← Chapters

ကျွန်တော် ခင်ဗျားအတွက် ခွဲခြမ်းစိတ်ဖြာပေးပါရစေ

Vol. 27 Ch. 393

ကျွန်တော် ခင်ဗျားအတွက် ခွဲခြမ်းစိတ်ဖြာပေးပါရစေ

Vol. 27 Ch. 393

"ဘာနည်းပညာအချက်အလက်မှမပါဘူးလား"

ဘေးနားရှိ ပါမောက္ခနှစ်ယောက်မှာ ကျန်းမုန့်လောင်ကို အသေရိုက်သတ်ပစ်ချင်မိသွားသည်။

2nmချစ်ပ်ပြားနည်းပညာဆိုသည်မှာ အခြားကုမ္ပဏီများ လက်လှမ်းမမီသောအရာမဟုတ်သော်ငြား စမ်းသပ်ရေးနမူနာများမှာ အရေအတွက်နည်းပါးပြီး ကုန်ကျစရိတ်များက အလွန်များပြားသဖြင့် ထုတ်လုပ်နိုင်သောပမာဏက အလွန်နည်းပါးလှသည်။ အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်ရန် မဖြစ်နိုင်ချေ။

ဤသည်မှာ အစုလိုက်အပြုံလိုက်ထုတ်လုပ်ခြင်းနှင့် ကွာခြားလှပေသည်။

ပွင့်ပွင့်လင်းလင်းပြောရပါလျှင် 2nmချစ်ပ်ပြားနည်းပညာကို တီထွင်နိုင်သော ဘယ်နိုင်ငံမဆို နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အဆင့်ဆက်သွယ်ရေးနည်းပညာကို ပိုင်ဆိုင်နိုင်မည်ဖြစ်ရာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးနှင့် အခြားနယ်ပယ်များတွင်ပါ တိုးတက်သွားနိုင်သည်။

လက်ရှိချစ်ပ်ပြားနည်းပညာ၏ ဖွံ့ဖြိုးတိုးတက်ရေးအရ 2nmချစ်ပ်ပြားများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ရန်မှာ နောက်ထပ်ငါးနှစ် အချိန်ထပ်ယူရမည်ဖြစ်၏။ ယခုအချိန်အထိတော့ ကျော်လွှားရန် အခက်အခဲပေါင်းများစွာ ရှိသေးသည်။

ဤစိန်ခေါ်မှုများကို ကျော်ဖြတ်ရန်အတွက် အနည်းဆုံးအားဖြင့် အမေရိကန်ဒေါ်လာဘီလီယံဆယ်ဂဏန်းမျှ ကုန်ကျပေမည်။ သိပ္ပံစမ်းသပ်မှုတစ်ခု အောင်မြင်ခဲ့လျှင်လည်း ပါမောက္ခတစ်ယောက် သို့မဟုတ် တော်ဝင်ပညာရှင်တစ်ယောက် ဖြစ်လာနိုင်သည်။

အဲဒါကို မင်းက ဘာနည်းပညာအချက်အလက်မှ မပါဘူးလို့ ‌ပြောနေတာလား?

အကယ်၍ နည်းပညာအချက်အလက်သာ မပါဘူးဆိုလျှင် ဘာအသုံးဝင်တော့မည်နည်း။

"မုန့်လောင်.. မင်း ပါမောက္ခကျိုးရှေ့မှာ ဘာတွေပြောနေတာလဲ"

ဟန်ကျင်းယွီမှာ ကျန်းမုန့်လောင်ကို အလျင်အမြန်တားလိုက်ရသည်။

ဤကောင်စုတ်လေးက ယခုဆိုလျှင် ဘယ်သူ့ရှေ့မှာဖြစ်ဖြစ် ကြွားရဲနေပြီလား?

