အဲဒါက ကျုပ်တို့ဆီမှာ ထင်းခုတ်ဖို့သုံးတဲ့ သံမဏိအပိုင်းအစကြီး
Vol. 26 Ch. 385
"ကျန်းမုန့်လောင်... မင်းက တအားမောက်မာနေတာပဲ။ မင်းတစ်ယောက်တည်းနဲ့ သိုင်းလောကတစ်ခုလုံးကို ရင်ဆိုင်ဖို့ စိတ်ကူးထားတာလား"
ဒဏ္ဍာရီလာအဆင့်လေးသိုင်းပညာရှင်တစ်ဦးက ရှေ့ကိုတိုးလာသည်။ သူ့ကျောထက်တွင် ရွှေရောင်သိုင်းကြိုးတစ်ချောင်း ရစ်ပတ်ထား၏။ တုတ်ခိုင်သန်မာသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့်တူသော်ငြား အမှန်တွင် ထိုလူမှာ အသက်တစ်ရာကျော်နေလေပြီ။
"ခင်ဗျားတို့ပြောနေတဲ့စကားတွေက အဆီအငေါ်လည်းမတည့်ဘူး"
ကျန်းမုန့်လောင် စိတ်ရှုပ်နေရသည်။
"ဒီနေရာမှာ ထိုင်ခုံကိုးလုံးရှိတယ်လေ။ ထိုင်ဖို့မဟုတ်ဘူးလား။ ကျုပ် ဒီမှာထိုင်တာ ဘာပြဿနာရှိလို့လဲ"
"သြော်!"
ကျန်းမုန့်လောင်လည်း သူ့ပေါင်သူ ရိုက်လိုက်လေသည်။
"နားလည်ပြီ။ ဒါက ခင်ဗျားတို့ရဲ့ ထုတ်ပြောလို့မရတဲ့ စည်းမျဉ်းတစ်ခုပေါ့လေ။ ဟုတ်လား"
ထိုနေရာတွင်ရှိသော သိုင်းပညာရှင်များမှာ မျက်နှာရဲခနဲဖြစ်သွားလေသည်။
အမှန်ပင်။ ဤသည်မှာ သိုင်းလောက၏ ထုတ်ပြော၍မရသော စည်းမျဉ်းတစ်ခုဖြစ်ကြောင်း လူတိုင်းသိသည်။ အလယ်တည့်တည့်ရှိ ထိုင်ခုံမှာ သိုင်းနတ်ဘုရားအတွက် အမြဲသီးသန့်ချန်ထားခြင်းဖြစ်ပြီး မည်သူကမှလည်း ထိုနေရာတွင် မထိုင်ရဲကြပေ။ ထိုနေရာကို သိမ်းပိုက်ခြင်းမှာ သိုင်းနတ်ဘုရား၏အာဏာကို စိန်ခေါ်ခြင်းပင်။
သို့သော် ကျန်းမုန့်လောင်က ဤအချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာသောအခါ လူတိုင်းလည်း အေးဆေးတည်ငြိမ်မှုကို ထိန်းသိမ်းထားရန် ခက်လှသည်။
"ဒါကိုတော့ ကျုပ်ဝေဖန်မှဖြစ်မယ်"
ကျန်းမုန့်လောင်က သူ့အသက်သူ့အရွယ်ထက် ပိုပညာရှိဟန်ဖြင့် ပြောလိုက်သည်။
"တရားမျှတပြီး ညီတူညီမျှဖြစ်သင့်တဲ့ ပြိုင်ပွဲမျိုးမှာ ထုတ်ပြောလို့မရတဲ့ စည်းမျဉ်းတွေက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။ ၂၁ရာစုရဲ့ ထူးချွန်ထက်မြက်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဒီစည်းမျဉ်းတွေကို ကျုပ် ချိုးဖောက်မှဖြစ်မယ်။ သူသာ တကယ်အစွမ်းအစရှိရင် ကျုပ်ကို ဒီထိုင်ခုံကနေ ဖယ်ရှားပစ်လိုက်။ မဟုတ်ရင်တော့ အနောက်နားမှာ သွားထိုင်နေလိုက်"
