ကျွန်တော် ဒီအတိုင်းရေးလိုက်တာပဲ
Vol. 27 Ch. 396
မကြာခင်မှာပင် ကောင်းကင်ကြီးတစ်ခုလုံး မှောင်မည်းလာလေရာ ပါမောက္ခအိုကြီးများလည်း လက်ထဲမှစာရွက်စာတမ်းများကို တစ်ယောက်ပြီးတစ်ယောက် ချလိုက်ကြတော့သည်။
စာရွက်စာတမ်းတစ်ခုစီတွင် ပါဝင်သော အချက်အလက်များမှာ အလွန်ကျယ်ပြန့်လှသည်။ သူတို့ခမျာ နည်းပညာပိုင်းဆိုင်ရာ အကျဉ်းချုပ်ကို နားလည်နိုင်ရန်အတွက်ပင် နာရီပေါင်းများစွာ အချိန်ယူခဲ့ရပြီး နက်နက်နဲနဲနားလည်နိုင်ဖို့ကတော့ ဝေးကွာနေဆဲပင်။
"ပါမောက္ခတို့ ဒီစာရွက်စာတမ်းတွေမှာ ပြဿနာတစ်ခုခုများရှိလား"
ကျိုးဝေ့မင်က မျှော်လင့်တကြီးမေးလိုက်လေသည်။
"ကျုပ် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်နည်းပညာဆိုင်ရာ စာရွက်စာတမ်းတွေကို ပြန်လည်သုံးသပ်ထားတယ်။ အဓိကပြဿနာတစ်ခုမှ မတွေ့ဘူး။ ရှာဖွေတွေ့ရှိမှုတော်တော်များများက ကျုပ်တို့ရဲ့စမ်းသပ်မှုတွေကတစ်ဆင့် ရရှိထားတဲ့ ကောက်ချက်တွေနဲ့ တော်တော်ထပ်တူကျတယ်"
"ကျုပ်ဘက်မှာလည်း အတူတူပဲ။ အကုန်လုံးတော့ နားမလည်နိုင်ပေမဲ့ စာမျက်နှာနှစ်ရာကျော်တဲ့ ဒီမိတ်ဆက်စာထဲမှာ ကျုပ်တို့ရဲ့မူလသုတေသနလမ်းကြောင်းထဲက ကန့်သတ်ချက်တွေနဲ့ အယူအဆအမှားတွေကို မီးမောင်းထိုးပြထားတယ်။ ကျုပ်တော့ ပြဿနာတစ်ခုမှမရှိဘူးလို့ ထင်တယ်"
"အင်း..ကျုပ်ဘက်မှာတော့ ဘာပြဿနာမှမရှိပေမဲ့ ဒီကောက်ချက်တွေကို အတည်ပြုဖို့အတွက် သုတေသနအဖွဲ့တစ်ခု ဖွဲ့စည်းရမယ်။ တကယ်လို့ ဘာပြဿနာမှမရှိဘူးဆိုရင် ဒီနည်းပညာရဲ့ အခြေခံအဆင့်ကို ငါးနှစ်အတွင်း အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်လိမ့်မယ်"
"ကျုပ်... ကျုပ် ဘာမှမပြောတာပိုကောင်းမယ်။ ကျုပ်ကြည့်နေတဲ့အရာကိုတောင် နားမလည်ဘူး။ ဖြည်းဖြည်းချင်းပြန်လေ့လာဖို့ လိုသေးတယ်"
...
