← Chapters

ကျွန်တော်တို့မိသားစုရဲ့ကိုယ်ရံတော်အဆင့်လောက်ပဲရှိသေးတယ်

Vol. 26 Ch. 389

ကျွန်တော်တို့မိသားစုရဲ့ကိုယ်ရံတော်အဆင့်လောက်ပဲရှိသေးတယ်

Vol. 26 Ch. 389

"အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် မစ္စတာကျန်းရဲ့အဘိုးက ကျုပ်ကိုကယ်ခဲ့တယ်ဆိုတဲ့အချက်နဲ့ ဟွာရှားနိုင်ငံကို ကာကွယ်ခဲ့တယ်ဆိုတာနဲ့တင် ကျုပ်တို့ရဲ့လေးစားမှုကို ခံယူထိုက်ပါတယ်"

ယင်ဝူယီက စစ်မှန်သောစိတ်ရင်းဖြင့် ပြောလိုက်သည်။

"ဒီနေ့ကစပြီး မင်းတို့ ဒီသင်္ကေတကိုမြင်တိုင်း သိုင်းလောကထဲက ဂုဏ်သရေရှိဧည့်သည်တစ်ယောက်ကို ကိုယ်စားပြုတယ်ဆိုတာမှတ်ထား။ နားလည်ကြလား"

ယင်ဝူယီ၏အကြည့်က ဤနေရာရှိ သိုင်းပညာရှင်များအားလုံးကို ဖြန့်ကြက်ကြည့်ရှုလိုက်သည်။

"မစ္စတာကျန်းကို မရိုမသေလုပ်ရဲတဲ့လူကို ငါကိုယ်တိုင်သတ်မယ်"

သိုင်းပညာရှင်များအားလုံးလည်း ကြောက်ဒူးတုန်လျက် သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

ယနေ့တွင် သူတို့၏နှလုံးသားထဲရှိ သိုင်းနတ်ဘုရား၏ပုံရိပ်က အတော်အတန်ပြိုလဲသွားရသော်ငြား သိုင်းလောကထဲရှိ သူ့အဆင့်အတန်းကိုတော့ မည်သူမှ မကိုင်လှုပ်ရဲချေ။ သူသည် တစ်ယောက်တည်းအားဖြင့်ပင် သိုင်းလောကတစ်ခွင်ကို ကိုင်လှုပ်နိုင်စွမ်းရှိသူဖြစ်၏။

ကျန်းမုန့်လောင်ကို စော်ကားဖို့ကတော့လား? အသိတရားမရှိသူကသာ လုပ်လိမ့်မည်ဖြစ်၏။

နက်နဲလှသော သူ့ခွန်အားကို ဘေးဖယ်ထားလိုက်လျှင်ပင် အတူစုပေါင်းတိုက်ခိုက်ခဲ့သော ဒဏ္ဍာရီလာအဆင့် နာမည်ကြီးသိုင်းပညာရှင်များကို လွယ်လင့်တကူအနိုင်ယူခဲ့ခြင်း၊ သူတို့၏လက်နက်များကို ပေါ့ပေါ့ပါးပါးဖျက်ဆီးပစ်ခဲ့ခြင်းတို့ကြောင့် မည်သူကမှ သူ့အား မလေးမစားမလုပ်ရဲကြတော့ပေ။ သူ့အား မလေးမစားဆက်ဆံရန် အရည်အချင်းရှိသူများမှာ ဘယ်နှယောက်ရှိနိုင်မည်နည်း။

