← Chapters

သတ္တိရှိရင် လာတိုက်လေ

Vol. 26 Ch. 383

သတ္တိရှိရင် လာတိုက်လေ

Vol. 26 Ch. 383

"ကောင်းတယ်! ကောင်းတယ်"

ချန်မိသားစု၏ အကြီးအကဲအိုကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်လသည်။ သူ့မျက်ဝန်းထဲတွင်လည်း မျက်ရည်လည်လျက်ရှိ၏။

"ငါတို့ချန်မိသားစုက နောက်ဆုံးတော့ စစ်မှန်ပြီးထူးခြားတဲ့ပါရမီရှင်တစ်ယောက်ကို မွေးထုတ်နိုင်ခဲ့ပြီပဲ"

အဆင့်တူအချင်းချင်း မျက်နှာချင်းဆိုင်တိုက်ခိုက်ရာမှာပင် သူ(မ)သည် လုံမိသားစု၏မျိုးဆက် ပါရမီရှင်လုံလင်းနှင့် လက်ရည်ချင်းယှဉ်နိုင်ပေသည်။ သူ့ထက်ပင် အနည်းငယ်သာနေသေးသည်။ ယခုလိုသတင်းမျိုးမှာ ချန်မိသားစု၏ဂုဏ်သတင်းကို သိုင်းလောကတစ်ခွင် မြင့်တက်သွားစေရန် လုံလောက်နေပြီဖြစ်၏။

"ခုနတုန်းက ဆိပ်ကမ်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတုန်းက ကျန်းမုန့်လောင်က သိုင်းကွက်နှစ်မျိုးကို ထုတ်သုံးသွားတယ်။ တစ်ခုက ထူးခြားဆန်းကြယ်ပြီး တစ်ဖက်သိုင်းပညာရှင်ရဲ့အတွင်းအားတွေကို ကိုယ့်အပိုင်ဖြစ်အောင် ပြောင်းလဲပစ်နိုင်တယ်။ တခြားသိုင်းကွက်တစ်ခုကတော့ အကြမ်းခံပြီး ပေါ့ပါးသွက်လက်တယ်။ အစွမ်းကလည်း အံ့မခန်းပဲ။ ရီထျန်းဂိုဏ်းမှာ အထင်ကြီးဖို့ကောင်းတဲ့ တတိယမြောက်သိုင်းကွက်ရှိလိမ့်ဦးမယ်လို့ ဘယ်သူကထင်ထားမှာလဲ!"

"အဲဒီမိန်းကလေးက ဒီလက်ဝါးသိုင်းရဲ့နာမည်ကို နဂါးဆယ့်ရှစ်ကောင်နှိမ်နင်းရေးလက်ဝါးသိုင်းလို့ ပြောလိုက်သလားလို့။ အဲဒါက ဝတ္ထုထဲက သိုင်းကွက်ကြီးမဟုတ်လား"

"ဝတ္ထုထဲကဟုတ်မဟုတ် ဘယ်သူကဂရုစိုက်မှာလဲ။ ဝတ္ထုထဲက နဂါးဆယ့်ရှစ်ကောင်နှိမ်နင်းရေးလက်ဝါးသိုင်းကတောင် ဒီလောက်အစွမ်းထက်ပါ့မလားမသိဘူး"

"ဒီသိုင်းသုံးကွက်တည်းနဲ့တင် ရီထျန်းဂိုဏ်းက သိုင်းလောကထဲမှာ ခွန်အားကြီးတဲ့ဂိုဏ်းတစ်ခု ဖြစ်လာနိုင်နေပြီ"

…..

"ဒါက ချန်မိသားစုရဲ့ သိုင်းကွက်မဟုတ်ဘူး!"

လုံလင်းခမျာ ရှုပ်ထွေးမှုအပြည့်ဖြင့် ချန်ပင်းယွီကို ကြည့်နေမိသည်။

သူသည် ယခုအချိန်အထိ ပါရမီရှင်တစ်ယောက်၏ အရှိန်အဝါကိုခံယူရင်း ကြီးပြင်းလာခဲ့သည်။ အဆင့်ချင်းတူသော မည်သည့်သိုင်းပညာရှင်ကမှ စီးချင်းထိုးပွဲတွင် သူ့အား မဖိနှိပ်ထားနိုင်ခဲ့ပေ။ သို့သော် ယနေ့မှာတော့ မိန်းကလေးတစ်ယောက်ထံမှ သူ အနိုင်ပိုင်းခံလိုက်ရလေသတဲ့လား။

