက်မြိုက်နေချေသည်။
ကျွန်း၏အလယ်ဗဟို၌ ကြီးမားလှသော စင်မြင့်တစ်ခုကို တည်ဆောက်ထားသည်။ မိသားစုပေါင်းများစွာရှိ လူငယ်မျိုးဆက်များက ပါရမီရှင်စာရင်းတွင် အဆင့်သတ်မှတ်ချက်တစ်ခုရဖို့ ဤနေရာတွင် ယှဉ်ပြိုင်ရပေလိမ့်မည်။
သိုင်းပြိုင်ပွဲစင်မြင့်၏တစ်ဖက်ခြမ်းတွင် သာမန်သစ်သားခုံကိုးလုံးကို ချထားသည်။ သို့သော် ထိုခုံပေါ်တွင် လူတိုင်း မထိုင်နိုင်ပေ။ ထိုနေရာတွင် သွားထိုင်သူတိုင်း အချိန်မရွေးဆွဲချခံရနိုင်သည်။
"ရှေးဟောင်းသိုင်းအဖွဲ့အစည်းက လူတွေ ရောက်လာပြီ"
ဆူညံပွက်လောရိုက်သံများအကြား သိုင်းပညာရှင်ဆရာကြီးတချို့ ခန်းမထဲသို့ ရောက်လာလေသည်။
ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များလည်း ရှိပါသော်ငြား ရှေးဟောင်းသိုင်းအဖွဲ့အစည်းထဲရှိ လူများကိုတော့ သူတို့တောင်မှ တလေးတစားဆက်ဆံကြသည်။
"ပင်းယွီ မင်း ကြိုးစားကြည့်ချင်လား"
ကျန်းမုန့်လောင် ပြုံးလျက် ပြောလိုက်၏။
"ဒီပြိုင်ပွဲအတွက် အသတ်ကန့်သတ်ချက်က ၃၀လေ။ သိုင်းလောကတစ်ခုလုံးမှာ အသက်၃၀အောက်ရှိတဲ့ ပြိုင်ဘက်တစ်ယောက်ကို ရှာတွေ့မှာမဟုတ်ဘူး"
"ဒါပေါ့။ ငါကတော့ ခြွင်းချက်ပေါ့"
ကျန်းမုန့်လောင် ထိုစကားကို ထပ်ဖြည့်ပြောလိုက်သည်။
"ငါလည်း ငါတို့ရီထျန်းဂိုဏ်းရဲ့ဂုဏ်သတင်းကို မြှင့်တင်ချင်တယ်"
"ကျောင်းအုပ်ကြီး..."
ချန်ပင်းယွီခမျာ ပြောစရာစကားကင်းမဲ့လေဟန်ဖြင့် ဆိုလာလေသည်။
"ထူးရှယ်နတ်ဘုရားကျောင်းတော်လို့ခေါ်တာကမှ ရီထျန်းဂိုဏ်းထက် ပိုကောင်းသေးတယ်"
"အဲဒါတော့ မရဘူး"
ကျန်းမုန့်လောင်က တည်ကြည်လေးနက်စွာ ပြောလေသည်။
"နာမည်ဆိုတာ ပြတ်သားပြီး သြဇာညောင်းရမယ်။ ဒီလိုမှမဟုတ်ရင်လည်း နောက်မှ မိုးထိခွင်းဂိုဏ်းလို့ ပြောင်းလိုက်ပေါ့"
"ကောင်းပါပြီ။ ရီထျန်းဂိုဏ်းလို့ပဲ ဆက်ထားရအောင်..."
