← Chapters

ကျုပ်အဘိုးက နှင်းလျှောစီးဖို့သက်သက် သွားခဲ့တာ

Vol. 26 Ch. 388

ကျုပ်အဘိုးက နှင်းလျှောစီးဖို့သက်သက် သွားခဲ့တာ

Vol. 26 Ch. 388

"မစ္စတာကျန်း.. ဖြစ်စဉ်အကျဉ်းချုပ်ကတော့ ဒီလိုပါ"

ထိုအချိန်မှာပင် ယဲ့ရင်ကလည်း ဟုန်းရီလက်ဆင့်ကမ်းလိုက်သော သတင်းကို ကျန်းမုန့်လောင်ဆီသို့ ပြန်သယ်လာခဲ့သည်။

ထိုဖြစ်ရပ်မှာ ရှင်းရှင်းလေးပင်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက ဟိမဝန္တာတောင်တန်းတွင် နှင်းလျှောသွားစီးခဲ့သည့် လူငယ်လေးက ကျန်းမုန့်လောင်၏အဘိုး ကျန်းခန့်ပင်။

ကျန်းခန့်က နှင်းလျှောစီးရန် သင့်တော်သည့် ဆင်ခြေလျှောတစ်ခုကို ရှာချင်ခဲ့ရုံမျှသာ။ သို့သော် ကောင်းမွန်သော ဆင်ခြေလျှောတစ်ခုကို ရှာတွေ့လိုက်သည့်အချိန်မှာပင် ထိုလူများက တိုက်ခိုက်ကြလေရာ တိုက်ပွဲ၏ ဝရုန်းသုန်းကားဖြစ်မှုက နှင်းတောင်ပြိုကျစေခဲ့သည်။ ဤသို့ဖြင့် ထိုဆင်ခြေလျှောကလည်း သွေးများစွန်းထင်းကာ ပျက်စီးသွားခဲ့ရသည်။

ဒေါသထွက်လွယ်သော ကျန်းခန့်မှာ သည်းခံမှုမှာ မျိုးဆက်ပြတ်စေနိုင်သည်ဟု ယုံကြည်ထားသူဖြစ်လေရာ ချက်ချင်းပင် စစ်မြေပြင်ဆီသို့ ချီတက်လာခဲ့လိုက်သည်။

အစကတော့ သူသည် တိုက်ပွဲကို ရပ်စဲစေလိုသော ရည်ရွယ်ချက်ဖြင့် သွားခဲ့ပြီး သူ့နှင်းလျှောစီးလေ့ကျင့်မှုကို နှောင့်ယှက်ခဲ့သော ထိုလူယုတ်မာများကို ဆုံးမရန်သာ ကြံရွယ်ထားခဲ့သည်။ ထင်မှတ်မထားပါဘဲ ရေခဲနှင့်ဆီးနှင်းဘုရင်ဟုခေါ်သော ထိုသကောင့်သားက သူ့အား စကားတစ်ခွန်းမှမပြောဘဲ တိုက်ခိုက်လာခဲ့သည်။

ဖျန်ဖြေမှုကျရှုံးသွားသဖြင့် အခြားရွေးချယ်စရာမရှိတော့သော ကျန်းခန့်လည်း သူတို့အားလုံးကို သတ်ပစ်ခဲ့ရသည်။ ဤသို့ဖြင့် တိုင်းပြည်ကို အမှတ်မထင်ကယ်တင်မိခဲ့သည်။ ကျန်းခန့်အတွက်တော့ ထိုအဖြစ်မှာ သာမန်ကိစ္စတစ်ခုဖြစ်သော်ငြား ဒဏ္ဍာရီလာအဆင့်ခုနစ်သိုင်းပညာရှင် ယင်ဝူယီနှင့် နတ်ဘုရားအဆင့်ခုနစ်စိတ်စွမ်းအားရှင် မုန့်ထျန်းဟယ်တို့အတွက်တော့ နှစ်ပေါင်း၇၀ကြာအောင် စွဲမြဲသွားခဲ့သည်။

ထိုစဉ်တုန်းက သူ့အဘိုး၏ခွန်အားကို မှန်းဆကြည့်ရန် ခက်ခဲသော်ငြား ယဲ့ရင်ကတော့ သူသည် သူ့အဘိုး၏လက်ချောင်းတစ်ချောင်းစာကိုပင် မယှဉ်နိုင်သေးဟု ပြောလေသည်။

"သူတို့ပြောတဲ့ သိုင်းနတ်ဘုရားဆိုတာ ခင်ဗျားလား"

