← Chapters

ကျုပ် နားမလည်ဘူး

Vol. 27 Ch. 395

ကျုပ် နားမလည်ဘူး

Vol. 27 Ch. 395

"မုန့်လောင်.. မင်း တကယ်ပြောနေတာလား"

ဤသည်မှာ ကျန်းမုန့်လောင်ကို မယုံသောကြောင့်မဟုတ်ပေ။ ဤစာရွက်စာတမ်းများပေါ်ရှိ နာမည်များက အလွန်ကြောက်မက်ဖွယ်ကောင်းနေသောကြောင့်ပင်။

ယခုလက်ရှိတွင် ဟွာရှားနိုင်ငံက ပဉ္စမမျိုးဆက်တိုက်လေယာဉ်ကိုသာ ထုတ်လုပ်ထားနိုင်သေးသည်။ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်မှာ မကြာသေးခင်ကမှ အဆိုပြုထားရုံသာ ရှိသေးသည်။ သို့သော် ကျန်းမုန့်လောင်ကတော့ ဒီဇိုင်းမူကြမ်းနှင့် နည်းပညာဆိုင်ရာ စာရွက်စာတမ်းများကို ထုတ်လုပ်နိုင်ပြီတဲ့လား။

လူသားမျိုးနွယ်၏ အာကာသစူးစမ်းလေ့လာရေးမှာ လူကိုယ်တိုင်မောင်းနှင်ရသော ဒုံးပျံအဆင့်သာ ရှိသေးသည်။ သူတို့အနေနှင့် တတိယမြောက် အာကာသအလျင်ကိုပင် မကျော်ဖြတ်နိုင်သေးပေ။ သို့သော် ယခုမူ ကျန်းမုန့်လောင်က တွင်းနက်နည်းပညာနှင့် အလင်းအရှိန်အင်ဂျင်များကို ထုတ်လုပ်နိုင်ပြီတဲ့လား။

ဤသည်မှာ သူတို့၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်၏။

"တကယ်ပြောတာပါ"

ကျန်းမုန့်လောင်လည်း ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ မင်း ဒီအရာတွေကို ဘယ်လိုလုပ်ပြီး ဖန်တီးခဲ့တာလဲ"

ဤနေရာ၌ ပါမောက္ခနှစ်ယောက်နှင့် တော်ဝင်ပညာရှင်တစ်ဦး ရှိနေသည်။ သိပ္ပံနည်းကျ သုတေသနပြုရခြင်းမှာ ဘယ်လောက်ခက်ခဲသလဲဆိုသည်ကို သူတို့အားလုံး ကောင်းကောင်းသိကြသည်။ အထူးသဖြင့် အခြေခံသိပ္ပံကဏ္ဍတချို့ကို ထိုးဖောက်ကျော်လွှားရန်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်၏။ ထို့ပြင် ကျန်းမုန့်လောင်မှာ ယခုမှ အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးသော လူငယ်တစ်ယောက်ဖြစ်သည်။

"မင်းက ဂြိုလ်သားတော့မဟုတ်ဘူးမလား"

ဟန်ကျင်းယွီက ကျန်းမုန့်လောင်ကို မကောင်းဆိုးဝါးတစ်ကောင်လို ကြည့်နေပေသည်။

"ကြည့်ရတာတော့ ကျွန်တော်က ကမ္ဘာမြေသားတစ်ယောက်ဆိုတာကို သက်သေပြဖို့ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်နဲ့ မွေးစာရင်းတွေကို ထုတ်ပြရတော့မယ်ထင်တယ်"

ကျန်းမုန့်လောင်ခမျာ ပခုံးတွန့်ပြရင်း ပြောလိုက်၏။

တကယ်တော့ တခြားလူတစ်ယောက်သာဆိုလျှင် ယခုလို အဆင့်မြင့်သိပ္ပံနည်းပညာဆိုင်ရာ အသိပညာများကို ကမ္ဘာကြီးအား မျှဝေပေးဖို့ လုံးဝမဖြစ်နိုင်ချေ။ ကိုယ့်အမိနိုင်ငံကိုပင် မျှဝေမည်မဟုတ်။ အကြောင်းမှာ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများက အလွန်ပြင်းထန်သောကြောင့်ပင်။ ဘယ်သူကမှ သူတို့၏လုံခြုံရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်မည် မဟုတ်ပေ။