တရားဝင်ပြိုင်ပွဲက ယခုအထိ မစတင်သေးသော်လည်း စင်မြင့်ထက်တွင်မူ လက်ရည်ယှဉ်နေကြသူများ ရှိနေပြီဖြစ်၏။ ဤသည်မှာ အသက်သုံးဆယ်အောက်ရှိ လူငယ်မျိုးဆက်သစ်များအကြား ဖြစ်ပွားနေသော ငြိမ်းချမ်းရေး ပွဲစဉ်များသာ ဖြစ်၏။ သိုင်းပညာရှင်အကျော်အမော်များနှင့် ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်ကို ဖျော်ဖြေနေခြင်းမျှသာ။
ထိုအချိန်မှာ စင်မြင့်ထက်ရှိ လူငယ်သိုင်းပညာရှင်နှစ်ယောက်မှာ တရားမျှတသော ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်နေကြ၏။ အကွက်ပေါင်းတစ်ရာလောက် ထုတ်သုံးပြီးနောက် သူတို့ထဲမှ တစ်ယောက်က အရှုံးကို ဝန်ခံလိုက်လေတော့သည်
"တစ်ယောက်က ၂၂နှစ်။ နောက်တစ်ယောက်က ၂၅နှစ်။ နှင်ယောက်စလုံးက အဆင့်နှစ်သိုင်းပညာရှင်တွေ။ ဒီလို ပါရမီမျိုးက တော်တော်အထင်ကြီးဖို့ကောင်းတယ်လို့ သတ်မှတ်နိုင်တယ်"
"ဟုတ်တယ်။ ဒီနှစ် နျဲ့ချွမ်းစစ်ချွမ်းက လုံမိသားစုထဲမှာ အသက်၂၇နှစ်တည်းနဲ့ အဆင့်လေးသိုင်းပညာရှင်ဖြစ်လာတဲ့ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာတယ်လို့ ကြားမိတာပဲ"
"တကယ်လား? ဒီနှစ် အဆင့်လေးကိုရောက်ထားတဲ့ အသက်၃၀အောက် ပါရမီရှင်တွေအများကြီးမရှိဘူးလို့ ငါကြားထားတယ်။ တင်းမိသားစုက တင်းမူယွင်အပါအဝင်ပေါ့။ သူလည်း ဟိုအမွေအနှစ်ကြောင့် အဆင့်လေးကို ဖြတ်ကျော်ထားနိုင်တယ်လေ"
"ဟမ့်! အဲဒီလိုအမြောင်ဂိုဏ်းလေးရဲ့စွမ်းရည်က လုံမိသားစုကို ယှဉ်နိုင်မှာလဲ။ လုံမိသားစုဆိုတာက ရှေးအကျဆုံးအမွေအနှစ်တွေရှိတယ်လေ။ သိုင်းပညာအဖွဲ့အစည်းကလည်း သူတို့အတွက် နှစ်တိုင်း နေရာတစ်နေရာကို သီးသန့်ဖယ်ထားပေးရတာ။ ပြီးတော့ လုံမိသားစုရဲ့ အတွင်းအားကျင့်ကြံရေးနည်းလမ်းတွေနဲ့ သိုင်းပညာက တင်းမိသားစုထက် အားမနည်းလောက်ပါဘူး"
"ဟုတ်တယ်။ သူတို့မိသားစုရဲ့အတွင်းအားက ပြင်းထန်တဲ့မီးစွမ်းရည်သတ္တိကို သယ်ဆောင်ထားတာလေ။ လုံလင်းရဲ့ နဂါးမီးလျှံသိုင်းက သူ့အဘိုးရဲ့စွမ်းရည်တချို့ကို ဆက်ခံထားတယ်လို့ ငါကြားထားတယ်"
"သခင်ကြီးလုံက တကယ့်ကို ခမ်းနားထည်ဝါတဲ့ဖြစ်တည်မှုပါပဲ။ ပါရမီရှင်စာရင်းမှာ လုံလင်းက ထိပ်ဆုံးသုံးယောက်ထဲ ပါလိမ့်မယ်ထင်တာပဲ။ ပထမနေရာကိုတောင် စိန်ခေါ်နိုင်လောက်တယ်"
"ကြည့်လိုက် အဲဒါ လုံလင်းမဟုတ်လား"
အစောပိုင်းက လူငယ်လေးက အရှုံးကိုလက်ခံလိုက်ချိန်မှာ နောက်ထပ်လူငယ်လေးတစ်ယောက်ကလည်း စင်မြင့်ပေါ်သို့ တက်လာလေသည်။ သူ့မျက်နှာထက်တွင်မူ တည်ကြည်လှသော ယုံကြည်မှုနှင့် ကောင်းကင်ဘုံ၏သားတော်ဟူသော ဂုဏ်ပုဒ်ကို ဘဝင်ခိုက်နေလေဟန် အရိပ်အယောင်တို့ ယှက်သန်းနေချေသည်။
"လုံမိသားစုရဲ့ လုံလင်း ရောက်လာပါပြီ"
တစ်ဖက်လူငယ်လေး၏ အမူအရာကား သိသိသာသာပြောင်းလဲသွားလေသည်။ သူသည် အဆင့်နှစ်သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်၏။ လုံလင်းကဲ့သို့ အဆင့်လေးသိုင်းပညာရှင်တစ်ယောက်က သူ့အား လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်လေသည်။
"အစ်ကိုလုံ… ကျွန်တော့်အစွမ်းက အစ်ကို့ထက်နိမ့်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်အရှက်မခွဲချင်ဘူး"
ထိုလူငယ်လေးလည်း ဉာဏ်ရှိရှိဖြင့် စင်ပေါ်မှ ဆင်းသွားလိုက်၏။
"ဟမ့်! အမှိုက်ကောင်!"
