သွေးပူလေ့ကျင့်ခန်းလုပ်လို့ပြီးပြီ
Vol. 26 Ch. 382
စင်မြင့်ထက်တွင် ရုတ်တရက်ပေါ်လာသော အမျိုးသမီးသိုင်းပညာရှင်က လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်သည်။ မဟာသခင်များမှလွဲလျှင် သူ(မ) စင်ပေါ် မည်သို့ရောက်လာသလဲဆိုသည်ကို မည်သူမှမမြင်လိုက်ကြချေ။ မသိပါက ရုပ်ရွှေ့ပြောင်းနည်းကို အသုံးချလိုက်သလိုပင်။
"ချန်ပင်းယွီလား။ သူက ကျန်းနန်မြို့က ချန်မိသားစုကမဟုတ်လား။ ငါကြားတာတော့ သူက အသက်၂၀ကျော်လေးပဲရှိသေးတာတဲ့။ အဆင့်သုံးသိုင်းပညာရှင်အဆင့်ကို ရောက်လုဆဲဆဲဆိုပဲ!"
"သူ.. သူက အဆင့်လေးသိုင်းပညာရှင်ဖြစ်နေပြီ!"
"နက်နဲလိုက်တဲ့အတွင်းအား! သူ ခုနက ဘာပြောလိုက်တာလဲ။ သူက ရီထျန်းဂိုဏ်းရဲ့ အကြီးဆုံးတပည့်တဲ့လား"
"အဲဒါ တကယ်ကြီး ပင်းယွီလား"
ချန်မိသားစုဝင်များမှာလည်း ကြက်သေသေသွားရသည်။
လွန်ခဲ့သည့်လတုန်းက ချန်ပင်းယွီ အိမ်ပြန်လာခဲသည်။ သူ(မ)၏မိသားစုကလည်း သူ(မ)သည် ကျန်းမုန့်လောင်နှင့်အတူ ရှေးဟောင်းသိုင်းပညာများကို လေ့ကျင့်နေကြောင်း သိထားသော်လည်း အသေးစိတ်ကိုတော့ မသိရပေ။
တစ်လမပြည့်သေးခင်မှာပင် သူ(မ)သည် အဆင့်သုံးနှင့် အဆင့်လေးကြားရှိ ကြီးမားလှသောကွာဟချက်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ သာမန်သိုင်းပညာရှင်များအဖို့ တစ်လမဆိုထားနှင့်။ တစ်နှစ်နှစ်နှစ်အတွင်းမှာပင် အဆင့်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပါက အိပ်နေရင်းပင် ရယ်နေမိလိမ့်မည်။
ကျန်းမုန့်လောင်က မှော်ပညာများ တတ်ကျွမ်းလေသလား?
"ဟားဟားဟား! ဒါက ချန်မိသားစုရဲ့မျိုးဆက်သစ်ကွ! ဟားဟားဟား!"
