← Chapters

အာရုံစိုက်မှုတွေက ငါ့အတွက်ပဲဖြစ်ရမယ်

Vol. 26 Ch. 384

အာရုံစိုက်မှုတွေက ငါ့အတွက်ပဲဖြစ်ရမယ်

Vol. 26 Ch. 384

"ငမိုက်သား!'

"သူက သိုင်းလောကတစ်ခုလုံးကို စိန်ခေါ်နေတာလား?"

"တင်းမိသားစုကို အနိုင်ယူနိုင်တာနဲ့ပဲ တအားတွေမောက်မာနေတော့တာလား?"

ကျန်းမုန့်လောင်၏သဘောထားကြောင့် သိုင်းလောကထဲရှိ အကြီးအကဲများမှာ ဒေါသူပုန်ထသွားလေသည်။ သူတို့ သိုင်းလောကကို ကြီးစိုးခဲ့စဉ်က ကျန်းမုန့်လောင်၏အဖေပင် နို့စို့အရွယ်သာ ရှိပေဦးမည်။

ဂျူနီယာတစ်ယောက်က ဘယ်တုန်းကများ ဤမျှရဲတင်းသောစကားမျိုးကို ပြောရဲခဲ့လို့လဲ?

"ကိစ္စမရှိပါဘူး"

ဂုဏ်သတင်းကြီးမားသော သိုင်းပညာရှင်များစွာကလည်း မကျေမနပ်ဖြစ်သွားကြသော်ငြား သူတို့၏ခံစားချက်ကို ထိန်းချုပ်လိုက်သည်။

"ဂိုဏ်းဂဏများနဲ့ မိသားစုတွေရဲ့ပြိုင်ပွဲ စတင်တော့မှာလေ။ သူက တအားမောက်မာပြနေပြီးတော့မှ ခဏနေရင် အဲဒီနေရာကိုးနေရာထဲက တစ်နေရာအတွက် မပြိုင်ဘူးဆိုရင် ရယ်စရာကြီးဖြစ်နေမှာ‌ သေချာပေါက်ပဲ"

"အမှန်ပဲ။ သူ အဲဒီထဲက တစ်နေရာကို ဝင်ထိုင်ရဲတယ်ဆိုရင် တစ်ယောက်ယောက်ကလည်း သူ့ကို ခပ်ကြမ်းကြမ်းဖယ်ချပစ်မှာ သေချာတယ်။ အဲဒီကျမှ သူ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

….

"ဒါဆို ဒီနေ့အတွက် သိုင်းအဖွဲ့အစည်းရဲ့နေရာကိုးနေရာနဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို တစ်ပြိုင်တည်းကျင်းပပါတော့မယ်။ ဒီနေရာမှာရှိတဲ့လူတိုင်းလည်း အခုလောက်ဆိုရင် စည်းမျဉ်းတွေကို ရင်းနှီးနေလောက်ပြီလို့ ထင်ပါတယ်။ ထိုင်ခုံကိုးနေရာမှာ နေရာရသွားတဲ့ သိုင်းပညာရှင်ရဲ့အဖွဲ့က နောက်နှစ်အတွက် သိုင်းလောကအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေ ဖြစ်လာမှာပါ။ ဒီပြိုင်ပွဲရဲ့အရေးပါမှုကို ထပ်ရှင်းပြဖို့ မလိုတော့ဘူးထင်ပါတယ်"

"စတော့!"

အဆုံးမှာတော့ မျက်လုံးမှိတ်လျက် တရားထိုင်ရင်း အစကတည်းက တိတ်ဆိတ်နေခဲ့သော အကြီးအကဲအိုကြီးများက စကားပြောလာလေသည်။

"ကောင်းပြီ။ ဒီထိုင်ခုံကိုးနေရာမှာ ထိုင်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ထင်တဲ့လူတွေက ကျေးဇူးပြုပြီး နေရာယူပေးကြပါ"

ရှေးဟောင်းသိုင်းလောကအဖွဲ့အစည်းထဲမှ မဟာသခင်တစ်ပါးက ကြေညာလိုက်သည်။ ထို့နောက် သူသည် ဘေးဘက်သို့ တိတ်တိတ်လေးရွှေ့သွားလိုက်သည်။ ယခုမူ စင်မြင့်က သူ့အပိုင်ဖြစ်သွားလေပြီ။