ဤကျွမ်းကျင်သူများထံမှ အတည်ပြုချက်များရရှိသောအခါ ကျိုးဝေ့မင်လည်း ဝမ်းသာအားရ ပြုံးလိုက်မိသည်။ ဤနည်းပညာဆိုင်ရာစာရွက်စာတမ်းများကိုသာ ထုတ်ကုန်စစ်စစ်များအဖြစ် ပြောင်းလဲနိုင်ပါက ဟွာရှား၏နိုင်ငံ့အင်အားမှာ အချိန်တိုအတွင်း သိသိသာသာတိုးတက်လာနိုင်မည်မှာ သေချာသည်။
အခြားအရာများကို မဆိုထားနှင့်။ အရိုးရှင်းဆုံးသော ဤဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်တစ်စင်းကိုသာ ဦးစွာထုတ်လုပ်နိုင်ပါက ဟွာရှားနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် လေကြောင်းထိန်းချုပ်မှုအရာ၌ အသာစီးရလိမ့်မည်ဖြစ်လေရာ အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အတွင်း ပြိုင်ဘက်ကင်းနေပေလိမ့်မည်။
နောက်ထပ် သုံးနှစ်မှ ငါးနှစ်ကာလအတွက်မူ ကျိုးဝေ့မင်သာ အမြင်မမှားပါက "မိုဘိုင်းသူရဲကောင်းMS"ဟုခေါ်သော နည်းပညာဆိုင်ရာစာရွက်စာတမ်းတစ်ခုကိုပင် သူမြင်ခဲ့သည်။
"လောင်ကျိုး ဒီစာရွက်စာတမ်းတွေက ဘယ်ကရတာလဲ"
"ဟုတ်တယ်။ ဒီနည်းပညာတွေက တအားအဆင့်မြင့်လွန်းတယ်။ ဒီထဲက ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးတောင်မှ ကျုပ်တို့ခေတ်ထက် အနည်းဆုံး ငါးနှစ်ကနေ ခြောက်နှစ်လောက်အထိ ရှေ့ပြေးနေတာ။ တချို့ဆိုရင် လူသားတွေရဲ့ စိတ်ကူးထဲမှာပဲ ရှိနေသေးတဲ့အရာတွေ"
"ကျုပ်တို့ ကမ္ဘာ့ပြင်ပဒေသတစ်ခုက လူမျိုးစုတစ်ခုခုရဲ့ အကြွင်းအကျန်တွေကို ရှာဖွေတွေ့ရှိခဲ့တာများလား။ ဟွာရှားမှာရှိတဲ့ ကြယ်သုံးပွင့်တူးဖော်ရေးလုပ်ငန်းက တလောတုန်းက ရှေးဟောင်းပစ္စည်းတော်တော်များများကို တူးဖော်ရရှိခဲ့တယ်လို့ ကြားထားတယ်။ တချို့က အဲဒါတွေကို စကြဝဠာထဲက အဆင့်မြင့်လူမျိုးစုတစ်ခုကနေ လာတာတဲ့"
"ဒါမှမဟုတ် ခင်ဗျားတို့ အတ္တလန္တိတ်လူမျိုးစုရဲ့ အကြွင်းအကျန်တွေကို တွေ့ထားတာလား။ ဇီဝအင်ဂျင်နီယာနည်းပညာဆိုင်ရာ စာရွက်စာတမ်းက တကယ့်ကို အံ့သြစရာပဲ။ ကျုပ်မှတ်မိသလောက်ဆိုရင် အတ္တလန္တိတ်လူမျိုးစုရဲ့ အထူးပြုနယ်ပယ်က ဇီဝအင်ဂျင်နီယာပဲ"
...
