ကျန်းမုန့်လောင်က ရှေ့ဖြစ်ဟောသူတစ်ယောက်ပဲ
Vol. 27 Ch. 397
"ဟွိုက်ရွေ့ ဒီအချက်အလက်တွေကို Sအဆင့်လျှို့ဝှက်ကုတ်နဲ့ သိမ်းထားလိုက်။ အဆင့်မြင့်ခွင့်ပြုချက်ရှိတဲ့လူတွေပဲ ဝင်ကြည့်ခွင့်ရှိတယ်။ စာတိုတွေအကုန်လုံးကို လုံးဝလျှို့ဝှက်ထားရမယ်"
ကျန်းမုန့်လောင်က ဤအချက်အလက်များကို ပေါ့ပေါ့တန်တန် သဘောထားဟန်ရှိသော်လည်း ဤအချက်အလက်များကို နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့အစည်းတချို့ကသာ သိသွားပါက ဖြစ်လာမည့် အကျိုးဆက်များကို လောင်ကျိုးကတော့ ကောင်းကောင်းနားလည်ထားသည်။
ဟွာရှားနိုင်ငံ ဤမျှအင်အားကြီးလာမည်ကို ဘယ်နိုင်ငံကမှ မြင်ချင်ကြမည်မဟုတ်ပေ။ မကြာခင်မှာပင် သူလျှိုများနှင့် စိတ်စွမ်းအားရှင်အမြောက်အမြားက ဟွာရှားနိုင်ငံအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာကြပေလိမ့်မည်။ ထို့နောက် တစ်နိုင်ငံလုံး ကမောက်ကမဖြစ်ကာ ဝရုန်းသုန်းကားအခြေအနေသို့ ဆိုက်ရောက်သွားနိုင်သည်။
"နားလည်ပါပြီ"
ဟွိုက်ရွေ့က နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒီနေ့ ဟွာရှားနိုင်ငံရဲ့ ကိုးခုမြောက်သုတေသနအဖွဲ့ကို စတင်ဖွဲ့စည်းမယ်"
လောင်ကျိုးက နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုကို ကြေညာလိုက်သည်။
"တော်ဝင်ပညာရှင်ချန်း.. ဒီအဖွဲ့ကို ခင်ဗျားဦးဆောင်ရမယ်။ နိုင်ငံတော်ရဲ့ သိပ္ပံသုတေသနအရင်းအမြစ်တွေကို လွတ်လွတ်လပ်လပ်သုံးခွင့်ရှိတယ်။ ပြီးတော့ ဒီအချက်အလက်တွေကို နိုင်ငံတော်ခွန်အားတစ်ခုအဖြစ် အမြန်ဆုံးပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
တော်ဝင်ပညာရှင်ချန်းက ဟိုးယခင်ကတည်းက အငြိမ်းစားယူထားခဲ့ပြီဆိုသော်ငြား သိပ္ပံသုတေသနနှင့်ပတ်သက်လာလျှင် ရှေ့ဆုံးမှ ဦးဆောင်လုပ်ကိုင်ခဲ့သည်သာ။ ဤအရေးကြီးတာဝန်မှာ သူ့အတွက် အသိအမှတ်ပြုမှုတစ်ခုမျှသာမက သူသဘောကျရသည့် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်သည်။
"ကျန်တဲ့လူတွေက သုတေသနအဖွဲ့ခွဲလေးတွေကို ဖွဲ့စည်းပြီး ခင်ဗျားတို့ရဲ့သုတေသနကို အာရုံစိုက်ဖို့အတွက် ကျွမ်းကျင်ရာနယ်ပယ်နဲ့ဆိုင်တဲ့ နည်းပညာတွေကို ရွေးချယ်လိုက်ပါ။ ခင်ဗျားတို့ခန့်အပ်လိုက်တဲ့ ဝန်ထမ်းတွေကလည်း ကိုးခုမြောက်သုတေသနအဖွဲ့ဝင်တွေ ဖြစ်လာမှာမို့ သူတို့ကိုလည်း အမြင့်မားဆုံးစံနှုန်းနဲ့ သတ်မှတ်ရမယ်"
"လောင်ကျိုး ကျုပ်တို့မှာ ပြဿနာလေးတစ်ခုရှိတယ်"
တော်ဝင်ပညာရှင်တစ်ယောက်က ဆိုလာလေသည်။
