ဘာနည်းပညာအကြောင်းအရာမှမရှိဘူး
Vol. 27 Ch. 392
"Thor အူချီဟာအီတာချီ.. မင်းတို့က သိုင်းပညာဌာနမှာ ဆရာအဖြစ် တာဝန်ယူလိုက်"
Thorနှင် အူချီဟာအီတာချိတို့၏ခွန်အားမှာ ရှုန်းပါ့နှင့် အခြားလူများထက် သာပေသည်။ သို့တိုင် သူတို့သည် စီမံခန့်ခွဲရေး၌ စိတ်မဝင်စားဘဲ အေးအေးလူလူရှိပြီး သက်သောင့်သက်သာနေရသော သင်ကြားရေးဘက်ကိုသာ ပိုအားသန်လေသည်။
"သိုက်ယိ.. မင်းကတော့ သားရဲထိန်းကျောင်းရေးဌာနရဲ့ခေါင်းဆောင် လုပ်ရမယ်။ အာမူရို.. မင်းက တာခုမိဖူဂျီဝါရရဲ့ ယာဉ်မောင်းဌာနမှာ တာဝန်ယူလိုက်။ ယောင်ချန်း… ဆေးပညာဌာနကို မင်းလက်ထဲအပ်လိုက်ပြီ"
"ဟုတ်ကဲ့။ ကျွန်တော်တို့ ကျောင်းအုပ်ကြီးရဲ့စီစဉ်မှုကို လိုက်နာပါ့မယ်"
"နယူတန် အိုင်းစတိုင်း ရူပဗေဒဌာနကို ခင်ဗျားတို့လက်ထဲ အပ်လိုက်ပြီ။ ကျိုးရှုရန်.. မင်းက စာပေဌာနကို သွားလိုက်"
ကျန်းမုန့်လောင်၏အကြည့်က အဆုံးမှာတော့ သင်ကြားရေးဆရာစစ်စစ်နှစ်ယောက်ထံသို့ ကျရောက်သွားလေသည်။
"ခင်ဗျားတို့နှစ်ယောက်က သက်ရှိသိပ္ပံဌာနကို သွားလိုက်.."
ဆရာများကို စီစဉ်နေရာချပေးပြီးနောက်မှသာ ကျန်းမုန့်လောင်လည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ဤနှစ်ယောက်မှာ သာမန်လူများမဟုတ်ကြပေ။ တစ်ချက်လောက်တော့ သတိမမူမိပါက စိစစ်ရေး၏အမျက်ဒေါသနှင့် ရင်ဆိုင်ရနိုင်သည်။
ကျောင်းသားများမှာ သိုင်းပညာမိသားစုများနှင့် ကျောင်းတော်များမှ ဆင်းသက်လာကြသူများဖြစ်သဖြင့် ကျန်းမုန့်လောင်လည်း သူတို့ကို သိုင်းပညာဌာနတွင်သာ နေရာချပေးလိုက်ရသည်။ ယခုအချိန်မှာ သူတို့အားလုံးက အငယ်တန်းထဲရှိ ပထမနှစ်ကျောင်းသားများဖြစ်၏။ ယနေ့မှစ၍ သူတို့ ဘဝသစ်တစ်ခုကို စတင်ရတော့မည်သာ။
…..