"ကျွန်တော် တကယ်ပြောတာပါ"

ကျန်းမုန့်လောင် ပခုံးတွန့်ပြလိုက်၏။

"ဒီလောက်နည်းပညာအဆင့်လေးကိုများ ကျွန်တော် အခါတစ်ရာလောက် ထုတ်နိုင်တယ်။ ခင်ဗျားလိုချင်ရင် ကျွန်တော့်မှာ 2nmထက် ပိုအဆင့်မြင့်တဲ့ နည်းပညာတွေအများကြီးရှိတယ်"

"မင်း ပိုပိုပြီးရဲတင်းလာပြီပဲ"

ဟန်ကျင်းယွီက ဝင်ပြောလိုက်လေသည်။

"မင်းအသက်က ဘယ်လောက်မို့လို့လဲ။ မင်း ဗိုက်ထဲမှာရှိနေတုန်းက ဘယ်လောက်ဗဟုသုတတွေအများကြီး စုထားနိုင်မှာတဲ့လဲ"

"ပါမောက္ခဟန်"

ပါမောက္ခကျိုးက လက်ခါယမ်းပြလိုက်သည်။ ကျန်းမုန့်လောင်၏စကားကို သူ စိတ်မတိုသည့်အပြင် ဤလူငယ်လေးအကြောင်း ပို၍ပင် သိချင်မိသွားသည်။ သူ့ရှေ့တွင် မည်သူကမှ ယခုလိုရဲရဲတင်းတင်း မကြွားဝါဖူးချေ။

"မင်းရဲ့သိပ္ပံနည်းကျစမ်းသပ်မှုတွေကို ငါ ကြည့်လို့ရမလား"

"ရတာပေါ့"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျားမှာ ကွန်ပျူတာရှိလား"

"ချန်းရွေ့"

ပါမောက္ခကျိုးက လုံရှားအဖွဲ့အစည်းထဲမှ ထိုလူငယ်ကို ပြောလိုက်လေသည်။ ထိုလူကလည်း ကွန်ပျူတာတစ်လုံးကို ချက်ချင်းလှမ်းပေးလာသည်။

"ဒါက ဘယ်လိုကိရိယာမျိုးလဲ"

ကျန်းမုန့်လောင် ရေရွတ်လိုက်မိသည်။

ချန်းရွေ့ဟုခေါ်သော ထိုလူငယ်၏မျက်နှာထက်ဝယ် မကျေနပ်လေဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဒါက နိုင်ငံတော်က အထူးတပ်ဖွဲ့တွေအတွက် ထောက်ပံ့ပေးထားတဲ့ စူပါကွန်ပျူတာလေ။ အမေရိကန်ဒေါ်လာ၈သန်းကျော်တယ်။ မစ္စတာကျန်း.. ခင်ဗျား ဒီထက်ပိုကောင်းတဲ့ စူပါကွန်ပျူတာမျိုးကို ဘယ်မှာမှဝယ်လို့ရမှာမဟုတ်လောက်ဘူး"

"အိုး ပြပါဦး"

ကျန်းမုန့်လောင်က ထိုကွန်ပျူတာကို ခဏမျှကိုင်ကြည့်လိုက်၏။

"ဒီလိုသွက်လက်မှုမျိုးနဲ့ တုံ့ပြန်နိုင်စွမ်းမျိုးက အိမ်က ကျွန်တော့်စူပါကွန်ပျူတာနဲ့ယှဉ်ရင် အမှိုက်လိုပဲ"

"စူပါကွန်ပျူတာလား? မင်းအိမ်မှာ စူပါကွန်ပျူတာရှိတယ်ပေါ့"

ပါမောက္ခကျိုးက မေးလိုက်သည်။

"ဘယ်အဆင့်ရှိလဲ"

"ဘယ်တစ်ခုကိုမေးတာလဲ"

"ဘယ်တစ်ခုလဲတဲ့လား။ မင်းမှာ တစ်လုံးထက်ပိုပြီးရှိတယ်ပေါ့"