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။ ရှေးဟောင်းသိုင်းပညာရှင်များကဲ့သို့ ထူးကဲလှသော ခွန်အားမျိုး မရှိသူများမှာ သေချာပေါက်စိန်ခေါ်ခံရမည်ဖြစ်လေရာ အခြားမည်သူကမှ အရဲမကိုးချင်ကြချေ။

"ဟမ့်... ဘယ်သူမှမထလာသေးရင် ငါလည်း ယဉ်ကျေးမနေတော့ဘူး"

လုံမိသားစုမှ အကြီးအကဲအိုကြီးက ပထမဆုံးမတ်တတ်ထရပ်လာပြီး ထိုင်ခုံများရှိသောနေရာသို့ လှမ်းသွားလိုက်၏။ ထို့နောက် ခဏမျှစဉ်းစားပြီးနောက် နံပါတ်၅ဟု ရေးထားသော ထိုင်ခုံပေါ်သို့ ဝင်ထိုင်လိုက်သည်။

"လုံကျွင်း.. လုံမိသားစုရဲ့ဂိုဏ်းခေါင်းဆောင်.. ဒဏ္ဍာရီလာအဆင့်ငါး..အသက်၁၄၅နှစ်!"

ကျန်းမုန့်လောင်လည်း မနေနိုင်ဘဲ စုတ်သပ်လိုက်မိသည်။ သိုင်းကျင့်ကြံခြင်းက လူတစ်ယောက်၏အသက်ကို ရှည်စေသည်မှာ အမှန်ပင်။ လုံကျွင်း၏ဆံပင်ဖြူများကိုသာ လျစ်လျူရှုထားလိုက်ပါက စိုပြည်နီမြန်းနေသော သူ့အသားအရေနှင့် ဖြူဖွေးသောအရေပြားကြောင့် အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်ဟုသာ ထင်ရသည်။

"လူအိုကြီး.. ခင်ဗျားက ဒီတစ်ခေါက် နံပါတ်ငါးမှာ တန်းထိုင်ရဲပုံထောက်တော့ ခင်ဗျားရဲ့နဂါးမီးလျှံဖောက်ကွဲရေးသိုင်းက ထပ်တိုးတက်လာပြန်ပြီထင်တယ်"

အခြားအကြီးအကဲတစ်ယောက်ကလည်း တဟားဟားအော်ရယ်ရင်း မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် ဘာမှတွေဝေမနေဘဲ ခြောက်ခုမြောက်ခုံကို သွားထိုင်လိုက်၏။

"ဝမ်ပိုင်ကျင်း ဒဏ္ဍာရီလာအဆင့်ငါး..၁၃၇နှစ်!"

ကျန်းမုန့်လောင်က သူတို့၏ကိုယ်ရေးအကျဉ်းများကို မြင်နေရသည်။

တကယ်တမ်းတွင် ဤလူအိုကြီးနှစ်ယောက်၏ အလားအလာညွှန်ကိန်းမှာ ၁၀မှတ်ကျော်သော်လည်း သူတို့က အသက်ကြီးလွန်းနေသည်ကတော့ နှမြောစရာပင်။ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ လိုအပ်ချက်အရ အများဆုံးအသက်က ၂၈နှစ်ထက် မပိုရချေ။

"ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက် ကိုယ့်အကြောင်းကိုယ်သိကြတဲ့ပုံပဲ"

ထိုအချိန်ဝယ် အကြီးအကဲတစ်ယောက်က မတ်တတ်ထရပ်လာပြီး အလွန်နိမ့်လှသော လေထုဖိအားတစ်မျိုးကို ဖန်တီးနေချေသည်။ သူ့မျက်ဆန်အတွင်းနက်နက်ထဲတွင် လျှပ်စစ်စက်ဝန်းခပ်ဖျော့ဖျော့တစ်ခုကို ကျန်းမုန့်လောင် မြင်နေရသည်။