"မင်းက သိုင်းနတ်ဘုရားကို စော်ကားနေတာလား"
ကျန်းမုန့်လောင်၏စကားကို ကြားလိုက်ရသော သိုင်းပညာရှင်များလည်း မခံမရပ်နိုင်အောင် ဒေါသထွက်ကုန်ကြသည်။ သိုင်းပညာရှင်ပေါင်းများစွာ၏ နှလုံးသားထဲတွင် သိုင်းနတ်ဘုရားသည် နတ်ဘုရားနှင့်တူသော ပုဂ္ဂိုလ်တစ်ဦးပင်။
တကယ်တမ်းတွင် လွန်ခဲ့သော နှစ်ပေါင်းခုနစ်ဆယ်တုန်းက ဟွာရှားနိုင်ငံ၏ အမှောင်မိုက်ဆုံးအချိန်တွင် နိုင်ငံခြားအင်အားစုများက ဟွာရှားနယ်စပ်ကို သေနတ်များ၊ အမြောက်များဖြင့် ပစ်ခတ်ခဲ့သည့်အပြင် အခြားနိုင်ငံများမှ အစွမ်းထက်သန္ဓေပြောင်းလူသားအဖွဲ့အစည်းများကလည်း ဟွာရှားနိုင်ငံထဲသို့ အတင်းဝင်ရောက်လာခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ အင်အားကို အပြင်ပန်းတွင်မူ စစ်ရေး၊ နည်းပညာနှင့် စီးပွားရေးတို့ဖြင့် ဆုံးဖြတ်နိုင်သော်လည်း နောက်ကွယ်ရှိ ပိုအရေးကြီးသော အချက်မှာ တရားဝင်သန္ဓေပြောင်းလူသားအဖွဲ့အစည်း၏ အင်အားပင် ဖြစ်သည်။
ထိုအချိန်တုန်းက ဟွာရှားနိုင်ငံတွင် "လုံရှား"အဖွဲ့အစည်း မရှိသေးသည့်အတွက် ဒေသခံစိတ်စွမ်းအားရှင်များနှင့် သိုင်းပညာရှင်များမှာ အလိုအလျောက်စုစည်းကာ ထိုနိုင်ငံခြားသန္ဓေပြောင်းလူသားများနှင့် စိတ်စွမ်းအားရှင်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။
အစပိုင်းတွင် ဥရောပနှင့် အမေရိကန်မှ အလွန်အင်အားကြီးသော သန္ဓေပြောင်းလူသားများနှင့် စိတ်စွမ်းအားရှင်များက ဟွာရှားနိုင်ငံထဲသို့ ကျုးကျော်ဝင်ရောက်လာခဲ့သဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာတွင် ဟွာရှားနိုင်ငံရှိ ဂုဏ်သတင်းအကြီးမားဆုံး စိတ်စွမ်းအားရှင်များနှင့် သိုင်းပညာရှင်အချို့ သေဆုံးခဲ့ရပြီး အချို့ကတော့ အပြင်းအထန်ဒဏ်ရာရကာ ထွက်ပြေးခဲ့ကြရသည်။
ထို့ကြောင့် နောက်ပိုင်းတွင် ဟွာရှားနိုင်ငံက အမှောင်ထုထဲသို့ ကျရောက်ခဲ့ရသည်။
နောက်ပိုင်းတွင် သိုင်းနတ်ဘုရားနှင့် "လုံရှား"အဖွဲ့အစည်း၏ လက်ရှိခေါင်းဆောင်တို့ ပေါ်ထွန်းလာခဲ့သည်။ သူတို့သည် အနောက်နိုင်ငံများနှင့် အခြားနိုင်ငံများမှ ဒုတိယကမ္ဘာထဲရှိ အလွန့်အလွန်အင်အားကြီးသူများနှင့် ရင်ဆိုင်ခဲ့ကြသည်။