သို့သော် ဤစိုးရိမ်ပူပန်မှုများက ကျန်းမုန့်လောင်အတွက်တော့ ထည့်စဉ်းစားစရာမလိုပေ။ သူ့မိသားစု၏ သြဇာအာဏာကြီးမားမှုကို မြင်ထားပြီးနောက် ထိုအချက်များကို သူ လုံးဝဂရုမစိုက်တော့ပေ။ သူ့လုပ်ရပ်များကို သူ့ကိုယ်ပိုင် ကျင့်ဝတ်နှင့် စံနှုန်းများကသာ လွှမ်းမိုးနိုင်သည်။ အခြားဘယ်အရာကမှ မလွှမ်းမိုးနိုင်ချေ။

"မုန့်လောင်.. ငါတို့ကို အချိန်နည်းနည်းလောက် ပေးနိုင်မလား"

တော်ဝင်ပညာရှင်ကျိုးက မေးလိုက်သည်။

"ငါ ဒီပစ္စည်းတွေကို စစ်ဆေးဖို့လိုသေးတယ်"

"ဟုတ်ကဲ့"

ကျန်းမုန့်လောင်ကလည်း ပြုံးရင်း ပြန်ဖြေလိုက်၏။

တော်ဝင်ပညာရှင်ကျိုးက ဘေးထွက်သွားပြီး အထူးဖုန်းနံပါတ်တစ်ခုကို ချက်ချင်းဆက်လိုက်သည်။ ဤဖုန်းနံပါတ်ကို သိထားသူများမှာ နိုင်ငံတော်အတွက် အလွန်အရေးပါသူများပင်။

"ကျုပ်ပါ လောင်ကျိုးလေ.. ကျန်းမုန့်လောင်က နိုင်ငံတော်အတွက် သူ့ရဲ့နည်းပညာတွေကို အခမဲ့မျှဝေဖို့ ဆန္ဒရှိတယ်တဲ့... ဟင့်အင်း သူ့မှာ တခြားတောင်းဆိုချက်တွေလည်း မရှိဘူး... ပြီးတော့ သူ့မှာ ကျုပ်တို့ခေတ်ထက် ပိုအဆင့်မြင့်တဲ့ နည်းပညာတွေတောင် ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက တကယ်ရှိမရှိ ကျုပ်တို့ အကဲဖြတ်နိုင်စွမ်းမရှိဘူး"

"ဟုတ်ကဲ့.. ရူပဗေဒ၊ ဓာတုဗေဒ၊ သဘာဝပတ်ဝန်းကျင်၊ ဇီဝဗေဒနဲ့ ဆေးပညာနယ်ပယ်တွေထဲက သိပ္ပံပညာရှင်တွေကို လိုအပ်ပါတယ်။ အနည်းဆုံး တော်ဝင်ပညာရှင်အဆင့်နဲ့ အထက်တွေ ဖြစ်ဖို့လိုတယ်။ သူတို့ကို ကျန်းနန်မြို့ကို အခုချက်ချင်းခေါ်လာပေးဖို့ စီစဉ်ပေးပါဦး။ ကျုပ် သိပ္ပံနဲ့နည်းပညာဗျူရိုမှာ စောင့်နေပါ့မယ်"

...

"မုန့်လောင်.. ငါတို့ မင်းကို ဒီမှာ ခဏလောက်ထပ်နေခိုင်းရဦးမယ်ထင်တယ်"

တော်ဝင်ပညာရှင်ကျိုးက တောင်းပန်စကားပြောလိုက်သည်။ ဤကိစ္စက အလွန်အရေးပါလွန်းသောကြောင့် သေချာမကိုင်တွယ်နိုင်သေးခင်အထိ ဘယ်သူမှ အခန်းထဲကထွက်ခွာခွင့် သို့မဟုတ် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခွင့် မရှိပေ။

"ပြဿနာမရှိပါဘူး။ ကျွန်တော့်မှာလည်း ဒီနေ့ တခြားလုပ်စရာအလုပ်တွေ သိပ်မရှိဘူးလေ။ ဒါပေမဲ့ ဗိုက်တော့ ဆာနေပြီ ဟားဟား..."