"ဥက္ကဋ္ဌ.. ဒါက ကုမိသားစုရဲ့ ဂိုဏ်းခေါင်းဆောင်ပါ။ သူက ဒဏ္ဍာရီလာအဆင့်ခြောက်ကို ရောက်နေပြီလို့ဆိုကြတယ်။ ကုမိသားစုက အရမ်းထူးခြားတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားတယ်။ သူတို့ကျင့်ကြံတဲ့ အတွင်းအားထဲမှာ လျှပ်စီးအဖျက်စွမ်းအင်တစ်မျိုး ကိန်းအောင်းနေတာ။ အတွင်းအားချင်းယှဉ်ရင် တစ်ဖက်လူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို သွက်ချာပါဒလိုက်သွားအောင် လုပ်နိုင်တယ်"

"ဒဏ္ဍာရီလာအဆင့်ခုနစ် ကုဝူကျီ အသက်၁၆၃နှစ်.. အလားအလာညွှန်ကိန်း ၁၆!"

ဤသည်မှာ ယခုအချိန်အထိ ကျန်းမုန့်လောင် မြင်ဖူးသမျှထဲတွင် အမြင့်ဆုံးအလားအလာညွှန်ကိန်းအမှတ်ဖြစ်၏။ ဤကုဝူကျီ၏ခွန်အားမှာ ဒဏ္ဍာရီလာအဆင့်ခုနစ်ဆိုသော်ငြား ထိုလူသည် သူ့ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားခြင်းပင်။

ကျန်းမုန့်လောင်လည်း အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေကြသော ကုမိသားစု၏ လူငယ်များကို လှမ်းကြည့်လိုက်၏။ သူတို့ထဲတွင် အလားအလာညွှန်ကိန်းဆယ်မှတ်ကျော်သူမှာ နှစ်ယောက်ရှိ၏။

ကျန်းမုန့်လောင်၏ခံစားချက်မှာ ရုတ်ခြည်းတက်ကြွလာသည်။ ဤကုမိသားစုကား သူ့အတွက်တော့ ကောင်းကင်ဘုံ၏ လက်ဆောင်တစ်ခုပင်။

စကားတစ်ခွန်းမှမပြောဘဲ ကုဝူကျီက "နံပါတ်သုံး"ဟု အမှတ်အသားပြုထားသော ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။

"စကားမစပ်.. ဂိုဏ်းခေါင်းဆောင်ကျန်း..ရီထျန်းဂိုဏ်း လူတွေရှေ့ကိုထွက်လာတာ ဒီတစ်ခေါက်က ပထမဆုံးအကြိမ်လေ။ ဂိုဏ်းခေါင်းဆောင်ကျန်းရဲ့ နတ်ဘုရားစွမ်းအင်က ပြိုင်ဘက်ကင်းတယ်လို့ ကျုပ် ကြားထားတယ်။ လက်သီးတစ်ချက်တည်းနဲ့ တင်းမိသားစုရဲ့ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တွေကို ဒုက္ခိတဖြစ်သွားစေတယ်ဆိုပဲ။ ဒီထိုင်ခုံလုပွဲမှာ ခင်ဗျား ဘေးကရပ်ကြည့်ရုံပဲ ကြည့်နေတော့မှာလား"

ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သရော်သံဖြင့် မေးလာသည်။

"ဟုတ်ပါ့ ဂိုဏ်းခေါင်းဆောင်ကျန်းရေ... ဒီတစ်ခေါက် မင်း ကျောင်းသားတချို့ လက်ခံမလို့ဆို။ ဒါဆို ဒါက သိပ်ကောင်းတဲ့အခွင့်အလမ်းတစ်ခုနော်"

"လန့်ဖျပ်ပြီး မတက်ရဲတော့ဘူးလား"

...