ချန်မိသားစု၏ဂိုဏ်းချုပ်အိုကြီး၏ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။ ယခုအချိန်တွင် ချန်ပင်းယွီက ရီထျန်းဂိုဏ်းသားတစ်ယောက် ဖြစ်သွားသော်လည်း သူ(မ)၏သွေးကြောထဲတွင် ချန်မိသားစု၏သွေးများ စီးဆင်းနေဆဲဖြစ်ပြီး ကျန်းမုန့်လောင်ကြောင့် သူ(မ)နှင့် သူ(မ)မိသားစုကြားရှိ ပတ်သက်မှုကလည်း ပြတ်တောက်မသွားပေ။ သူ(မ)က အမြဲထာဝရ ချန်မိသားစုဝင်တစ်ယောက် ဖြစ်နေမည်သာ။
မီတာအနည်းငယ်အကွာတွင် လုံလင်းက မြေပြင်ပေါ်မှ ပြန်ထလာသည်။ ချန်ပင်းယွီ၏တိုက်ခိုက်မှုက မြန်ဆန်လွန်းလှသော်ငြား အတွင်းအားပြင်းထန်သန်မာမှုဖြင့် နာမည်ကြီးသော လုံမိသားစုတွင်မူ တိုက်ခိုက်ရေးစွမ်းအားရော ခုခံရေးစွမ်းရည်ပါ ရှိလေသည်။ ထိုကန်ချက် သူ့အား အနည်းငယ်မျှသာ နာကျင်သွားစေ၏။
"ကျွန်မရဲ့ဂိုဏ်းခေါင်းဆောင်က ပြောတယ်။ အဲဒီစကားကို သူတစ်ယောက်တည်းပဲ ပြောလို့ရတာတဲ့။ တခြားလူတွေ ပြောလို့မရဘူးတဲ့"
ချန်ပင်းယွီက လုံလင်းကိုကြည့်လျက် ပြောလိုက်သည်။
လုံလင်း၏နှုတ်ခမ်းထက်၌ အပြုံးကွေးလေးတစ်ခု ပေါ်ပေါက်လာသည်။ ဤမျှဖြုံလောက်သော ပြိုင်ဘက်တစ်ယောက်နှင့် သူမတွေ့ရသည်မှာ ကြာလှချေပြီ။ ထို့ပြင် ဤတစ်ယောက်မှာ မိန်းမတစ်ယောက်ဖြစ်နေသေးသည်။
"မင်း ငါ့ကိုအနိုင်ယူနိုင်ရင် ငါပြောတဲ့စကားကို ပြန်ရုပ်သိမ်းပေးမယ်။ ဒါပေမဲ့ မင်းရှုံးခဲ့ရင်တော့ မင်းဘာသာ မိန်းကလေးတစ်ယောက်ဖြစ်နေရင်တောင် ငါကတော့ ညှာမှာမဟုတ်ဘူးနော်"
တစ်လကြာအောင် လေ့ကျင့်ထားပြီးနောက်မှာ ချန်ပင်းယွီလည်း ယုံကြည်မှုအမြောက်အများ တည်ဆောက်ထားနိုင်ပြီဖြစ်၏။ အမှန်စင်စစ်တွင် လုံလင်း၏ခွန်အားက သူ(မ)အပေါ် သက်ရောက်မှုမပြင်းထန်ချေ။
"နဂါးမီးလျှံစွမ်းအင်!"
လုံလင်းက စကားထပ်ပြောမနေတော့ဘဲ သူ့အတွင်းအားကို အပြည့်အဝစုစည်းလိုက်လေရာ ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းပူလောင်လာပြီး ပတ်ပတ်လည်ရှိ လေထုကပင် မြင့်မားလှသောအပူချိန်ကြောင့် ပုံပျက်ပန်းပျက်ဖြစ်သွားသည့်နှယ်ပင်။
လုံမိသားစု၏အကြီးအကဲက နဂါးမီးလျှံစွမ်းအင်ကို အပြည့်အဝထုတ်လွှတ်လိုက်ပြီဆိုလျှင် သူ့ကိုယ်သူ လုံးဝမထိခိုက်စေဘဲ ရန်သူကိုသာ ဆွေးမြည့်လောင်ကျွမ်းသွားစေသည့် အပူချိန်မြင့်မားလှသော မီးလျှံများကို ထုတ်လွှတ်နိုင်သော သူ့အတွင်းအားက အလွန်အင်အားကြီးလှသည်ဟု ဆိုကြသည်။
"နဂါးမီးလျှံဖောက်ခွင်းရေး"
လုံလင်းက အစွမ်းထက်လှသော အဟုန်တစ်ခုဖြင့် သားရိုင်းကောင်တစ်ကောင်အလား ချန်ပင်းယွီဆီသို့ ချီတက်သွားလေသည်။