ကျန်းမုန့်လောင်မှာ လေယာဉ်တင်သင်္ဘော၏ ရေကူးကန်ထဲတွင် လဲလျောင်းရင်း အရှေ့ပင်လယ်၏ နေရောင်အောက်တွင် နေပူဆာလှုံကာ လုရီယောင်နှင့် ဗီဒီယိုကောပြောနေလေသည်။
ဂီတဆရာနှစ်ယောက်၏ လမ်းညွှန်သင်ကြားမှုအောက်တွင် လုရီယောင်၏တိုးတက်မှုကား စင်စစ်မြန်ဆန်လှ၏။ ကျန်းနန်ဂီတတက္ကသိုလ်၏ စာမေးပွဲတွင် သူ(မ)သည် အမြင့်ဆုံးရမှတ်ဖြင့် ပေါ့ဂီတဌာနသို့ ထူးချွန်ကျောင်းသူတစ်ယောက်အဖြစ် ဝင်ခွင့်ရခဲ့သည်။ နှစ်ရက်နေလျှင် သူ(မ)က ကူစူးမြို့မှ ကျန်းနန်မြို့သို့ အပြီးပြောင်းရွှေ့လာတော့မည်ဖြစ်ရာ သူတို့၏နေ့ရက်များကိုလည်း အတူဖြတ်သန်းနိုင်ပြီဖြစ်၏။
"ဖုန်းဝင်လာလို့ ကိုင်လိုက်ဦးမယ်"
ကျန်းမုန့်လောင် ဗီဒီယိုကောကို ချလိုက်၏။ ခေါ်ဆိုသူမှာ သူ့နည်းပြဖြစ်သူ ပါမောက္ခဟန်ကျင်းယွီပင်။
"ပါမောက္ခဟန်… ကြည့်ရတာတော့ သတင်းကောင်းရှိတဲ့ပုံပဲ"
"ဟားဟားဟား ဟုတ်တာပေါ့"
ဟန်ကျင်းယွီကလည်း အားရပါးရရယ်မောလေသည်။
"ငါတို့ရဲ့ချစ်ပ်ပြားပထမတစ်သုတ်ထုတ်လုပ်မှုက အကုန်ပြီးသွားပြီ။ စုစုပေါင်း သန်း၁၂၀ရှိတယ်။ စစ်ဆေးပြီးတဲ့နောက် ချွတ်ယွင်းချက်ပါတဲ့ ချစ်ပ်ပြားက တစ်ဘီလီယံမှာ သုံးခုတောင်မရှိဘူး။ မင်းထုတ်လုပ်ထားတဲ့ ကိရိယာရဲ့ တိကျမှုနှုန်းကလည်း တော်တော်မြင့်တယ်လေ"
ကျန်းမုန့်လောင် ပြုံးလိုက်မိသည်။ ဤသည်မှာ သံမဏိလူသားတိုနီထံရလာသော နည်းပညာပင်။ လက်ရှိခေတ်ထက် အများကြီးသာလွန်သည်ဖြစ်ရာ သူ့အတွက်တော့ ထိုကဲ့သို့တိကျမှုနှုန်းမှာ အခြေခံအဆင့်သာ ရှိသေးသည်။
"တခြားရလဒ်တွေကရော"
"အကုန်လုံး ငါတို့မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်တယ်။ ကမ္ဘာအဆင့်အမြင့်ဆုံးနည်းပညာက 5nmချစ်ပ်ပြားတွေကိုပဲ ထုတ်လုပ်နိုင်တာ။ ဒီနည်းပညာက 6Gနည်းပညာနဲ့ပဲ စမ်းသပ်ထားတာ။ ဒါပေမဲ့ ငါတို့ရဲ့ချစ်ပ်ပြားတွေက 2nmနားကို ရောက်နေပြီ။ 6Gနည်းပညာကို အပြတ်အသတ်သာတာပေါ့။ ဒီထက်ပိုမြင့်တဲ့နည်းပညာတွေကိုတောင် စိန်ခေါ်နိုင်နေပြီ!"