"ကောင်းပြီလေ။ ခင်ဗျားတို့အားလုံးက ဒီလောက်စိတ်အားထက်သန်နေမှတော့ ကျုပ်သာ ရှေ့မတက်လိုက်မိရင် ရိုင်းရာကျလိမ့်မယ်"

ကျန်းမုန့်လောင်လည်း မတ်တတ်ထရပ်ပြီး ထိုင်ခုံကိုးလုံးရှိရာသို့ လှမ်းသွားသည်။

"သူ ဘယ်နေရာကို ရွေးမှာလဲ"

"ငါထင်တာကတော့ သူ့အင်အားနဲ့ဆိုရင် ကိုးခုမြောက်ထိုင်ခုံနဲ့ပဲ သင့်တော်လိမ့်မယ်။ မဟုတ်ရင် စိန်ခေါ်ခံရပြီး ရှုံးသွားမှာပေါ့"

"ဟားဟား... သူ့ဘာသာ မောက်မာနေပါစေဦး။ ဒီတစ်ခါတော့ ကျုပ်တို့ သူ့ကို အပြစ်ပေးမှ ဖြစ်မယ်"

"ခဏနေဦး... သူဆက်သွားနေတုန်းပဲ။ သူက ထိပ်ဆုံးငါးယောက်နေရာကို စိတ်ဝင်စားနေတာလား"

"ထိပ်ဆုံးငါးယောက်အုပ်စုဆိုတာ ဒဏ္ဍာရီလာအဆင့်ငါးနဲ့အထက် သိုင်းပညာရှင်တွေအတွက်ပဲ။ သူ့မှာ အဲဒီလိုအင်အားမျိုးရှိမယ်များ ထင်နေတာလား"

"သူ တတိယထိုင်ခုံဆီ ရောက်သွားပြီ"

"ဒုတိယထိုင်ခုံ"

"ဧကန္တ သူက..."

သိုင်းပညာရှင်များ၏ တအံ့တသြအကြည့်များအောက်မှာပင် ကျန်းမုန့်လောင်လည်း ပထမဆုံးထိုင်ခုံဆီသို့ လျှောက်သွားလိုက်ပြီး ထိုင်ချလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ နေကြာစေ့လက်တစ်ဆုပ်စာကို ထုတ်ယူ၍ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ကြည့်ရှုနေသည့်အလား အခွံခွာစားနေလေတော့သည်။

"ကျန်းမုန့်လောင် မင်း တော်တော်သတ္တိရှိနေတာပဲ။ အဲဒါက မင်းထိုင်ချင်တိုင်း ထိုင်လို့ရတဲ့ထိုင်ခုံများ မှတ်နေလား။

"စည်းမျဉ်းတွေကိုရော နားလည်ရဲ့လား။ အဲဒီထိုင်ခုံက မင်းထိလို့ရတဲ့အရာမို့လို့လား။ အခုချက်ချင်း ဆင်းလာခဲ့"

သိုင်းပညာရှင်များမှာ ခလုတ်တစ်ခုကို နှိပ်လိုက်သည့်အလား တစ်ယောက်ပြီးတစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။

"ဒီပထမဆုံးထိုင်ခုံကို ထိုင်လို့မရဘူးလား"

ကျန်းမုန့်လောင်လည်း အတန်ငယ်စိတ်ညစ်ဟန်ဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့မထိုင်ရဲတာနဲ့ပဲ ကျုပ်ပါ မထိုင်နိုင်စရာအကြောင်းမရှိဘူးလေ"

"ကျန်းမုန့်လောင်.. ဒီထိုင်ခုံနံပါတ်တစ်က ဘယ်သူပိုင်တာလဲဆိုတာ မင်းသိလား"

"ဘယ်သူ့ဟာလဲ"

"ဒါက သိုင်းနတ်ဘုရားရဲ့ထိုင်ခုံ"

နောက်ဆုံးတွင်မူ တစ်စုံတစ်ယောက်က ထုတ်ပြောလာသည်။

သိုင်းနတ်ဘုရားသည် သိုင်းလောကအဖွဲ့အစည်းကို တည်ထောင်ခဲ့သူဖြစ်သော်ငြား အလွန်ကြီးမားလှသော မိသားစုတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး သိုင်းနတ်ဘုရား၏အင်အားကို သိုင်းလောကတစ်ခုလုံးကပါ အသိအမှတ်ပြုထားသဖြင့် သူ့အာဏာကို စိန်ခေါ်ဝံ့သူလည်း မရှိပေ။

စိန်ခေါ်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပထမနေရာကတော့ သိုင်းနတ်ဘုရားအတွက်သာ ဖြစ်၏။ ထို့ကြောင့် ဤထိုင်ခုံအတွက် သူတို့က ဘာကြောင့်တိုက်ခိုက်နေကြရမည်နည်း။

