မင်းပဲ တော်ဝင်ပညာရှင်လုပ်လိုက်ပါ့လား
Vol. 27 Ch. 394
"ပညာရှင်ဟူချွန်း... ဒီပစ္စည်းက အခြေအနေဘယ့်နှယ့်လဲ"
လောင်ကျိုးက မျှော်လင့်ချက်ပြည့်ဝနေသော မျက်ဝန်းများဖြင့် မေးလိုက်သည်။
"အတည်ပြုဖို့အတွက် မေးခွန်းနည်းနည်းတော့ ကျန်သေးတယ်"
တော်ဝင်ပညာရှင်ဟူချွန်းက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားပြီး ပြောလိုက်၏။
"မင်းကို မုန့်လောင်လို့ခေါ်ရင် စိတ်မရှိဘူးမလား"
"အရမ်းယဉ်ကျေးလွန်းနေပါပြီ တော်ဝင်ပညာရှင်ဟူ"
ကျန်းမုန့်လောင် ပြုံးလိုက်လေသည်။
"မေးချင်တာရှိရင် မေးသာမေးပါ။ ကျွန်တော် အကုန်ဖြေပေးပါ့မယ်"
"ဒီကောင်လေးတော့ ဒုက္ခရောက်တော့မယ်"
ဟန်ကျင်းယွီ၏ မျက်နှာထက်၌ နေရခက်နေလေဟန် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
ကျန်းမုန့်လောင်က အမှန်တကယ် 0.2nmချစ်ပ်နည်းပညာကို တီထွင်နိုင်ခဲ့သည်ဆိုလျှင်ပင် သူ့မိသားစုနောက်ခံကြောင့် ငှားရမ်းထားသော သုတေသီများက အချိန်အကြာကြီး သုတေသနလုပ်ပြီးမှ ရလာသော ရလဒ်ပင်မဟုတ်လော။
ဤသည်မှာ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ စက်မှုပညာအပါအဝင် ဘာသာရပ်မျိုးစုံနှင့် ဆက်စပ်နေသော ကျယ်ပြန့်လှသည့် ဖက်စပ်စက်မှုလုပ်ငန်းတစ်ခုဖြစ်၏။ ရူပဗေဒဘာသာရပ်တစ်ခုတည်းမှာတင် စက်မှုပညာ၊ စွမ်းအင်မြင့်ရူပဗေဒ အစရှိသော ဘာသာရပ်အခွဲများစွာရှိလေသည်။
ဤမျှရှုပ်ထွေးလှသော သုတေသနတွင် လူတစ်ယောက်အနေနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တစ်ခုလုံးမှာ ပါဝင်ရန် မဖြစ်နိုင်ချေ။ အများဆုံးရှိလှ သုတေသနကဏ္ဍတစ်ခု သို့မဟုတ် ကဏ္ဍအနည်းငယ်မှာသာ ပါဝင်နိုင်သည်။
ပညာရှင်ဟူချွန်းက တစ်ပိုင်းလျှပ်ကူးပစ္စည်းနယ်ပယ်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ချစ်ပ်ပြားလုပ်ငန်းမှာလည်း အနည်းဆုံး သုတေသနအတွေ့အကြုံနှစ်ပေါင်းသုံးဆယ်သက်တမ်းရှိထားသူပင်။ သူ့ဗဟုသုတက နယ်ပယ်တိုင်းမှာ မထူးချွန်သော်ငြား အနည်းဆုံးတော့ ပင်မနည်းပညာကို ကျွမ်းကျင်ပိုင်နိုင်သည်။ သို့မဟုတ်ပါက တော်ဝင်ပညာရှင်ဘွဲ့ကို ရထားမည်မဟုတ်ပေ။
ကျန်းမုန့်လောင်၏ကျောထောက်နောက်ခံ သုတေသီများထဲရှိ လူတစ်ယောက်ကမှ တော်ဝင်ပညာရှင်ဟူ၏ မေးခွန်းများကို မဖြေနိုင်လောက်ပေ။