ထို့ပြင် ကျန်းမုန့်လောင်၌ လွန်ခဲ့သည့်နှစ်၇၀ကတည်းက အနည်းဆုံး ဒဏ္ဍာရီလာကောင်းကင်ဘုံဖျားအဆင့်သို့ ရောက်ရှိထားပြီးဖြစ်သော ဘိုးဘေးတစ်ယောက်ရှိသည့်အပြင် ထိုလူမှာ ယခုအထိ အသက်ရှင်နေသေးကြောင်း သိုင်းလောကတစ်ခုလုံး သိလိုက်ရသည်။ ဤပုဂ္ဂိုလ်ကသာ အကွက်ကြီးကြီးရွှေ့ချင်ပါက တစ်ကမ္ဘာလုံးကိုပင် အသာလေးလွှမ်းမိုးထားနိုင်လောက်သည်မဟုတ်လား။

ကောင်းကင်ဘုံဖျားအဆင့်ဆိုသည်မှာ ဒဏ္ဍာရီဆန်သော အဆင့်တစ်ခုပင်။ ရှေးဟောင်းစာပေများအရ ထိုအဆင့်ရှိသော လူတစ်ယောက်မှာ မြို့တစ်မြို့ သို့မဟုတ် နိုင်ငံတစ်ခုကိုပင် တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်စွမ်းရှိသည်ဟု ဆိုထားသည်။

ကျန်းမိသားစုတွင် ကောင်းကင်ဘုံဖျားအဆင့်သို့ တက်လှမ်းထားနိုင်သော အကြီးအကဲတစ်ယောက်တည်းရှိသည်ဆိုခြင်းမှာ ဖြစ်နိုင်ပါ့မလား။

ကျန်းမိသားစု၏မျက်လုံးထဲတွင် ရှေးဟောင်းသိုင်းလောကအဖွဲ့အစည်းကြီးတစ်ခုလုံးမှာ မပြောပလောက်သော အရာတစ်ခုပင်။ သူတို့အနေနှင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်ကို အထွတ်အမြတ်မထားဘဲ နေနိုင်ရိုးလား။

"အခု ကျုပ် ဒီထိုင်ခုံမှာထိုင်နေပြီနော်။ ခင်ဗျားတို့ထဲက ကန့်ကွက်မဲ့သူတစ်ယောက်ယောက်များ ရှိသေးလား"

ကျန်းမုန့်လောင်လည်း လူအုပ်ကြီးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

"ကန့်ကွက်သူတစ်ယောက်ယောက်ရှိရင်လည်း ကျုပ်ဆီကို လာလို့ရပါတယ်။ ကျုပ်ရဲ့ရာထူးကိုသုံးပြီး အနိုင်မကျင့်ဘူးလို့ ကတိပေးတယ်"

သိုင်းနတ်ဘုရား၏ မျက်လုံးထဲရှိ ခြိမ်းခြောက်လေဟန်အကြည့်တစ်ချက်မှာ ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအကြည့်မှာ ကျန်းမုန့်လောင်က ယဉ်ကျေးသမှုဖြင့်‌ ပြောနေရုံသက်သက်သာဖြစ်ကြောင်းနှင့် သူတို့ အတည်မယူကြဖို့ သတိပေးနေသည်ဆိုခြင်းမှာ သိသာလှ၏။ ထိုကိစ္စနှင့်ပတ်သက်ပြီး မကျေနပ်သူရှိလာခဲ့လျှင်လည်း သူ့လက်ချက်ဖြင့် လက်စတုံးရမည်သာ။

"ကောင်းပြီ။ ဒါဆို ဆက်လုပ်စရာရှိတာ လုပ်ကြတော့"

ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့်ပြော၍ တစ်နေရာရာမှရလာသော နေကြာစေ့လက်တစ်ဆုပ်စာကို ထုတ်ယူပြီး ပွဲကြည့်နေလေတော့သည်။

သိုင်းနတ်ဘုရားနှင့် သူ့နောက်ကွယ်ရှိ မိသားစု၏ ထောက်ပံ့မှုကြောင့် ရီထျန်းဂိုဏ်းမှာ တားဆီး၍မရနိုင်လောက်အောင် တိုးတက်တော့မည်ဖြစ်ကြောင်း လူတိုင်း သိသည်။ ယခုဆိုလျှင် ထိုင်ခုံကိုးခုထဲရှိ ထိပ်ဆုံးနေရာကလည်း သူ့အတွက်သီးသန့်ဖြစ်သွားလေပြီ။