"အကြီးအကဲလုံ..ခင်ဗျားတို့လုံလင်းက အရင်အတိုင်းပဲနော်။ တော်တော်စိတ်ကြီးတာပဲ။ မိန်းကလေးတစ်ယောက်ကိုတောင် သနားညှာတာစိတ်နည်းနည်းမှမရှိဘူး"
မလှမ်းမကမ်းတွင်ရှိသော မိသားစုအသီးသီးမှ စီနီယာအဖွဲ့ဝင်အမြောက်အများလည်း လူငယ်မျိုးဆက်သစ်များ၏ ပြိုင်ပွဲကို စုဝေးကာ ကြည့်ရှုနေကြသည်။
"ဟားဟားဟား"
အကြီးအကဲလုံမှာ အားရပါးရရယ်မောလိုက်၏။
"ကျုပ်လည်း မတတ်နိုင်ဘူးလေ။ ဒီကောင်စုတ်လေးက သိုင်းပါရမီရှင်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာ။ သူ့အမြင်မှာ ယောကျ်ားနဲ့မိန်းမဆိုတာ အတူတူပဲလို့ သတ်မှတ်ထားတာ။ လုံမိသားစုရဲ့မျိုးဆက်ကို သူ ဘယ်လိုရှေ့ဆက်သယ်သွားမလဲမသိဘူး"
"သူက ချန်မိသားစုရဲ့သမီးကို သတ်မိမှာတောင် မစိုးရိမ်ဘူးနော်"
"ချနမိသားစုက ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တစ်ယောက်တောင် မရှိဘူးလားလို့။ ဒါပေမဲ့ သူက ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့တယ်ဆိုတော့ ပေါ့သေးသေးတော့မဟုတ်ဘူးပဲ"
"ခင်ဗျား မကြားလိုက်ဘူးလား။ သူက ရီထျန်းဂိုဏ်းကိုဝင်လိုက်ပြီတဲ့"
"တစ္ဆေအိုကြီးတင်းမော့ယီကို တစ်ချက်တည်းနဲ့ အပြတ်ဖြိုပစ်လိုက်တဲ့ ဟိုလူငယ်လေးရဲ့ဂိုဏ်းလေ"
"စိတ်ဝင်စားစရာပဲ။ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်"
"ဒါပေမဲ့ ကျုပ်တို့လုံမိသားစုကလည်း အားမနည်းပါဘူး။ ဒီရီထျန်းဂိုဏ်းရဲ့သိုင်းပညာနည်းစနစ်တွေက ဘာများထူးခြားနေလဲဆိုတာ ကျုပ် မြင်ချင်သေးတယ်"
…..
လူတော်တော်များများက ချန်ပင်းယွီအစား တိတ်တိတ်လေးသက်ပြင်းချနေကြသည်။ ကျန်းမုန့်လောင်၏စွမ်းရည်က ငြင်းဆန်၍မရသော်ငြား ချန်ပင်းယွီကပါ ထိုမျှအထိတော်နေလိမ့်မည်မဟုတ်ချေ။ အဆင့်ချင်းတူသော သိုင်းပညာရှင်များကြားမှာ လုံလင်းက ထိပ်တန်းအဆင့်သာ ဖြစ်၏။
"ဘာ? သူ အဲဒါကိုမရှောင်ဘူးလား?"
"သူက လုံလင်းရဲ့တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်မလို့ဟ။ သူ့လက်မောင်းကို သူမလိုချင်တော့တာလား?"
လူတိုင်း၏ အံ့ဩမှင်တက်နေလေဟန် အကြည့်အောက်တွင် ချန်ပင်းယွီက လုံလင်း၏နဂါးမီးလျှံဖောက်ခွင်းရေးသိုင်းကွက်ဆီသို့ ချီတက်သွားလိုက်သည်။
နဂါးမီးလျှံဖောက်ခွင်းရေးဆိုသည်မှာ လုံမိသားစုရှိ အဓိကမိသားစုဝင်များ၏ သီးသန့်သိုင်းကွက်တစ်မျိုးဖြစ်ပြီး ကြမ်းတမ်းရက်စက်ကာ အစွမ်းထက်လှသည်။ ခြစ်ခြစ်တောက်ပူပြင်းသော အတွင်းအားနှင့် ပေါင်းလိုက်သောအခါ သာမန်အဆင့်ငါးအမျိုးသားသိုင်းပညာရှင်များပင် ထိုအရာကို ကြံ့ကြံ့ခံနိုင်ရန် ခဲယဉ်းလှသည်။
"နဂါးဆယ့်ရှစ်ကောင်သုတ်သင်ရေးလက်ဝါးသိုင်း!"