သူ့အဘိုး၏နောက်ခံရှိနေသည်ဖြစ်ရာ ကျန်းမုန့်လောင်လည်း ယုံကြည်မှုအပြည့်ဖြင့် ခပ်မတ်မတ်ရပ်လိုက်သည်။ ဤသိုင်းနတ်ဘုရားတွင် အတိတ်မေ့ရောဂါမရှိသရွေ့တော့ သူ့ရှေ့မှာ ရန်လိုဟန်ပြလာဖို့မဆိုထားနှင့်။ အသံကျယ်ကျယ်ပင် ထွက်ရဲမည်မဟုတ်။

"ကျွန်တော်က ယင်ဝူယီပါ။ ခင်ဗျားရှေ့မှာ သိုင်းနတ်ဘုရားဆိုတဲ့ဂုဏ်ပုဒ်ကို ခံယူရမှာ မထိုက်တန်ပါဘူး။ ဒါက သိုင်းလောကထဲက လူတွေ အပ်နှင်းထားတဲ့ အနှစ်သာရမရှိတဲ့ဂုဏ်ပုဒ်တစ်ခုသက်သက်ပါ"

သိုင်းပညာရှင်ထောင်ပေါင်းများစွာ စောင့်ကြည့်နေသည့်ကြားမှာပင် ယင်ဝူယီက ကျန်းမုန့်လောင်ကို တလေးတစားဦးညွှတ်လိုက်၏။

"ငါ.. ငါ ဘာတွေမြင်နေရတာလဲ။ သိုင်းနတ်ဘုရားက ကျန်းမုန့်လောင်ကို ဦးညွှတ်နေတာလား"

"ဘာတွေဖြစ်နေတာလဲ"

"သိုင်းနတ်ဘုရားက ကျန်းမုန့်လောင်ရှေ့မှာ သူ့ကိုယ်သူ သိုင်းနတ်ဘုရားလို့ မခေါ်ထိုက်ဘူးလို့တောင် ပြောနေပါလား?"

ခဏအတွင်းမှာပင် ဤသိုင်းပညာရှင်များ၏ ယုံကြည်မှုများလည်း ပြိုလဲကုန်ချေသည်။

ဇာတ်ညွှန်းအရဆိုလျှင် သိုင်းနတ်ဘုရားက ဤငမိုက်သားကို ဆုံးမပစ်ရမည်မဟုတ်လား။ တစ်ခုခုတော့ လွဲနေချေပြီ။

သိုင်းနတ်ဘုရားက ယခင်က အလွန်မာနကြီးပြီး ဒေါသထွက်လွယ်သော လူတစ်ယောက်ပင်။ တစ်ချိန်တုန်းက သိုင်းလောကထဲမှာ အစွမ်းထက်သော အကျင့်ပျက်ပညာရှင်များ ပေါ်ထွန်းလာခဲ့သေးသည်။ သိုင်းနတ်ဘုရားမှာ နည်းနည်းမျှပင် မညှာတာဘဲ သူတို့အားလုံးကို တစ်ချက်တည်းနှင့် အလဲထိုးပစ်ခဲ့သည်။

သို့သော် ကျန်းမုန့်လောင်ရှေ့မှာတော့ သိုင်းနတ်ဘုရားက လိမ္မာယဉ်ကျေးသော ကလေးတစ်ယောက်နှယ် ခပ်တိုးတိုးလေသံဖြင့် ဘာကြောင့်ပြောဆိုဆက်ဆံနေရသလဲ။

"သိုင်းနတ်ဘုရား! ဒီငမိုက်သားက သိုင်းလောကတစ်ခွင်ကို စိန်ခေါ်ခဲ့ရုံတင်မကဘဲ သိုင်းနတ်ဘုရားကိုပါ စော်ကားခဲ့ပါတယ်။ ကျေးဇူးပြုပြီး သိုင်းနတ်ဘုရား..သူ့ကို သုတ်သင်ပေးပါ"

"သိုင်းနတ်ဘုရား.. ခင်ဗျား ဘယ်လိုဖြစ်ရတာလဲ"

"သိုင်းနတ်ဘုရားကို ဒီကိစ္စနဲ့ပတ်သတ်ပြီး အရေးယူပေးဖို့ တောင်းဆိုပါရစေ။ သိုင်းလောကထဲက ဒီအမည်းစက်ကို ဖယ်ရှားပေးပါ"

"မင်းတို့တွေက ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား"

