← Chapters

ဒါက ကျောင်းတော့ဟုတ်ပါတယ်နော်

Vol. 27 Ch. 391

ဒါက ကျောင်းတော့ဟုတ်ပါတယ်နော်

Vol. 27 Ch. 391

ကြီးမားလှသော အကျိုးအမြတ်ကို မက်လုံးအဖြစ်ပေးပြီး ဆွဲဆောင်သောအခါ သတ္တိဟူသော အရာကား သိုင်းပညာမိသားစုများ၏ မျိုးဆက်သစ်များကို ဆွဲဆောင်နိုင်ခဲ့ရုံမျှမက ဂိုဏ်းများထဲမှ ထက်မြက်လှသော သိုင်းပညာရှင်များကိုပါ သူတို့၏ရွေးချယ်မှုနှင့်ပတ်သက်ပြီး စဉ်းစားတွေးဆမိစေသည်။

သူတို့၏ဂိုဏ်းများကလည်း သူတို့အပေါ် ရက်ရောသော်ငြား ထိုဂိုဏ်းများမှာ စင်စစ်အစွမ်းထက်သည်ဆိုလျှင်ပင် ထိုဂိုဏ်းများ အများဆုံးလုပ်နိုင်သည်မှာ သူတို့အား ဒဏ္ဍာရီလာအဆင့်အထိရောက်အောင် လေ့ကျင့်သင်ကြားပေးနိုင်ရုံမျှသာ ဖြစ်၏။ ထိုအရာမှာလည်း ဆယ်စုနှစ်ပေါင်းများစွာကြာမှ အကောင်အထည်ပေါ်လာမည်သာ။

သို့သော် ကျန်းမုန့်လောင်၏ကျောင်းကို သွားတက်ပါက ဒဏ္ဍာရီလာအဆင့်ဆိုသည်မှာ ကနဦးစမှတ်မျှသာ ရှိသေးသည်။ သူတို့အနေနှင့် ဒဏ္ဍာရီလာကောင်းကင်ဘုံဖျားအဆင့်ကိုပင် တက်လှမ်းနိုင်ခြေရှိလောက်သည်။ သို့ဖြစ်လေရာ သူတို့၏ဂိုဏ်းများမှာ ဘာလုပ်နိုင်မည်နည်း။ သူတို့ဘက်က ဂိုဏ်းကို သစ္စာဖောက်သွားလျှင်ပင် ထိုသူတို့အနေနှင့် သူတို့အား လေးစားနေရဦးမည်သာ။

"လူယုတ်မာ.. ငါတို့ဂိုဏ်းက မင်းကို ဆယ်စုနှစ်တစ်ခုလောက် ပြုစုပျိုးထောင်ပေးခဲ့တာလေ။ မင်း ငါတို့ကို ဒီလိုပုံစံနဲ့ ကျေးဇူးပြန်ဆပ်လိုက်တာလား"

"အကြီးအကဲ.. ကျွန်တော်က လျှို့ဝှက်ထောက်လှမ်းဖို့အတွက်ပါ။ ကျန်းမုန့်လောင်တို့ကျောင်းရဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့ပြီဆိုတာနဲ့ ကျွန်တော်တို့ဂိုဏ်းကိုပြန်လာပြီး ဂုဏ်သရေမြှင့်တင်ပေးမှာပါ"

"ပေါက်ကရတွေ.. မင်း ကျန်းမုန့်လောင်ရဲ့ပြဒါးရှင်လုံးတွေကို သွားရည်ကျနေတာ ငါမြင်လိုက်သားပဲ။ ငါ့ကို ငတုံးများမှတ်နေလားကွ"

…..