ထို့ကြောင့် သိုင်းလောကထဲတွင် ထုတ်ဖော်ပြောဆိုခြင်းမပြုထားသော စည်းမျဉ်းတစ်ခုရှိသည်။ မည်သူမဆို ထိုင်ခုံစိန်ခေါ်မှုတွင် ပါဝင်နိုင်သည်။ သို့သော် ပထမထိုင်ခုံကိုတော့ သိုင်းနတ်ဘုရားအပေါ် ရိုသေလေးစားမှု၏ အထိမ်းအမှတ်အဖြစ် အလွတ်ထားပေးရမည်။

ဤထိုင်ခုံစိန်ခေါ်မှုတွင် ဒုတိယနေရာရှိထိုင်ခုံမှာ သိုင်းပညာရှင်များ အိပ်မက်မက်ရသော ဂုဏ်ယူစရာကိစ္စတစ်ရပ်ပင်။

ယနေ့အချိန်အထိ ဤရိုးရာကို နှစ်နှစ်ဆယ်ကျော် ထိန်းသိမ်းလာခဲ့လေသည်။

"သိုင်းနတ်ဘုရားလား။ သိုင်းနတ်ဘုရားဆိုတော့ရော ဘာဖြစ်လဲ။ ဒီထိုင်ခုံကို သူဝယ်ထားလို့လား"

ကျန်းမုန့်လောင်လည်း ခွန်းတုံ့ပြန်လိုက်၏။

"ဒီပထမထိုင်ခုံက ကျုပ်ဟာပဲ။ တကယ်လို့ သိုင်းနတ်ဘုရားက အဲဒါကိုမကျေနပ်ဘူးဆိုရင် သူကိုယ်တိုင်လာပြီး စိန်ခေါ်နိုင်တယ်"

"အတင့်ရဲလိုက်တာ"

"ငါ သည်းမခံနိုင်တော့ဘူး"

ဒဏ္ဍာရီလာအဆင့်လေးသိုင်းပညာရှင်တစ်ယောက်က ရှေ့တက်လာလေသည်။

"မင်းကိုယ်တိုင်ဆင်းမလား။ ဒါမှမဟုတ် ငါ မင်းကိုပစ်ချရမလား။"

"ခင်ဗျားလည်း ပါတယ်ပေါ့"

ကျန်းမုန့်လောင် အော်ပြောလိုက်သည်။

"တခြားကန့်ကွက်တဲ့လူတွေ ရှိသေးလား။ အခုချက်ချင်းပြောနော်။ မဟုတ်လို့ကတော့ တစ်သက်လုံးပါးစပ်ပိတ်နေရမှာ။ တခြားသူတွေရှိသေးရင်..."

"ငါလည်း ကန့်ကွက်တယ်"

နောက်ထပ်ဒဏ္ဍာရီလာသိုင်းပညာရှင်တစ်ယောက်ကလည်း မတ်တတ်ထရပ်လိုက်လေသည်။

"ကောင်းပြီ။ ခင်ဗျားလည်းပါတယ်။ တခြားသူတွေရှိသေးလား"

ကျန်းမုန့်လောင် ထပ်အော်လိုက်ပြန်သည်။

"ငါရောပဲ"

ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်များမှာ သိုင်းနတ်ဘုရား၏ဂုဏ်သိက္ခာအတွက် ရပ်တည်ပေးရန် တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြပြီး အံ့ဖွယ်ကောင်းလောက်အောင်ပင် ကျန်းမုန့်လောင်ကို စိန်ခေါ်လာသူများမှာ ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်၁၂ယောက်အထိ ရှိလာသည်။

"ကောင်းပြီ"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

"တစ်ယောက်ချင်းစီကို တိုက်ခိုက်နေရတာ အချိန်ကုန်တယ်။ ဒီတော့ ဒီလိုလုပ်ကြမယ်။ ဒီထိုင်ခုံမှာ ကျုပ်ထိုင်တာကို ကန့်ကွက်တဲ့လူတွေအားလုံး တစ်ပြိုင်တည်းဝင်လာခဲ့ကြ။ ပိုများလေ ကောင်းလေပဲ"

*************

All Chapters