"မစ္စတာကျန်း.. မင်း ဒီနေ့ ဒီကိုလာခဲ့တာ တခြားရည်ရွယ်ချက်တစ်ခုခုတော့ ရှိလောက်မယ်ထင်တယ်"

ယင်ဝူယီက တလေးတစားမေးလိုက်သည်။ ကျန်းမုန့်လောင်၏ မိသားစုနောက်ခံဖြင့်သာဆိုလျှင် သူတို့သာ ကမ္ဘာကြီးကိုအုပ်စိုးချင်ပါက ယခုလောက်ဆိုလျှင် တစ်ကမ္ဘာလုံးမှာ သူတို့အပိုင်ဖြစ်နေလောက်ပြီသာ။ သိုင်းလောကအဖွဲ့အစည်းထဲရှိ ဘာမဟုတ်သည့်ထိုင်ခုံနေရာလေးတစ်ခုကို သူတို့က ဘာကြောင့်များ အရေးစိုက်နေမည်နည်း။

"ကျုပ် တပည့်လက်ခံဖို့လာခဲ့တာ"

ကျန်းမုန့်လောင်လည်း စကားဦးသမ်းလိုက်သည်။

"ဒါပေမဲ့ ကျုပ်ရဲ့လိုအပ်ချက်က တော်တော်မြင့်တယ်။ သာမန်အရည်အချင်းလောက်နဲ့ ကျုပ်ရဲ့ကျောင်းသား ဖြစ်မလာနိုင်ဘူး။ ဒီနေ့တွေ့ဆုံပွဲမှာ ပါရမီရှင်တွေအများကြီးရှိတယ်လို့ကြားလို့ လာကြည့်တာ"

ကျန်းမုန့်လောင် ဆက်ရှင်းပြလိုက်သည်။

"ကျောင်းသားလက်ခံဖို့ဆိုရင် ကျုပ်ရဲ့အစွမ်းအစကိုထုတ်မပြလို့မဖြစ်ဘူးမလား။ အဲဒါကြောင့် ကျုပ်လည်း သူတို့နဲ့ အခုလိုပွဲဖြစ်လိုက်ရတာပေါ့"

"မင်းက ကျောင်းသားလက်ခံမလို့လား"

ယင်ဝူယီ အံ့အားသင့်သွားမိသည်။ ကျန်းမုန့်လောင်တို့မိသားစု၏ နောက်ခံက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိုင်းလောကထဲရှိ မည်သူကမှ သူ့ထက်ပိုမသိနိုင်ပေ။ အနည်းဆုံးတော့ ကောင်းကင်ဘုံဖျားအဆင့် သိုင်းပညာရှင်တစ်ယောက်ရှိပြီး သူကိုယ်တိုင်ကတော့ အခြားသူများ နှစ်တစ်ရာ၊နှစ်ရာလောက်ကြာမှ ရရှိနိုင်သော ဒဏ္ဍာရီလာအဆင့်ကို အသက်နှစ်ဆယ်အရွယ်လေးဖြင့် တက်လှမ်းထားနိုင်သည်။ သူတို့၏သင်ကြားရေးနည်းလမ်းကား အခြားဂိုဏ်းများနှင့် မိသားစုများ မယှဉ်နိုင်လောက်သည်မှာ အသိသာချည်းပင်။

ရီထျန်းဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့လျှင် ဒဏ္ဍာရီလာအဆင့်ကို တက်လှမ်းနိုင်ဖို အာမခံတစ်ခုရလိုက်သည့်အလားပင်။ ကောင်းကင်ဘုံဖျားအဆင့်ကို တက်လှမ်းနိုင်ခြေပင် ရှိကောင်းရှိနိုင်သည်။