"ဂိုဏ်းခေါင်းဆောင်.. ခေါင်းဆောင်.. ကျန်းမုန့်လောင်ရဲ့ကျောင်းမှာ ပါရမီရှင်တွေအများကြီးရှိလိမ့်မယ်လို့ ထင်မိရုံပါ။ တခြားပါရမီရှင်တွေနဲ့ ပြိုင်ဆိုင်ရတာက ကျွန်တော့်ကို မြန်မြန်တိုးတက်လာစေတယ်လေ။ ကျွန်တော် ပြဒါးရှင်လုံးတွေဘာတွေ လုံးဝဂရုမစိုက်ပါဘူး။ နည်းနည်းလေးတောင် ဂရုမစိုက်ဘူး"

…..

"ဆရာတူညီလေး.. မင်း ဘယ်လိုတောင်လုပ်ရက်ရတာလဲ။ တစ်ချက်လေးတောင် နောက်ပြန်မကြည့်ဘဲ မင်းရဲ့ဂိုဏ်းကို ထားသွားမယ်ပေါ့။ နှလုံးသားမဲ့လိုက်တာ! မင်းကို ဆရာတူအစ်ကို တော်တော်စိတ်ပျက်သွားပြီ!"

"ဆရာတူအစ်ကို.. အစ်ကိုပြေးတာ ကျွန်တော့်ထက်တောင်မြန်သေးတယ်။ သူတော်ကောင်းယောင်ဆောင်မနေပါနဲ့ဗျာ"

"ငါက မင်း လမ်းလွဲလိုက်မှာ မမြင်ချင်လို့ကွ။ မင်းကို စောင့်ကြည့်နေဖို့လိုတယ်လေ။ မင်းမိသားစု ငါ့အပေါ်ထားတဲ့ ယုံကြည်မှုကို ဖြည့်ဆည်းဖို့ ဒီတစ်နည်းပဲရှိတာ"

……

ဂိုဏ်းများနှင့် မိသားစုပေါင်းများစွာထဲမှ ပါရမီရှင်နှစ်ရာကျော်လောက်က ကျန်းမုန့်လောင်ရှေ့တွင် တန်းစီနေကြလေသည်။ ထိုအယောက်နှစ်ရာထဲတွင် အလားအလာညွှန်ကိန်း၁၀မှတ်ထက်ကျော်သော လူငယ်သိုင်းပညာရှင်မှာ ၂၇ထက်မနည်းပေ။

"ကောထန်.. ငါ ကျောင်းသားရှစ်ယောက်ထက်ပိုပြီး ခေါ်လို့ရလား"

"ကျောင်းအုပ်ကြီး… အခုလက်ရှိ ဆရာအရေအတွက်ကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ လက်ခံနိုင်တဲ့ အများဆုံးအရေအတွက်က တစ်ရာပါ"

"ဒါဆို ငါ သူတို့တွေအကုန်လုံးကို ခေါ်လို့ရတယ်ပေါ့"

ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်မိသည်။

"ဒါပေမဲ့ ဒီအတိုင်း တွေ့ရာလူကို ခေါ်လို့မဖြစ်ဘူး"

ကျန်းမုန့်လောင်၏အကြည့်က ထိုသိုင်းပညာရှင်၂၇ယောက်ဆီသို့ ကျရောက်သွားသည်။

"ဟုန်းရီ.. ဒီလူတွေရဲ့အချက်အလက်တွေကို ငါ မြန်နိုင်သမျှမြန်မြန်လိုချင်တယ်။ သူတို့ကြီးပြင်းလာတဲ့တစ်လျှောက် ဖြတ်သန်းလာတဲ့ဘဝအခြေအနေ၊ ကိုယ်ကျင့်စရိုက်၊ စိတ်ထားတွေဘာတွေပေါ့"

ကျန်းမုန့်လောင်က ဓာတ်ပုံတစ်ပုံရိုက်ယူ၍ ဟုန်းရီထံသို့ ဖုန်းကတစ်ဆင့် ပေးပို့လိုက်သည်။

"ကျွန်မကို အချိန်သုံးမိနစ်ပဲပေးပါ!'

…..