"တော်ဝင်ပညာရှင်ချောင်း.. ပြောပါ"
"အမှန်အတိုင်းပြောရရင် ဒီဒေတာရဲ့အပိုင်းတော်တော်များများက ကျုပ်တို့အခြေခံသုတေသနသီအိုရီရဲ့လက်ရှိအဆင့်ကို ကျော်လွန်ပြီး နယ်ပယ်အသစ်ကို ချဉ်းကပ်နေတာ။ ဒီကွာဟချက်ကို ဖြည့်ဆည်းဖို့အတွက် အချိန်တော်တော်ကြာနိုင်တယ်နော်။ ဒါပေမဲ့ ကျုပ်တို့ကို လမ်းညွှန်ပေးမဲ့လူတစ်ယောက်သာရှိရင် အလုပ်တွင်မှာ ကျိန်းသေတယ်"
"ဟားဟားဟား"
လောင်ကျိုး ရယ်လိုက်လေသည်။
"ခင်ဗျားက ဆရာတစ်ယောက်လိုနေတယ်လို့ပြောချင်တာမလား"
တော်ဝင်ပညာရှင်များ၏ အမူအရာကား ရှုံ့မဲ့သွားချေသည်။ သူတို့အဆင့်နှင့်ဆိုလျှင် အခြားလူများက သူတို့အား ဆရာတင်ဖို့ ခခယယတောင်းဆိုကြရမည်သာ။ ဘယ်တုန်းကများ သူတို့ကို သင်ပြပေးမည့်လူတစ်ယောက်ကို လိုအပ်ခဲ့ဖူးလေသလဲ။
သို့သော် ဟွာရှားတွင် "အတော်ဆုံးလူကို ဆရာတင်ပါ"ဟူသော ဆိုရိုးစကားတစ်ခုရှိသည်။ ဤနည်းပညာများကို ရှာဖွေဖော်ထုတ်ထားသူသည် ပညာရပ်ပိုင်းဆိုင်ရာရော ဗဟုသုတပိုင်းဆိုင်ရာမှာပါ သူတို့ထက် ပိုသာမည်မှာ သေချာပေါက်ပင်။ သို့ဖြစ်လေရာ သူတို့၏ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မီတာထက်ပင် လွန်နေသေးသည်။
"မုန့်လောင် ဒါကိုကြည့်လိုက်ဦး..."
လောင်ကျိုးခမျာ ထပ်မံတောင်းဆိုရမည်ကို ရှက်နေလေသည်။ ကျန်းမုန့်လောင်က ဤမျှအများကြီးထုတ်ပေးထားသည့်တိုင် ယခုလည်း သုတေသနအဖွဲ့ကို ဦးဆောင်ပေးဖို့ တောင်းဆိုရဦးမတဲ့လား...
"ကိစ္စမရှိပါဘူး"
ကျန်းမုန့်လောင်လည်း ရယ်လိုက်လေသည်။
"တော်ဝင်ပညာရှင်တွေအားလုံးရဲ့ မေးခွန်းကို တစ်ပတ်မှာ တစ်ရက်လောက်တော့ အချိန်ယူပြီး ဖြေပေးနိုင်ပါတယ်။ အချိန်ကိုသာ စီစဉ်ထားလိုက်ပါ"
နိုင်ငံ့အကျိုးသယ်ပိုးရခြင်းမှာ ကျန်းမုန့်လောင်လုပ်ချင်စိတ်ရှိသော ကိစ္စတစ်ခုပင်။
"ဟားဟားဟား ကောင်းတယ်!"
လောင်ကျိုးကတော့ အလွန်ပျော်ရွှင်သွားပေသည်။ ကျန်းမုန့်လောင်က ကူညီဖို့ ဆန္ဒရှိနေလျှင် ကိုးခုမြောက်သုတေသနအဖွဲ့ကလည်း အတောင်ပံတပ်ပေးလိုက်သော ကျားတစ်ကောင်နှယ် ဖြစ်သွားပေလိမ့်မည်။
"အဲလိုဆိုရင် ငါ မင်းကို သုတေသနအဖွဲ့ရဲ့ သိပ္ပံသုတေသနအကြံပေးပုဂ္ဂိုလ်ရာထူးကို ပေးမယ်။ စံနှုန်းအမြင့်ဆုံးထားပြီး ဆက်ဆံပေးမှာပါ။ ဒါက နိုင်ငံတော်ဘက်က စိတ်ရင်းစစ်မှန်မှုကိုလည်း ထင်ဟပ်စေတယ်လေ"
"ဒီလိုဆိုမှတော့ ကျွန်တော်လည်း အားနာမနေတော့ပါဘူး"
ကျန်းမုန့်လောင် ရယ်လိုက်၏။
"ကျွန်တော် လောင်ကျိုးဆီက ခွင့်ပြုချက်တောင်းချင်တာလေး တစ်ခုရှိတယ်"
"ပြောလေ!"