ယင်ဝူယီက ရုတ်တရက်နောက်လှည့်လိုက်လေရာ သူ့မျက်ဝန်းထဲမှ မရေမတွက်နိုင်သော ဓားသွားအလင်းတန်းများ ထွက်ပေါ်လာလေဟန်ပင်။ အကြည့်တစ်ချက်မျှဖြင့် ကြမ်းပြင်ပေါ်တွင် မီတာရာပေါင်းရှည်လျားသော ဓားရာကြီးတစ်ခု ထွက်ပေါ်လာသည်။

ယင်ဝူယီသည် ဒဏ္ဍာရီလာအဆင့်ခုနစ်သိုင်းပညာရှင်အဆင့်တုန်းက ကျန်းခန့် မည်မျှအင်အားကြီးမားကြောင်း အကဲမဖြတ်နိုင်ခဲ့ပေ။ သူသည် ရှိသည်ဟုသာသိထားပြီး နှစ်ပေါင်းရာချီကြာအောင် မမြင်ဖူးသော ထျန်းယွမ်အဆင့်ကို ရောက်နေပြီလား။ သို့မဟုတ် ထိုထက်ပင် ပိုအဆင့်မြင့်လေသလား။

ဒဏ္ဍာရီလာအဆင့်ရှိသော သူရဲကောင်းတစ်ယောက်က နှစ်နှစ်ရာကျော် အသက်ရှင်နေထိုင်နိုင်သည်ဆိုပါက ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်အတွက် ယနေ့အချိန်အထိ ငယ်ရွယ်နေသေးသည်ဆိုခြင်းမှာ မထူးဆန်းလှပေ။

ကျန်းမုန့်လောင်ကသာ လွန်ခဲ့သည့်နှစ်၇၀တုန်းက ကိစ္စများကို စွမ်းဆောင်ခဲ့သော ဆန်းကြယ်လှသည့် ထိုလူငယ်လေးဖြစ်နေပါက ဤအမျိုးသားသည် အမတအဆင့်သို့ တက်လှမ်းနိုင်တော့မလားဆိုသည်မှာ မည်သူမျှ အတပ်မသိနိုင်ချေ။

အမတအဆင့်သို့ တက်လှမ်းတော့မည့် တစ်စုံတစ်ယောက်နှင့် သူက တိုက်ခိုက်ရမည်တဲ့လား။ ဤနှစ်များအတွင်း သူ အသက်ရှင်နေရတာ ပင်ပန်းနေလို့လား?

သိုင်းနတ်ဘုရား၏ ကြိမ်းမောင်းသံကြောင့် အားလုံး အသံတိတ်ကုန်ကြသည်။ ယခုမူ ကျန်းမုန့်လောင်ကိုကြည့်သော သူတို့အကြည့်များက လုံးဝပြောင်းလဲသွားချေပြီ။

သိုင်းနတ်ဘုရားဆိုသည်မှာ သူတစ်ယောက်တည်းနှင့်ပင် သိုင်းလောကတစ်ခွင်ကို ခြောက်လှန့်နိုင်သူ ဖြစ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ကျန်းမုန့်လောင်ကို မစော်ကားဝံ့ဘူးဆိုပါလျှင် ကျန်းမုန့်လောင်က မည်မျှအထိများ အစွမ်းထက်နေသလဲ။

"ကြည့်ရတာတော့ ခင်ဗျား ဒီအမှတ်တံဆိပ်ကို မှတ်မိတဲ့ပုံပဲ"

ကျန်းမုန့်လောင်က သူ့ကိုယ်ပေါ်ရှိ ဂိုဏ်းအမှတ်တံဆိပ်ကို ညွှန်ပြရင်း ‌ပြောလိုက်၏။

တကယ်တမ်းတွင် ထိုနှစ်တုန်းက ဟိမဝန္တာတောင်တန်းပေါ်မှ ထွက်လာခဲ့ပြီးနောက် ယင်ဝူယီနှင့် မုန့်ထျန်းဟယ်တို့နှစ်ယောက် ဤအမှတ်တံဆိပ်ကို ရှာဖွေရန်အတွက် သူတို့မှာရှိသမျှ အရင်းအမြစ်မှန်သမျှကို သုံးခဲ့သေးသည်။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ထိုအရာမှာ အဝတ်အစားဘရန်းတစ်ခု မဟုတ်ချေ။ ထိုအရာမှာ အဖွဲ့အစည်းတစ်ခု၊ ဖြစ်တည်မှုတစ်ခုကို ကိုယ်စားပြုခြင်းပင်။

"ခင်ဗျား အဲဒီတိုက်ပွဲမှာ ပြသခဲ့တဲ့ မျိုးချစ်စိတ်နဲ့ ဂုဏ်သရေကို ကျွန်တော် မမေ့နိုင်ပါဘူး"

ယင်ဝူယီက ပြောလိုက်၏။

"ခင်ဗျားကြောင့်သာ မဟုတ်ရင် အစ်ကိုမုန့်နဲ့ ကျွန်တော်လည်း အင်အားကြီးနိုင်ငံတွေက စေလွှတ်လိုက်တဲ့ အဲဒီစွမ်းအားရှင်တွေဆီမှာ အသတ်ခံရပြီးလောက်ပြီ"

"ဘာ?"