"ဟုတ်တာပေါ့။ ဒါက ငါတို့ချန်မိသားစုရဲ့သိုင်းကွက်မဟုတ်ဘူး"

ချန်ပင်းယွီ ပြုံးလိုက်လေသည်။

"ဒါက ရီထျန်းဂိုဏ်းရဲ့ လျှို့ဝှက်သီးသန့်သိုင်းတစ်ခုပဲ။ ငါ နင့်ကို ဒီသိုင်းကွက်အကြောင်း အကုန်ပြောပြမယ်"

ချန်ပင်းယွီအား လက်ရည်ယှဉ်ခိုင်းလိုက်ရသည့်အကြောင်းအရင်းမှာ လုံလင်းကလည်း ရှားပါးသော ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း ကျန်းမုန့်လောင် သိထားသောကြောင့်ပင်။ သူ့အလားအလာညွှန်ကိန်းက ချန်ပင်းယွီနှင့် လျိုယွင်ယိထက်ပင် ပိုများပြီး ၁၄မှတ်အထိ ရောက်သည်။

သူသာ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ပညာသင်ယူနိုင်ခဲ့ပါက သူ့ခွန်အားမှာ ရှေ့နှစ်ယောက်ကိုပင် ကျော်တက်သွားလိမ့်မည်သာ။

လုံလင်းက နည်းနည်းမောက်မာသော်ငြား ဤအရွယ်ဆိုသည်မှာ ကြွားဝါတတ်သော အရွယ်လေးပင်မဟုတ်လား။ ကြွားဝါရခြင်းကို သဘောကျရုံမျှဖြင့် သူ့ရည်ရွယ်ချက်များက မစစ်မှန်ဟု သတ်မှတ်၍မရပေ။

"ငါတို့ရီထျန်းဂိုဏ်းက တည်ထောင်ထားတာမကြာသေးဘူး။ ဂိုဏ်းသားတွေလည်း နည်းနေသေးတယ်။ နင် ဆန္ဒရှိရင် ငါ့ကို "ဆရာတူအစ်မ"လို့ခေါ်လေ။ ဒါဆို နင်လည်း ငါတို့ရီထျန်းဂိုဏ်းရဲ့ လေးယောက်မြောက်အဖွဲ့ဝင်ဖြစ်ပြီ"

"ဝုတ် ဝုတ် ဝုတ်"

ဝမ်ချိုင်က ထိုစကားကိုကြားသောအခါ မကျေနပ်လေဟန်ဖြင့် ဟောင်သံပေးလိုက်သည်။

သူက လူသားတော့မဟုတ်ပေမဲ့ သူ့မှာလည်း ခွေးအခွင့်အရေး ရှိပါသေးတယ်နော်!

"ဆောရီး.. ငါတို့ရီထျန်းဂိုဏ်းရဲ့ငါးယောက်မြောက်အဖွဲ့ဝင်လို့ပြောတာ!"

ချန်ပင်းယွီလည်း ခပ်မြန်မြန်ပင် အမှားပြန်ပြင်လိုက်ရသည်။

"ခွေးတစ်ကောင်နဲ့အတူ တစ်ဖွဲ့တည်းနေရမယ်ပေါ့"

လုံလင်း၏မျက်နှာကား ဒေါသရိပ်များ လွှမ်းသွားလေသည်။

ရီထျန်းဂိုဏ်း၏ သိုင်းပညာက အစွမ်းထက်သလို သူကိုယ်တိုင်လည်း အတန်ငယ်ဆွဲဆောင်ခံလိုက်ရပါသော်ငြား သူ့ထက် ငါးနှစ်ခြောက်နှစ်ငယ်သော မိန်းကလေးတစ်ယောက်ကို "ဆရာတူအစ်မ"ဟု ခေါ်ပြီး ခွေးတစ်ကောင်နှင့် တစ်တန်းတည်းဆက်ဆံခံရမည့်အဖြစ်ကိုတော့ သူ တည်ငြိမ်မနေနိုင်ပေ။

"ဝုတ် ဝုတ် ဝုတ်"

လုံလင်း၏စကားကိုကြားသောအခါ ဝမ်ချိုင်က စူးစူးရဲရဲဟောင်ပါလေတော့သည်။

ထို့နောက် ဝမ်ချိုင်က နောက်ခြေထောက်ဖြင့် မတ်တတ်ရပ်၍ ရှေ့ခြေထောက်ကိုမြှောက်ကာ သူ့လက်ဖဝါးလေးများကို ချဲကားလျက် လုံလင်းအား လက်ခလယ်ထောင်ပြလိုက်၏။