"ကောင်းတယ်"
ကျန်းမုန့်လောင်လည်း ဝမ်းသာအားရပြုံးလိုက်လေသည်။
5Gနည်းပညာမှာ ဖြည်းဖြည်းချင်းတိုးတက်လာပြီဖြစ်၏။ 6G၏ ဒေတာကူးသန်းမှုနှုန်းမှာ 5Gထက် ဆယ်ဆကျော်သာ၏။ အွန်လိုင်းတွင် ၎င်းမှာ 5Gနည်းပညာထက် အဆတစ်ရာ ပိုသာလွန်သည်။
သတင်းအချက်အလက်ခေတ်ကြီးထဲတွင် သတင်းအချက်အလက်ပို့ဆောင်မှုနှုန်းက အဆတစ်ရာကွာခြားမှုရှိနေပါက ရလဒ်ကလည်း ကောင်းကင်နှင့်မြေကြီးအလား ကွဲပြားသွားလိမ့်မည်။
"မုန့်လောင်.. နောက်တစ်ခုရှိသေးတယ်"
ပါမောက္ခဟန်ခမျာ စကားပြောရန် အင်တင်တင်ဖြစ်နေချေသည်။
"ပြောပါ"
"ဒီလောက်ကြီးကျယ်တဲ့ကိစ္စဆိုတော့ အစိုးရဘက်ကလည်း သတင်းရသွားမှာပဲ။ ဈေးကွက်နဲ့ တခြားနိုင်ငံတွေက ငါတို့ရဲ့လက်ရှိအောင်မြင်မှုကို မသိသေးဘူးဆိုပေမဲ့ အစိုးရရဲ့ထောက်လှမ်းရေးကွန်ယက်ကို ရှောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီလိုနဲ့ သိပ္ပံနဲ့နည်းပညာဗျူရိုက ငါ့ကို ဆက်သွယ်လာတယ်"
ကျန်းမုန့်လောင် လုံးဝမအံ့ဩမိပေ။
ဟွာရှားနိုင်ငံ၏ချစ်ပ်ပြားနည်းပညာက အလွန်နောက်ကောက်ကျနေပြီး အစိုးရအခြေပြုပရောဂျက်များကလည်း 10nmအဆင့်ချစ်ပ်ပြားများကိုပင် အစုလိုက်အပြုံလိုက်မထုတ်လုပ်နိုင်သေးပေ။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ အခြားနည်းပညာကုမ္ပဏီများက သူတို့ကို ကျော်တက်သွားခဲ့သည်။ ဤသတင်းကို ကြားလိုက်ရပြီးလျှင် အစိုးရဘက်ကလည်း မည်သို့ငြိမ်နေနိုင်မည်နည်း။
"မင်း မနက်ဖြန်အားတယ်ဆိုရင် ကျန်းနန်သိပ္ပံနဲ့နည်းပညာဌာနကို လာခဲ့ပါဦးကွာ။ မင်းနဲ့တွေ့ချင်နေတဲ့ အကြီးအကဲတစ်ယောက်ရှိတယ်"
"အကြီးအကဲလား"
ကျန်းမုန့်လောင် ထိတ်လန့်သွားလေသည်။
"ဘယ်အကြီးအကဲကိုပြောတာလဲ"
"ရောက်ရင် သိမှာပေါ့"
ဟန်ကျင်းယွီက သူ့အား သည်းထိတ်ရင်ဖိုဖြစ်အောင် လုပ်နေချေသည်။
"ကောင်းပါပြီ။ ကျွန်တော် မနက်ဖြန်ကျရင် သေချာပေါက်လာခဲ့မယ်လို့ သတင်းပါးပေးပါဦး"
…..
နောက်တစ်နေ့နေ့လယ်ခင်းတွင် နည်းပညာဌာနသို့ ကျန်းမုန့်လောင် ရောက်လာသောအခါ ပါမောက္ခဟန်ကျင်းယွီနှင့် ပါမောက္ခချန်းရွေ့တို့က ဝင်ပေါက်၌ သူ့အား စောင့်ဆိုင်းနေကြချေသည်။
"မုန့်လောင်… ခဏနေလို့ မင်း အဲဒီအကြီးအကဲနဲ့တွေ့ရင် ယဉ်ယဉ်ကျေးကျေးဆက်ဆံမှဖြစ်မယ်နော်။ တခြားလူတွေလိုမျိုး မထီတရီသွားမဆက်ဆံရဘူးနော်။ နားလည်ရဲ့လား"
သူတို့နှစ်ယောက်က စိတ်ရင်းအမှန်နှင့် သတိပေးရင်း ကျန်းမုန့်လောင်နှင့်အတူ အထဲသို့ ဝင်လာခဲ့သည်။
"ဘယ်သူနဲ့တွေ့မှာမို့လို့ ဒီလောက်အထိ လျှို့ဝှက်နေရတာလဲ"