"ဟားဟား ဟွိုက်ရွေ့.. အစားအသောက်တွေ ပြင်ဆင်ပေးပါဦး။ မုန့်လောင်ကို နေရထိုင်ရခက်ခဲအောင် မလုပ်ကြနဲ့"

...

သုံးနာရီတိတိ ကြာပြီးနောက် အထူးအဖွဲ့တစ်ခုဟာ ကျန်းနန်မြို့သိပ္ပံနှင့်နည်းပညာဌာနကို ရောက်ရှိလာကြသည်။

အထူးတပ်ဖွဲ့၏ ကာကွယ်မှုအောက်တွင် သူတို့ သိပ္ပံနှင့်နည်းပညာဌာနထဲသို့ လျှို့ဝှက်စွာ ဝင်ရောက်လာခဲ့ကြ၏။ စုစုပေါင်း ၂၇ယောက်ရှိသည်။ တစ်ယောက်ချင်းစီက တော်ဝင်ပညာရှင်များဖြစ်ကြပြီး သာမန်တော်ဝင်ပညာရှင်များမဟုတ်ပေ။ ဟွာရှားနိုင်ငံ၏ နယ်ပယ်အသီးသီးရှိ ဟာကွက်များကို ဖြည့်ဆည်းပေးခဲ့ပြီး ဤနိုင်ငံကို အားနည်းနေရာမှ ခွန်အားပြည့်ဖြိုးလာအောင် တွန်းတင်ပေးခဲ့ကြသူများပင်။

သူတို့ထဲမှ တစ်ဦးချင်းစီဟာ နိုင်ငံ့အတွက် အဖိုးမဖြတ်နိုင်သော ရတနာများပင်။ သူတို့ထဲမှ တစ်ယောက်ယောက်ကသာ ပန်ဒါကြီးတစ်ကောင်ကိုစီးပြီး လမ်းလျှောက်ထွက်ချင်သည်ဆိုလျှင်ပင် ဘယ်သူမှ မကန့်ကွက်ရဲပေ။

"ဒီလောက်တောင်မြန်တယ်လား"

ကျန်းမုန့်လောင် အနည်းငယ် အံ့အားသင့်သွားရသည်။

ဤတော်ဝင်ပညာရှင်များမှာ တစ်နေရာတည်း၌ နေထိုင်ကြခြင်းမဟုတ်ပေ။။ နိုင်ငံတစ်ဝှမ်းရှိ နေရာအသီးသီးကိုသွား၍ သုံးနာရီအတွင်း အားလုံးကိုစုစည်းပြီး ဤနေရာသို့ ခေါ်လာနိုင်ခြင်းမှာ လွယ်ကူသောကိစ္စတစ်ခုမဟုတ်ချေ။

"တော်ဝင်ပညာရှင်ယွမ်! တော်ဝင်ပညာရှင်ရွှီ!"

"ဒါက... တော်ဝင်ပညာရှင်ချန်းလည်း ရောက်နေတာလား။ သူက အငြိမ်းစားယူထားတာ ဆယ်နှစ်နီးပါးကြာနေပြီမဟုတ်လား"

"တော်ဝင်ပညာရှင်ဖန့်.. ဗုံးဆုတံဆိပ်နှစ်ခုနဲ့ ဂြိုလ်တုဆုတံဆိပ်တစ်ခု ရထားတဲ့လူပဲ!"

တော်ဝင်ပညာရှင်ဟူချွန်းကိုယ်တိုင်ကပင် သိပ္ပံနယ်ပယ်၌ ရှေ့ဆောင်တစ်ဦးဖြစ်နေသော်ငြား ယခု သူ့ရှေ့ကို ရောက်လာသော တော်ဝင်ပညာရှင်များမှာ သူကိုယ်တိုင် ဆရာတင်ရလောက်သူများ ဖြစ်နေပေသည်။