ထိုသို့တွေးမိသောအခါ ယင်ဝူယီ၏အသက်ရှူသံကား လေးလံသွားရလေသည်။

သူသည် ဒဏ္ဍာရီလာအဆင့်ကိုးအထွတ်အထိပ်၌ နှစ်သုံးဆယ်ကြာအောင် ပိတ်မိနေခဲ့သည့်တိုင် ယနေ့အချိန်အထိ အဆင့်ထပ်တက်နိုင်မည့်အရိပ်အယောင် နည်းနည်းမှမမြင်ချေ။ သူသည် ဤအဆင့်မှာပင် ပိတ်မိနေရန် ကံပါလာပုံရသည်။

"မစ္စတာကျန်း… မင်းရဲ့ကျောင်းက ဘယ်လိုအနေအထားမျိုးရှိလဲဆိုတာ‌ ပြောပြဖို့ အဆင်ပြေမလား။ သိုင်းလောကထဲက မိသားစုတော်တော်များများနဲ့ ကျုပ် ရင်းနှီးပါတယ်။ ကျောင်းသားကောင်းတချို့ကို ကျုပ် ကူရှာပေးချင်ရှာပေးနိုင်မှာပါ"

ယင်ဝူယီက သူ့အား တမင်ထုတ်ပြောခိုင်းနေခြင်းဖြစ်ကြောင်း ကျန်းမုန့်လောင်သိသော်လည်း စိတ်ထဲမထားပေ။

"အခုလက်ရှိမှာတော့ ကျုပ်ရဲ့ကျောင်းက ကျောင်းသားပထမအသုတ်ကို လက်ခံဖို့ ပြင်ဆင်နေတုန်းပဲ။ အငယ်တန်း၊ အလယ်တန်းနဲ့ အကြီးတန်းဆိုပြီး ခွဲထားတယ်။ အငယ်တန်းမှာတော့ အနည်းဆုံး ဆယ်ယောက်လက်ခံမယ်။ အခုလောလောဆယ်တော့ နှစ်ယောက်တည်းပဲ ရှိသေးတယ်"

ယင်ဝူယီ၏အမူအရာမှာ တောင့်ခဲသွားရလေသည်။

အငယ်တန်း၊ အလယ်တန်း၊ အကြီးတန်းတဲ့လား။ မူကြိုတက်နေရသလိုပဲ။ သူ ဒီထက်ပိုပြီး ကလေးဆန်နိုင်ဦးမှာလား?

"အငယ်တန်းအတွက် သုံးနှစ်သင်ရိုးညွှန်းတမ်း ချမှတ်ထားတယ်။ အတန်းအောင်ဖို့အတွက် ဒဏ္ဍာရီလာအဆင့်ကို ရောက်ဖို့လိုတယ်။ အလယ်တန်းကတော့ ခြောက်နှစ်သင်ရိုး။ အတန်းအောင်ဖို့ဆိုရင် ကောင်းကင်ဘုံဖျားအဆင့်ကိုရောက်ရမယ်။ အကြီးတန်းကတော့ ရေရှည်သင်ရိုးပဲ။ ဒါပေမဲ့ ကောင်းကင်ဘုံဖျားအဆင့်ကို ရောက်ပြီးတဲ့လူတွေမှပဲ တက်ခွင့်ရှိမှာ"

ထိုစကားကို ကြားပြီးပြီးချင်း ယင်ဝူယီ အံ့ဩတုန်လှုပ်သွားချေသည်။ ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ သုံးနှစ်အတွင်း ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်လာအောင် ကျင့်ကြံမှာတဲ့လား? သိုင်းပညာရှင်တစ်ယောက်ကို ခြောက်နှစ်အတွင်း ဒဏ္ဍာရီလာအဆင့်ကနေ ကောင်းကင်ဘုံဖျားအဆင့်ကို ရောက်စေနိုင်သတဲ့လား? သူ နောက်နေတာလား?