"ဒီခွေးက လူသားစကားကိုလည်း နားလည်တာလား"

ထူးခြားဆန်းကြယ်ဖြစ်ရပ်များစွာကို မြင်ဖူးထားပြီးဖြစ်သော လုံလင်းမှာ ခွေးတစ်ကောင်က လက်ခလယ်ထောင်ပြနေခြင်းကိုမူ ယခုမှသာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဤကမ္ဘာပေါ်တွင် တရားမျှတမှုရော ရှိသေးရဲ့လား။

လုံလင်း အော်မဆဲနိုင်ခင်မှာပင် ကျန်းမုန့်လောင်က ဝမ်ချိုင်ကို ခပ်မြန်မြန်ပွေ့ဖက်ထားလိုက်သည့် မြင်ကွင်းကို သူ မြင်လိုက်ရသည်။

"ထားလိုက်! ထားလိုက်! ဝမ်ချိုင် တော်လိုက်တော့။ သူ့ကို ဒေါသထွက်နေဖို့မလိုဘူး။ မတန်ဘူးလေ"

"ဝုတ် ဝုတ် ဝုတ်"

ဝမ်ချိုင်က အကြိမ်အနည်းငယ်မျှ ဟောင်လိုက်ပြီးနောက် နှစ်ကြိမ်မျှဆွဲဆွဲငင်ငင်အီလိုက်ပြီး လုံလင်းကို မျက်စောင်းထိုးကြည့်လေသည်။

"ဘုရားရေ.. ဒီခွေးတော့ သရဲဝင်ပူးခံနေရတာပဲ!"

"ခွေးတစ်ကောင် လက်ခလယ်ထောင်ပြတာကို ငါ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ"

"အဲဒီအီသံကြီးက ဆဲနေတာများလား"

"ရီထျန်းဂိုဏ်းမှာ ခွေးတွေတောင် ဒီလိုအံ့ဩဖို့ကောင်းတာပဲလား"

"ရှူး! တိုးတိုးပြော… ဒီခွေးက သာမန်ခွေးတစ်ကောင်မဟုတ်ဘူး။ ငါတို့ ခုနကပဲ ဆိပ်ကမ်းကပြန်လာတာ။ ဒီခွေးက အထူးသီးသန့်သားစပ်ထားတာ ဟုတ်ရင်ဟုတ်။ မဟုတ်ရင် သူ့မှာလည်း ကျင့်ကြံရေးစွမ်းရည်တွေရှိတယ်!"

"မင်း လာနောက်နေတာလား? ခွေးတွေက ကျင့်ကြံရေးလုပ်နိုင်လို့လား"

"ငါကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်လိုက်တာ။ ကျိန်ရဲတယ်။ အဲဒီခွေးက အဆင့်ခြောက်သိုင်းပညာရှင်ကိုတောင် လက်ဝါးစာတစ်ချက်တည်းနဲ့ အမှောက်သိပ်ပစ်လိုက်တာ။ အပြင်းအထန်ဒဏ်ရာရနေတဲ့ ဒဏ္ဍာရီလာသိုင်းပညာရှင်တစ်ယောက်က သူ့ခြေထောက်ကို ရိုက်ထားတာတောင် သူကတော့ တက်တက်ကြွကြွပြေးလွှားနိုင်နေတုန်းပဲ။ မင်းပြောလေ.. ဒါက သာမန်ခွေးရော ဟုတ်ရဲ့လားလို့"

"ဒီခွေးရဲ့အစွမ်းက မဟာသခင်တစ်ပါးရဲ့အဆင့်ထက်တော့ မနိမ့်ဘူးလို့ထင်တယ်"

…..

ပတ်ပတ်လည်ရှိ တီးတိုးသံများကို ကြားလိုက်ရသောအခါ လုံလင်း ကြောက်ဒူးတုန်သွားရသည်။

ခွေးတစ်ကောင်က မဟာသခင်တစ်ပါးနှင့်ပင် ယှဉ်နိုင်သတဲ့လား။ ဤကမ္ဘာကြီးတွင် အထိန်းအကွပ်ရောရှိသေးရဲ့လား?