ဟုန်းရီ၏လုပ်ဆောင်နိုင်စွမ်းကား စင်စစ်အံ့ဩဖို့ကောင်းလှသည်။ နာရီဝက်မပြည့်သေးခင်မှာပင် အချက်အလက်များအားလုံး ကျန်းမုန့်လောင်ဆီသို့ ရောက်လာသည်။

"လျှပ်စီးစွမ်းရည်အတွင်းအားနဲ့မွေးဖွားလာတာပဲ။ မဆိုးဘူး။ ငါ ဒီတစ်ယောက်ကိုရွေးမယ်"

"နတ်ဘုရားစွမ်းအင်နဲ့ မွေးဖွားလာပြီး အဆင့်တူသိုင်းပညာရှင်တွေထက် ကာယခွန်အားသုံးဆသာလွန်တယ်တဲ့လား။ ဒီတစ်ယောက်ကိုလည်း ခေါ်မယ်"

"သောက်ကျိုးနည်း..အထင်ကြီးဖို့ကောင်းလိုက်တာ။ ရုပ်ရှင်ပေါင်း၆၅၂၄ကားကြည့်ဖူးတယ်။ အရမ်းပါရမီရှိတယ်။ သေချာပေါက်ခေါ်ကိုခေါ်ရမယ်"

"ဒီတစ်ယောက်က တော်တော်ရုပ်ဆိုးတာပဲ။ ကျောင်းရဲ့ပုံရိပ်ကို ထိခိုက်လိမ့်မယ်"

…..

စုစုပေါင်း၂၇ယောက်ထဲမှ စိတ်ဓာတ်ညံ့ဖျင်းသူကိုးယောက်ကိုထုတ်ပယ်၍ ကျန်လူများကို ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ဝင်ခွင့်ပေးလိုက်၏။

ရွေးချယ်ခံရသူများမှာ အပျော်လုံးစို့နေကြပြီး ပယ်ချခံရသူများကတော့ ရင်ဘတ်စည်တီး၍ သုန်မှုန်နေကြချေသည်။

"မစ္စတာကျန်း.. ကျွန်တော်က သူ့ထက် ပိုအစွမ်းထက်တာ အသိသာချည်းကို.. သူ့ကိုကျတော့ ရွေးပြီး ကျွန်တော့်ကို ဘာလို့မရွေးရတာလဲ"

ဖြူဖျော့နေသောမျက်နှာနှင့် လူငယ်လေးတစ်ယောက်က မလိုလားဟန်ဖြင့် မေးခွန်းထုတ်လေတော့သည်။

သူသည် အသက်၂၄နှစ်ရှိပြီး အဆင့်သုံးသိုင်းပညာရှင်အဖြစ် ရောက်ရှိနေပြီဖြစ်ရာ သူ့အသက်အရွယ်နှင့်ဆိုလျှင် အလွန်အထင်ကြီးဖို့ကောင်းလှသည်။ အလားအလာညွှန်ကိန်းကလည်း ၁၂မှတ်ရှိ၏။

သူညွှန်းဆိုချင်သည့်လူကတော့ ခွန်အားအရာ၌ အဆင့်တစ်သိုင်းပညာရှင်မျှသာဖြစ်၏။ သူက ထိုကဲ့သို့သောလူတစ်ယောက်နှင့် မယှဉ်နိုင်စရာရှိသလား။

"ဘာကြောင့်လဲဆိုတာကို မင်း တကယ်ပြောပြစေချင်တာလား"

"ကျွန်တော် သိရမှဖြစ်မယ်"

ထိုလူငယ်သိုင်းပညာရှင်လေးက ခေါင်းညိတ်ပြလျက် ပြောလိုက်လေသည်။

"ဘာလို့လဲဆိုတော့ မင်းက စိတ်ဓာတ်ညံ့ဖျင်းလို့ပဲ"