တော်ဝင်ပညာရှင်များ၏ မေးခွန်းများနှင့် ရင်ဆိုင်ရသောအခါ ကျိုးဝေ့မင်ခမျာ ငိုရအခက် ရယ်ရအခက်ပင်။ ဤကျွမ်းကျင်ပညာရှင်များမှာ အသက်အရွယ်ကြီးရင့်နေသော်လည်း ဤကဲ့သို့သော စိတ်ကူးယဉ်နိုင်စွမ်းများ ရှိနေဆဲပင်။
သို့သော် ဤမျှကြွယ်ဝသော ဖန်တီးနိုင်စွမ်းနှင့် စိတ်ကူးယဉ်နိုင်စွမ်းသာမရှိပါက သူတို့၏နယ်ပယ်များတွင်လည်း ကြီးမားလှသော အောင်မြင်မှုများ ရရှိနိုင်ရန် ခက်ခဲပေလိမ့်မည်။
"ဒီစာရွက်စာတမ်းတွေကို မုန့်လောင်ပေးထားတာ"
ကျိုးဝေ့မင် ပြောလိုက်သည်။
"ခင်ဗျားတို့အားလုံးလည်း ဟွာရှားရဲ့ အသက်အငယ်ဆုံး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က ဘွဲ့လွန်စာမေးပွဲဖြေနေတုန်း နှစ်ပေါင်းနှစ်ရာကျော်ကြာအောင် သင်္ချာလောကကို ခေါင်းရှုပ်စေခဲ့တဲ့ သင်္ချာပုစ္ဆာကို လွယ်လွယ်ကူကူဖြေရှင်းခဲ့တဲ့အကြောင်း ကြားဖူးကြမှာပါ"
"ဘာ? ဒါတွေအကုန်လုံးကို သူပေးထားတာလား"
"ဒါ... အမလေး ငါ့ရဲ့အနှစ်ခုနစ်ဆယ်ကြိုးစားအားထုတ်မှုက ခွေးကျွေးခံရလိုက်ပုံပဲ"
"လူငယ်မျိုးဆက်က တကယ့်ကို ကြောက်စရာကောင်းတာပဲ"
"ဒီနည်းပညာဆိုင်ရာစာရွက်စာတမ်းတွေကို ပြုစုဖို့ဆိုရင်... သူက အသက်နှစ်ဆယ်ကျော်ပဲရှိသေးတယ်လေ။ ကျုပ် နားမလည်နိုင်တော့ဘူး"
"အာ အဘိုးကြီး.. ခင်ဗျားပြောပြောနေတဲ့ ပါရမီရှင်ဆိုတာ ဒါပဲလေ"
...
"လောင်ကျိုး... ဒီစာရွက်စာတမ်းတွေအားလုံးကို ခင်ဗျားဆီမှာ ယုံယုံကြည်ကြည်အပ်ထားလိုက်ပြီနော်။ သေချာဂရုစိုက်ပေးဖို့ မေတ္တာရပ်ခံပါတယ်"
"ငါနားလည်ပါပြီ"
ကျိုးဝေ့မင်က စိတ်ပါလက်ပါဆိုလိုက်လေသည်။
"ဟွိုက်ရွေ့... ဒီဖိုင်ကို ဟွာရှားရဲ့'သုန်းဟွမ်းနာရီ'စနစ်ထဲကို အရန်ကူးထည့်ထားပြီး ထုတ်လွှင့်ရေးအင်တာဖေ့စ်တစ်ခု လျှောက်ထားလိုက်"
"ဟုတ်ကဲ့"
ဟွိုက်ရွေ့က ခေါင်းညိတ်ပြလိုက်သည်။ "သုန်းဟွမ်းနာရီ" စနစ်ဆိုသည်မှာ ဟွာရှားသိပ္ပံပညာရှင်များအုပ်စုမှ တီထွင်ထားသော လျှို့ဝှက်စနစ်တစ်ခုပင်။ ထိုစနစ်ထဲတွင် သမိုင်းယဉ်ကျေးမှု၊ အဆင့်မြင့်နည်းပညာနှင့် အထူးလျှို့ဝှက်ချက်အချို့အပါအဝင် ဟွာရှားလူမျိုးများ၏ အောင်မြင်မှုအားလုံးကို သိမ်းဆည်းထားသည်။
လုံခြုံရေးပိုင်းဆိုင်ရာ၌ ကမ္ဘာပေါ်တွင် ဤစနစ်ကို ချိုးဖောက်နိုင်သော ဟက်ကာဟူ၍မရှိပေ။
ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်းဆယ့်နှစ်နိုင်ငံမှ လျှို့ဝှက်ဟက်ကာအဖွဲ့တစ်ဖွဲ့က "သုန်းဟွမ်းနာရီ"ကို တိုက်ခိုက်ခဲ့ကြသော်လည်း သုန်းဟွမ်းနာရီကို ကိုင်တွယ်သူများမှာ လူသုံးယောက်တည်းအားဖြင့် တိုက်ခိုက်သူပေါင်းရာဂဏန်းနှင့် ဘော့ကွန်ပျူတာပေါင်းသောင်းချီကို အလွယ်တကူကာကွယ်နိုင်ခဲ့ပြီး တစ်ကြိမ်လေးပင် ချိုးဖောက်မခံခဲ့ရပေ။