"အဲဒီနှစ်တုန်းက ဝင်ကူညီခဲ့တဲ့လူက ကျန်းမုန့်လောင်လား? မဖြစ်နိုင်တာ… အဲဒီအချိန်တုန်က သူ မွေးတောင်မမွေးသေးဘူးမလား?"

"အဲဒီလူတွေကို သိုင်းနတ်ဘုရားနဲ့ လုံရှားခေါင်းဆောင်တို့ သတ်ခဲ့တာမဟုတ်ဘူးလား။ ဘာတွေဖြစ်ကုန်တာလဲ"

"ဒါကြီးက လုံးဝအဓိပ္ပာယ်မရှိဘူး"

……

"ကျွန်တော် တကယ်တောင်းပန်ပါတယ်။ အဲဒီကိစ္စကို လျှို့ဝှက်ထားခိုင်းခဲ့တဲ့ ခင်ဗျားရဲ့ညွှန်ကြားချက်ကြောင့် ကျွန်တော်တို့ပဲ ဂုဏ်ပြုမှုကို ခံယူခဲ့ရပါတယ်"

ဆွေးနွေးသံများက နေရာအနှံ့မှ ထွက်ပေါ်လာသဖြင့် ယင်ဝူယီလည်း ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကိုအပြစ်တင်မယ်ဆိုရင်လည်း ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ မုန့်ထျန်းဟယ်ကိုတော့ ဒေါသမထွက်လိုက်ပါနဲ့"

သိုင်းပညာရှင်များလည်း ယခုမှသာ သဘောပေါက်သွားကြသည်။

ဒီတော့ အဲဒီတုန်းက ဒီလိုတွေဖြစ်ခဲ့တာကိုး!

သို့သော် ထိုအရာမှာ အဓိပ္ပာယ်မရှိပေ။ ကျန်းမုန့်လောင်မှာ ကြွားဝါရခြင်းကို သဘောကျသူတစ်ယောက်ပင်။ ထိုမျှကြီးကျယ်ခမ်းနားသော လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပြီးသည့်တိုင် သူသည် လူမသိသူမသိနေမည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။

"ခင်ဗျား လူမှားနေပြီ။ အဲဒီတုန်းက ကျွန်တော်ကူညီပေးခဲ့တာမဟုတ်ဘူး။ အဲဒါက ကျွန်တော့်အဘိုး"

ကျန်းမုန့်လောင်လည်း ပြောလိုက်ရသည်။

"ခင်ဗျားမြင်ခဲ့တဲ့အမှတ်တံဆိပ်က ကျန်းမိသားစုရဲ့မျိုးဆက်စစ်စစ်တွေသုံးတဲ့ ဂိုဏ်းအမှတ်တံဆိပ်ပဲ"

"ဒီလိုကိုး"

ယင်ဝူယီ၏အမူအရာမှာ မပြောင်းလဲသွားပေ။ ထိုစဉ်တုန်းက အမျိုးသားက ကျန်းမုန့်လောင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုလူ၏မျိုးဆက်ဖြစ်နေသရွေ့တော့ သူကလည်း လေးစားမည်သာ။

"မင်းရဲ့အဘိုး နေကောင်းရဲ့လားလို့ မေးလို့ရမလား"

ယင်ဝူယီခမျာ သတိကြီးကြီးထား၍ မေးလိုက်လေသည်။

"ဖြစ်နိုင်ရင် ကျုပ် သူနဲ့ နောက်တစ်ခါထပ်တွေ့ချင်မိတယ်"

"အဲဒါတော့မဖြစ်လောက်ဘူး။ ကျွန်တော့်အဘိုးက နေရာအနှံ့ လှည့်ပတ်သွားလာရတာကို အရမ်းသဘောကျတာ။ သူ အခုဆိုရင် ဘယ်ရောက်နေပြီလဲဆိုတာ ကျွန်တော်တောင်မသိဘူး။ ခင်ဗျားသိတဲ့အတိုင်း.. သူ့လိုလူတွေက ဘယ်တော့မှမအိုသွားဘူးလေ"