ကျန်းမုန့်လောင်လည်း ချက်ကျလက်ကျထောက်ပြလိုက်သည်။

"ကျွန်တော် သိုင်းပညာစသင်ပါပြီဆိုကတည်းက ဘယ်သူ့ကိုမှ ကျွန်တော့်အစွမ်းနဲ့ အနိုင်မကျင့်ဖူးဘူး။ ကျွန်တော့်ကို စိတ်ဓာတ်ညံ့ဖျင်းတယ်လို့ ဘာလို့ပြောရတာလဲ"

"မင်း အသက်၁၅နှစ်တုန်းက သားပေါက်ထားတဲ့ဝက်မတစ်ကောင်ကို ကိုယ်ထိလက်ရောက်စော်ကားဖူးတယ်လေ!"

"ခင်ဗျား… ခင်ဗျား ဘယ်လိုလုပ်သိ…ခင်ဗျား ကျွန်တော့်ကို အသရေဖျက်နေတာပဲ!"

"ကျန်းမိသားစုရဲ့ ထောက်လှမ်းရေးစွမ်းရည်ကို သံသယမဖြစ်လိုက်နဲ့နော်"

ကျန်းမုန့်လောင်က သူ့ရှေ့မှာပင် ဓာတ်ပုံတစ်ပုံကို မြှောက်ပြလိုက်သည်။ အနည်းငယ်မှုန်နေသော်ငြား ဓာတ်ပုံထဲရှိလူမှာ ယခုမေးခွန်းမေးနေသော လူငယ်လေးဖြစ်ကြောင်း သိသာလှသည်။ သူသည် သားပေါက်ထားသော ဝက်မတစ်ကောင်ကို မပြောအပ်သောအရာတစ်ခုကို ပြုလုပ်နေခြင်းပင်။

"မင်း… ငါတို့မိသားစုရဲ့ဝက်ခြံထဲက ဝက်မကြီးက ဘာလို့များ စိတ်မချမ်းမသာဖြစ်နေတဲ့အခြေအနေနဲ့ သေသွားပါလိမ့်လို့ တွေးနေတာ။ ငါတို့ဆီမှာ မင်းလို ကျက်သရေတုံးကောင်တစ်ကောင် ရှိနေတာကိုး"

ထိုလူငယ်လေး၏ အကြီးအကဲက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းတခါခါလုပ်နေလေသည်။

"ငါတို့မိသားစုတော့ ကံဆိုးမိုးမှောင်ကျတာပဲ"

"အဖေ ကျွန်တော် ရှင်းပြပါရစေ"

…..

"သူမလုပ်နိုင်တာ ဘာရှိသေးလဲ"

လူတိုင်းကလည်း အံ့ဩထိတ်လန့်ဟန်ဖြင့် ကြည့်နေကြသည်။ အစွမ်းအထက်ဆုံးထောက်လှမ်းရေးအေဂျင်စီများပင် လွန်ခဲ့သည့်ဆယ်နှစ်က သူ့ကိုယ်ပိုင်ဝက်ခြံထဲမှာ မဖွယ်မရာပြုခဲ့သော လူငယ်လေးတစ်ယောက်အကြောင်းကို မဖော်ထုတ်နိုင်ပေ။

ဤကမ္ဘာပေါ်တွင် ကျန်းမုန့်လောင်အတွက် လျှို့ဝှက်ချက်ဟု သတ်မှတ်၍ရနိုင်သော အရာတစ်ခုခုများ ရှိပါဦးမည်လား။

အထူးသဖြင့် ရှက်ဖွယ်လိလိကိစ္စများကို လုပ်ထားဖူးသူများမှာ ကျန်းမုန့်လောင်က သူတို့၏ညစ်တီးညစ်ပတ်လုပ်ရပ်များကို ဖော်လိုက်မည်စိုး၍ ခပ်မြန်မြန်နောက်ဆုတ်သွားကြလေသည်။

"ငါနဲ့လိုက်ခဲ့ကြ"