ယင်ဝူယီသည် လွန်ခဲ့သည့် နှစ်နှစ်ရာ သို့မဟုတ် သုံးရာအတွင်း၌ သိုင်းလောကတစ်ခွင် အထက်မြက်ဆုံး ပါရမီရှင်တစ်ဦးဖြစ်ခဲ့၏။ မည်သူကမှလည်း သူ့အား မယှဉ်နိုင်ခဲ့ပေ။ သို့သော် ဒဏ္ဍာရီလာအဆင့်ကို ကျော်ဖြတ်နိုင်ရန်အတွက် နှစ်လေးဆယ်အချိန်ယူခဲ့ရသည်။ ဒဏ္ဍာရီလာအဆင့်၏အထွတ်အထိပ်သို့ တက်လှမ်းနိုင်ရန်အတွက်မူ နှစ်တစ်ရာကျော် အချိန်ယူခဲ့ရ၏။

ကျန်းမုန့်လောင်ကတော့ ထိုကြာချိန်ကို ဆယ်ဆလောက် လျှော့ချပစ်သည်။ သာမန်သိုင်းပညာရှင်တစ်ယောက်အနေနှင့် ကောင်းကင်ဘုံဖျားအဆင့်ကို ထိုအချိန်ကာလအတွင်း တက်လှမ်းနိုင်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ကျန်းမုန့်လောင်ပြောသည့်စကားများမှာ မှန်ကန်နိုင်ကြောင်း ယင်ဝူယီ၏မသိစိတ်က ပြောနေချေသည်။

"မယုံဘူးလား"

ကျန်းမုန့်လောင်က ပြုံးပြုံးလေး စကားဆိုလိုက်သည်။

"ကျုပ် ခင်ဗျားတို့ကို ပြောပြဖို့ မကြောက်ပါဘူး။ လွန်ခဲ့တဲ့နှစ်ဝက်တုန်းက ကျုပ်က သာမန်လူတစ်ယောက်သက်သက်ပဲ"

"ကျုပ်..ကျုပ် ဝင်လို့ရမလား"

ယင်ဝူယီ ရုတ်ခြည်းစိတ်လှုပ်ရှားသွားရသည်။

"ကျုပ် အလယ်တန်း…မဟုတ်သေးဘူး! အငယ်တန်းဆိုရင်တောင် တက်မယ်"

ကျန်းမုန့်လောင် ယင်ဝူယီကို ကြည့်လိုက်မိသည်။ သူ့အလားအလာညွှန်ကိန်းမှာ ၁၀မှတ်ကျော်သော်ငြား သူ့အသက်ကတော့ ကြီးလွန်းနေသည်။ လက်ရှိအချိန်တွင် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ လိုအပ်ချက်က ပထမဆုံးတစ်သုတ်ကျောင်းသားများမှာ အသက်သုံးဆယ်အောက်ဖြစ်ရမည်ဟု ဖော်ပြထားလေရာ သူလည်း ဘာမှမတတ်နိုင်ပေ။

"ခင်ဗျားက အသက်ကြီးလွန်းနေတယ်"

ကျန်းမုန့်လောင်လည်း ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။

"သက်ကြီးပိုင်းတွေအတွက် သင်တန်းဖွင့်တဲ့အခါကျရင် ကျုပ် ခင်ဗျားကို ခေါ်မယ်"

"သက်ကြီးပိုင်းအတန်း…"

ယင်ဝူယီခမျာ မတတ်သာသည့်အဆုံး မဲ့တဲ့တဲ့ပြုံးလိုက်မိသည်။

"မစ္စတာကျန်း… ကျောင်းသားလက်ခံရေးအတွက် ကျုပ် တာဝန်ယူပေးပါရစေ"

ယင်ဝူယီက မတ်တတ်ထရပ်၍ သိုင်းလောကထဲရှိ ပင်မမိသားစုကြီးများ၏ ခေါင်းဆောင်များကို ‌ပြောလိုက်လေသည်။