ဟိမဝန္တာတောင်တန်းများပေါ်၌ ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲတွင် တကယ်တမ်း ဘာဖြစ်ခဲ့သလဲဆိုသည်ကို မည်သူမှ အတိအကျမသိခဲ့ကြပေ။ မြေပထဝီဝင်အနေအထားကိုပင် ပြောင်းလဲစေခဲ့သည်အထိ တောင်ပေါ်ရှိ နှင်းထုကြီးများ ပြိုကျခဲ့သဖြင့် ဧဝရက်တောင်ထိပ်ပင် တစ်ဆယ်မီတာနီးပါး မြင့်တက်သွားခဲ့သည်ဟု ဆိုကြသည်။
ထိုပဋိပက္ခအပြီးတွင် ဟိမဝန္တာတောင်တန်းများဆီမှ ထွက်လာခဲ့သော အင်အားကြီးပုဂ္ဂိုလ်နှစ်ဦးမှာ ဟွာရှားနိုင်ငံမှဖြစ်ပြီး အနောက်တိုင်းသန္ဓေပြောင်းလူသားများနှင့် စိတ်စွမ်းအားရှင်များမှာမူ နှင်းများဖုံးလွှမ်းနေသော ထိုတောင်တန်းပေါ်၌ ထာဝရကျန်ရစ်ခဲ့ကြသည်။
သူတို့၏ပြိုင်ဘက်များမှာ ဒဏ္ဍာရီလာအဆင့်၇နှင့် ညီမျှသော သို့မဟုတ် ထိုထက်ပင် ပိုအားကောင်းသောပုဂ္ဂိုလ်ဆယ်ယောက်ကျော်ရှိသည်ဟု သတင်းထွက်ခဲ့သည်။
ထိုအချိန်မှစ၍ ဟွာရှား၏သားစဉ်မြေးဆက်များမှာ သူတို့၏တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့ကြသည်။
သိုင်းနတ်ဘုရားနှင့် "လုံရှား"ခေါင်းဆောင်တို့သာ ရှေ့မထွက်လာခဲ့ပါက ဟွာရှားနိုင်ငံလည်း လုံးဝကွဲပြားခြားနားသော အနာဂတ်တစ်ခုကို လျှောက်လှမ်းနေရမည်ဖြစ်၏။
ထို့ကြောင့် သိုင်းနတ်ဘုရားသည် သိုင်းလောကတစ်ခုလုံး၏ နတ်ဘုရားဖြစ်လာခဲ့ပြီး ဟွာရှားနိုင်ငံ၏ ကာကွယ်ရေးနတ်ဘုရားအဖြစ်ပင် သတ်မှတ်ခံခဲ့ရသည်။ သူ့တည်ရှိမှုတစ်ခုတည်းကပင် အခြားသူများကို ဟွာရှားနိုင်ငံသို့ ဝင်ရောက်ကျူးကျော်ရန် မဝံ့မရဲဖြစ်စေခဲ့သည်။
ယခုမူ ကျန်းမုန့်လောင်က သူတို့၏ယုံကြည်မှုကို စိန်ခေါ်နေပေသည်။ သူတို့အနေနှင့် ထိုသို့သောအရာမျိုးကို မည်သို့သည်းခံနိုင်မည်နည်း။
"ခင်ဗျားတို့က မျက်လုံးစုံမှိတ်ပြီး ကိုးကွယ်နေကြတာပဲ"
ကျန်းမုန့်လောင်က စကားတစ်လုံးချင်းစီကို သေချာပြောလိုက်၏။
"သိုင်းနတ်ဘုရားက ဟွာရှားနိုင်ငံအတွက် အများကြီးလုပ်ပေးခဲ့တယ်ဆိုပေမဲ့ ဒီထိုင်ခုံနေရာအတွက် တိုက်ခိုက်တာကတော့ မတူတဲ့ကိစ္စလေ။ သိုင်းနတ်ဘုရားဆိုတော့ရော ဘာဖြစ်လဲ။ သူသာ ကျုပ်ထက်အင်အားကြီးတယ်ဆိုရင် ကျုပ် ဒီနေရာကနေထွက်သွားပေးမယ်"