သူလိုက်ရှာနေသော လူများကို တွေ့လိုက်ရပြီးနောက် ကျန်းမုန့်လောင်လည်း ဤနေရာတွင် ဆက်နေချင်စိတ်မရှိတော့ပေ။

သိုင်းပညာရှင်တစ်စုကလည်း ခေါင်းညိတ်ပြ၍ ကျန်းမုန့်လောင်နှင့်အတူ ကျွန်းပေါ်မှ ထွက်ခွာလာခဲ့လိုက်ကြတော့သည်။

လေယာဉ်တင်သင်္ဘောပေါ်သို့ ရောက်သောအခါ ကျန်းမုန့်လောင်လည်း လူတိုင်းကို အခန်းတစ်ခန်းထဲတွင် စုဝေးစေသည်။ ထို့နောက် စားပွဲပေါ်သို့ စာလွှာတစ်ဒါဇင်လောက် ချပေးလိုက်သည်။

"မင်းတို့ရဲ့နာမည်တွေကို လက်မှတ်ထိုးလိုက်။ ဒီနေ့ကစပြီး မင်းတို့တွေက ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ကျောင်းသားဖြစ်သွားပြီ"

ကျန်းမုန့်လောင်က သူတို့ကို ပြုံးပြုံးလေးကြည့်ရင်း ပြောလိုက်သည်။

"ထူးရှယ်နတ်ဘုရားကျောင်းတော်? ကျွန်တော်တို့က ရီထျန်းဂိုဏ်းလို့ထင်နေတာ"

လူငယ်ပါရမီရှင်လေးများမှာ အံ့အားသင့်သွားလေသည်။

"ဒါက သိုင်းလောကထဲမှာ ကျင်လည်တဲ့အခါ သုံးရမဲ့ နာမည်ဝှက်တစ်ခုလေ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။

"မင်းတို့နာမည်တွေကို လက်မှတ်ထိုးပြီး ငါနဲ့လိုက်ခဲ့ကြ"

ကျန်းမုန့်လောင် စိတ်နှင့်အမိန့်ပေးလိုက်လေရာ ခပ်သေးသေးတံခါးချပ်တစ်ခုက ရုတ်တရက်ပေါ်ပေါက်လာသည်။ ကျန်းမုန့်လောင်ကတော့ ချန်ပင်းယွီနှင့်အတူ ထိုတံခါးမှ ဖြတ်သန်းသွားသည်။

ဤမြင်ကွင်းကြောင့် အားလုံး အံ့ဩမှင်တက်ကုန်ကြသည်။ သို့သော် သိချင်စိတ်နှင့် မျှော်လင့်စောင့်စားမှုတို့ကသာ ပိုလေသည်။ သူတို့လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြပြီးနောက် တွေဝေတုံ့ဆိုင်းမှုမရှိပါဘဲ သူတို့၏နာမည်များကိုချရေးကာ ကမ္ဘာသစ်တစ်ခုဆီသို့ ကျန်းမုန့်လောင်၏အနောက်က လိုက်သွားချေသည်။

"မစ်ရှင်ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ကျောင်းအုပ်ကြီး… ကျောင်းတော်ရဲ့လက်ခံနိုင်တဲ့ကျောင်းသားအရေအတွက်က တစ်ထောင်အထိ မြင့်တက်သွားပါပြီ။ လော့ဖွင့်နိုင်တဲ့ ဆရာအရေအတွက်ကတော့ သုံးဆယ်ကိုတိုးသွားပါပြီ"

"မိုက်လိုက်တာ"

ကျန်းမုန့်လောင်လည်း တအံ့တဩပြုံးလိုက်လေသည်။ ဤအဓိပ္ပာယ်မှာ သူ့အနေနှင့် ဆရာအယောက်နှစ်ဆယ်ကို ထပ်ခေါ်နိုင်သည်။