ကျန်းမုန့်လောင်ကိုယ်တိုင်လည်း သူ့အဘိုး ဘယ်အပြိုင်ကမ္ဘာမှာ ရောက်နေသလဲဆိုသည်ကို မသိပေ။ "အနောက်အရပ်သို့ ခရီးသွားခြင်း"ခေတ်တွင် ကျောက်စိမ်းဧကရာဇ်နှင့် မာကျောက်ကစားနေတာလည်း ဖြစ်နိုင်ပေသည်။

"ဒါတော့ နှမြောစရာပဲ"

ယင်ဝူယီ ခေါင်းခါယမ်းလိုက်မိသည်။

"ကျုပ်အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျုပ် အကြီးအကဲကို ကျေးဇူးတင်ချင်ခဲ့တာ"

"အမှန်အတိုင်းပြောရရင် ကျွန်တော့်အဘိုးက အဲဒီလောက်အထိ ကြီးကျယ်မြင့်မြတ်နေတာမဟုတ်ပါဘူး"

ကျန်းမုန့်လောင် ပခုံးတွန့်ပြလိုက်သည်။

"ဖြစ်ပုံက ဒီလို… ခင်ဗျားတို့ရဲ့တိုက်ပွဲက တအားကြမ်းတမ်းလွန်းတော့ သူရှာတွေ့ထားတဲ့ နှင်းလျှောစီးကွင်းပြင်နေရာ ပျက်စီးသွားရော။ အဲဒါကြောင့် ခင်ဗျားတို့ကိုလာရှာခဲ့တာ။ တိုက်ပွဲကို ရပ်လို့မရတဲ့အပြင် ဟိုငတုံးတွေက သူ့ကိုလာတိုက်ခိုက်တဲ့အတွက် သူလည်း မတတ်သာလို့ သူတို့တွေကို သတ်ပစ်ခဲ့ရတယ်လေ"

"ဒါက.. အဲဒီတုန်းက ဒီလိုဖြစ်ခဲ့တာလား?"

"လူတစ်ယောက်က နှင်းလျှောစီးဖို့အတွက်နဲ့ ထိပ်တန်းစွမ်းအားရှင်ဆယ်ယောက်ကျော်ကို သတ်ပစ်ခဲ့တာတဲ့လား"

"သေစမ်း! ကျန်းမိသားစုထဲက လူတွေအကုန်လုံးက အရမ်းဟိတ်ဟန်များတာပဲလား?"

"အသစ်အဆန်းတစ်ခု သင်ယူလိုက်ရပြီ..အကြောင်းပြချက်ကြီးက အရမ်းကြမ်းတာပဲ"

"ဒါဆို ကျန်းမုန့်လောင်မှာ လွန်ခဲ့တဲ့နှစ်၇၀ကတည်းက သိုင်းနတ်ဘုရားနဲ့ လုံရှားခေါင်းဆောင်ထက် လက်ရည်သာတဲ့ အဘိုးတစ်ယောက်ရှိတယ်ပေါ့"

"ပြီးတော့ သူက အခုထိအသက်ရှင်နေတုန်းပဲတဲ့လား"

"ဒါ… ကျန်းမုန့်လောင်က အသက်နှစ်ဆယ်လေးနဲ့ ဒီလောက်အစွမ်းထက်နေတာ မထူးဆန်းတော့ပါဘူး။ အခုလောက်ဆိုရင် သူ့အဘိုးက ဘယ်လောက်တောင် အစွမ်းထက်နေလောက်ပြီလဲ။ သူက နှစ်ပေါင်းရာနဲ့ချီပြီး ဘယ်သူမှ မဖြတ်ကျော်နိုင်ခဲ့တဲ့ ကောင်ကင်ဘုံဖျားအဆင့်ကို ရောက်နေပြီလားမသိဘူး?"

"တစ်ချက်တည်းနဲ့ ထိပ်တန်းစွမ်အားရှင်ပေါင်းတစ်ဒါဇင်ကျော်ကို သတ်နိုင်တယ်ဆိုမှတော့ ကောင်းကင်ဘုံဖျားအဆင့်ကို ရောက်ပြီးတာ ကြာလှနေရောပေါ့။ သူတို့မိသားစုက အဲဒီခေတ်ကတည်းက အမွေလက်ဆင့်ကမ်းလာခဲ့တဲ့ မိသားစုများလား?"

"ရီထျန်းဂိုဏ်းက တကယ်ပြိုင်ဘက်ကင်းတာပဲ!"

**************

All Chapters