"ကျွန်တော်တို့ နယ်ပယ်နှစ်ခုထဲမှာ 2nmချစ်ပ်ပြားတွေကို ဖန်တီးထုတ်လုပ်နိုင်ပြီဆိုတာ ခင်ဗျားအသိပဲ။ ပြီးတော့ အဲဒါကို မကြာခင် ဈေးကွက်ထဲမှာ ဖြန့်ချီတော့မှာလေ။ ဒီတော့ ချစ်ပ်ပြားတွေကို ကျွန်တော့်အနေနဲ့ ဘာဈေးကွက်ထိန်းချုပ်မှုမျိုးမှမရှိဘဲ ကိုယ်ပိုင်ဈေးနှုန်းတစ်ခု သတ်မှတ်ခွင့်ရချင်တယ်"
"မင်းပြောချင်တာက..."
"ဟားဟားဟား"
ကျန်းမုန့်လောင်လည်း အားရပါးရရယ်လိုက်လေသည်။
"ကျွန်တော်က တာဝန်ကျေပွန်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လေ။ ကျွန်တော့်ကုမ္ပဏီက 2nmချစ်ပ်ပြားတွေကို ထုတ်လုပ်နိုင်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောကုမ္ပဏီဆိုပေမဲ့ တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်အားဖြင့်ရော ဈေးကွက်ကို လက်ဝါးကြီးမအုပ်ပါဘူး။ ဒါပေမဲ့ မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့ လူတချို့က ကျွန်တော်တို့ချစ်ပ်ပြားတွေကို လိုချင်လာရင် ဈေးနှုန်းက...."
"ဟားဟားဟား.. ဒီကောင်စုတ်လေးကတော့ တော်တော်တတ်တာပဲ"
ကျန်းမုန့်လောင်၏အကြံအစည်ကို လောင်ကျိုး ချက်ချင်းသဘောပေါက်လိုက်သည်။
"ကောင်းပြီလေ။ ငါ မင်းကို ကိုယ်ပိုင်ဈေးနှုန်းသတ်မှတ်ခွင့်ပေးမယ်။ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
"ဒါပေမဲ့ အနောက်တိုင်းသားသွေးစုပ်ကောင်တွေသာ ငါတို့ချစ်ပ်ပြားကို ဝယ်ချင်လာရင် လွယ်လွယ်လေးပေးလိုက်လို့မရဘူး"
လောင်ကျိုးက ကောက်ကျစ်သောအပြုံးတစ်ခုကို ပြုံးလိုက်၏။
"ပြီးတော့ ဈေးနှုန်းကလည်း အနည်းဆုံး နှစ်ဆတော့ဖြစ်သင့်တယ်"
လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် အန္တရာယ်ပြုလိုဟန်အပြုံးမျိုးကို လှစ်ဟပြသလိုက်ကြသည်။
တော်ဝင်ပညာရှင်များမှာ မတတ်သာတော့ဘဲ တံတွေးမျိုချလိုက်မိသည်။ မစ္စတာကျိုးက ပုံမှန်ဆိုလျှင် သဘောကောင်းသူတစ်ယောက်ဖြစ်သော်ငြား သံတမန်ရေးရာနှင့်ပတ်သက်လာလျှင် အဆိပ်ပြင်းသည်ဟု ကျော်ကြားသည်။ တွေ့ဆုံဆွေးနွေးပွဲများတွင်လည်း ကြမ်းတမ်းသော စကားလုံးများကို လုံးဝမသုံးဘဲ ကိုယ်စားလှယ်များကို စော်ကားနိုင်စွမ်းရှိသည်။ တချို့ဆိုလျှင် သူတို့အား ချီးကျူးနေသည်ဟုပင် ထင်ကြ၏။
ကျန်းမုန့်လောင်၏ ကောက်ကျစ်စဉ်းလဲမှုကတော့ ဟွာရှားလူမျိုးတိုင်း တစ်ညီတစ်ညွတ်တည်းအသိအမှတ်ပြုထားကြသော အရာတစ်ခုပင်။ ဤလူနှစ်ယောက်ပေါင်းစပ်လိုက်ခြင်းမှာ နတ်ဖက်သောစုံတွဲကို အချိန်နှောင်းမှ တွေ့လိုက်ရသည့်အလားပင်။
"အာ.. ငါတို့ဟွာရှားလူမျိုးတွေကိုမှ ဘာလို့ရန်စခဲ့ရတာလဲ"
...