နဂါးသဏ္ဍာန်ရွှေရောင်အတွင်းအားတစ်ခုက ချန်ပင်းယွီ၏လက်ဝါးထဲမှတစ်ဆင့် ထိုးခွင်းလာပြီးနောက် နဂါးဟိန်းသံကြီးတစ်ခုက စင်မြင့်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားလေသည်။ ကြမ်းတမ်းလှသော ထိုအတွင်းအားကြောင့် လုံလင်း၏အမူအရာလည်း ပြောင်းလဲသွားရသည်။
မွေးရာပါချို့တဲ့မှုတချို့ကြောင့် အမျိုးသမီးသိုင်းပညာရှင်များသည် အဆင့်တူအမျိုးသားသိုင်းပညာရှင်များနှင့်ယှဉ်လျှင် သန့်စင်မှုနှင့်ခွန်အား ပိုနိမ့်သော အတွင်းအားကို ပိုင်ဆိုင်ထားကြသည်။ ရှေးဟောင်းသိုင်းလောကထဲတွင် ထိပ်ဆုံး၌ ရပ်တည်နေကြသူအားလုံးမှာ အမျိုးသားသိုင်းပညာရှင်များပင်။
သို့သော် ချန်ပင်းယွီ၏အတွင်းအားကတော့ သူထက် အားမနည်းချေ။ သူ(မ)၏အတွင်းအားထဲတွင် မိန်းမဆန်သော နူးညံ့မှုပင် ပျောက်ဆုံးနေပြီး အမျိုးသားသိုင်းပညာရှင်တစ်ယောက်၏ ခွန်အားနှင့် ကြမ်းတမ်းမှုမျိုးကို ပိုင်ဆိုင်ထား၏။
"အုန်း!"
လက်ဝါးသိုင်းက လက်သီးအားနှင့် တိုက်မိပြီးနောက် အတွင်းအားနှစ်ခုကလည်း ရုတ်ခြည်းဆိုသလို အပြင်းအထန်တုံ့ပြန်လေတော့သည်။
ဤစင်မြင့်မှာ အသက်သုံးဆယ်အောက် သိုင်းပညာရှင်များအတွက် အထူးသီးသန့်ပြင်ဆင်ထားသောကြောင့် အဆင့်သုံးနှင့် အဆင့်လေးသိုင်းပညာရှင်များ၏ တိုက်ပွဲအတွက်သာ ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားခြင်းဖြစ်သည်။
သို့သော် လုံလင်းနှင့် ချန်ပင်းယွီကြားရှိ တိုက်ပွဲမှဖြစ်ပေါ်လာသော အတွင်းအားအတက်အကျမှာမူ ထိုအဆင့်ရှိသော သိုင်းပညာရှင်များ၏အစွမ်းထက် ကျော်လွန်နေပေသည်။ သူတို့၏အတွင်းအားများ တိုက်မိရာမှ စင်မြင့်ထက်၌ နက်ရှိုင်းလှသော တွင်းပေါက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး ကျောက်ပြားများပင် လေထဲသို့ လွင့်စင်ကုန်သည်။
"ဒုန်း ဒုန်း ဒုန်း"
ချန်ပင်းယွီလည်း အနောက်သို့ ခြေသုံးလှမ်းနောက်ဆုတ်လိုက်ပြီးနောက် သူ(မ)၏ကိုယ်နေဟန်ထားကို တည်ငြိမ်အောင် ထိန်းညှိလိုက်သည်။
လူတိုင်း အံ့အားသင့်နေကြချိန်မှာပင် လုံလင်းခမျာ ခြေလှမ်းဆယ်လှမ်းကျော် နောက်ဆုတ်သွားပြီးမှ ရပ်တန့်သွားခဲ့သည်။ သူ့လက်သီးနှစ်ဖက်မှာ အနည်းငယ်တုန်ယင်နေပြီး မျက်နှာထက်မှာလည်း အံ့အားသင့်နေဟန်အပြည့်ပင်။