ကျန်းမုန့်လောင်က အလယ်ထိုင်ခုံကို တကယ်ဂရုစိုက်နေခြင်းမျိုးမဟုတ်ပေ။ အလယ်ထိုင်ခုံမှာ ပါရမီရှင်များကို ဦးစားပေးရွေးချယ်ရာတွင် သုံးခွင့်ရှိသည်။ ယခင်နှစ်များတုန်းက အထူးချွန်ဆုံးပါရမီရှင်များအားလုံးကို သိုင်းနတ်ဘုရားကသာ ရွေးချယ်ခေါ်ယူခဲ့သည်။ သိုင်းနတ်ဘုရားက အလားအလာညွှန်ကိန်းတစ်ဆယ်ကျော်သော သိုင်းပညာရှင်များကိုသာ ရွေးချယ်သွားပါက ယနေ့ ကျန်းမုန့်လောင် ဤနေရာသို့ လာရောက်ရသည်မှာ ဘာအဓိပ္ပာယ်ရှိဦးမည်နည်း။
"ဘာပဲဖြစ်ဖြစ် ကျုပ် ဒီထိုင်ခုံမှာ နေရာယူပြီးပြီ။ မကျေနပ်ရင် သိုင်းနတ်ဘုရားကိုယ်တိုင် လာပါစေ။ သူနိုင်ရင် ကျုပ် နောက်တစ်ခွန်းထပ်မပြောဘူး။ သူရှုံးရင်တော့ ဒုတိယထိုင်ခုံမှာပဲ ထိုင်ရမယ်"
"မိုက်မဲလိုက်တဲ့ကောင်လေး.. တင်းမော့ယီကို အနိုင်ယူနိုင်တယ်ဆိုတာနဲ့ပဲ သိုင်းလောကထဲမှာ မင်းကို ဘယ်သူကမှ မထိပါးနိုင်တော့ဘူးလို့ ထင်နေတာလား"
တောင်ဝှေးကိုင်ထားသော အကြီးအကဲတစ်ယောက်က သူ့ရွှေရောင်တောင်ဝှေးကို ဆွဲထုတ်လိုက်သည်။
"ဒီနေ့ မင်းရဲ့အကြီးအကဲတွေကိုယ်စား ငါ မင်းကို သေချာဆုံးမပြီး လူကြီးသူမတွေကို ရိုသေလေးစားတတ်အောင် သင်ပေးမယ်"
"ဝှစ်"
လေထဲတွင် ရွှေရောင်တောင်ဝှေး၏ ပြင်းထန်လှသည့် ပွတ်တိုက်အားကြောင့် ဖြစ်ပေါ်လာသောအသံမှာ ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များ၏ နားစည်များကို နာကျင်စေသည်။
"လူအိုကြီးယွမ်ရဲ့ ကောင်းကင်ဘုံအမျက်မာန်တောင်ဝှေးက မနှစ်တုန်းကထက် အဆပေါင်းများစွာ ပိုအားကောင်းလာပြီပဲ"
"ကျန်းမုန့်လောင်က အတွင်းအားမှာပဲ ကျွမ်းကျင်တာ။ လူအိုကြီးယွမ်၏တောင်ဝှေးသိုင်းက အတွင်းအားပေါ် မှီခိုနေတာမျိုးမရှိဘူး။ တင်းမော့ယီဆိုရင် သူ့ရိုက်ချက်တစ်ချက်တောင် ခံနိုင်ရည်မရှိဘူး"
"ကျန်းမုန့်လောင်တော့ ဒုက္ခရောက်တော့မယ်"
"ကောထန် ရှုန်းပါ့ရဲ့အတွင်းအားတွေ ငါ့ကိုပေးတော့"
"ကျောင်းအုပ်ကြီး.. လူကြီးမင်းရဲ့လက်ရှိလုပ်ပိုင်ခွင့်အရ ဆရာတစ်ယောက်ချင်းစီရဲ့စွမ်းရည်ကို တစ်ရက်မှာ တစ်ကြိမ်ပဲ အသုံးပြုနိုင်ပါတယ်"
"သေစမ်း! မင်း ဘာလို့ စောစောကမပြောတာလဲ"
ကျန်းမုန့်လောင်၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေသည်။ သူသည် ယနေ့အတွက် ရှုန်းပါ့နှင့် ထျန်းရှန်ထုံလောင်၏စွမ်းအားများကို အသုံးပြုပြီးပြီဖြစ်၏။ ကျန်ဆရာအားလုံးကလည်း ဒဏ္ဍာရီလာအဆင့်ဖြစ်ကြသော်ငြား ရှုန်းပါ့ကတော့ သူတို့နှင့် လုံးဝကွဲပြားခြားနားသော အဆင့်တစ်ခုတွင် ရှိ၏။