ပါမောက္ခကျိုးက သည်းခံနိုင်စွမ်းကြီးမားသည့်တိုင် ကျန်းမုန့်လောင်ကိုတော့ ရိုက်ချင်စိတ်တဖွားဖွားပေါ်ပေါက်နေသည်။ စူပါကွန်ပျူတာဆိုသည်မှာ အသာလေးရယူနိုင်သော အရာတစ်ခုမဟုတ်ပေ။

"ကျွန်တော် မကြာခဏနေတဲ့ ကျန်းနန်မြို့နဲ့ ကျွန်တော့်မွေးရပ်မြေမှာ Petaflopအဆင့် တစ်လုံးစီရှိတယ်။ ယန်ကျင်းမြို့နဲ့ ‌မှော်ဝင်မြို့မှာ တစ်ရာPetaflopအဆင့်တစ်လုံးစီရှိတယ်။ တခြားနိုင်ငံတွေမှာတော့ တစ်နေရာကို တစ်ရာPetaflopတစ်လုံးစီရှိတယ်ထင်တာပဲ"

"မင်း..မင်းရဲ့နည်းပညာတွေက ဒီစူပါကွန်ပျူတာတွေထဲမှာလား"

ပါမောက္ခကျိုးက မျက်လုံးအပြူးသားဖြင့် မေးလိုက်လေသည်။

"အဲဒီလိုလည်းမဟုတ်ပါဘူး"

ကျန်းမုန့်လောင် ခေါင်းခါယမ်းပြလိုက်သည်။

"ကျွန်တော်က အဲဒါတွေကို ဂိမ်းကစားဖို့နဲ့ ရုပ်ရှင်ကြည့်ဖို့ပဲ သုံးတာ။ ခင်ဗျားမသိလို့နော်။ ဂိမ်းကစားတဲ့အခါ ဈေးအကြီးဆုံးကွန်ပျူတာတွေတောင် လိုင်းကျတတ်တယ်။ ဒါပေမဲ့ ဒီကွန်ပျူတာကတော့ ဘယ်တော့မှလိုင်းကျမသွားဘူး"

"ငါ..အဟွတ် အဟွတ် အဟွတ်"

ပါမောက္ခကျိုးခမျာ ထိုစကားကိုကြားပြီး တံတွေးနင်သွားရသည်။

ဟွာရှားနိုင်ငံတွင် စူပါကွန်ပျူတာအနည်းငယ်ရှိသော်ငြား ပီတာဖလော့အဆင့်ရှိသည်မှာ "ထျန်းဟယ်-၁" နှင့် "ရှင်းယွီ"ဟူ၍ နှစ်မျိုးသာရှိ၏။ ထိုစူပါကွန်ပျူတာနှစ်မျိုးစလုံးက ကျန်းမုန့်လောင်ထံတွင် ရှိနေပြီး ထိုကွန်ပျူတာများကို ဗီဒီယိုကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းများအတွက် အသုံးပြုနေခြင်းမှာ ငွေကိုရေလိုသုံးနိုင်သော လူချမ်းသာတစ်ယောက်၏ အပြုအမူထက်ပင် သာလွန်နေလေပြီ။

သို့သော် တွေးကြည့်လိုက်လျှင်လည်း နေ့စဉ်နေ့တိုင်း ဂိမ်းဆော့ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းတို့အတွက် စူပါကွန်ပျူတာကို အသုံးပြုနေသူတစ်ယောက်အတွက် အမေရိကန်ဒေါ်လာရှစ်သန်းတန် စူပါကွန်ပျူတာမှာ အုတ်ခဲတစ်ခဲသာသာ ဖြစ်နေပေလိမ့်မည်။

"မင်း...အဲဒီနည်းပညာတွေကို အရင်ပြပါဦး..."

ပါမောက္ခကျိုးခမျာ ထပ်မေးမိပါက သူ နှလုံးရောဂါရမည်ကို စိုးရိမ်နေမိသည်။

"ကောင်းပါပြီ!"