ကျန်းမုန့်လောင်က ကော်ရစ်ဒါမှတစ်ဆင့် အခန်းထဲသို့ လျှောက်လာရင်း မေးလိုက်၏။ လက်နက်ကိုင်စစ်သားများက အခန်း၏တစ်ဖက်တစ်ချက်စီတွင် မတ်တတ်ရပ်နေကြလေသည်။ ထိုစစ်သားများက သူတို့သုံးယောက်ကို အသေးစိတ်စစ်ဆေးပြီးမှသာ အခန်းထဲသို့ ဝင်ခွင့်ပေးသည်။
အခန်းထဲမှာတော့ လူနှစ်ယောက်သာရှိ၏။ လူအိုကြီးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက်ပင်။ ထိုလူငယ်လေးမှာ အသက်သုံးဆယ်အရွယ်မျှသာ ရှိဦးမည်ဖြစ်ပြီး သူရသတ္တိနှင့်ပြည့်စုံပြီး ထူးခြားလှသော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေသည်။ ထိုခံစားချက်မှာ လုံရှားခေါင်းဆောင်ထံမှ ခံစားခဲ့ရသော အရှိန်အဝါမျိုးပင်။
"ဒါက လုံရှားအဖွဲ့ထဲက လူတစ်ယောက်ပဲ"
ကျန်းမုန့်လောင်လည်း ထိုလူငယ်၏သရုပ်မှန်ကို ချက်ချင်းအတည်ပြုနိုင်လိုက်သဖြင့် ပို၍ပင်ပဟေဠိဖြစ်သွားရ၏။ မည်ကဲ့သို့သောပုဂ္ဂိုလ်မျိုးကများ လုံရှားအဖွဲ့ဝင်တစ်ယောက်ကို ကိုယ်ပိုင်ဘော်ဒီဂတ်အဖြစ် စေခိုင်းနိုင်တာပါလိမ့်?
"မုန့်လောင် ရောက်လာပြီလား? ထိုင်ပါဦး"
ထိုအဘိုးကြီး၏အသံကား ကရုဏာသံပေါက်လေသည်။ သူ လှည့်ကြည့်လာသည့်အခိုက်မှာပင် ကျန်းမုန့်လောင် အံ့ဩမှင်တက်သွားရ၏။
"ခင်ဗျား..ခင်ဗျားက ဥက္ကဋ္ဌကျိုး.."
ကျန်းမုန့်လောင်သည် ထူးခြားအံ့ဩဖွယ်ကောင်းသော မိသားစုတစ်စုမှ မွေးဖွားလာသူဖြစ်၏။ စွမ်းရည်နှင့် ဩဇာလွှမ်းမိုးမှုအရာ၌ တစ်နိုင်ငံလုံးနှင့်ယှဉ်လျှင်ပင် သူ့မိသားစုက မည်သူ့ကိုမှ စိတ်ပူစရာမလိုလောက်အောင် ပြိုင်ဘက်ကင်းပေသည်။ သို့သော် သူ့ရှေ့ရှိ ပုဂ္ဂိုလ်ကတော့ အလွန်ကြီးမြတ်သူတစ်ယောက်ဖြစ်၏။ သူသည် သူ့တစ်ဘဝလုံး တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူပင်။
သူသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အငြိမ်းစားယူခဲ့ပြီဖြစ်သော်ငြား သူ့နှလုံးသားထဲတွင်မူ တိုင်းပြည်အရေးကိစ္စများကို ထည့်ထားဆဲပင်။ ဟွာရှားပြည်သူများ၏ နှလုံးသားထဲတွင်လည်း သူက စွဲမြဲစွာတည်ရှိနေဆဲသာ။
"ဟားဟား ငါက အငြိမ်းစားယူပြီးပါပြီကွာ။ အဲဒီဂုဏ်ပုဒ်ကြီးကို ဖယ်ထားလို့ရပါပြီ။ မင်း ဒီလူအိုကြီးကို လေးစားတယ်ဆိုရင် လောင်ကျိုးလို့ခေါ်ရင် ရပါပြီ"
"ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲဒီလိုခေါ်နိုင်မှာလဲ"
ကျန်းမုန့်လောင် ကပျာကယာငြင်းချက်ထုတ်လိုက်ရသည်။
"ဘာမှမဖြစ်ပါဘူး။ ပြီးတော့.. ဒီတစ်ခေါက် ငါ မင်းကို အကူအညီတောင်းစရာလေးရှိလို့"