လုံလင်းကတော့ အေးတိအေးစက်သရော်လိုက်လေသည်။
"ဘယ်သူမှ တက်မလာရဲကြဘူးလား"
"သေစမ်း! ၂၇နှစ်အရွယ် အဆင့်လေးသိုင်းပညာရှင်တဲ့လား? ဘယ်သူကများ ကိုယ့်ဒုက္ခကိုယ်ရှာရဲမှာတုန်း"
"ဒုက္ခကိုအသာထား။ ဂရုမစိုက်မိရင် သေတောင်သေသွားနိုင်တယ်။ လုံမိသားစုရဲ့သိုင်းပညာက အရမ်းရက်စက်ကြမ်းတမ်းတယ်။ ဘယ်သူက အဲဒါကို ခံနိုင်ရည်ရှိမှာလဲ"
"လုံလင်းက အစွမ်းထက်ရုံတင်မကဘဲ အရမ်းလည်းမောက်မာတယ်ဆိုပဲ။ သူက သူ့ပြိုင်ဘက်ကို အရှက်ခွဲရတာကို သဘောအကျဆုံးတဲ့"
အောက်ဘက်ရှိ လူအုပ်ကြီးထံမှ တီးတိုးစကားသံများကို ကြားနေရသော်လည်း လုံလင်းကတော့ စိတ်အနှောင့်အယှက်မဖြစ်မိချေ။ သူ သဘောအကျဆုံးမှာ ယခုလိုအခြေအနေမျိုးပင်။ လူတိုင်းက သူ့အား ကြောက်ရွံ့ပြီး လေးစားနေကြခြင်းကိုသာ လိုလားသည်။
"ဒီတစ်ယောက်ကတော့ ခံနိုင်ရည်ရှိမယ်ထင်တယ်။ မင်း ကြိုးစားကြည့်သင့်တယ်နော်"
ကျန်းမုန့်လောင်က ချန်ပင်းယွီကို ပြောလိုက်လေသည်။
"ကျောင်းအုပ်ကြီး ဒါပေမဲ့ သူက…"
လျိုယွင်ယိလည်း လုံလင်း၏ဂုဏ်သတင်းကို ကြားဖူးနားဝရှိသည်။ ချန်ပင်းယွီကလည်း အဆင့်လေးသိုင်းပညာရှင်တစ်ယောက်ဖြစ်သော်ငြား အမျိုးသားသိုင်းပညာရှင်များမှာ လိင်အမျိုးအစားအရ အားသာချက်ရှိလေသည်။ ထို့ကြောင့် သူလည်း…
"ဟမ့်! မင်းတို့တွေအကုန်လုံး ကြောက်နေကြတာလား"
လုံလင်းကတော့ အောက်ဘက်ရှိလူအုပ်ကို ခြောက်လှန့်နေဆဲပင်။
"ကိုယ်ရေးကိုယ်တာကို ထိခိုက်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ငါပြောချင်တာက မင်းတို့တွေအကုန်လုံး…"
"အား"
အော်ဟစ်သံတစ်ခုနှင့်အတူ လုံလင်း၏ခန္ဓာကိုယ်လည်း ရုတ်တရက်ပျံတက်သွားလေသည်။
"ဘယ်သူလဲ"
လုံလင်းရပ်နေခဲ့သော နေရာတွင် ယခုမူ အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေသည်ကို လူတိုင်း သတိထားမိလိုက်ကြသည်။
"ရီထျန်းဂိုဏ်းရဲ့ အကြီးဆုံးတပည့် ချန်ပင်းယွီ!"
***************