ဤသည်မှာ ဤစနစ်၏စွမ်းအားကို သက်သေပြလိုက်ခြင်းပင်။
"ဒီလောက်ဒုက္ခခံစရာမလိုပါဘူး။ ကျွန်တော် တိုက်ရိုက်ပို့လိုက်မယ်လေ"
ကျန်းမုန့်လောင်က စူပါကွန်ပျူတာတစ်လုံးကို စတင်လည်ပတ်စေသည်။
"ဟားဟား မုန့်လောင် ဒါက အီးမေးလ်ပို့တာနဲ့မတူဘူး"
ကျိုးဝေ့မင် ရယ်မောလိုက်မိသည်။
"သုန်းဟွမ်းနာရီစနစ်က လုံခြုံရေး အရမ်းတင်းကျပ်တယ်။ အချက်အလက်လွှဲပြောင်းရေးအင်တာဖေ့စ်ကို ခွင့်ပြုချက်မတောင်းဘဲနဲ့ အချက်အလက်တစ်ခုမှ အဝင်အထွက်လုပ်လို့မရဘူး"
"တီတီ"
"ဂျောက်"
"ရပြီ အခုကြည့်လိုက်တော့"
"ဘာ?"
လောင်ကျိုး၏မျက်လုံးများမှာ ရုတ်တရက်တုန်လှုပ်သွားချေသည်။
သူလည်း ချက်ချင်းပင် သူ၏ဝင်ရောက်ခွင့်အာဏာကို အသုံးပြု၍ 'သုန်းဟွမ်းနာရီ'စနစ်၏ ကြည့်ရှုစစ်ဆေးရေးအင်တာဖေ့စ်ကို ဖွင့်လိုက်လေရာ ကျန်းမုန့်လောင်ပေးပို့ထားသော စာရွက်စာတမ်းက စာရင်းထဲတွင် ပေါ်နေပြီဖြစ်၏။
သူသည် စူပါကွန်ပျူတာတစ်လုံးကို အသုံးပြု၍ စနစ်အတွင်းရှိ အင်တာဖေ့စ်ကို ကျော်ဖြတ်ကာ အချက်အလက်များကို အတင်းသွတ်သွင်းလိုက်ခြင်းပင်။
ဤအရာက ဘာကိုဆိုလိုသလဲ။ သူသည် "သုန်းဟွမ်းနာရီ"ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းပင်။ ထို့ပြင် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။ ဤသို့ဖြစ်နိုင်ပါသလား။
"မင်း... ဘယ်လိုလုပ်လိုက်တာလဲ"
လောင်ကျိုးက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"တော်တော်လေးရိုးရှင်းပါတယ်။ ဒီကိရိယာလေးကိုသုံးပြီး ကျွန်တော့်အိမ်က စူပါကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတော့ အိမ်က 6Gကွန်ရက်ကတစ်ဆင့် တိုက်ရိုက်ကူးထည့်ပေးလိုက်တာ"
"ဒေတာအတားအဆီးတွေကို ဘယ်လိုကျော်လွှားခဲ့တာလဲလို့ မေးနေတာ"
"ဒါက အဲဒီလောက်ခက်လို့လား"
ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။
"ကျွန်တော်က ဒီ... ဒီစနစ်လို့ခေါ်တဲ့အရာရဲ့ အမြင့်ဆုံးအခွင့်အာဏာကိုရယူပြီး ဖြတ်ကျော်ဝင်ရောက်ဖို့အတွက် ပရိုဂရမ်သေးသေးလေးတစ်ခုရေးလိုက်တာ"
ထို့နောက် ကျန်းမုန့်လောင်က ကီးဘုတ်ကို တတောက်တောက်ခေါက်လိုက်သည်။
"လောင်ကျိုး... စိတ်တော့မရှိပါနဲ့။ ဒီသုန်းဟွမ်းနာရီစနစ်က တော်တော်လေးညံ့တာပဲ။ ဟာကွက်တွေနဲ့ ချို့ယွင်းချက်တွေအပြည့်ပဲ။ ကျွန်တော်ပြင်ပေးမယ်"
"ဒါ..."