"ဒီနေ့ မစ္စတာကျန်းက သိုင်းလောကတစ်ခွင်မှာရှိတဲ့ လူငယ်သိုင်းပညာရှင်တွေထဲက ရှစ်ယောက်ကို တပည့်လက်ခံဖို့တွက် လာခဲ့တာတဲ့။ မင်းတို့မိသားစုတွေထဲမှာ ပါရမီထူးချွန်တဲ့ လူငယ်မျိုးဆက်သစ်လေးတွေရှိရင် ဒါက အခွင့်ကောင်းတစ်ခုပဲ"

သိုင်းလောကထဲရှိ မိသားစုခေါင်းဆောင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ကျန်းမုန့်လောင်က စင်စစ်ပြိုင်ဘက်ကင်းပြီး သူ့နောက်ခံကလည်း အံ့ဖွယ်ကောင်းလှပေသည်။ သို့သော် ကျန်းမုန့်လောင်၏ ဆီလျော်မှုမရှိသော စရိုက်ကြောင့် သူတို့စိတ်ထဲတွင် အတိုက်အခံဖြစ်နေချေသည်။

ကျန်းမုန့်လောင်လည်း ရှေ့ကို တိုးသွားလိုက်၏။ ဤလူများအတွက် အားပေးမှုတချို့လိုအပ်နေကြောင်း သူသိသည်။

"ခင်ဗျားတို့တွေ ကျုပ်ကျောင်းတော်ရဲ့အရည်အချင်းကို သံသယဖြစ်နေတယ်ဆိုတာ ကျုပ်သိတယ်"

ကျန်းမုန့်လောင်က ကြွေပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် ဆေးရနံ့က သင်းပျံ့လာလေသည်။

"အမတဆေးလုံး! အဲဒါ အမတဆေးလုံးရဲ့အနံ့ပဲ"

"သူ့မှာ အမတဆေးလုံးတွေ ထပ်ရှိနေသေးတယ်ပေါ့!"

"ပုလင်းထဲမှာ အနည်းဆုံးတော့ ဆယ်လုံးလောက်ရှိမှာပဲ။ ဟုတ်တယ်မလား"

"သူ နောက်တစ်ပုလင်းထုတ်လိုက်ပြီ။ သူ့မှာ အမတဆေးလုံးတွေ ဘယ်နှလုံးတောင်ရှိတာလဲ"

"မဟုတ်ဘူး။ ဒီအနံ့က အမတဆေးလုံးထက် ပိုပြင်းတယ်"

မိသားစုတစ်ခုမှ အဂ္ဂိရတ်ပညာရှင်တစ်ယောက်က စာအုပ်ဟောင်းတစ်ခုကို လှန်လှောကြည့်ရှုနေပေသည်။

"ဒီအနံ့က..ဒဏ္ဍာရီလာစိတ်ဝိညာဉ်ဖောက်ထွက်ရေးဆေးလုံးများလား?"

"အကြီးအကဲချိုး.. စိတ်ဝိညာဉ်ဖောက်ထွက်ရေးဆေးလုံးဆိုတာက ဘာလဲ"

"စိတ်ဝိညာဉ်ဖောက်ထွက်ရေးဆေးလုံးဆိုတာက…သိုင်းပညာရှင်တွေကို ကောင်းကင်ဘုံဖျားအဆင့်ကို ရောက်ရှိနိုင်အောင် ကူညီပေးတဲ့ဆေးတစ်မျိးပဲ။ ဒါပေမဲ့ အဲဒီဆေးဖော်စပ်နည်းက လွန်ခဲ့တဲ့နှစ်ပေါင်း၁၂၀၀ကတည်းက ပျောက်သွားခဲ့ပြီ။ ရှိနေသေးတယ်ဆိုရင်တောင် ဆေးဖက်ဝင်ပါဝင်ပစ္စည်းတွေကဖြင့် မျိုးသုဉ်းသွားတာ ကြာလှနေပြီ။ သူက ဘယ်လိုလုပ်ပြီးတော့များ… သူ့မိသားစုရဲ့အမွေအနှစ်က ဘယ်လောက်တောင်ရှေးကျတာလဲ"