တင်းမိသားစုဝင်များကို သူ အရေးမလုပ်သော်လည်း မဟာသခင်အဆင့်သိုင်းပညာရှင်ဆိုသည်မှာမူ မလောက်လေးမလောက်စားမပြုသင့်သောအရာပင်။ သူ့ပါရမီနှင့် ယှဉ်လျှင် ဒဏ်ရာရနေသော မဟာသခင်တစ်ပါးကိုပင် ယှဉ်မတိုက်နိုင်ကြောင်း လုံလင်း ကောင်းကောင်းသိသည်။

သို့သော် ဤခွေးကတော့ မဟာသခင်တစ်ပါးကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သတဲ့။

ထိုခွေး စင်မြင့်ပေါ်သို့ တက်မသွားအောင် ကျန်းမုန့်လောင် ဆွဲထားသောကြောင့်သာ မဟုတ်ပါက ယခုလောက်ဆိုလျှင် သူ ခွေးတစ်ကောင်ထံမှ ဆော်ပလော်အတီးခံနေရပြီဖြစ်၏။

သို့သော် လက်ရှိအခြေအနေတွင် လုံလင်းခမျာ ဘေးကျပ်နံကျပ်ဖြစ်နေရသည်။ သူသည် မောက်မာတတ်သော်ငြား ငတုံးငအတစ်ယောက်တော့ မဟုတ်ပေ။ ချန်းပင်းယွီက အမျိုးသမီးသိုင်းပညာရှင်တစ်ယောက်ဖြစ်သော်လည်း ယခုလေးတင် ထုတ်ပြခဲ့သော သူ(မ)၏သိုင်းကွက်မှာ သူ(မ)၏ခွန်အားက သူ့ထက်မနိမ့်ကြောင်း ပြသနေသည်။

လုံလင်းကတော့ သူ့အစွမ်းထဲမှ ဆယ်ပုံရှစ်ပုံလောက် ထုတ်သုံးထားပြီးဖြစ်၏။ ချန်ပင်းယွီကတော့ လျှိုထားသည့်အရာများ ရှိနေဦးမည်ဟု သူယုံကြည်သည်။ ပြိုင်ပွဲသာ ဆက်ဖြစ်နေပါလျှင် ဘာပြဿာနမှမရှိဘဲ အဆုံးသတ်နိုင်ရန် ခက်ခဲလှပေသည်။

"လုံလောက်ပါပြီ။ ယှဉ်ပြိုင်ပွဲက ဒီမှာတင် အဆုံးသတ်ပါပြီ"

ထိုအချိန်မှာပင် သိုင်းလောကအဖွဲ့အစည်းထဲမှ မဟာသခင်များက သူ့အား လွတ်လမ်းရှာပေးလေသည်။ လုံလင်း အရှက်ရနေသည်ကို သူတို့ ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ဆက်ပြိုင်နေမည်ဆိုပါက လုံမိသားစုအဖို့ မျက်နှာပျက်အရှက်ရလိမ့်မည်သာ။

"ကဲ အခု အရည်အချင်းအဆင့်သတ်မှတ်ချက်တိုက်ပွဲ တရားဝင် စတင်ပါပြီ"

ရှေးဟောင်းသိုင်းလောကအဖွဲ့အစည်းထဲမှ မဟာသခင်တစ်ပါးက ဝါးတုတ်ချောင်းလေးများပါသော ဘူးတစ်ခုကို ထုတ်ယူလိုက်သည်။

"နံပါတ်အတူတူကျတဲ့လူတွေက အတူတွဲပြီး တိုက်ခိုက်ရမယ်။ အနိုင်အရှုံးအပေါ်မူတည်ပြီး အဆင့်သတ်မှတ်ချက်တွေကို သတ်မှတ်မှာပဲ။ အဆင့်နိမ့်တဲ့လူတွေက အဆင့်မြင့်တဲ့လူတွေကို စိန်ခေါ်စရာပွဲစဉ်ကုန်တဲ့အထိ စိန်ခေါ်နိုင်တယ်။ စည်းမျဉ်းတွေကို နားလည်ကြရဲ့လား"

ထိုစည်းမျဉ်းများကို မည်သူမှ မကန့်ကွက်ကြပေ။ တစ်ဦးချင်းလက်ရည်ယှဉ်ပွဲများတွင် အရည်အချင်းရှိသော ပြိုင်ပွဲဝင်နှစ်ယောက် စောစောဆုံမိကြပြီး တစ်ယောက်က ထွက်ခွာသွားရခြင်းမျိုးလည်း ဖြစ်တတ်လေ့ရှိသည်။

သို့သော် ဤစိန်ခေါ်ပွဲကတော့ တရားမျှတသော ရလဒ်တစ်ခုထွက်လာအောင် ထိုကဲ့သို့အတွင်းရေးထိခိုက်မှုများကို ရှောင်ရှားထားပေသည်။

"အဲဒီမိန်းကလေးသာ မကျပါစေနဲ့။ လုံလင်းဆိုရင်လည်း ရပါတယ်။ အဲဒီမိန်းကလေးနဲ့သာ အတူတွဲမကျပါစေနဲ့"