သူ့တွင် ခွန်အားအမှတ်၂၀၀၀ရနေပြီဖြစ်၏။ သူသာ ဆန္ဒရှိလျှင် ထိုဆရာများအားလုံးကို ချက်ချင်းခေါ်လိုက်နိုင်သည်။

"လောလောဆယ်တော့ ဆရာဆယ်ယောက်ကိုပဲ အရင်လော့ဖွင့်ပေးဦး"

ကျန်းမုန့်လောင် အမိန့်ပေးလိုက်သည်။

အလင်းရောင်ဆယ်ဖြာက ကောင်းကင်ထက်မှ ဖြာကျလာသည်။ ကျန်းမုန့်လောင်မှာ အသက်ပြင်းပြင်းရှိုက်ရှူရင်း မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်နေလေသည်။ ကျောင်းထဲသို့ ယခုမှဝင်ရောက်လာသော ကျောင်းသားတစ်သိုက်ကလည်း အံ့ဩမှုများနှင့် သိချင်စိတ်များ ပြည့်နှက်နေလေသည်။

"Thor ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပါတယ်"

"အူချီဟာအီတာ့ချိ ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပါတယ်"

"အာမူရို ကျောင်းအုပ်ကြီးကိုနှုတ်ဆက်ပါတယ်"

"ဟာချီရှင်းတာအိချိ ကျောင်းအုပ်ကြီးကိုနှုတ်ဆက်ပါတယ်"

"ယောင်ချန်း ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပါတယ်"

"ယောင်ချန်း!"

ကျန်းမုန့်လောင်၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားလေသည်။ ဤဆရာကို သူ စောင့်မျှော်နေခဲ့ရသည်မှာ ကြာလှလေပြီ။ သူ့ထံမှ အဂ္ဂိရတ်နည်းစနစ်များကို သင်ကြားနိုင်မည်ဆိုပါက သူ့ချစ်သူနှင့် သူငယ်ချင်းများကိုလည်း ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ဝင်ခွင့်ရအောင် လုပ်ပေးနိုင်သည်။

"နေပါဦး။ ဒီလူတွေက ဘာလို့တအားရင်းနှီးသလိုဖြစ်နေတာလဲ"

"နယူတန် ကျောင်းအုပ်ကြီးကိုနှုတ်ဆက်ပါတယ်"

"အိုင်းစတိုင်း ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပါတယ်"

"ကျိုးရှုရန် ကျောင်းအုပ်ကြီးကိုနှုတ်ဆက်ပါတယ်"

"ချန့်ကျင်းခုန် ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပါတယ်"

"ခါတိုအိ ကျောင်းအုပ်ကြီးကိုနှုတ်ဆက်ပါတယ်"

"ဘာလဲဟ…"

ကျန်းမုန့်လောင်၏အကြည့်ကား ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းသားသစ်များထံသို့ ကျရောက်လာသည်။

"ဒါက သာမန်ကျောင်းတစ်ခုမဟုတ်ဘူးလို့ ငါ ဘာလို့ခံစားမိနေပါလိမ့်"

"ငါလည်း အဲဒီလိုပဲတွေးနေတာ။ ဒီဆရာနှစ်ယောက်ပေါ်လာတာဆိုတော့ ဒါက သာမန်ကျောင်းတစ်ကျောင်းမဟုတ်တာတော့ သေချာတယ်"

"ငါ့အထင်…ငါတို့ နည်းနည်းအလျင်စလိုနိုင်နေတာဖြစ်မယ်"

"ငါ…"

ကျန်းမုန့်လောင်ခမျာ ပြောစရာစကားများ ပျောက်ရှသွားရလေသည်။ ရှေ့က ဆရာများမှာ သာမန်ဆန်လှသော်ငြား ဤအကျော်အမော်ပုဂ္ဂိုလ်နှစ်ယောက်က ဘယ်လိုလုပ်ပြီး ပါလာရတာလဲ?

"ငါ.. ငါရှင်းပြနိုင်တယ်ထင်တာပဲ!"

************

All Chapters