"ခင်ဗျား အရမ်းစိတ်အားထက်သန်နေတာကို မြင်တဲ့အတွက် ကျုပ် ခင်ဗျားကို တစ်လုံးပေးမယ်"

ကျန်းမုန့်လောင်က စိတ်ဝိညာဉ်ဖောက်ထွက်ရေးဆေးလုံးတစ်လုံးကို ထုတ်ယူ၍ ယင်ဝူယီကို ပစ်ပေးလိုက်၏။ တကယ်တမ်းတွင် ဤဆေးကို ထူးရှယ်နတ်ဘုရားကျောင်းတော်က စိတ်ဝိညာဉ်ဖောက်ထွက်ရေးဆေးလုံးဟု မခေါ်ပေ။ ဆေးနတ်ဘုရားယောင်ချန်း ဖန်တီးထားသောကြောင့် "အန္တိမနတ်ဆေး"ဟု ခေါ်သည်။ ထိုဆေးမှာ တိုက်ခိုက်ရေးဘုရင်တစ်ပါးကို တိုက်ခိုက်ရေးဧကရာဇ်တစ်ပါးဖြစ်အောင် ကူညီပေးနိုင်သော ပြဒါးရှင်လုံးပင်။

ယင်ဝူယီခမျာ တုန်ယင်နေသော လက်အစုံဖြင့် အန္တိမနတ်ဆေးကို ဖမ်းလိုက်ပြီးနောက် ကျန်းမုန့်လောင် စိတ်ပြောင်းသွားမည်စိုးသဖြင့် ချက်ချင်းပင် မျိုချပစ်လိုက်သည်။

ခဏအတွင်းမှာပင် ယင်ဝူယီ နှစ်သုံးဆယ်ကြာအောင် ကြိုးကြိုးစားစားကျင့်ကြံထားသော ကျင့်ကြံမှုများမှာ ပြဒါးရှင်လုံး၏အကူအညီဖြင့် ပေါက်ကွဲထွက်သွားပြီးနောက် သူ့အရှိန်အဝါများလည်း အရူးအမူးပျံ့နှံ့သွားလေတော့သည်။ စွမ်းအားလှိုင်းများ မြင့်တက်မှုကြောင့် ကောင်းကင်ထက်ရှိ တိမ်လိပ်များပင် လွင့်ပြယ်သွားရပြီး ကျွန်းတစ်ကျွန်းလုံးလည်း ဤခွန်အားအောက်၌ တုန်ယင်နေရှာသည်။

ယင်ဝူယီ၏အရှိန်အဝါအောက်တွင် ကျန်လူအားလုံးမှာ ပုရွက်ဆိတ်လေးများအလား မထင်မရှားဖြစ်သွားရသည်။

"ဒါ… ဒါက ဒဏ္ဍာရီလာ ကောင်းကင်ဘုံဖျားအဆင့်လား"

"နှစ်တစ်ရာအတွင်းမှာတောင် မရောက်နိုင်တဲ့အဆင့်နော်..သိပ်ကြောက်ဖို့ကောင်းတာပဲ"

"ဟင်း!"

ကျန်းမုန့်လောင်က ဖခင်တစ်ယောက်၏ ဂုဏ်ယူနေသောအကြည့်မျိုးဖြင့် ယင်ဝူယီကို ကြည့်နေချေသည်။

"မဆိုးဘူး..မဆိုးဘူး.. ခင်ဗျားက အခု ကျုပ်မိသားစုထဲက ကိုယ်ရံတော်တွေရဲ့အဆင့်ကို ရောက်သွားပြီပဲ"

**************

All Chapters