ခွန်အားနှင့် အတွင်းအားကျင့်ကြံရေးအရာ၌ သူ တကယ်ရှုံးခဲ့ရသည်။
"ဖြောင်း"
လုံမိသားစု၏အကြီးအကဲမှာ သူ့ထိုင်ခုံကို အားအပြည့်ဖြင့် ရိုက်ချလိုက်ပြီးနောက် ဗြုန်းခနဲမတ်တတ်ထရပ်လိုက်၏။
အကြီးအကဲလုံသည် သိုင်းလောကထဲတွင် ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ထက်ရှလှသော သူ့အမြော်အမြင်ကြောင့် အလွန်နာမည်ကြီးကျော်ကြားပေသည်။ သူသည် အကြည့်တစ်ချက်မျှဖြင့် ချန်ပင်းယွီသုံးလိုက်သော လက်ဝါးသိုင်း၏ ထူးခြားလှသောသဘာဝကို သတိထားမိလိုက်၏။
"ဒီလက်ဝါးသိုင်းက ကြမ်းတမ်းပြီး အစွမ်းထက်တယ်။ အတွင်းအားထုတ်လွှတ်လိုက်တဲ့အချိန်မှာ တိရစ္ဆာန်အငွေ့အသက်တစ်ခုလည်းရတယ်။ ဒီလိုသိုင်းကွက်မျိုးက ဒီကမ္ဘာမှာ အရမ်းရှားတယ်"
သိုင်းလောကထဲတွင် တိရစ္ဆာန်များ၏လှုပ်ရှားမှုကို အသွင်သဏ္ဍာန်အားဖြင့် သို့မဟုတ် နည်းစနစ်ပိုင်းဆိုင်ရာအားဖြင့် တုပနိုင်သော သိုင်းပညာပေါင်းများစွာရှိ၏။ သို့သော် ၎င်းမှာ နည်းစနစ်မျှသာ လုပ်နိုင်ခြင်းဖြစ်သည်။
အတွင်းအားထဲတွင် တိရစ္ဆာန်အငွေ့အသက်ကို ထည့်သွင်းခြင်းမှာ ပိုခက်ခဲလှသည်။ ထိုကဲ့သို့သော သိုင်းကွက်များမှာ ရှားပါးရတနာဟုပင် ခေါ်ဆိုထိုက်သည်။ ယခုအချိန်အထိ မည်သည့်သိုင်းပညာရှင်မှာမှ ထိုကဲ့သို့သောသိုင်းကွက်မျိုး မပိုင်ဆိုင်ထားပေ။
ယနေ့မှာတော့ ထိုစွမ်းရည်မျိုးကို အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးသော လူငယ်အမျိုးသမီးသိုင်းပညာရှင်တစ်ယောက်ထံတွင် သူတို့ တွေ့လိုက်ရသည်။
"ချန်မိသားစုမှာ ဒီလိုသိုင်းကွက်မျိုး တကယ်ရှိတာလား"
"စဉ်းစားကြည့်မယ်ဆိုရင် အဲဒါက လုံမိသားစုရဲ့နဂါးမီးလျှံဖောက်ခွင်းရေးသိုင်းထက်တောင် ပိုအစွမ်းထက်နေသေးတယ်။ ချန်မိသားစုမှာ ဒီလိုနက်ရှိုင်းတဲ့အခြေခံအုတ်မြစ်မျိုးရှိနေတာ မယုံနိုင်စရာပဲ"
ချန်မိသားစုထဲရှိ သိုင်းပညာရှင်များလည်း သူတို့သည် သိုင်းပညာရှင်အမြောက်အများအကြား အာရုံစိုက်ခံနေရကြောင်း သတိထားမိလိုက်၏။
"မိသားစုခေါင်းဆောင်… ကျွန်တော်တို့မှာ ဒီလိုလက်ဝါးသိုင်းမျိုး ရှိလို့လား?"