ခဏအကြာ သိုင်းနတ်ဘုရားသာ သူ့ဆီရောက်လာပါက ယဲ့ရင်ကို အကူအညီတောင်းရတော့မည်ဖြစ်လေရာ ထိုသို့လုပ်ရပါက အလွန်ရှက်စရာကောင်းပေလိမ့်မည်။ ယဲ့ရင်ကို အကူအညီမတောင်းချင်လျှင် သံမဏိလူသား၏သံချပ်ဝတ်စုံကို ငှားရမည်လား။ ထိုသို့ဆိုလျှင် သိုင်းကျင့်ဝတ်နှင့် လုံးဝမကိုက်ညီတော့ပေ။
"ချောင်ဖုန်းရဲ့အစွမ်းကိုသာ အရင်ပေးတော့"
ကျန်းမုန့်လောင် ကပျာကယာပြောလိုက်ရသည်။
ဒဏ္ဍာရီလာအဆင့်၇ရှိသော ချောင်ဖုန်း၏အစွမ်းမှာ ကျန်းမုန့်လောင်၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်းစီးဝင်လာသော်လည်း သူ့မျက်နှာအမူအရာကတော့ သိသိသာသာပြောင်းလဲမသွားပေ။ အကြောင်းမှာ ထိုအကြီးအကဲအုပ်စုထဲတွင် ဒဏ္ဍာရီလာအဆင့်၇ရှိသော သိုင်းပညာရှင်သုံးယောက်ရှိနေသောကြောင့်ပင်။
"ဘုန်း"
ကျန်းမုန့်လောင်လည်း ထိုအကြီးအကဲ၏တောင်ဝှေးကို သူ့လက်ဖဝါးဖြင့် ရိုက်ချလိုက်သောအခါ ထိုအရာမှ ပေါ်ထွက်လာသော ခွန်အားမှာ ထိုအကြီးအကဲ၏မျက်နှာအမူအရာကို ချက်ချင်းပြောင်းလဲသွားစေခဲ့သည်။
သူ့စိတ်ထဲတွင် ကျန်းမုန့်လောင်က အများဆုံးရှိလှ သူနှင့် အဆင့်ချင်းအတူတူဟု ထင်ထားသောကြောင့် ဤရိုက်ချက်က သူ့ကိုမနာကျင်စေခဲ့လျှင်ပင် အနည်းဆုံးတော့ နောက်တွန့်သွားစေနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ကျန်းမုန့်လောင်ကတော့ တည်ငြိမ်စွာရပ်နေပြီး တောင်ဝှေးမှတစ်ဆင့် ထုတ်လွှတ်လိုက်သော အင်အားမှာသူ့တောင်ဝှေးကို ကွဲသွားစေခဲ့သည်။
"ဒီလူငယ်လေးက တော်တော်ကြမ်းတာပဲ"
"အတူတိုက်ကြရအောင်"
"ကျန်းမုန့်လောင် သိုင်းနတ်ဘုရားကို စော်ကားတဲ့အတွက် ငါတို့ ဒီနေ့ မင်းကို ဆုံးမပြမယ်။ နောက်မှ ငါတို့က မင်းကို အဖွဲ့လိုက်အနိုင်ကျင့်ပါတယ်လို့ အပြစ်မတင်နဲ့"
"သိုင်းနတ်ဘုရားကို စော်ကားတဲ့လူတွေကို သတ်ပစ်"
ဒဏ္ဍာရီလာအဆင့်ရှိ သိုင်းပညာရှင်ခုနစ်ယောက်က သူတို့၏အဆင့်အတန်းကိုပင် ထည့်မတွက်ကြတော့ဘဲ စတင်တိုက်ခိုက်လေတော့သည်။ အဆင့်၇ နှစ်ဦး၊ အဆင့်၆ သုံးဦးနှင့် အဆင့်၄ နှစ်ဦးတို့ပင်။ ထိုအင်အားမှာ နိုင်ငံငယ်တစ်ခုကိုပင် ပြားချပ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။
ထို့ပြင် သူတို့အားလုံး လက်နက်ကိုယ်စီ ထုတ်ယူလိုက်ကြသည်။ ဒဏ္ဍာရီလာအဆင့်ရှိ သိုင်းပညာရှင်များ အသုံးပြုသော လက်နက်များမှာ သာမန်လက်နက်များမဟုတ်ချေ။