ကျန်းမုန့်လောင်လည်း သူကိုယ်တိုင် အဆင့်မြှင့်ထားသော ဒေတာဘေ့စ်ထဲသို့ ဝင်ရောက်ကာ ဖိုင်တစ်ခုကို ဖွင့်လိုက်သည်။

"တကယ်တော့ ကျွန်တော်က 2nmချစ်ပ်နည်းပညာကို စမ်းသပ်ပြီး လုပ်ကြည့်ထားတာ။ ဒီမှာလေ.. ကျွန်တော့်မှာ ၀.၂နာနိုမီတာချစ်ပ်နည်းပညာတွေလည်း ရှိတယ်။ ဖိုတိုလစ်သိုဂရက်ဖီစက်တွေ၊ ဖိုတိုရီဆစ်နဲ့ တခြားကိရိယာတွေလည်း ပါတယ်။ ဒီလိုအရာတွေကမှ နိုင်ငံတော်အတွက် တကယ်အကျိုးရှိစေမယ့်အရာတွေလို့ ကျွန်တော်ထင်တယ်"

"၀.၂ နာနိုမီတာ?"

လောင်ကျိုးသာမက ပါမောက္ခနှစ်ယောက်ပါ ရုတ်တရက် မျက်လုံးပြူးသွားရရှာသည်။ ဤသည်မှာ လက်ရှိနည်းပညာထက် နှစ်ပေါင်းဘယ်လောက်တောင် ရှေ့ရောက်နေသလဲ။ ဆယ်နှစ် သို့မဟုတ် နှစ်ပေါင်းနှစ်ဆယ်လောက် ဖြစ်နိုင်ပေသည်။

"ပါမောက္ခတို့..ကြည့်ကြည့်လိုက်ပါဦး"

လောင်ကျိုးက ပြောလေသည်။

"လောင်ကျိုး.. ဒါတွေက ကျုပ်တို့ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်ဘူး"

ပါမောက္ခနှစ်ယောက်ကလည်း ပြန်ပြောလိုက်သည်။ တစ်ယောက်က အော်ဂဲနစ်ပေါ်လီမာကုန်ကြမ်းပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူဖြစ်ပြီး နောက်တစ်ယောက်မှာ စက်ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူဖြစ်၏။ ဖိုတိုရီဆစ်နည်းပညာကို သူတို့ စမ်းသပ်ကြည့်နိုင်သော်လည်း ကျန်နည်းပညာများအတွက်တော့ သူတို့အနေနှင့် ပရော်ဖက်ရှင်နယ်ဆန်သောအကြံမျိုး မပေးနိုင်ချေ။

"တစ်ယောက်ယောက်ကို ခေါ်ကြည့်ခိုင်းလို့ရပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျန်းနန်မြို့မှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ရှိလား"

လောင်ကျိုးက မေးလိုက်သည်။

"ရှိပါတယ်"

ချန်းဟွေ့က ပြောလိုက်၏။

"ကျန်းနန်တက္ကသိုလ်က ပါမောက္ခဟူချွန်းက တစ်ပိုင်းလျှပ်ကူးပစ္စည်းနယ်ပယ်ရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ယောက်ပါ။ လိုအပ်ရင် အခုချက်ချင်း သူ့ကို ဆက်သွယ်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် ပါမောက္ခချန်း"

...

"ဘာ? ၀.၂နာနိုမီတာတစ်ပိုင်းလျှပ်ကူးနည်းပညာတဲ့လား?"

ဤသတင်းကို ကြားလိုက်ရသည့်အခါ ပါမောက္ခဟူချွန်းခမျာ ဓာတ်ခွဲခန်းထဲရှိ သူ့စားပွဲကို လှန်ပစ်မိတော့မတတ် ဖြစ်သွားရသည်။

"ကျုပ်ကို လာလှည့်စားနေတာလား? ဒါက နောက်နေတာတော့ မဟုတ်ဘူးမလား?"

တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းတွင် ထင်ရှားသောပုဂ္ဂိုလ်တစ်ယောက်အနေနှင့် ဤနည်းပညာအကြောင်းကို တော်ဝင်ပညာရှင်ဟူချွန်းထက် ပိုနားလည်သူမှာ ဟွာရှားနိုင်ငံတွင် ရှားပါးလှသည်။

"လောင်ကျိုးလည်း ဒီမှာရှိတယ်။ ဘယ်သူက ခင်ဗျားကို လှည့်စားရဲမှာလဲ။ ကျုပ်တို့ အခု မြို့ထဲက သိပ္ပံနဲ့နည်းပညာခန်းမမှာရှိတယ်။ နည်းပညာဆိုင်ရာ စာရွက်စာတမ်းတွေလည်း ရှိနေပြီ။ ကျုပ်ရဲ့ကျွမ်းကျင်မှုက ဖိုတိုလစ်သိုဂရက်ဖီစက်တွေအထိပဲရှိတာ ခင်ဗျားသိပါတယ်။ တစ်ပိုင်းလျှပ်ကူးနည်းပညာအကြောင်း ခင်ဗျားထက် ပိုသိတဲ့လူရယ်လို့မှမရှိတာ"

"ကောင်းပြီ! ကျုပ်ကိုစောင့်နေ။ အခုချက်ချင်းလာခဲ့မယ်!"

...

မိနစ်နှစ်ဆယ်မပြည့်သေးခင်မှာပင် ဆံပင်ဖွာလန်ကြဲနေသော အဖိုးအိုတစ်ယောက်က အလွန်အမင်းအလျင်လိုနေဟန်ဖြင့် အခန်းထဲသို့ ဝင်လာသည်။ အပြင်ဘက်တွင် စောင့်ကြပ်နေကြသော အစောင့်များကလည်း သူ့ကို အန္တရာယ်ရှိသူဟု မှတ်ယူကာ ဖမ်းဆီးမိမတတ်ပင်။

"အဲဒီဟာ ဘယ်မှာလဲ? ဘယ်မှာလဲ?"

ပါမောက္ခဟူချွန်းက အလောတကြီးမေးလိုက်သည်။ လောင်ကျိုးကို မြင်သောအခါတွင်တော့ သူ့ကိုယ်သူ အနည်းငယ်မျှ ထိန်းချုပ်လိုက်သည်။

"တောင်းပန်ပါတယ် လောင်ကျိုး.. ကျုပ် နည်းနည်းစိတ်လှုပ်ရှားသွားလို့"

"ပါမောက္ခဟူ.. ခင်ဗျားက ဒီနယ်ပယ်ရဲ့ကျွမ်းကျင်သူပဲ။ ဒီစာရွက်စာတမ်းတွေကို သေချာကြည့်ပေးပါဦး။ ပြဿနာရှိမရှိဆိုတာလေး..."

လောင်ကျိုးကတော့ စိတ်ထဲမထားချေ။ နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ဒုံးပျံ၏အမြန်နှုန်းမျိုးဖြင့် အရှေ့သို့တွန်းပို့ပေးနေသူများမှာ ဤသိပ္ပံပညာရူးသွပ်သူများပင်။

ဟူချွန်းက ကွန်ပျူတာကိုယူ၍ စာမျက်နှာအနည်းငယ်ကို လှန်လှောကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာမှာ အေးဆေးတည်ငြိမ်ရာမှ စိတ်လှုပ်ရှားလာပြီး စိတ်လှုပ်ရှားရာမှ အံ့အားသင့်သွားကာ နောက်ဆုံးတွင်မူ လုံးဝကြောင်အသွားသည်အထိ ဖြစ်သွားချေသည်။

"ကာဗွန်အခြေခံချစ်ပ်ပြားတွေ... ဒါတွေက ဆီလီကွန်အခြေခံပစ္စည်းတွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားပြီးသွားပြီပဲ!"

ဤအချက်တစ်ခုတည်းကပင် လက်ရှိနည်းပညာထက် မတွေးတတ်လောက်အောင် သာလွန်နေပြီဖြစ်၏။

ဆီလီကွန်အခြေခံပစ္စည်းများ၏ အက်တမ်အချင်းဝက်အရ ၀.၂နာနိုမီတာမှာ ချစ်ပ်ပြားများအတွက် ကန့်သတ်ချက်တစ်ခုအဖြစ် ယူဆထားသည်။ အကယ်၍များ တစ်စုံတစ်ယောက်က ၀.၂နာနိုမီတာချစ်ပ်နည်းပညာကို အမှန်စင်စစ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ခဲ့ပြီဆိုလျှင် ဆီလီကွန်အခြေပြုပစ္စည်းများကို အကန့်အသတ်အဆုံးအထိ တွန်းပို့ထားပြီးပြီဟူသော အဓိပ္ပာယ်ပင်။

သို့သော် ကာဗွန်အခြေပြုပစ္စည်းများကို အသုံးပြုခြင်းမှာ လုပ်ငန်းနယ်ပယ်တစ်ခုလုံးအတွက်တော့ တော်လှန်သောအပြောင်းအလဲတစ်ခုပင်။ အရေးပါမှုကို ဘေးဖယ်ထားလျှင်ပင် ခက်ခဲမှုအဆင့်မှာ ၀.၂နာနိုမီတာရှိသော ဆီလီကွန်အခြေပြုချစ်ပ်ပြားများထက် ဆယ်ဆမှ အဆပေါင်းရာဂဏန်းလောက် ပိုများနိုင်သည်။

"ဒါ... ဒါကို ဘယ်ကရလာတာလဲ?"

ပါမောက္ခဟူချွန်းခမျာ တုန်ယင်နေသောလေသံဖြင့် မေးလိုက်သည်။ ဤနယ်ပယ်အကြောင်း သူနားလည်ထားသလောက်ဆိုလျှင် ဤကဲ့သို့သောချစ်ပ်ပြားများကို ထုတ်လုပ်နိုင်ရန် အနည်းဆုံးတော့ နှစ်ပေါင်းနှစ်ဆယ်ကြာလိမ့်မည်။

"ဒီနည်းပညာရှင်နဲ့ ကျုပ်တွေ့ချင်တယ်!"

သူသည် စာရွက်စာတမ်းများကို နက်နက်နဲနဲစစ်ဆေးမှုမပြုရသေးသော်လည်း ဤအရာမှာ ယုံကြည်စိတ်ချရသည်ဟု ယုံကြည်ထားသည်။ ဤအချက်အလက်များကို စနစ်တကျစုစည်းနိုင်သူဟာ သူ့ထက် အရည်အချင်း အဆတစ်ရာပိုသာနေမည်မှာ အသေအချာပင်။

လူတိုင်း၏ အကြည့်ကား ကျန်းမုန့်လောင်ထံသို့ ကျရောက်သွားသည်။ ဟူချွန်း၏မျက်လုံးကလည်း အခြားလူများနည်းတူ ကျန်းမုန့်လောင်၏ မျက်နှာပေါ်သို့ ဆိုက်ရောက်သွားသည်။

"မင်း... မင်းက ဒီနည်းပညာရဲ့ပိုင်ရှင်လား?"

"ကျွန်တော့်ကို ဒီလိုမကြည့်ပါနဲ့ဗျာ"

ကျန်းမုန့်လောင်လည်း သူတို့၏ အကြည့်စူးစူးအောက်တွင် အနည်းငယ်မသက်မသာဖြစ်သွားဟန်ဖြင့် ပြောလိုက်၏။

"မယုံရင် ကျွန်တော် ခင်ဗျားအတွက် အရင်ခွဲခြမ်းစိတ်ဖြာပေးရမလား"

***********

All Chapters