"ပြောသာပြောပါ"
ကျန်းမုန့်လောင်လည်း ရင်ဘတ်ကိုပုတ်ပြလျက် ပြောလိုက်၏။
"ငါ ဘာလို့ရောက်လာတာလဲဆိုတာ မင်း သိချင်သိပြီးလောက်ပါပြီ။ မင်းတို့ကုမ္ပဏီကထုတ်တဲ့ အဆင့်မြင့်ချစ်ပ်ပြားတွေကို ငါစိတ်ဝင်စားလို့"
လောင်ကျိုးက ဆိုလေသည်။
"ချစ်ပ်ပြားနည်းပညာ ပိတ်ဆို့ခံရပြီးတဲ့နောက်မှာ တိုင်းပြည်ရဲ့အခြေအနေက ယိုယွင်းလာတာကို မင်းလည်းကြားထားပြီးလောက်ရောပေါ့။ နည်းပညာတိုးတက်မှုက သိသိသာသာပိတ်ဆို့ခံလိုက်ရတော့ နိုင်ငံတော်အင်အားကိုလည်း သက်ရောက်မှုရှိသွားတယ်လေ"
သိပ္ပံနှင့်နည်းပညာက ပင်မထုတ်လုပ်ရေးအင်အားများဖြစ်သဖြင့် ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်မိသည်။
"ငါတို့သာ မင်းရဲ့နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်သွားမယ်ဆိုရင် ငါတို့နိုင်ငံရဲ့သိပ္ပံနဲ့နည်းပညာဆိုင်ရာခွန်အားကလည်း ခေတ်တစ်ခေတ်စာလောက် ကျော်တက်သွားနိုင်လိမ့်မယ်။ အဲဒီလိုဆိုရင် စစ်တပ်၊ နိုင်ငံတော်ခုခံရေး၊ စီးပွားရေးနဲ့ တခြားကဏ္ဍတွေလည်း တိုးတက်လာလိမ့်မယ်"
"လောင်ကျိုး.. ဘာတောင်းဆိုချင်တာပဲဖြစ်ဖြစ် ပြောသာပြောပါ"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေ၏။
"မင်း 2nmချစ်ပ်ပြားရဲ့ ပင်မနည်းပညာကို ငါတို့ကို မျှဝေပေးလို့ရမလား"
လောင်ကျိုးကလည်း ရိုးရိုးသားသားတောင်းဆိုလိုက်လေသည်။
"နိုင်ငံတော်ဘက်ကလည်း မင်းကို မနစ်နာစေရပါဘူး။ မင်းဘက်က ဘာပဲတောင်းတောင်း အဆင်ပြေတယ်။ ကော်ပိုရေးရှင်းပေါ်လစီပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ရတယ်။ နိုင်ငံတော်ဘက်က မင်းအတွက် စိတ်ကျေနပ်လောက်မဲ့ မူပိုင်ကြေးကို ပေးမှာပါ"
"ဒီနည်းပညာအတွက် မင်း အရင်းအမြစ်တွေအများကြီး ရင်းနှီးမြှုပ်နှံထားရတယ်ဆိုတာ ငါသိပါတယ်။ နိုင်ငံတော်ဘက်ကလည်း အခုလိုတောင်းဆိုတာမျိုးက သူများစိုက်ပျိုးထားတာကို အလွယ်လေးလာရိတ်သိမ်းနေသလိုလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့.."
"ဟားဟားဟား လောင်ကျိုး..ခင်ဗျားကတော့ တအားယဉ်ကျေးနေပါပြီဗျာ။ ပိုက်ဆံအကြောင်းပြောရင် ကျွန်တော်တို့ဆက်ဆံရေးပဲ ပျက်စီးရမှာပေါ့။ ချစ်ပ်ပြားနည်းပညာကိုတော့.."
ကျန်းမုန့်လောင် စိတ်ထဲ လုံးဝမထားပေ။
"သိပ္ပံအချက်အလက်တွေမပါတဲ့ ဒီလိုအရာမျိုးကိုပဲ ပေးရမယ်ဆိုရင် တိုင်းပြည်အတွက် အခါတစ်ရာလောက်ဖြစ်ဖြစ် ပေးရလည်း ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး"
************