"သတင်းထူး! ဟွာရှားနိုင်ငံက Silicon Moonlightကုမ္ပဏီဟာ 2nmချစ်ပ်ပြားကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်ခဲ့ပါပြီ။ စမ်းသပ်မှုအရ လက်ရှိဈေးကွက်ထဲက အဆင့်မြင့်ဆုံးချစ်ပ်ပြားတွေရဲ့ စွမ်းအင်သုံးစွဲမှုထက် လေးဆယ်ရာခိုင်နှုန်းလျော့နည်းပြီး စွမ်းဆောင်ရည်ကိုလည်း ခြောက်ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ 5nmထုတ်ကုန်အသစ်တွေထက် ဆယ်ရာခိုင်နှုန်းပဲ ပိုများပါတယ်!"
ထိုသတင်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်။
"ဘာ? ဟွာရှားနိုင်ငံက အခုမှ သုတေသနလုပ်နေတုန်းမလား။ သူတို့ မနှစ်တုန်းကမှ 22nmချစ်ပြားကို ထုတ်လုပ်နိုင်တုန်းပဲ ရှိသေးတာလေ။ အခု ဘယ်လိုဖြစ်ပြီး 2nmချစ်ပ်ပြားတွေကို ထုတ်လုပ်နိုင်သွားတာလဲ"
"ငါတို့အစီအစဉ်အတိုင်းဆိုရင် 2nmချစ်ပ်ပြားတွေကို ထုတ်လုပ်နိုင်ဖို့ နောက်ထပ်သုံးနှစ်လောက်ကြာဦးမှာလေ။ သူတို့က ဘယ်လိုလုပ်ထုတ်နိုင်သွားတာလဲ"
နိုင်ငံတော်တော်များများနှင့် ထုတ်လုပ်သူအများစုအတွက်တော့ ဤသတင်းမှာ သာမန်အံ့သြစရာကိစ္စတစ်ခုမျှသာ။ ပင်မနည်းပညာကို ဖွံ့ဖြိုးပြီးနိုင်ငံများက ထိန်းချုပ်ထားသဖြင့် နိုင်ငံအများစုက တင်သွင်းကုန်များအပေါ် မှီခိုနေရသောကြောင့် ဘယ်နိုင်ငံက ထုတ်လုပ်သလဲဆိုသည်ကို ဂရုမစိုက်ဘဲ ကုန်ကျစရိတ်ကိုသာ ဂရုစိုက်ကြသည်။
သို့သော် ဤသတင်းက ဥရောပနှင့် အမေရိကရှိ ကိုင်ဘွန်ကုန်သည်များကို ဂနာမငြိမ်ဖြစ်သွားစေသည်။
"ဟွာရှားလူမျိုး! သောက်ဟွာရှားလူမျိုး! သူတို့ တကယ်လုပ်နိုင်ခဲ့တာပဲ!"
"ကျန်းမုန့်လောင်...သူ ပရမ်းပတာတွေပြောနေခဲ့တာမဟုတ်ဘူးပဲ။ သူ့မှာ အဆင့်မြင့်ချစ်ပ်ပြားတွေကို ထုတ်လုပ်နိုင်တဲ့ အရည်အချင်းမျိုး တကယ်ရှိသားပဲ"
"ဘော့စ်.. သိပ္ပံသုတေသနဝန်ကြီးဌာနက ကျွန်တော်တို့ 2nmချစ်ပ်ပြားတွေကို ဘယ်တော့လောက် ထုတ်လုပ်နိုင်မလဲလို့ လှမ်းမေးနေပါတယ်"
မော့ပိုင်၏အတွင်းရေးမှူးက မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ပြောလာလေသည်။
ဝန်ကြီး၏လေသံက အလွန်မှိုင်းညို့နေပြီး အန္တရာယ်များဟန်လည်း ပေါ်နေပေသည်။
"ဘန်း!"