"လင်ကျန့်နန် အဲဒီအဘိုးကြီးက သူ့ရဲ့နာမည်ကြီးလက်နက်ကို ထုတ်လိုက်ပြီ"
"ဒါက အဆင့်၃လက်နက်တစ်ခုပဲ။ ဒဏ္ဍာရီလာအဆင့်သိုင်းပညာရှင်တွေတောင်မှ ဒီလိုလက်နက်မျိုးကို ဖန်တီးဖို့အတွက် ကျွမ်းကျင်လက်နက်ဖန်တီးသူတစ်ယောက်ကို ရှာရမှာ"
"ပြီးတော့ ကျိုးမိသားစုက လူအိုကြီးကျိုးပိုင်တဲ့ အဆင့်သုံးလက်နက် တူတစ်စုံကလည်း အရမ်းရှားပါးတဲ့ဥက္ကာခဲတစ်ခုနဲ့ လုပ်ထားတာတဲ့။ အဲဒီဥက္ကာခဲကို သူ ဥရောပအဖွဲ့အစည်းတစ်ခုကနေ အမေရိကန်ဒေါ်လာ၂၇ဘီလီယံပေးပြီး ဝယ်ခဲ့ရတယ်ဆိုပဲ"
"ကျစ် ကျစ် ကျစ်..အဆင့်သုံးလက်နက်တွေအများကြီးကို ဒီနေ့ အကုန်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ ဒီလိုလက်နက်တွေနဲ့သာဆိုရင် ဒဏ္ဍာရီလာအဆင့်၇ရှိတဲ့ သိုင်းပညာရှင်တွေတောင် လက်ဗလာနဲ့ရင်ဆိုင်ရဲမှာမဟုတ်ဘူး"
"ငါ့ရှေ့မှာ လက်နက်တွေကို လာကြွားချင်နေကြတာလား"
ကျန်းမုန့်လောင် ပြုံးလိုက်ပြီးနောက် သူ့လက်ထဲတွင် ခရမ်းရောင်ဓားရှည်တစ်ချောင်း ပေါ်ပေါက်လာသည်။
"ဝှစ်!"
ခရမ်းရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားပြီး ကျန်းမုန့်လောင်ဆီသို့ ဦးတည်လာသော လက်နက်အားလုံးလည်း တိုဖူးတုံးများအလား ဖြတ်တောက်ခံလိုက်ရသည်။
"ဘာလဲဟ"
"ငါ့ရဲ့မှော်ဝင်လက်နက်"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သိုင်းပညာရှင်များမှာ သူတို့၏လက်နက်များကို တအံ့တသြ ကြည့်နေမိကြသည်။ အဆင့်သုံး သို့မဟုတ် ထိုထက်အဆင့်ပိုမြင့်သော လက်နက်ဆိုသည်မှာ ကမ္ဘာပေါ်တွင် ရှားပါးသော မှော်ဝင်လက်နက်များထဲမှ တစ်ခုဖြစ်၏။ သူတို့၏လက်နက်များကို သံမဏိဖြတ်စက်များဟု ဆိုလျှင်ပင် မမှားပေ။ သူတို့ကသာ အခြားသူများ၏လက်နက်များကို ဖြတ်တောက်ပစ်ခဲ့ဖူးသည်။ သို့သော် သူတို့၏လက်နက်များ ကွဲကြေသွားခြင်းမှာတော့ ယခုတစ်ခေါက်က ပထမဆုံးအကြိမ်ပင်။
"ဒါ...ဒါက ဘာလက်နက်လဲ"
လူတိုင်းက ကျန်းမုန့်လောင်၏လက်ထဲရှိ ဓားကိုသာ စိုက်ကြည့်နေကြသည်။ သူတို့မှာ တိုက်ခိုက်ရန်ပင် မေ့လျော့နေကြ၏။
"သြော် ဒီဟာလား။ ဒါက ကျုပ်တို့အိမ်မှာ ထင်းခွဲ၊သစ်ပင်ခုတ်တဲ့နေရာမှာသုံးတဲ့ သံမဏိချောင်းတစ်ချောင်းပါ။ ကျုပ်တို့ခြံတွေထဲက တစ်ခုကနေ ဒီတိုင်းယူလာခဲ့လိုက်တာ"
**************