"ပေါက်ကရတွေ.. ငါဖြင့် အိပ်မက်တောင်မမက်ရဲဘူး။ ငါတို့ဘိုးဘေးတွေသာ ငါတို့ကို ဒီလိုအစွမ်းထက်တဲ့သိုင်းကွက်မျိုးတွေကို ချန်ပေးသွားတယ်ဆိုရင် အိပ်နေရင်းနဲ့တောင် ရယ်နေမိမှာ"
ချန်မိသားစု၏အကြီးအကဲခမျာ မွန်းကျပ်နေဟန်ပင်။
သူတို့မိသားစုတွင်သာ ဤကဲ့သို့သောသိုင်းကွက်မျိုးရှိခဲ့လျှင် ယခင်က တင်းမိသားစုထံတွင် အနိုင်ကျင့်ခံရမည်တဲ့လား။ ထိုကဲ့သို့အစွမ်းထက်လှသောသိုင်းကွက်မျိုးကို သူတို့လည်း ပိုင်ဆိုင်ချင်မိသည်။ သို့သော် သူတို့၏အတွင်းအားက ခံနိုင်ရည်မရှိချေ။ ချန်မိသားစု၏သိုင်းပညာမှာ သိုင်းလောကထဲတွင် ဒုတိယအဆင့်မျှသာ အများဆုံးသတ်မှတ်နိုင်သည်။
"ဒါဆို သူ့ရဲ့ဒီသိုင်းကွက်က…"
"ရီထျန်းဂိုဏ်းက သိုင်းကွက်တစ်ခုခုဖြစ်မှာပေါ့"
ချန်မိသားစုအကြီးအကဲက ထိုသို့ဆိုလိုက်၏။
"မစ္စတာကျန်းဆီက မျက်စိကျခံရတာ ပင်းယွီ ကံကောင်းတာပဲ"
…….
"မဆိုးဘူး"
ချန်ပင်းယွီ လက်နှစ်ဖက်ကို ခါယမ်းလိုက်လေသည်။
"သွေးပူလေ့ကျင့်ခန်းလုပ်တာ ပြီးသွားပြီ။ ကဲ အခု သိုင်းကွက်ချင်း ဖလှယ်ကြမယ်"
"သွေးပူလေ့ကျင့်ခန်းတဲ့လား။ ဒါက သွေးပူလေ့ကျင့်ခန်းပဲရှိသေးတာလား?"
"သောက်ကျိုးနည်း! ငါတို့တွေအကုန်လုံးက အသက်၃၀အောက် သိုင်းပညာရှင်တွေချည်းပါပဲ။ လူလူချင်းကြားမှာ ကွာဟချက်က ဘာလို့ ဒီလောက်တောင်ကြီးရတာလဲ"
"အဲဒီစကားကို လူစကားလို့ရော သတ်မှတ်လို့ရလား"
"အဲဒါက ကျန်းမုန့်လောင်ရဲ့လက်သုံးစကားပဲ။ အမြဲနားလည်ရခက်ပြီး ဆန်းကြယ်တယ်"
….
"ဒီမိန်းကလေးက သဘောပေါက်လွယ်သားပဲ"
ကျန်းမုန့်လောင်လည်း လက်ခုပ်မတီးဘဲ မနေနိုင်ချေ။ ချန်ပင်းယွီကို သူ ထိုစကားများ မသင်ပေးဖူးချေ။
"တစ်မူထူးဆန်းတဲ့ကျီစယ်သူဘုရင်ကြီးဆိုတဲ့ ငါ့ရဲ့ရာထူးကို ဆက်ခံနိုင်မဲ့အလားအလာမျိုး သူ့မှာရှိသားပဲ"
****************