မဲနှိုက်ရမည့် သိုင်းပညာရှင်များမှာ ချန်ပင်းယွီကို လုံလင်းထက်ပင် ပိုကြောက်နေကြသဖြင့် ဤဂါထာကို တတွတ်တွတ်ရွတ်နေကြသည်။

"မိန်းကလေး.. မင်းအလှည့်ရောက်ပြီ"

ရှေးဟောင်းသိုင်းလောကအဖွဲ့အစည်းထဲမှ မဟာသခင်တစ်ယောက် ချန်ပင်းယွီအနားသို့ ချဉ်းကပ်သွားလိုက်၏။

"သူ ဝင်ပြိုင်မှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ဝင်ပြောလိုက်သည်။

"ဘာ?"

အားလုံး လန့်ဖျပ်ကုန်ကြသည်။ ချန်ပင်းယွီ၏ခွန်အားဖြင့်သာဆိုပါက ခပ်မြင့်မြင့်အဆင့်တစ်ခုကို သေချာပေါက်ရနိုင်မည်သာ။ ထိပ်ဆုံးနေရာကိုပင် ရနိုင်ခြေရှိသည်။ ဤတိုက်ပွဲ၏ ကျော်ကြားမှုက ရီထျန်းဂိုဏ်း၏ဂုဏ်သတင်းကို မြှင့်တင်ပေးရာရောက်သည်။ သို့ဖြစ်လေရာ ကျန်းမုန့်လောင်က ဘာကြောင့်များ ဤအခွင့်အရေးကို လက်လွှတ်ခံရသလဲ။

"မင်းရော ဘယ်လိုသဘောရလဲ မိန်းကလေး"

ထိုမဟာသခင်က အတည်ပြုသလို‌ မေးလိုက်လေသည်။

"ကျွန်မကတော့ ဂိုဏ်းခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကိုပဲ နာခံမှာပါ"

ချန်ပင်းယွီ ထိုသို့ပြောလိုက်၏။

"ဒီပြိုင်ပွဲက အဲဒီလောက်လည်း စိတ်ဝင်စားဖို့မကောင်းဘူး"

ကျန်းမုန့်လောင်ကား သက်ပြင်းတချချ…။

"သူသာဝင်ပြိုင်ရင် အဆင့်သတ်မှတ်ချက်တွေလည်း စိတ်ဝင်စားဖို့ကောင်းမှာမဟုတ်တော့ဘူး"

"သူက ငါတို့ကို လာအထင်သေးနေတာပဲ။ ဒီနေရာမှာ လူတွေအများကြီးရှိနေတာပဲ။ သူ့ကို တစ်ယောက်မှမယှဉ်နိုင်တော့ဘူးတဲ့လား"

"သူက ဒီဗျူဟာနဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ချင်နေတာလား။ ဒီလှည့်ကွက်က တအားပရမ်းပတာနိုင်လွန်းတယ်မဟုတ်ဘူးလား"

"ရီထျန်းဂိုဏ်းက စကားပြောတာ တအားမောက်မာတာပဲ"

မိသားစုများနှင့် ဂိုဏ်းအသီးသီးရှိ အကြီးအကဲများမှာ မျက်မှောင်ကြုတ်လိုက်မိကြသည်။ ဤသည်မှာ သူတို့လေ့ကျင့်ပေးထားသော တပည့်များက အသုံးမကျဘူးဟု ပြောလိုက်ခြင်းပင်မဟုတ်လား။ မည်သူကများ ဤစကားကို သည်းခံနိုင်မည်နည်း။

"ဘာလဲ? သဘောမတူဘူးလား?"

ကျန်းမုန့်လောင်၏အကြည့်က သူ့ပတ်ပတ်လည်ရှိ လူငယ်သိုင်းပညာရှင်များထံသို့ ကျရောက်သွားသည်။

"ငါက တဲ့တိုးပြောတတ်တဲ့လူတစ်ယောက်… ငါတို့ရီထျန်းဂိုဏ်းရဲ့တပည့်တွေကလွဲရင် ကျန်တဲ့လူတွေအကုန် သနားစရာကောင်းလောက်အောင်ကို ညံ့တာ။ ဒီစကားက ဒီမှာရှိတဲ့လူတွေကို စော်ကားသလိုဖြစ်သွားတယ်ဆိုရင်လည်း ငါ့ကို လွတ်လွတ်လပ်လပ်လာစိန်ခေါ်နိုင်တယ်"

************

All Chapters