လောင်ကျိုးနှင့် အခြားတော်ဝင်ပညာရှင်များမှာ အလွန်အမင်းအံ့အားသင့်ကုန်ကြသည်။ "သုန်းဟွမ်းနာရီ"စနစ်မှာ သူတို့ အလွန်ရင်းနှီးကျွမ်းဝင်ထားသည့်အရာဖြစ်ပြီး သူတို့အမြင်မှာတော့ ၎င်းမှာ လုံးဝဖောက်ထွင်း၍မရနိုင်သော အရာဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဟွာရှားနိုင်ငံ၏ မဟာတံတိုင်းထဲသို့ ဖောက်ထွင်းဝင်ရောက်လာနိုင်ခဲ့သည်ဆိုလျှင်ပင် "သုန်းဟွမ်းနာရီ"မီးတံတိုင်းကိုတော့ ဖောက်ထွင်းနိုင်မည်မဟုတ်ပေ။
သို့သော် ကျန်းမုန့်လောင်ကတော့ ရအောင်လုပ်နိုင်ခဲ့ပြီး ယခုလည်း သူတို့၏အားနည်းချက်များကို ပြင်ဆင်ပေးရန် ကြိုးစားနေသည်။
"သုန်းဟွမ်းနာရီ"ကို ဖန်တီးထားသူများအတွက်တော့ ဤသည်မှာ ပြင်းထန်လှသော စော်ကားမှုတစ်ရပ်ဖြစ်ပြီး သူတို့၏မာနကို အကြီးအကျယ်ထိခိုက်စေမည့် အပြုအမူတစ်ခုပင်။
"ဟုတ်ပြီ"
မိနစ်အနည်းငယ်အတွင်းမှာပင် ကျန်းမုန့်လောင်က သူ့ကွန်ပျူတာကို ပိတ်ချလိုက်သည်။
"အခု ဒီစနစ်က တော်တော်ကောင်းသွားပြီ"
"ခဏနေဦး!"
လောင်ကျိုးက သူ့ဖုန်းကိုထုတ်ယူကာ ဖုန်းခေါ်လိုက်သည်။
"'သုန်းဟွမ်းနာရီ' ထိန်းချုပ်ခန်းကလား။ အခုပြောနေတာ ကျိုးဝေ့မင်ပါ။ အစောပိုင်းတုန်းက စနစ်ထဲမှာ စနစ်ချို့ယွင်းမှုတစ်ခုခုများ ဖြစ်ခဲ့သေးလား"
".... ဘာ? ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
...