ကျန်းမုန့်လောင်ကိုယ်တိုင်ကလည်း ထူးချွန်သူတစ်ယောက်မဟုတ်သလို ပြိုင်ပွဲတစ်ခုခုမှာလည်း ဆုရထားဖူးခြင်းမရှိပေ။ ပညာရှင်ဟူချွန်းမေးမည့် မေးခွန်းတစ်ခုကတင် ပါမောက္ခတစ်ယောက်ကို အလဲထိုးနိုင်သည်ဖြစ်ရာ ကျန်းမုန့်လောင်ဆိုလျှင် ပြောနေစရာပင်မလိုပေ။
သူက မည်သို့များ ဖြေနိုင်မည်နည်း။
မိခင်၏ဝမ်းဗိုက်ထဲကတည်းက တစ်ပိုင်းလျှပ်ကူးပစ္စည်းများအကြောင်း စတင်လေ့လာခဲ့လျှင်ပင် မဖြေနိုင်ပေ။
"ကာဗွန်ပုံဆောင်ခဲထရန်စစ်စတာရဲ့ အီလက်ထရွန်ရွေ့လျားနိုင်စွမ်းက ဆီလီကွန်ပုံဆောင်ခဲထက် အဆတစ်ထောင်ပိုမြန်နိုင်ပြီး အမြင့်ဆုံးလုပ်ဆောင်မှုအရှိန်ကလည်း ငါးဆကနေ ဆယ်ဆအထိ ပိုမြန်တယ်။ စွမ်းအင်ကုန်ဆုံးမှုကတော့ ဆီလီကွန်ပုံဆောင်ခဲရဲ့ ဆယ်ပုံတစ်ပုံပဲရှိတယ်။ ဒါက စိတ်ဝင်စားဖို့တော့ကောင်းတယ်။ ဒါပေမဲ့ ကာဗွန်က တုံ့ပြန်နိုင်စွမ်းများလွန်းပြီး သူ့ရဲ့ဒိုင်အီလက်ထရစ်ကိန်းသေက တော်တော်နိမ့်တယ်လေ။ ဒါကို ဘယ်လိုဖြေရှင်းမလဲ"
"ဒါက တကယ်တော့ ရှင်းရှင်းလေးပါ"
ကျန်းမုန့်လောင် မနားတမ်းရှင်းပြလေတော့သည်။ သံမဏိလူသားကမ္ဘာရှိ သူတို့၏နာနိုနည်းပညာမှာ လက်ရှိလူသားများအတွက်တော့ မှော်ဆန်သောအရာတစ်ခုပင်။ ကာဗွန်အခြေခံချစ်ပ်ပြားများအစား ဆီလီကွန်အခြေခံချစ်ပ်ပြားများကို အစားထိုးအသုံးပြုနေသည်မှာ ကြာလှလေပြီ။ 0.2nmဆိုသည်မှာ ကာဗွန်အခြေခံချစ်ပ်ပြားများအတွက် အစသာရှိသေးသည်။
"ဒီကောင်လေးက... တကယ်နားလည်တာပဲ"
သူ့သုတေသနက ပေါ်လီမာကုန်ကြမ်းပစ္စည်းများနှင့် ပတ်သက်နေသော်ငြား ဘာသာရပ်များမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ နာနိုနည်းပညာနယ်ပယ်မှာ ဝတ္ထုမဲ့ပစ္စည်းများနှင့် အော်ဂဲနစ်ပစ္စည်းများမှာ ပတ်သက်ဆက်နွှယ်မှုရှိသည်။
ကျန်းမုန့်လောင်ပြောပြနေသည့် နာနိုကုန်ကြမ်းပစ္စည်း ပြင်ဆင်ပြုလုပ်နည်းများမှာ ဟန်ကျင်းယွီအတွက်တော့ ကမ္ဘာသစ်တစ်ခု၏တံခါးကို ဖွင့်ပေးလိုက်သည့်အလားပင်။
သူလည်း မှတ်စုစာအုပ်ကို အလျင်အမြန်ထုတ်ယူပြီး အရူးအမူး လိုက်မှတ်ပါတော့သည်။ ဤကုန်ကြမ်းပစ္စည်းများကို သူ့ကိုယ်ပိုင်သုတေသနမှာ အသုံးချနိုင်ခဲ့ပါက တော်ဝင်ပညာရှင်ဘွဲ့အတွက် မျှော်လင့်ချက်ရှိနိုင်သည်။