မော့ပိုင်က စားပွဲပေါ်ကို လက်သီးဖြင့် ရိုက်ချလိုက်သည်။
"သူတို့မှာ ဝက်ဦးနှောက်တွေများ ရှိနေတာလား။ မနှစ်တုန်းကမှ ငါတို့ 5nmချစ်ပ်ပြားတွေကို ထုတ်လုပ်နိုင်ခဲ့တာလေ။ နောက်နှစ်အစောပိုင်းအထိ 4nmချစ်ပ်ပြားတောင် ထုတ်လုပ်နိုင်ဦးမှာမဟုတ်ဘူး။ 2nmချစ်ပ်ပြားကို သုံးနှစ်အတွင်း ထုတ်လုပ်နိုင်မယ်ဆိုရင်တောင် တော်တော်အောင်မြင်တဲ့ရလဒ်တစ်ခုဖြစ်နေပြီ"
"ဘော့စ်.. ဒါပေမဲ့ သိတဲ့အတိုင်းပဲ အထက်လူကြီးတွေက တခြားဘာမှ ဂရုမစိုက်ဘူးလေ။ သူတို့က ရလဒ်ကိုပဲ ဂရုစိုက်တာ"
"ဒါဆို ငါတို့မလုပ်နိုင်တဲ့အကြောင်း ပြောပြလိုက်"
"ကျွန်တော်တို့ တကယ်ပဲ အဲဒီလိုတင်ပြလိုက်မှာလား"
အတွင်းရေးမှူးက တွေဝေတုံ့ဆိုင်းနေချေသည်။
"ငါတို့က တခြားဘာလုပ်နိုင်မှာလဲ။ မှော်ပညာနဲ့ဖန်ဆင်းနိုင်လို့လား"
မော့ပိုင်က ဆိုလေသည်။
"ဟွာရှားနိုင်ငံရဲ့တိုးတက်မှုက တော်တော်မြန်တာပဲ။ ဒီလိုနေ့မျိုးရောက်လာမှာကို သူတို့ ကြိုတွက်ထားပြီးပြီနေမယ်။ Qualcomm Electronicsက အရင်ကတော့ ကမ္ဘာ့ထိပ်တန်းချစ်ပ်ပြားစက်ရုံလေ။ အခုတော့ ဟွာရှားလူမျိုးတွေရဲ့မျက်လုံးထဲမှာ ငါတို့က အမှိုက်သာသာပဲ ဖြစ်သွားပြီ။ သူတို့ 2nmချစ်ပ်ပြားကို အဲဒီလောက်တောင်လိုချင်နေရင်လည်း ဟွာရှားနိုင်ငံကနေ သွားဝယ်ပါစေ"
စကားပြောနေရင်း မော့ပိုင်က ပြုံးလိုက်လေသည်။
"ဟွာရှားလူမျိုး ကျန်းမုန့်လောင်က တစ်ခါတုန်းက ဘာပြောခဲ့လဲဆိုတာ မင်း မှတ်မိလား"
အတွင်းရေးမှူးလေးလည်း ခေါင်းခါပြလိုက်သည်။
"တစ်နေ့ကျရင် သူတို့ရဲ့ချစ်ပ်ပြားတွေကိုဝယ်ဖို့ ငါတို့ ခယလာရလိမ့်မယ်တဲ့"
အစကတော့ ၎င်းမှာ ထေ့ငေါ့လှောင်ပြောင်လိုသော စကားတစ်ခုဟုသာ မော့ပိုင် ထင်ခဲ့မိသည်။
"တကယ်တော့ သူက ရှေ့ဖြစ်ဟောသူတစ်ယောက်ပဲ"
တစ်နေ့ ထိုဟောကိန်းက မှန်ကန်လာပေလိမ့်မည်။ သို့သော် ဟွာရှားနိုင်ငံ၏ လက်ရှိဖွံ့ဖြိုးတိုးတက်ရေးအရှိန်အရ ထိုနေ့မှာ အနည်းဆုံး ဆယ်နှစ်ကျော်ကြာလိမ့်ဦးမည်ဟု သူတွေးထားခဲ့သည်။ သို့သော် သူ လုံးဝထင်မှတ်မထားသည်မှာ ထိုနေ့က နှစ်ဝက်အတွင်းမှာပင် ရောက်ရှိလာမည်ဟုပင်။
"ငါတို့ ဘာလုပ်ထားတယ်ဆိုတာလည်း မမေ့နဲ့ဦး"
မော့ပိုင် နှာခေါင်းရှုံ့လိုက်သည်။
"ငါတို့ ဟွာရှားကို ချစ်ပ်ပြားပိတ်ဆို့မှုလုပ်ခဲ့ကြတယ်။ အဲဒါကြောင့် သူတို့ရဲ့ပြည်တွင်းနည်းပညာဈေးကွက်ကို သိသိသာသာလှုပ်ခတ်စေခဲ့တယ်။ ဟွာရှားက လက်စားချေဖို့ အခွင့်ကောင်းချောင်းနေတဲ့နိုင်ငံတစ်ခုပဲ။ သူတို့ရဲ့ချစ်ပ်ပြားတွေကို ဝယ်ဖို့ဆိုတာ လွယ်မှာတော့မဟုတ်ဘူး"
*************