"လောင်ကျိုး ဘာဖြစ်တာလဲ"
လောင်ကျိုး၏ တွေဝေငေးငိုင်နေသော အကြည့်ကို မြင်လိုက်ရသောအခါ တော်ဝင်ပညာရှင်အိုကြီးများမှာ အလွန်သိချင်နေကြသည်။
"သူတို့ပြောတာတော့ ခုနတုန်းက သူတို့ရဲ့ပင်မဖရိန် ဖောက်ထွင်းခံခဲ့ရပြီး တစ်စုံတစ်ယောက်က အမြင့်ဆုံးထိန်းချုပ်မှုအဆင့်ကို သိမ်းပိုက်လိုက်တယ်တဲ့။ ပါဝါပိတ်ပြီး ပြန်တင်မှပဲ ထိန်းချုပ်မှုကို ပြန်ရနိုင်မယ်တဲ့။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ကျုပ်တို့နိုင်ငံရဲ့ အချက်အလက်တွေအားလုံး ပျက်စီးသွားမှာ"
"သူ တကယ်ပဲ 'သုန်းဟွမ်းနာရီ'စနစ်ကို ဟက်နိုင်ခဲ့တာလား"
"သူက 'သုန်းဟွမ်းနာရီ'စနစ်ကို ဟက်နိုင်ခဲ့ရုံတင်မကဘူး"
လောင်ကျိုးက မဲ့တဲ့တဲ့ပြုံးလျက် ပြောလိုက်သည်။
"ချို့ယွင်းချက်၂၇၄ခုကိုလည်း ပြင်ပေးခဲ့တယ်။ မီးတံတိုင်းကိုလည်း အားကောင်းအောင်လုပ်ပေးခဲ့တယ်။ ပြီးတော့ အလိုအလျောက်အဆင့်မြှင့်တဲ့ ကုတ်တစ်ခုကိုပါ ထည့်ပေးခဲ့တယ်။ ဒီကုတ်က တိုက်ခိုက်မှုအားလုံးကို စောင့်ကြည့်ပေးနိုင်ပြီး အလိုလိုတန်ပြန်တိုက်ခိုက်နိုင်တယ်။ ပြီးတော့ အလားတူဝင်ရောက်စီးနင်းမှုနည်းလမ်းတွေကို ကာကွယ်နိုင်အောင် စနစ်ကိုလည်း အားဖြည့်ပေးတယ်"
"သုန်းဟွမ်းနာရီ"စနစ်၏ လုံခြုံရေးအကဲဖြတ်ချက်အရ လုံခြုံရေးအဆင့်က ၂၇၈၇မှ ၁၈၉၀၂အထိ မြင့်တက်သွားပြီး ဤအရေအတွက်မှာ တစ်မိနစ်လျှင် နှစ်ဆင့်သုံးဆင့်နှုန်းဖြင့် ဆက်လက်တိုးပွားနေဆဲပင်။
"အလိုအလျောက်အဆင့်မြှင့်တင်မှုလား"
ဤအဓိပ္ပာယ်ကို လူတိုင်းသိသည်။
AIနည်းပညာမှာ စတင်ပေါ်ပေါက်လာပြီဖြစ်သော်လည်း ဤကဲ့သို့သောနယ်ပယ်မျိုးတွင် အသုံးချနိုင်ခြင်းမရှိသေးပေ။ အကြောင်းမှာ လက်ရှိAIသည် အလွန်ရိုးစင်းပြီး စက်ရုပ်ဆန်သည်။ အဆင့်အမြင့်ဆုံး သင်ယူနိုင်စွမ်းနက်နဲသည့် AIပင် ဉာဏ်ရည်ညွှန်းကိန်း "၁"သာရှိ၏။
နက်ရှိုင်းစွာသင်ယူနိုင်မှုညွှန်ကိန်းက တစ်ခုစီတိုးလာခြင်းမှာ ၁+၁=၂ကဲ့သို့ ရိုးရိုးလေး ပေါင်းထည့်ခြင်းမျိုးမဟုတ်ဘဲ ဉာဏ်ရည်အဆင့်က ထပ်ညွှန်းကိန်းနှုန်းဖြင့် တိုးပွားလာခြင်းပင်။
"မုန့်လောင် မင်းရဲ့AIက..."
AIနယ်ပယ်တွင် အနည်းငယ်အသိအမြင်နှံ့စပ်သော ပါမောက္ခတစ်ယောက်က မေးလိုက်သည်။
"မင်းရေးထားတဲ့ ဒီAIရဲ့ ခန့်မှန်းခြေဉာဏ်ရည်ညွှန်းကိန်းက ဘယ်လောက်ရှိမယ်ထင်လဲ"
"သြော် ကျွန်တော်က ဒီအတိုင်းရေးလိုက်တာပါ။ ၁၀လောက်ရှိမယ်ထင်တယ်"
"ဒီအတိုင်းရေးလိုက်တာတဲ့လား"
"သေစမ်း! ငါ @#%¥#...¥%"
***************