တော်ဝင်ပညာရှင်ယွမ်သည် ဟွာရှားနိုင်ငံ၏ ဇီဝအင်ဂျင်နီယာနည်းပညာကို မျိုးစေ့ချပေးခဲ့သူဖြစ်ပြီး လူပေါင်းတစ်ဘီလီယံကို အလုပ်အကျွေးပြုခဲ့သူပင်။ တော်ဝင်ပညာရှင်ရွှီကမူ ပဉ္စမမျိုးဆက်တိုက်လေယာဉ်၏ အင်ဂျင်နီယာခေါင်းဆောင်နှင့် ဒီဇိုင်းခေါင်းဆောင်ဖြစ်သည်။ တော်ဝင်ပညာရှင်ချန်းက ဟွာရှားနိုင်ငံ၏ နျူကလီးယားနည်းပညာဖခင်ကြီးပင်။

ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံမှာမဆို ဤလူများမှာ နတ်ဘုရားအလား ကိုးကွယ်ခံရမည့်သူများပင်။ ဟွာရှားနိုင်ငံရှိ တော်ဝင်ပညာရှင်များနှင့် ပါမောက္ခအများစုကလည်း သူတို့၏တပည့်များပင်။ ယခုမူ မယုံနိုင်စရာကောင်းလောက်အောင်ပင် သူတို့အားလုံး ဤနေရာကို ရောက်လာကြသည်။

ဤလူများအတွက် ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုဆိုသည်မှာ အရေးမပါတော့ပေ။ ဤအသက်အရွယ်တွင် သူတို့ဂရုစိုက်သည့်အရာမှာ သူတို့၏ ကျွမ်းကျင်ရာနယ်ပယ်များတွင် ကြီးမားလှသော အောင်မြင်မှုများ ရရှိနိုင်ရန်နှင့် ဤကမ္ဘာကြီးအကြောင်း နည်းနည်းပိုနားလည်လာနိုင်ရန်ပင်။

သို့သော် မယုံနိုင်စရာကောင်းသော ဤနည်းပညာဆိုင်ရာအချက်အလက်များ၏ နာမည်များကို ကြားလိုက်ရသောအခါ သူတို့၏အားအင်များ ပြန်ပြည့်လာသလို ခံစားလိုက်ရသည်။ တော်ဝင်ပညာရှင်တစ်ဦးက နှလုံးရောဂါနှင့် ဆေးရုံတက်နေရသော်လည်း သူ့ဆေးရုံခုတင်က ထလာပြီး ဤနေရာကို အပြေးရောက်လာခဲ့သည်။

...

"လောင်ကျိုး.. ခင်ဗျားမှာ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်ရဲ့ ဒီဇိုင်းပုံကြမ်းတွေရှိတယ်ဆို။ ကျုပ်ကို မြန်မြန်ပြစမ်းပါ"

"လောင်ကျိုး.. နောက်ဆုံးတော့ ကျုပ် မြေးမလေးနဲ့အတူ ဆက်နေနိုင်ပြီ။ ဒီကင်ဆာဆဲလ်ကုသနည်းက ကျုပ်ကို ဆွဲဆောင်လိုက်ပြီပဲ။ ဒါကို လက်လွှတ်မခံနိုင်ဘူး"

"ထိန်းချုပ်နိုင်တဲ့ နျူကလီးယားပေါင်းစပ်နည်းပညာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အရင်ကြည့်ခွင့်ပေးပါဦး။ ဒါကိုကြည့်ပြီးရင် ကျုပ် အောက်ဆီဂျင်ကုထုံးခံယူဖို့ သွားရဦးမှာ"

"ခင်ဗျားက အောက်ဆီဂျင်ကုထုံးအတွက်နဲ့ ဘာတွေအလျင်လိုနေတာလဲ။ ကျုပ်ကဖြင့် ဒီနေ့ညနေ ခွဲစိတ်မှုခံယူရမှာ။ လျှပ်စစ်သံလိုက်သေနတ်နဲ့ပတ်သက်တဲ့ အကြောင်းတွေကရော။ လုပ်စမ်းပါ ကျုပ်ကို အရင်ကြည့်ခွင့်ပေးကြစမ်းပါ"

...