တော်ဝင်ပညာရှင်ဟူချွန်းခမျာ နားထောင်လေလေ၊ အံ့အားသင့်ရလေလေပင်။ ကျန်းမုန့်လောင်ပြောသွားသည့်အရာများ၏ တစ်ဝက်နီးပါးက သီအိုရီအဆင့်မှာသာ ရှိသေးသည်။ တချို့ဆိုလျှင် အယူအဆအပေါ် အခြေခံထားသော အဆင့်မှာသာရှိသေးသည်။ ဘယ်သူမှ မတင်ပြဖူးသေးသော အမြင်တစ်ခုနှစ်ခုလည်း ပါသေးသည်။
သို့သော် ကြောက်ဖို့အကောင်းဆုံးမှာ သူသည် ဤမျှခက်ခဲနက်နဲလွန်းသော အရာများကို အရိုးရှင်းဆုံးရှင်းပြနိုင်ခဲ့ခြင်းပင်။ ထို့ကြောင့် သူတို့လည်း အခက်အခဲမရှိဘဲ နားလည်ခဲ့သည်။
ဒါက တကယ်ပဲ အသက်နှစ်ဆယ်စွန်းစွန်းပဲရှိတဲ့ လူငယ်တစ်ယောက်တဲ့လား။
တကယ်တမ်းတော့ လွန်ခဲ့သည့်လအနည်းငယ်လောက်ကသာဆိုပါက ကျန်းမုန့်လောင် ဤသဘောတရားများကို နားလည်ထားသည့်တိုင် ဤမျှအသေးစိတ်ရှင်းပြနိုင်မည်မဟုတ်ချေ။
သို့သော် မနေ့ကပင် အိုင်းစတိုင်းနှင့် နယူတန်ကို သူ ခေါ်ယူထားပြီးဖြစ်၏။
သူတို့က ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ ဝင်လာပြီးသည့်တိုင် သူတို့၏သုတေသနများကို ရပ်တန့်ခြင်းမရှိပေ။ သူတို့၏သုတေသနလမ်းကြောင်းများနှင့် နက်နဲမှုမှာ ကြောက်စရာကောင်းသော အဆင့်အထိ ရောက်ရှိနေလေပြီ။ သို့ဖြစ်လေရာ သူတို့က မသိသေးသည့်အရာမှန်သမျှကို လေ့လာချင်နေကြ၏။
အက်တမ်လောက်သေးငယ်သော အရာမှအစ ဂလက်ဆီလောက်ကြီးသော အရာများအထိ သူတို့၏ဗဟုသုတစုဆောင်းမှုမှာ ကမ္ဘာ့မြေပေါ်ရှိမျိုးနွယ်စုများ တွေးကြည့်နိုင်သော အဆင့်ကိုပင် ကျော်လွန်သွားလေပြီ။
ယခု သူတို့နှစ်ယောက်လုံးက သိပ္ပံပညာကို စိတ်ဝင်စားခြင်း မရှိတော့ပေ။ သူတို့၏အကြီးမားဆုံးဝါသနာက ဘာသာရေးကို လေ့လာခြင်းဖြစ်၏။ သူတို့ပြောပုံအရဆိုလျှင် သိပ္ပံပညာ၏အဆုံးသတ်မှာ ဘာသာရေးရှိသည်ဟု သိရသည်။
ခွန်အားအမှတ်ရာဂဏန်းခန့်ကို သုံးပြီးနောက် သူတို့နှစ်ယောက် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် အသိပညာအားလုံးက ကျန်းမုန့်လောင်၏အပိုင် ဖြစ်လာခဲ့သည်။ ကွမ်တမ်မက္ကင်းနစ်၊ ကွမ်တမ်ရှုပ်ထွေးခြင်း၊ နှိုင်းရသီအိုရီ၊ သင်္ချာပညာ၊ နက္ခတ္တဗေဒပညာ စသဖြင့်ပင်။
အိုင်းစတိုင်းနှင့် နယူတန်တို့ ရှာဖွေဖော်ထုတ်ခဲ့သော ကုန်ကြမ်းအမြောက်အများမှာ နှစ်ပေါင်းများစွာကြာသည်အထိ သီအိုရီအဆင့်မှာသာ ရှိနေခဲ့သည်။ ဥပမာပြရလျှင် Gaussလက်နက်များ၊ ဆွဲငင်အားဆန့်ကျင်သည့်စက်ကိရိယာများ၊ နျူကလီးယားပေါင်းစပ်အင်ဂျင်နှင့် ဒြပ်မဲ့လက်နက်များ စသဖြင့်ပင်။
သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များနှင့် ဝတ္ထုများထဲမှာသာ ရှိနိုင်မည့်အရာတော်တော်များများက အမှန်တကယ်ပေါ်ပေါက်လာခဲ့သည်။ ထို့ပြင် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲမှာ ထိုပစ္စည်းများက အမှန်တကယ်တည်ရှိနေ၏။
ဤပစ္စည်းများ၏ သဘောတရားများကိုပင် ကျန်းမုန့်လောင်က သုံးရက်သုံးညတိတိ ဆက်တိုက်ပြောပြနိုင်သည်။ ထိုအရာနှင့်ယှဉ်လိုက်လျှင် ကာဗွန်အခြေခံချစ်ပ်ပြားဆိုသည်မှာ မူလတန်းအဆင့်နှင့် ပါရဂူအဆင့်စာတမ်းအကြားရှိ ကွာခြားမှုလောက် ရှိ၏။
ကျန်းမုန့်လောင်၏ လက်ရှိဗဟုသုတအဆင့်နှင့်ဆိုပါက ကာဗွန်အခြေခံချစ်ပ်နည်းပညာအကြောင်း ရှင်းပြရခြင်းမှာ မူလတန်းအဆင့် သင်္ချာပုစ္ဆာတစ်ပုဒ်ကို ရှင်းပြနေရခြင်းနှင့် အတူတူပင်။
သို့သော် ဤနည်းပညာနှင့်ပတ်သက်သော ကုန်ကြမ်းပစ္စည်းများမှာ အလွန်များပြားလွန်းသည်။ အကြောင်းအရာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော်က နည်းပညာပိုင်းဆိုင်ရာ လစ်ဟာနေသဖြင့် ဤအရာအားလုံးကို နားလည်ဖို့ဆိုလျှင် သုံးလနှင့်သုံးညတိတိ ဆက်တိုက်ဟောပြောပို့ချရမည်သာ။
"မင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ"
တော်ဝင်ပညာရှင်ဟူချွန်း၏ စိတ်အစဉ်မှာ လုံးဝပြိုကွဲသွားရလေပြီ။ ယခုဆိုလျှင် သူသည် ကျန်းမုန့်လောင်က အဆင့်မြင့်မျိုးနွယ်စုတစ်ခုမှလာသော ဂြိုလ်သားတစ်ယောက်လားဟုပင် သံသယဝင်နေမိပြီဖြစ်၏။ ကျန်းမုန့်လောင်နှင့် တစ်နာရီနှစ်နာရီမျှ စကားပြောဆိုရင်း သိလိုက်ရသော အသိပညာများမှာ သူ နှစ်ပေါင်းနှစ်ဆယ်သုံးဆယ်ကြာအောင် လေ့လာခဲ့ရသော သုတေသနထက်ပင် ပိုများနေသေးသည်။
"ဒါကို ချီးကျူးစကားလို့ပဲ သဘောထားလိုက်ပါ့မယ်"
ကျန်းမုန့်လောင် ရယ်မောရင်း ပြောလိုက်သည်။
"လောင်ကျိုး.. ဒီအချက်အလက်တွေကိုတော့ ခင်ဗျားကိုပေးမယ်။ ဒါပေမဲ့ အကောင်အထည်ဖော်ဖို့တော့ တာဝန်မယူဘူးနော်"
"ကောင်းတယ်! သိပ်ကောင်းတယ်"
လောင်ကျိုးက ကျန်းမုန့်လောင်၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"နိုင်ငံတော်ကိုယ်စား မင်းရဲ့အကျိုးပြုမှုအတွက် ငါ ကျေးဇူးတင်ပါတယ်"
သူ့လက်ထဲမှာ 0.2nmချစ်ပ်နည်းပညာကို ရထားပြီဖြစ်ရာ 2nmဆိုသည်မှာ အရေးမပါတော့ပေ။
အဲဒါကို မေ့ပစ်လိုက်တော့...