တော်ဝင်ပညာရှင်နှစ်ဆယ့်ခုနစ်ယောက်မှာ ရူးသွပ်သွားသည့်အလား အော်ဟစ်နေကြသည်။ ဤအရာများကိုသာ သူတို့မကြည့်ရလျှင် ငြိမ်းချမ်းစွာ သေနိုင်မည်မဟုတ်ချေ။

"ဟွိုက်ရွေ့"

တော်ဝင်ပညာရှင်ကျိုးက ဟွိုက်ရွေ့ကို အကြည့်တစ်ချက် ပေးလိုက်သည်။ လွန်ခဲ့သည့်နာရီပိုင်းအတွင်း၌ စူပါကွန်ပျူတာအလုံးနှစ်ဆယ်ကျော်ကို သူ ပြင်ဆင်ထားပြီးဖြစ်၏။ တစ်လုံးချင်းစီတွင် ကူးယူ၍မရ၊ ပြင်ဆင်၍မရဘဲ ဖတ်ရုံသာဖတ်နိုင်သည့် သက်ဆိုင်ရာအချက်အလက်များကို ထည့်သွင်းထားသည်။

သို့သော် ထိုတော်ဝင်ပညာရှင်အိုကြီးများက လုံးဝဂရုမစိုက်ချေ။ ထိုအရာများကို ချက်ချင်းယူပြီး လေ့လာချင်နေကြသည်။

"စာရွက်! စာရွက်ယူခဲ့ဦး!"

"ဒါက... ဟားဟားဟား ဒါဆို ဒီနိယာမက ဒီလိုပါလား။ ကျုပ် ၃၇နှစ်လုံးလုံး ဒါကိုသုတေသနလုပ်နေခဲ့တာ။ တကယ့်ကို ၃၇နှစ်တိတိနော်။ ဟားဟားဟား"

"ဆွဲငင်အားလှိုင်းတွေ! ဆွဲငင်အားလှိုင်းတွေကို ဒီလိုနည်းနဲ့ ဖန်တီးလို့ရတယ်ဆိုတာ ငါ ဘာလို့မတွေးခဲ့မိတာလဲ"

အသက်ကြီးနေပြီဖြစ်သော အမျိုးသားများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်မြည်တမ်းနေကြသည်။ ဤသည်မှာ စင်စစ် စိတ်ထိခိုက်ဖွယ်မြင်ကွင်းတစ်ခုပင်။

"ပါမောက္ခတု ဘာဖြစ်လို့လဲ"

ဟူချွန်းလည်း လက်ထဲရှိ နည်းပညာအချက်အလက်ကြောင့် အံ့သြသွားလေဟန်အမူအရာမျိုး ဆင်မြန်းထားသော ပါမောက္ခတစ်ယောက်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။

"ခင်ဗျားလည်း စိတ်လှုပ်ရှားပြီး စကားမပြောနိုင်ဖြစ်သွားတာလား"

"ကျုပ်..."

တုမျိုးရိုးပါမောက္ခခမျာ ခါးသက်သက်ပြုံးနေချေသည်။

"နျူကလီးယားပေါင်းစပ်နည်းပညာကို ကျုပ် နှစ်ပေါင်းငါးဆယ်လောက် သုတေသနလုပ်ခဲ့တယ်။ အဲဒါကြောင့် ကျုပ်ကိုယ်ကျုပ် ရှေ့ဆောင်တစ်ယောက်လို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ ဒီစာရွက်စာတမ်းထဲက ဘာတစ်ခုကိုမှ ကျုပ်နားမလည်နိုင်ဘူး"

အနီးအနားမှာ ရပ်နေသော အခြားပါမောက္ခတစ်ဦးကလည်း တွင်းနက်နည်းပညာနှင့်ပတ်သက်သည့် စာရွက်စာတမ်းကိုကိုင်ထားရင်း လှည့်လာသည်။

"ကျုပ်... သေလိုက်ပါတော့။ ကျုပ်လည်း ဘာတစ်ခုမှနားမလည်ဘူး"

"ဟားဟားဟား ကျုပ်တစ်ယောက်တည်း နားမလည်ဘူးလို့ ထင်နေတာ။ ဖြစ်ချင်တော့ ကျုပ်တို့တွေအားလုံး နားမလည်ကြဘူးပဲ ဟားဟား"

"ဘာလဲဟ...?"

************

All Chapters