"အိုး.. ကျွန်တော့်ဖိုင်တွဲထဲမှာ နည်းပညာအချက်အလက်တွေ အများကြီးရှိသေးတယ်။ စိတ်ဝင်စားရင် ယူကြည့်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်သတိပေးချင်တာတစ်ခုက တချို့ဟာတွေက ကျွန်တော်ပေးလိုက်ရင်တောင် ခင်ဗျားတို့ နားမလည်နိုင်တဲ့အရာတွေ ဖြစ်နေနိုင်တယ်"
ကျန်းမုန့်လောင်က ဖြည့်စွက်ပြောလိုက်သည်။
"လေလုံးထွားလိုက်တာကွာ"
ဟန်ကျင်းယွီက ကွန်ပျူတာကို ယူလိုက်ပြီး ဆိုလာ၏။
"မင်းမှာ ဘယ်လိုနည်းပညာအချက်အလက်တွေ ရှိသေးလဲဆိုတာ ငါကြည့်ချင်တယ်"
"ငါလည်း ကြည့်ချင်တယ်။ နယ်ပယ်တစ်ခုတည်းနဲ့ ဒီလောက်ဖြစ်နေတာတောင် ရူးချင်စရာကောင်းနေပြီ။ မင်းမှာ ထပ်ရှိသေးတယ်ပေါ့လေ"
လောင်ကျိုးကိုယ်တိုင်ပင် စူးစမ်းလိုစိတ်ဖြင့် အနားတိုးကပ်၍ ကြည့်လိုက်သည်။
ဖိုင်တွဲများ၏ နာမည်များကို မြင်လိုက်ရသောအခါ သူတို့အားလုံး ကြောင်အကုန်ကြသည်။
"အာကာသပတ်လမ်းနည်းပညာ"
"ကင်ဆာဆဲလ်ကုသရေးနည်းပညာ"
"ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်နည်းပညာ!!!?"
"လေကြောင်းသုံးလျှပ်စစ်သံလိုက်ဒုံးလက်နက်နည်းပညာ!!?"
"ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်သန့်စင်ရေးနည်းပညာ!!?"
"ဆွဲငင်အားဆန့်ကျင်ရေးအင်ဂျင်နည်းပညာ?"
"နျူကလီးယားပေါင်းစပ်နည်းပညာ?"
...
"ခွန်အားပြင်းတုံ့ပြန်ရေးကုန်ကြမ်းပစ္စည်းနည်းပညာ"
"အာကာသယာဉ်ခုံးနည်းပညာ?"
"တွင်းနက်နည်းပညာ?"
"နေစွမ်းအင်သုံးမီးပြင်းဖိုနည်းပညာ?"
...
ရှေ့နည်းပညာတချို့က ခေတ်သစ်သိပ္ပံ၏ နားလည်နိုင်စွမ်းအတွင်းမှာ ရှိဟန်တူသော်လည်း နောက်ထပ်ဆက်ကြည့်လေလေ ဤအရာများ၏နာမည်များကို သူတို့ နားလည်ရခက်လာလေလေပင်။
ကျန်အရာများကို ဘေးဖယ်ထားလိုက်ပါက "အာကာသယာဉ်ခုံး" နှင့် "ခွန်အားပြင်းတုံ့ပြန်ရေးကုန်ကြမ်းပစ္စည်း"ဆိုသည်မှာ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများထဲက အရာများမဟုတ်လား။ သူတို့ ထိုအရာများကို တကယ်ဖန်တီးနိုင်လေသလား။
လူသားများမှာ ဆွဲငင်အားလှိုင်းများမှတစ်ဆင့် တွင်းနက်ကြီးများ၏ တည်ရှိမှုကို အတည်ပြုနိုင်ခဲ့သည်မှာ သိပ်မကြာသေးပေ။ သို့သော် ယခု ဤတွင်းနက်များကို ဖန်တီးနိုင်ပြီဟု လာပြောနေခြင်းလေလား။ ဤအရာများကို နှစ်ပေါင်းသုံးရာမှ ငါးရာအထိ အချိန်မယူဘဲ ခေတ်သစ်သိပ္ပံပညာရှင်များပင် အိပ်မက်မမက်ဝံ့ချေ။
"ငါ... ငါ ဆဲလို့ရမလား။ ဒါက လှည့်စားထားတာမဟုတ်မှန်း မင်း သေချာလား"
ပါမောက္ခဟန်ကျင်းယွီခမျာ သူ့သိပ္ပံသုတေသနအိပ်မက်များ ပျက်စီးသွားသလို ခံစားလိုက်ရသည်။
"ဒီအရာတွေအားလုံးက အယူအဆအပေါ်အခြေခံထားတဲ့အဆင့်နဲ့ သီအိုရီအဆင့်မှာပဲ ရှိသေးတာလေ။ ဟုတ်တယ်မလား"
ပါမောက္ခဟူချွန်းလည်း မှတ်စုစာအုပ်တစ်အုပ်ထုတ်ယူပြီး စားပွဲပေါ်ကို ထိုစာအုပ်ဖြင့် ရိုက်ချလိုက်သည်။
"မင်းပဲ တော်ဝင်ပညာရှင် လုပ်လိုက်ပါတော့။ ဒီဘွဲ့က ငါနဲ့ မထိုက်တန်ဘူး။ ငါ မင်းရဲ့လက်ထောက်ပဲ လုပ်တော့မယ်"
***********